ကျတ်တီးမြေ
Vol. 88 Ch. 1310
တကယ်တော့ အစစ်အမှန် နဂါးခန္ဓာသည် ကမ္ဘာဦးမျိုးနွယ် ၆စုကြားမှာ ပြိုင်ဘက်ကင်းနေသည်တော့ မဟုတ်ပေ။
ယက္ခမျိုးနွယ်နှင့် ရွှေကျီးကန်းမျိုးနွယ်သည် အလွန်တရာ မြန်ဆန်ကြ၏။ အစစ်အမှန် နဂါးခန္ဓာ၏ အမြန်နှုန်းနှင့်ပင် သူက အချိန်တိုအတွင်း သူတို့ကို လိုက်မီနိုင်ဖို့ ခက်ခဲလေသည်။
သွေးနွယ်ပင်မျိုးနွယ်သည် သူတို့၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲပြီးနောက်.. သူတို့က သိပ်သည်းများပြားသော နွယ်ပင်များ ဖြစ်လာကြ၏။
နွယ်ပင်တစ်ပင်ကို ဖြတ်တောက်လိုက်မည်ဆိုလျှင်တောင် သူတို့၏ အရင်းအမြစ်ကို ထိခိုက်စေလိမ့်မည် မဟုတ်ဘဲ သူတို့ထံသို့ ချဉ်းကပ်ဖို့က ခက်ခဲလေသည်။
နတ်ဘုရားမျိုးနွယ်အနေဖြင့် သူတို့၏ မျိုးဆက်သွေးက သူတို့၏ မှီခိုအားထားရာဖြစ်၏။
အစစ်အမှန် နဂါးခန္ဓာကိုယ်သည် သူတို့နှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မည်ဆိုလျှင်တောင် သူသည် ထိုသူတို့ကို အတင်းအကျပ် လှဲချနိုင်လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် အစစ်အမှန် နဂါးခန္ဓာသည် စုန်းမျိုးနွယ်နှင့် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်တို့ကိုသာလျှင် အနီးကပ်တိုက်ခိုက်ခြင်းဖြင့် ဝင်လုံးပြီး သူတို့ကို သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ကမ္ဘာဦးမျိုးနွယ် ၆စုသည် စွမ်းအားကြီးပုဂ္ဂိုလ်များ၏ ဦးဆောင်မှုအောက်မှာ တဖြည်းဖြည်း တည်ငြိမ်လာကြ၏။ သူတို့သည် သူတို့၏ ဖွဲ့စည်းပုံကို တည်ငြိမ်စေပြီး နတ်ဘုရားမျိုးနွယ်ကို အစစ်အမှန် နဂါးခန္ဓာနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်စေ၏။
သွေးနွယ်ပင်မျိုးနွယ်သည် သူတို့၏ နွယ်ပင်များစွာကို လွှဲယမ်းပြီး အစစ်အမှန် နဂါးခန္ဓာ၏ လှုပ်ရှားမှုကို အဆက်မပြတ် ကန့်သတ်နေ၏။
ရွှေကျီးကန်းမျိုးနွယ်နှင့် ယက္ခမျိုးနွယ်သည် အစစ်အမှန် နဂါးခန္ဓာ၏ ဘေးပတ်လည်မှာ လှည့်ပတ်ပြီး ဟန့်တားနှောင့်ယှက်မှုကို ဆက်တိုက်ပြုလုပ်နေကြ၏။
စုန်းမျိုးနွယ်နှင့် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်တို့သည် တိုက်ပွဲနယ်မြေ၏ အပြင်ဘက်အစပ်သို့ တဖြည်းဖြည်း ဆုတ်ခွာသွားပြီး သူတို့၏ စက္ခုနည်းစနစ်များနှင့် စုန်းကဝေအတတ်များကို စတင်ထုတ်ဖော်လာကြ၏။
