သွေးနီရောင်လိပ်ပြာ
Vol. 88 Ch. 1313
ကမ္ဘာဦးမျိုးနွယ် ၆စုမှ မျိုးဆက်သွေးများသည် မြင့်မြတ်၍ စွမ်းအားကြီးမားသော်လည်း နတ်ဘုရားမျိုးနွယ်ကလွဲလျှင် အခြားကမ္ဘာဦးမျိုးနွယ် ၅စုတွင် မည်သူကမှ မျိုးဆက်သွေးနယ်မြေတစ်ခုကို မကျင့်ကြံနိုင်ကြပေ။
အသက်အရွယ်တစ်ခုထိရောက်လာလျှင် နတ်ဘုရားမျိုးနွယ်သည် ကျင့်ကြံခြင်းမရှိဘဲ မျိုးဆက်သွေးနယ်မြေတစ်ခုကို စုဖွဲ့လာနိုင်မည်ဖြစ်၏။
နတ်ဘုရားမျိုးနွယ်၏ မျိုးဆက်သွေးက ပိုမိုသန့်စင်လေလေ စုဖွဲ့ထားသောမျိုးဆက်သွေးနယ်မြေကလည်း ပိုမိုသန်မာလေဖြစ်၏။
ထို့ကြောင့်ပင်လျှင် နတ်ဘုရားမျိုးနွယ်က အရမ်းကို သန်မာနေခြင်းဖြစ်၏။
“သတ်....”
နတ်ဘုရားဟန်လင်းသည် လျင်မြန်စွာတည်ငြိမ်သွားပြီး အမိန့်တစ်ခုကိုပေးလိုက်၏။ သူ၏သွေးချီကို ၎င်း၏ အကန့်အသတ်အထိ လှည့်ပတ်လိုက်ပြီး သူ၏ အောက်ဘက်တွင် မြင့်မား၍ ခံ့ညားထည်ဝါသော ပိရမစ်တစ်ခုကို ပေါ်ထွက်လာစေ၏။ အဲ့ဒါသည် ပေပေါင်းထောင်ကျော်မြင့်မားပြီး အဆုံးမဲ့သော ရွှေရောင်အလင်းဖြင့်တောက်ပကာ ရှေးကျ၍ လျှို့ဝှက်ဆန်းကြယ်သော အော်ရာတစ်ခုဖြာထွက်နေ၏။
ပိရမစ်၏အောက်တွင် မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအားလုံးသည် ဝပ်တွားနေကြပြီး အဲ့ဒီမှာ သက်ရှိပေါင်း သန်းနှင့်ချီရှိကာ ကြည့်ရသည်မှာ အဆုံးမရှိပေ။
သက်ရှိတစ်ယောက်ချင်းစီသည် သူတို့၏ လက်ဖဝါးများကို ပူးကပ်ပြီး သူတို့၏ ဦးခေါင်းထက်ရှိ ပိရမစ်ကိုမော့ကြည့်ကာ ရိုသေကိုင်းရှိုင်းသောအမူအရာများနှင့်အတူ ဆုတောင်းစာများကို ရွတ်ဆိုနေကြ၏။
ပါးလွှာသော ရွှေရောင်ချီမျှင်များသည် သန်းပေါင်းများစွာသော သက်ရှိများ၏ ဦးခေါင်းထက်ကနေ ဆန့်တန်းထွက်ပေါ်သွားပြီး နတ်ဘုရားကဲ့သို့ တည်ရှိမှုတစ်ခုရပ်နေရာ ပိရမစ်၏ ထိပ်ဖျားဆီသို့ စုဆုံသွားကြ၏။
အဲ့ဒါက နတ်ဘုရားဟန်လင်းဖြစ်၏။
ဘန်း.... ဘန်း...
နတ်ဘုရားမျိုးနွယ်မှ ကျန်ရှိနေသော သက်ရှိများသည်လည်း သူတို့၏ မျိုးဆက်သွေးနယ်မြေများကို တစ်ယောက်ပြီးတစ်ယောက် ထုတ်ဖော်လိုက်ကြ၏။
ချက်ချင်းပင် ရှေးဟောင်းပိရမစ်များစွာသည် ဆင်းသက်လာပြီး လေထဲမှာ ယှက်ဖြာကာ လောကတစ်ခုလုံးကို တုန်ခါသွားစေ၏။
အဝေးကနေ စောင့်ကြည့်နေသော ကျင့်ကြံသူများအားလုံးက တုန်လှုပ်သွားကြ၏။
သူတို့သည် ငေးငိုင်စွာနှင့်ပင် နတ်ဘုရားမျိုးနွယ်၏ ကျွန်ပြုခြင်းကို ခံခဲ့ရသော ကမ္ဘာဦးခေတ်သို့ ပြန်လည်ရောက်ရှိသွားသည့်အလားထင်ရ၏။
သူတို့ မျိုးဆက်သွေးအနက်ပိုင်းထဲရှိ အကြောက်တရားတစ်ခုက သူတို့၏စိတ်နှလုံးထဲမှာ ကြီးထွားလာကြ၏။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်အချို့ပင်လျှင် ဖြူဖပ်ဖြူရော်အမူအရာများနှင့်အတူ မွန်းကျပ်မှုကို ခံစားလာရ၏။
ကမ္ဘာဦးခေတ်တုန်းက လူသားများသည် မျိုးနွယ်စုအားလုံး၏ရှေ့မှာ ဒူးထောက်ခဲ့ရသော အနိမ့်ကျဆုံးနှင့် အရာမရောက်ဆုံး သက်ရှိများဖြစ်ခဲ့ကြ၏။ ယခူချိန်မှာတော့ ထိုမြင်ကွင်းက တစ်ဖန်ပေါ်ထွက်လာ၏။
ကျင့်ကြံသူများသည် အဝေးသို့ ပြေးထွက်နိုင်ခဲ့ပြီဆိုလျှင်တောင် ပိရမစ်များစွာဆင်းသက်လာပြီးနောက် သူတို့သည် သိပ်သည်းပြင်းထန်သော ဖိအားတစ်ခုကို ခံစားလာရဆဲ ဖြစ်၏။
ကျင့်ကြံသူအချို့သည် မြေပြင်ပေါ်မှာ ဒူးထောက်၍ ဦးချချင်စိတ်ပင်ပေါက်လာကြ၏။
ရှေးဟောင်းပိရမစ်များစွာ၏ ဝန်းရံခြင်းခံထားရသော တိုက်ပွဲနယ်မြေအလယ်တွင်ရှိနေသည့် ဆူဇီမိုအပေါ် ကျရောက်မည့်ဖိအားကို ကျင့်ကြံသူများက စဥ်းစားမကြည့်နိုင်ကြပေ။
သွေးနီရောင်ဆံပင်နှင့် ပြင်ပမျိုးနွယ်က မည်မျှပင်သန်မာသည်ဖြစ်ပါစေ သူသည် ဓမ္မဝိသေသအဆင့်မှာသာရှိနေ၏။ ဓမ္မဝိသေသအဆင့်၏ မျိုးဆက်သွေးနယ်မြေတစ်ခုက များပြားလှစွာသော နတ်ဘုရားမျိုးနွယ်သက်ရှိများ၏ မျိုးဆက်သွေးနယ်မြေများကို ခုခံနိုင်ပါမည်တဲ့လား။
ဒါ့ပြင် နတ်ဘုရားမျိုးနွယ်ဘက်မှာ စွမ်းအားကြီးပုဂ္ဂိုလ်အချို့ ပါဝင်နေ၏။
“ပြန်ဝင်စားမွန်းစတားတဲ့လား.... မင်းက မျိုးဆက်သွေးနယ်မြေတစ်ခုကို ကျင့်ကြံထားတယ်ဆိုတော့ရော ဘာဖြစ်လဲ... နတ်ဘုရားမျိုးနွယ်ရဲ့ မျိုးရဲ့ မျိုးဆက်သွေးနယ်မြေနဲ့ ရင်ဆိုင်ရရင် မင်းရဲ့ အဲ့ဒီတောကောင်တွေက ဘာမှသုံးစားမရတဲ့ကောင်တွေဖြစ်သွားမှာပဲ”
နတ်ဘုရားဟန်လင်းက အော်ပြောလိုက်၏။
“သူနဲ့ ဘာမှအချိန်ဖြုန်းနေစရာမလိုဘူး... သူ့ကိုသတ်နိုင်သမျှ မြန်မြန်သတ်ရမယ်”
ရွှေကျီးကန်းတတိယမင်းသားက ကျယ်လောင်စွာ အော်ပြောလိုက်၏။
ဘန်း... ဘန်း... ဘန်း...