အစစ်အမှန် နဂါးခန္ဓာက သုန်မှုန်သော အမူအရာတစ်ခု ရှိလာ၏။
ကမ္ဘာဦးမျိုးနွယ် ၆စုက ဗျူဟာကျကျ တိုက်ခိုက်လာပြီးနောက် သူ့အနေဖြင့် သူတို့ထဲမှ တစ်ယောက်ယောက်ကို ထပ်မံသတ်ဖြတ်ဖို့က မဖြစ်နိုင်သလောက်နီးပါး ဖြစ်လာ၏။
သူ့အနေဖြင့် ညဝိညာဉ်ကို ကယ်တင်ဖို့က ပိုလို့တောင် မဖြစ်နိုင်တော့ပေ။
“အဆင့်နိမ့်တောကောင်… မင်းမှာ တခြားဘာရှိသေးလဲ ကြည့်ရသေးတာပေါ့”
နတ်ဘုရားမျိုးနွယ်မှ အဘိုးအိုတစ်ယောက်သည် ဆံပင်များ ဖြူဖွေးနေသော်လည်း သူက ကျမ်းမာသန်စွမ်းနေ၏။ အရပ်မြင့်မား၍ ခန္ဓာကိုယ်တောင့်တင်းပြီး သူ၏ ရွှေရောင်သွေးချီများကို တလိပ်လိပ်တက်စေကာ အစစ်အမှန် နဂါးခန္ဓာသို့ ပြေးဝင်၍ ချက်ချင်းပင် ပစ်ထိုးလိုက်၏။
နတ်နဂါးတစ်ကောင် ပေါ်ထွက်လာသည့်အလား.. ပြိုးပြိုးပြက်ပြက် ရွှေရောင်အလင်းတစ်ခုသည် သူ၏ လက်သီးကနေ ရုန်းကန်ထွက်ပေါ်လာ၏။
လေဟာနယ်ကပင်လျှင် တုန်ခါလာ၏။
နတ်ဘုရားမျိုးနွယ်၏ သွေးချီနှင့် ကိုယ်ကာယက တကယ့်ကို သန်မာ၏။
နတ်ဘုရားမျိုးနွယ်မှ အဘိုးအိုတစ်ယောက်ပင်လျှင် ဤကဲ့သို့သော ကြောက်စရာကောင်းသည့် တိုက်ခိုက်မှုတစ်ရပ်ကို ထုတ်ဖော်နိုင်၏။
“အဘိုးကြီး.. ခင်ဗျား ဘယ်လိုတောင် ကျုပ်ကို အော်ရဲတာလဲ”
အစစ်အမှန် နဂါးခန္ဓာသည် နောက်ဆုတ်ခြင်း သို့မဟုတ် ရှောင်ရှားခြင်း မရှိပေ။ သူ၏မျက်လုံးများက အေးစက်ခက်ထန်လာ၏။ ရုတ်တရက်.. သူ၏ လက်ဖဝါးကို လှုပ်ခါပြီး နတ်ဘုရားမျိုးနွယ်မှ အဘိုးအို၏ လက်သီးကို ဖမ်းဆုပ်လိုက်၏။
“ခင်ဗျားကတော့ အသက်ရှင်ရတာ ပင်ပန်းနေပြီပဲ… ကျုပ်က ခင်ဗျားကို တမလွန်ကို ပို့ပေးမယ်”
“တောကောင်လေး.. မင်းက ဘယ်လိုတောင် ပေါက်ကရတွေ ပြောရဲတာလဲ.. မင်းရဲ့ခွန်အားနဲ့ ငါ့ကို သတ်နိုင်မယ်လို့ ထင်နေတာလား”
နတ်ဘုရားမျိုးနွယ်မှ အဘိုးအိုက အထင်အမြင်သေးသော အမူအရာတစ်ခု ရှိနေ၏။
တိုက်ပွဲ၏ ဤနေရာအရောက်တွင် ကမ္ဘာဦးမျိုးနွယ်မှ သက်ရှိ အယောက် ၃၀ကျော်က အစစ်အမှန် နဂါးခန္ဓာ၏ လက်ထဲမှာ သေဆုံးခဲ့ရပြီဖြစ်၏။ သို့သော်လည်း သူတို့ထဲမှ အများစုသည် ဓမ္မဝိသေသအဆင့်များ ဖြစ်ကြ၏။ ဒါ့အပြင် နတ်ဘုရားမျိုးနွယ်၏ မည်သည့် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်မှ အစစ်အမှန် နဂါးခန္ဓာ၏ လက်ထဲမှာ သေဆုံးခဲ့ခြင်း မရှိသေးပေ။