တစ်ချိန်တည်းနီးပါးမှာပင် ကမ္ဘာဦးမျိုးနွယ် ၆စုသည် တိုက်ခိုက်လိုက်ကြပြီး ရှေးဟောင်းပိရမစ်များစွာက သိပ်သည်းပြင်းထန်သောအော်ရာများနှင့်အတူ အစစ်အမှန်နဂါးခန္ဓာဆီသို့ ပြေးဝင်လာကြ၏။
သားရဲဘုရင် ၉ ပါးကလည်း အကြောက်အလန့်မရှိဘဲ တစ်ပြိုင်နက်တည်းလှုပ်ရှားကာ ပိရမစ်များစွာနှင့် ထိတွေ့ရိုက်ခတ်လိုက်ကြ၏။
နွားရိုင်းက ကောင်းကင်မြေကိုထွန်ယက်ပြီး သူ၏ဦးချိုနှစ်ဖက်ကိုမြှောက်ကာ ပိရမစ်တစ်ခုကို မှောက်လှန်ပစ်လိုက်၏။
ကျောက်တုံးဝက်ဝံက ကြွက်သားဗလတောင့်တင်းပြီး သူ၏ကြီးမားသော ခန္ဓာကိုယ်ဖြင့် အပေါ်သို့ပစ်ဆောင့်ချလိုက်၏။
ပိရမစ်တစ်ခုသည် အက်ကွဲကြောင်းများပေါ်ထွက်လာကာ အပိုင်းပိုင်း ကြေမွလုနီးပါးဖြစ်သွား၏။
အနာကွန်ဒါသည် ပိရမစ်တစ်ခုကိုရစ်ပတ်၍ အပေါ်သို့နွယ်တက်ကာ ပိရမစ်တစ်ခုလုံးကို သူ၏ကြီးမားသော ပါးစပ်ထဲသို့ဝါးမျိုလိုက်၏။
မျှော်လင့်ချက်မျောက်ဝံသည် သူ၏ရင်ဘတ်ကို တဖုန်းဖုန်းထုရိုက်ပြီး သူ၏ခြေကိုဆောင့်ချလိုက်၏။
သူသည်ရှေ့သို့တက်လှမ်းပြီး သူ၏လက်သီးကိုမြှောက်ကာ ပိရမစ်တစ်ခုကို ပစ်ထိုးချလိုက်၏။
နတ်မြင်းသည် ရှေ့သို့ပြေးဝင်သွားပြီး ငရဲကျားက ကိုက်ခဲလိုက်၏။
တိမ်လွှာကျားသစ်က ပိရမစ်များကြားမှာ လှည့်ပတ်သွားလာနေပြီး နဂါးဘုရင်၏ အမြီးရိုက်ချက်ကလည်း ထွက်ပေါ်လာ၏။ ပင်လယ်တည်ငြိမ်လိပ်က အပေါ်ကနေ အုပ်မိုးကျဆင်းလာ၏။
သားရဲဘုရင် ၉ပါးသည် တုန်လှုပ်စရာကောင်းသော တိုက်ခိုက်ရည်ခွန်အားများကို ထုတ်ဖော်ပြီး ပိရမစ်များစွာကို ပိတ်ဆို့တားဆီးလိုက်ကြ၏။
မျိုးဆက်သွေးနယ်မြေများကြား ထိတွေ့ရိုက်ခတ်မှုသည် ကမ္ဘာတုန်လောက်၏။
သို့သော်လည်းအခြေအနေက ဆူဇီမိုအတွက် အရမ်းကိုအရေးမသာဖြစ်လာ၏။
အကြောင်းမှာ သူသည် နတ်ဘုရားမျိုးနွယ်တစ်ခုတည်းနှင့် ရင်ဆိုင်နေရခြင်းမဟုတ်သောကြောင့် ဖြစ်၏။ အခြားသောကမ္ဘာဦးမျိုးနွယ်မှ ပညာရှင်များလည်းပါဝင်နေ၏။
သားရဲဘုရင် ကိုးပါးသည် ပိရမစ်များစွာကို ယာယီအားဖြင့် ခုခံနိုင်သော်လည်း အခြားသော ကမ္ဘာဦးမျိုးနွယ်မှ ပညာရှင်များသည် အခွင့်အလမ်းကို ချိန်ဆကာ တိုက်ခိုက်လာကြပြီး သားရဲဘုရင်၉ပါးက နောက်သို့ဆုတ်လာရ၏။
လက်သီးနှစ်ဖက်က လက်လေးဖက်ကိုမယှဥ်နိုင်ပေ။
ကမ္ဘာဦးမျိုးနွယ် ၆စု မှပညာရှင်များက များပြားလွန်းပြီး သားရဲဘုရင်၉ပါးက သူတို့ကို မခုခံနိုင်ကြတော့ပေ။
ချွမ်း...
ထိုစဥ်မှာပင် ဘေးတစ်ဘက်ကနေ သတ္တုချင်းထိခတ်သံက ထွက်ပေါ်လာ၏။ ထိုအသံက အရမ်းကိုစူးစူးရှရှနိုင်နေ၏။
အမုန်းမိစ္တာဆေဘာသည် ကောင်းကင်ဘုံနတ်ဘုရားသော့ကို ရိုက်ခတ်လိုက်ပြီဖြစ်၏။
အဲ့ဒါက တစ်စုံတစ်ရာကို ခံစားမိသွားသည့်အလား ကောင်းကင်ဘုံနတ်ဘုရားသော့သည် ပြိုးပြိုးပြက်ပြက် ရွှေရောင်အလင်းများကို ထုတ်ပေးလာ၏။ စွမ်းအားကြီးမားသော စွမ်းအင်တစ်ခုသည် အမုန်းမိစ္တာဆေဘာဆီသို့ တလိပ်လိပ်တိုးဝင်သွားပြီး ၎င်း၏ လမ်းကြောင်းကို သွေဖယ်သွားစေချင်၏။
ထိုစွမ်းအားသည် အမုန်းမိစ္တာဆေဘာကို နှိုးဆွမိသလိုလည်း ဖြစ်သွား၏။
အဆုံးမဲ့သော မိစ္ဆာချီများသည် အမုန်းမိစ္တာဆေဘာကနေ ဖြာထွက်လာကြ၏။ အဲ့ဒါက နက်မှောင်နေပြီး ကောင်းကင်ဘုံနတ်ဘုရားသော့ကို အဆက်မပြတ်တိုက်စားနေ၏။
လက်နက်နှစ်ခုသည် စတင်၍ တိုက်ခိုက်လာကြပြီး မည်သည့်ဘက်ကမှ အလျှော့မပေးလိုကြပေ။
အမုန်းမိစ္တာဆေဘာသည် ဧကရာဇ်လက်နက်တစ်ခုဖြစ်ခဲ့သော်လည်း ယန်ပေးချန်အနေဖြင့် သူ၏လက်ရှိခွန်အားအရ ၎င်း၏ အစစ်အမှန်စွမ်းအားကို ထုတ်ဖော်ဖို့ခက်ခဲလေသည်။
အခြားတစ်ဘက်မှာတော့ အဲ့ဒါသည် ကောင်းကင်ဘုံနတ်ဘုရားသော့က အမုန်းမိစ္တာဆေဘာကို ထပ်တလဲလဲနှိုးဆွမိနေ၏။
အဲ့ဒါသည် ကျင့်ကြံသူများကြား တိုက်ပွဲမဟုတ်တော့ဘဲ လက်နက်နှစ်ခုကြားက တိုက်ပွဲတစ်ပွဲ ဖြစ်လာခဲ့၏။
ကောင်းကင်ဘုံနတ်ဘုရားသော့သည် အမုန်းမိစ္တာဆေဘာကို သေချာပေါက်ယှဥ်နိုင်မည် မဟုတ်ကြောင်း ဆူဇီမိုက ယုံကြည်၏။ သို့သော်လည်း အဲ့ဒါက ကောင်းကင်ဘုံနတ်ဘုရားသော့ကို ဖြတ်တောက်ဖို့ဆိုလျှင် အချိန်တစ်ခုယူရပေဦးမည်။
တစ်ဘက်မှာတော့ သားရဲဘုရင် ၉ပါးက ဆက်လက်၍ တောင့်မခံနိုင်တော့ပေ။
“အားလုံးပဲ... ပူးပေါင်းလိုက်ကြ အဲ့ဒီတောကောင်မျိုးဆက်သွေးနယ်မြေက သူတို့ရဲ့အဆုံးသတ်ကိုရောက်နေပြီ”
နတ်ဘုရားဟန်လင်းက သိပ်သည်းပြင်းထန်သောအော်ရာနှင့်အတူ ထုတ်ဖော်ကြေညာလိုက်၏။
ဘန်း...