အစစ်အမှန် နဂါးခန္ဓာသည် သွားဖြဲ၍ သူ၏ ဆန့်တန်းထားသော လက်ဖဝါးပေါ်တွင် မီးခိုးရောင် မြူခိုးတစ်လွှာကို ဖြစ်ပေါ်လာစေ၏။ ၎င်းက သာမန်ပုံစံသာဖြစ်ပြီး ကြောက်စရာကောင်းသည့် စွမ်းအားတစ်စုံတစ်ရာ ဖြန့်ကြက်ထွက်ပေါ်လာခြင်း မရှိပေ။
“အဲဒါ ဘာပါလိမ့်”
နတ်ဘုရားမျိုးနွယ်မှ အဘိုးအိုက မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။
သူသည် မီးခိုးရောင်မြူခိုး၏ ဇစ်မြစ်ကို မသိရှိသော်လည်း သူက စိတ်ထဲမှာ မအီမသာ ခံစားလာရ၏။
ချက်ချင်းပင် အစစ်အမှန် နဂါးခန္ဓာ၏ လက်ဖဝါးသည် အဘိုးအို၏ လက်သီးကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး မီးခိုးရောင်မြူခိုးများကို ထိုသူ့အပေါ်သို့ လျင်မြန်စွာ လွှမ်းခြုံလာစေ၏။
“ဘာမှလည်း မခံစားရပါလား”
နတ်ဘုရားမျိုးနွယ်မှ ပညာရှင်က အနည်းငယ် မှင်တက်သွား၏။
သူ၏လက်သီးက မီးခိုးရောင်မြူခိုးနှင့် ထိတွေ့သောအခါ အဲဒါက နူးညံ့ပျော့ပြောင်းနေပြီး သူ၏စွမ်းအားများသည် ပင်လယ်ထဲမှာ နစ်မြုပ်ပျောက်ကွယ်သွားသည့်အလားပင်။
သူ၏တိုက်ခိုက်မှုသည် အစစ်အမှန် နဂါးခန္ဓာကို မထိခိုက်စေနိုင်သော်လည်း အစစ်အမှန် နဂါးခန္ဓာ ထုတ်ဖော်ထားသည့် မီးခိုးရောင်မြူခိုးများကလည်း သူ့ကို ထိခိုက်စေနိုင်ခြင်း မရှိပေ။
“ဟားဟားဟားဟား”
နတ်ဘုရားမျိုးနွယ်မှ အဘိုးအိုက သူ၏ခေါင်းကို မော့၍ လှောင်ပြောင်သရော်လိုသော အမူအရာဖြင့် ရယ်မောလိုက်၏။
“အဲဒါက ဘယ်လိုပေါက်ကရ ဓမ္မပညာရပ်လဲ.. မင်းကိုယ်မင်း အရှက်ခွဲနေတာပဲ.. မင်း…”
သူ၏စကားက ယတိပြတ် ရပ်တန့်သွား၏။
ရုတ်တရက်… သူ၏ ဘဝသက်တမ်းသည် အသက်တစ်ရှိုက်စာမှာ နှစ်တစ်ထောင်နှုန်းဖြင့် လျော့ကျလာနေသည်ကို သူက ခံစားလိုက်ရ၏။ သူက အဲဒါကို လုံးဝ ရပ်တန့်နိုင်ခြင်း မရှိပေ။
“ဘာတွေဖြစ်နေတာပါလိမ့်”
“အဲဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ”
နတ်ဘုရားမျိုးနွယ်မှ အဘိုးအိုသည် အစစ်အမှန် နဂါးခန္ဓာနှင့် အကွာအဝေးတစ်ခု ခွာချင်သည့်အလား.. အလိုလို နောက်သို့ဆုတ်လိုက်၏။