ထိုသို့သူပြောလိုက်သည့်ခဏမှာပင် သူ၏ပိရမစ်က ဆင်းသက်လာပြီး အထီးကျန်သမုဒ္ဒရာနဂါးဘုရင်ကို ကြေမွပျက်စီးသွားစေ၏။
ထိုနယ်မြေက ပျက်ပြယ်သွားပြီး သွေးနီရောင် သားရဲချီများအဖြစ်ပြောင်းလဲသွား၏။
ဘန်း...ဘန်း
ကျန်ရှိနေသော သားရဲဘုရင် ၈ပါးသည်လည်း သိပ်မကြာခင် တစ်ကောင်ပြီးတစ်ကောင် လဲပြိုကျသွား၏။
အစစ်အမှန်နဂါးခန္ဓာသည် အေးစက်စက်အမူအရာတစ်ခုရှိနေပြီး သူ၏ပါးစပ်ကိုဖွင့်ဟကာ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။ သူ၏ရင်ဘတ်က မို့မောက်လာပြီး သားရဲဘုရင် ၉ပါးကို ဖြစ်ပေါ်စေခဲ့သော သားရဲချီများကို ဝါးမျိုပြီးနောက် ဖြည်းဖြည်းချင်း ပြန်လည်ရှုထုတ်လိုက်၏။
သွေးနီရောင်သားရဲချီများက တလိပ်လိပ်ထိုးတက်လာပြီး အစစ်အမှန်နဂါးခန္ဓာ၏ ဘေးပတ်လည်မှာ ပြောင်းလဲလာကြ၏။
မျိုးနွယ်စု ၆စုသည် သားရဲဘုရင် ၉ပါး ပျက်ပြယ်သွားသည်ကို မြင်သောအခါ သူတို့က တစ်ယောက်ပြီးတစ်ယောက် လှုပ်ရှားလာပြီး အစစ်အမှန်နဂါးခန္ဓာဆီသို့ ပြေးဝင်လာကြ၏။
သူတို့က အနားသို့ကပ်နိုင်တော့မည့်ဆဲဆဲမှာပင် နတ်ဘုရားဟန်လင်း ၊ ရွှေကျီးကန်းတတိယမင်းသား ၊ ဝူရှဲ့နှင့် အခြားသောစွမ်းအားကြီးပုဂ္ဂိုလ်များ၏ အမူအရာက ပြောင်းလဲသွားကြပြီး သူတို့က အလိုလိုရပ်တန့်လိုက်ကြ၏။
သူတို့သည် အားကောင်းသော အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားလိုက်ရပြီး ခေါင်းမွေးများထောင်ထလာကြ၏။
အစစ်အမှန်နဂါးခန္ဓာ၏ ဘေးပတ်လည်ရှိ တရုန်းရုန်ထကြွနေသော သားရဲချီများသည် အလွန်တရာကြောက်စရာကောင်းသော တည်ရှိမှုတစ်ခုကို မွေးထုတ်ပေးလာသည်ဟုထင်ရ၏။
“ဆက်မသွားကြနဲ့တော့”
နတ်ဘုရားဟန်လင်းက အလောတကြီးအော်ပြောလိုက်၏။
သူတို့သည် ပေါင်းစည်းခန္ဓာအဆင့်သို့ရောက်ရှိအောင် ကျင့်ကြံထားခဲ့ပြီဖြစ်တာကြောင့် ထိုကဲ့သို့သော အန္တရာယ်အငွေ့အသက်တစ်ခုကို ကြိုတင်ခံစားမိနိုင်ကြ၏။
သို့သော်လည်း ကမ္ဘာဦးမျိုးနွယ်များမှ ဓမ္မဝိသေသတာအိုအရှင်များသည် အကြောက်အလန့်ကင်းမဲ့ပြီး ဆူဇီမိုထံသို့ ဆက်လက်ပြေးဝင်သွားကြ၏။