သို့သော်လည်း အစစ်အမှန် နဂါးခန္ဓာသည် သူ၏လက်သီးကို မျှော့တစ်ကောင်ကဲ့သို့ တင်းကျပ်စွာ ဖမ်းဆုပ်ထား၏။ ထိုသို့ဖြင့် မီးခိုးရောင်မြူခိုးများသည် နတ်ဘုရားမျိုးနွယ်မှ အဘိုးအိုကို တစ်ချိန်လုံး လွှမ်းခြုံထား၏။
ထိုအခိုက်အတန့်တွင် ကမ္ဘာဦးမျိုးနွယ်မှ အခြားပညာရှင်များသည်လည်း တစ်စုံတစ်ရာ လွဲမှားနေသည်ကို သတိထားမိလာကြပြီဖြစ်၏။
“အကြီးအကဲ.. ခင်ဗျားရဲ့ မျက်နှာက…”
နတ်ဘုရားဟန်လင်း၏ မျက်လုံးနှစ်ဖက်က တုန်လှုပ်စွာဖြင့် ပြူးကျယ်လာ၏။
အားလုံး၏ အကြည့်အောက်မှာပင် အဘိုးအို၏ မျက်နှာက မြင်နိုင်သော နှုန်းထားဖြင့် အိုစာလာခဲ့၏။
အစက ချောမွတ်နေသော သူ၏မျက်နှာပေါ်တွင် အတွန့်အတွများက ပေါ်ထွက်လာခဲ့၏။
သူ၏ ဘဝသက်တမ်းက ကြီးမားစွာ လျော့ကျလာခဲ့လေပြီ။
သူ၏ ဘဝသက်တမ်းက လျော့ကျလာပြီး သူ၏ သွေးချီက စတင်၍ ခမ်းခြောက်လာခဲ့၏။
နတ်ဘုရားမျိုးနွယ်မှ အဘိုးအိုသည် တုံ့ပြန်မှု နှေးကွေးသွားပြီး သူက အစစ်အမှန် နဂါးခန္ဓာနှင့် ငြိတွယ်မှုကနေ ရုန်းမထွက်နိုင်ပေ။ ယခုအချိန်တွင် သူ၏ခွန်အားက ပို၍ပင် လျော့နည်းလာပြီး ဆက်လက်၍ ရုန်းထွက်နိုင်တော့မည် မဟုတ်ပေ။
“အား.. အ.. အား..”
နတ်ဘုရားမျိုးနွယ်မှ အဘိုးအိုသည် သူ၏ပါးစပ်ကို ဖွင့်ဟပြီး အော်ဟစ်အကူအညီတောင်းကြည့်၏။
သို့သော်လည်း သူ၏အသံက မနှိုင်းယှဉ်သာအောင် အိုစာသွားပြီး သူ၏လည်ချောင်း အနက်ပိုင်းထဲကနေ ထူးဆန်းသော အသံတစ်ခုသာလျှင် ထွက်ပေါ်လာ၏။
အဘိုးအို၏ ခန္ဓာကိုယ်မှ အသက်ဓာတ် ဆုတ်ယုတ်လာသည်ကို လက်ရှိလူတိုင်းက ခံစားမိလိုက်ကြ၏။
သိပ်မကြာခင် နတ်ဘုရားမျိုးနွယ်မှ အဘိုးအို၏ မျက်လုံးများသည် ပြူးကျယ်သွားပြီး သူက မည်သည့် အသက်ဓာတ်မှ မကျန်ရှိဘဲ လေထဲကနေ ပြုတ်ကျလာ၏။ သူက မကျေမချမ်းနှင့်ပင် သေဆုံးသွားခဲ့ပြီဖြစ်၏။
သူသေဆုံးသည့်တိုင်အောင်.. နတ်ဘုရားမျိုးနွယ်မှ အဘိုးအိုသည် မည်သို့သော ဓမ္မပညာရပ်ဖြင့် သူသေဆုံးခဲ့ရသည်ကို မသိရှိသွားပေ။
“အဲဒါက ဘယ်လိုနည်းစနစ်မျိုးပါလိမ့်”
“ငါ အဲဒါကို တစ်ခါမှ မမြင်ဖူးဘူး.. အဲဒါက လူတစ်ယောက်ရဲ့ ဘဝသက်တမ်းကို လျော့ကျစေနိုင်တဲ့ပုံပဲ”
“သူက ဓမ္မဝိသေသအဆင့်မှာပဲ ရှိသေးတယ်.. ဒါပေမဲ့ သူထုတ်ဖော်လိုက်တဲ့ ဓမ္မပညာရပ်က ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ ဘဝသက်တမ်းကိုတောင် လျော့ကျစေနိုင်တာလား.. နောက်ပြီး ဘဝသက်တမ်းလျော့ကျတဲ့ အမြန်နှုန်းက သိပ်ပြီးတော့ မြန်လွန်းမနေဘူးလား”
ကမ္ဘာဦးမျိုးနွယ် ၆စုမှ ပညာရှင်များက တုန်လှုပ်သွားကြ၏။
သူတို့သည် သမိုင်းအစဉ်အဆက် အမွေများကို ဆက်ခံထားပြီး မျိုးနွယ်စုအားလုံးနှင့် ဓမ္မပညာရပ် အားလုံးလိုလိုကို တွေ့မြင်ဖူးကြ၏။ သူတို့၏ အသိပညာနှင့်ပင်လျှင် သူတို့က ထိုကဲ့သို့ ကြောက်စရာကောင်းသည့် နည်းလမ်းများကို တစ်ခါမှ မတွေ့မြင်ဖူးခဲ့ပေ။
“အားလုံးပဲ.. ဘာမှကြောက်မနေနဲ့”
ရွှေကျီးကန်း တတိယမင်းသားက လေးနက်သော အသံဖြင့် ပြောလိုက်၏။
“ဒီဓမ္မပညာရပ်က အရမ်းကို စွမ်းအားကြီးမားတယ်ဆိုရင် အဲဒါက သူ့ဆီက စွမ်းအင်အမြောက်အများကိုလည်း ကုန်ဆုံးစေမှာပဲ… သူက အချိန်တိုအတွင်း အဲဒါကို ထပ်ပြီး ထုတ်ဖော်နိုင်ဦးမှာ မဟုတ်ဘူး”
“ဟုတ်ပါ့မလား”
အစစ်အမှန် နဂါးခန္ဓာ၏ အသံက မနှိုင်းယှဉ်သာအောင် အေးစက်ခက်ထန်စွာဖြင့် ထွက်ပေါ်လာ၏။
“ကမ္ဘာဦးမျိုးနွယ်တွေ.. ကျတ်တီးမြေက ဘာလဲဆိုတာ မင်းတို့ကို ငါပြပေးမယ်”
ရွှစ်…
အစစ်အမှန် နဂါးခန္ဓာသည် ဓမ္မပညာရပ်တစ်ခုကို လျင်မြန်စွာ စုဖွဲ့ပြီး သူ၏ခန္ဓာကိုယ်ကို ဗဟိုပြု၍ အလွန်တရာ ထူးဆန်းသော ဓမ္မစွမ်းအား အတက်အကျတစ်ခုကို ထုတ်ဖော်လိုက်၏။
အစစ်အမှန် နဂါးခန္ဓာသည် နဂါးအရိုးတောင်ကြားသို့ ဝင်ရောက်လာပြီးနောက်.. သူသည် ကျတ်တီးမြေကို တစ်ခါသာ ထုတ်ဖော်ခဲ့ပြီး နဂါးမျိုးနွယ်မှ အကြီးအကဲများကို ထိတ်လန့်သွားစေခဲ့၏။
ကျတ်တီးမြေ၏ ကြောက်မက်ဖွယ်ရာကောင်းမှုကြောင့် နဂါးမျိုးနွယ်မှ အကြီးအကဲများသည် နဂါးအရိုးတောင်ကြားမှာ အဲဒါကို ထပ်မံမထုတ်ဖော်ရန် တောင်းဆိုမှုပြုခဲ့ကြ၏။
ကျတ်တီးမြေကြောင့် လျော့ကျသွားသော ဘဝသက်တမ်းက ပြန်လည် အစားမရနိုင်သောကြောင့် ဖြစ်၏။
အဲဒါက အရမ်းကို ကြောက်စရာကောင်း၏။
မည်သူကမှ သူတို့၏ ဘဝသက်တမ်းကို အကြောင်းရင်းမရှိဘဲ မဆုံးရှုံးချင်ကြပေ။
ယခုအခါ သူသည် ကမ္ဘာဦးမျိုးနွယ် ၆စု၏ ဝန်းရံပိတ်ဆို့ခြင်းကို ခံထားရပြီး အစစ်အမှန် နဂါးခန္ဓာသည် ဆက်လက်၍ ငဲ့ကွက်ထိန်ချန်ခြင်း မရှိတော့ပေ။ ကျတ်တီးမြေ၏ စွမ်းအားက ချက်ချင်းပင် ပေါက်ကွဲထွက်ပေါ်လာပြီး ကမ္ဘာဦးမျိုးနွယ် ၆စုဆီသို့ တလိပ်လိပ်တိုးဝင်သွား၏။