နတ်ဘုရားဟန်လင်း၏ သတိပေးသံကို သူတို့ကြားသောအခါ အဲ့ဒါက နောက်ကျသွားခဲ့လေပြီ။
သူတို့၏ရှေ့မှောက်တွင် အစစ်အမှန်နဂါးခန္ဓာ၏ ဘေးပတ်လည်မှ သားရဲချီများက တရုန်းရုန်းထကြွ၍ သွေးနီရောင်လိပ်ပြာတစ်ကောင်ကို တဖြည်းဖြည်းဖြစ်ပေါ်လာစေ၏။ ၎င်းက တောင်ပံနှစ်ဖက်ပေါ်တွင် ခတ်နှိပ်ထားသော တောက်ပသော လပြည့်ဝန်းနှစ်ခုနှင့်အတူ သူ၏သွေးနီရောင်တောင်ပံများကို ဖြန့်ကြက်ကာ ကမ္ဘာဦးမျိုးနွယ် ၆စု မှသက်ရှိများကို အေးစက်စက်မျက်ဝန်းတစ်စုံနှင့်အတူ စိုက်ကြည့်လိုက်၏။
သွေးနီရောင်လိပ်ပြာက ဆယ်ပေဝန်းကျင်လောက်သာကျယ်ပြန့်လေသည်။
ပေထောင်ကျော်မြင့်မားသော ပိရမစ်နှင့်နှိုင်းစာလျှင် အဲ့ဒါက အစက်အပြောက်တစ်ခုကဲ့သို့ သေးငယ်လေသည်။ သို့သော်လည်း သွေးနီရောင်လိပ်ပြာဆင်းသက်လာသည့်ခဏမှာပင် ကောင်းကင်နှင့်မြေကြီး တောင်ကြားတစ်ခုလုံးက သေလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွား၏။
ဘုန်း.... ဘုန်း....
အဝေးကနေ စောင့်ကြည့်နေသော ကျင့်ကြံသူအချို့သည် သားရဲဘုရင် ၉ပါး ဆင်းသက်လာသည်ကို တွေ့မြင်ခဲ့တုန်းက ဒူးမထောက်ခဲ့ကြပေ။ သူတို့သည် ရှေးဟောင်းပိရမစ်များဆင်းသက်လာစဥ်ကလည်း တောင့်ခံနိုင်ခဲ့ကြ၏။
သို့သော်လည်း သွေးနီရောင်လိပ်ပြာ ဆင်းသက်လာသောအခါ ထိုကျင့်ကြံသူများသည် ဆက်လက်၍ တောင့်မခံနိုင်ကြတော့ပေ။ သူတို့၏ မျိုးဆက်သွေးက အေးခဲသွားပြီး သူတို့၏ခြေလက်များက ပျော့ခွေကာ မြေပြင်ပေါ်မှာ တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ကျကုန်၏။
ထိုကျင့်ကြံသူများ၏ စိတ်နှလုံးထဲတွင် ထင်ယောင်ထင်မှားတစ်ခုကို မြင်ယောင်လာကြ၏။
ကမ္ဘာဦးမျိုးနွယ်မှ သက်ရှိများ ၊ တဗူးများ ၊ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် မဟာယာန-မျိုးနွယ်စုခေါင်းဆောင်များအားလုံးသည် သွေးနီရောင်လိပ်ပြာရှေ့မှာ ပုရွက်ဆိတ်များကဲ့သို့ဖြစ်လာကြ၏။
ဤလောကမှာ အစစ်အမှန်နတ်ဘုရားတစ်ပါးရှိမည်ဆိုလျှင် အဲ့ဒါက ဤသွေးနီရောင်လိပ်ပြာသာ ဖြစ်ရပေလိမ့်မည်။