သူ၏ အစစ်အမှန် နဂါးခန္ဓာသည် တိုက်ပွဲနယ်မြေတွင် အခြားသူများအား မှားယွင်းထိခိုက်စေမည်ကို ဆက်လက်၍ ထည့်မတွက်တော့ပေ။
ယခုအချိန်တွင် သူ့ကို ဝန်းရံထားသည်က ကမ္ဘာဦးမျိုးနွယ် ၆စု ဖြစ်နေသောကြောင့် သူတို့၏ ပညာရှင်များသည် ကျတ်တီးမြေ၏ လွှမ်းခြုံမှုကို အရင်ဆုံး တွေ့ကြုံခံစားရပေလိမ့်မည်။
“အဲဒါ ဘာလဲဟ”
ကမ္ဘာဦးမျိုးနွယ် ၆စုမှ ပညာရှင်များ၏ အမူအရာများက ပြောင်းလဲသွားကြ၏။
ရွှေကျီးကန်းမျိုးနွယ်နှင့် ယက္ခမျိုးနွယ်သည် သူတို့၏ လျင်မြန်သော လှုပ်ရှားမှုကို အသုံးချပြီး အကွာအဝေးတစ်ခုသို့ ချက်ချင်းပင် ပြေးထွက်လိုက်ကြ၏။
စုန်းမျိုးနွယ်နှင့် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်သည် အစကတည်းက တိုက်ပွဲနယ်မြေ၏ အပြင်ဘက်အစပ်မှာ ရှိနေကြပြီး ကံကောင်းသွားကြ၏။
သို့သော်လည်း နတ်ဘုရားမျိုးနွယ်နှင့် သွေးနွယ်ပင်မျိုးနွယ်ဝင် အချို့ကတော့ ကံမကောင်းကြပေ။
နတ်ဘုရားမျိုးနွယ်သည် အစစ်အမှန် နဂါးခန္ဓာနှင့် အနီးကပ်တိုက်ခိုက်ခြင်းမှာ တစ်ချိန်လုံး တိုက်ခိုက်နေခဲ့၏။ ကျတ်တီးမြေ ထွက်ပေါ်လာသောအခါ အဲဒါက သူတို့ကို ချက်ချင်းပင် လွှမ်းခြုံသွား၏။
သွေးနွယ်ပင်မျိုးနွယ်သည် သူတို့၏ အစစ်အမှန်ပုံစံများသို့ ပြောင်းလဲပြီးနောက် သူတို့သည် မြေပြင်မှာ သူတို့ကိုယ်သူတို့ အမြစ်တွယ်စေပြီး ချက်ချင်း မရွေ့လျားနိုင်ကြပေ။ သူတို့သည်လည်း ကျတ်တီးမြေ၏ လွှမ်းခြုံခြင်းကို ခံကြရ၏။
ကျတ်တီးမြေ၏ လွှမ်းခြုံခြင်းကို ခံရခြင်းသည် ရွှံ့ညွန်တောတစ်ခုထဲသို့ နစ်မြုပ်သွားခြင်းနှင့် တူလေသည်။ ချက်ချင်းပင် သူတို့၏ လှုပ်ရှားမှုများက အလွန်တရာ နှေးကွေးလာပြီး သူတို့အနေဖြင့် လှုပ်ရှားဖို့ သို့မဟုတ် ထွက်ပြေးလွတ်မြောက်ဖို့က ခက်ခဲလာပေလိမ့်မည်။
နတ်ဘုရားမျိုးနွယ်နှင့် သွေးနွယ်ပင်မျိုးနွယ်ဝင် အချို့၏ ဘဝသက်တမ်းများသည် အသက်တစ်ရှိုက်စာမှာ နှစ်တစ်ထောင်နှုန်းဖြင့် လျင်မြန်စွာ လျော့ကျလာ၏။
မီးခိုးရောင်မြူခိုးများ ဖြတ်သွားရာ နေရာတိုင်း အသက်ဓာတ်က လျင်မြန်စွာ လျော့ကျလာလေသည်။
လောကတစ်ခုလုံးက ကျတ်တီးမြေ ဖြစ်လာခဲ့၏။