နောက်ဆုံးဝှက်ဖဲ
Vol. 88 Ch. 1314
“အဲ့ဒါဘာလဲဟ”
ရွှေကျီးကန်းတတိယမင်းသား၏အသံက အိုးတိုးအမ်းတမ်းအမူအရာနှင့်အတူ တုန်ယင်စွာထွက်ပေါ်လာ၏။
ကမ္ဘာဦးမျိုးနွယ် ၆စု မှပညာရှင်မျာသည် တိတ်ဆိတ်ငြိမ်သက်သွားကြ၏။ သူတို့၏ အမွေအနှစ်မှတ်ဉာဏ်များနှင့်ပင်လျှင် သွေးနီရောင်လိပ်ပြာကိုမပြောနှင့် ထိုကဲ့သို့သော မျိုးဆက်သွေးနယ်မြေတစ်ခုကို ဘယ်တုန်းကမှ မတွေ့မြင်ဖူးခဲ့ပေ။
ရုတ်တရက်ဆိုသလို...
သွေးနီရောင်လိပ်ပြာ၏ တောင်ပံများက လှုပ်ရှားသွား၏။
၎င်း၏လှုပ်ရှားမှုသည် အလွန်တရာပေါ့ပါးပြီး သိသာထင်ရှားမှုမရှိသလောက်နီးပါးပင်။ ကမ္ဘာဦးမျိုးနွယ် ၆စု မှပညာရှင်များ၏ စွမ်းအားကြီးမားသော အမြင်အာရုံကြောင့်သာမဟုတ်လျှင် သူတို့သည် အဲ့ဒါကို ရှင်းလင်းစွာတွေ့မြင်လိုက်ရလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ၎င်း၏တောင်ပံများကို အနည်းငယ်မျှ ခတ်လိုက်ခြင်းက တုန်လှုပ်စရာကောင်းသော မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေ၏။
ပတ်ဝန်းကျင်ရှိလေဟာနယ်က တွန့်လိမ်သွားပြီး ပြိုလဲကာ ချိုင့်ဝင်သွား၏။
နတ်ဘုရားမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်များဖန်တီးထားသည့် ကျန်ရှိနေသော ပိရမစ်များသည် အဆက်မပြတ်လှုပ်ခါလာ၏။ သဲများနှင့် ကျောက်ခဲများက လိမ့်ဆင်းလာပြီး ပိရမစ်မျာပေါ်တွင် အက်ကွဲကြောင်းများက ပေါ်ထွက်လာ၏
ဘန်း... ဘုန်း ဘုန်း...
ပေထောင်ကျော်မြင့်မားသော ပိရမစ်များသည် တစ်ခဏအတွင်းမှာပင် ပြိုလဲကျကုန်ပြီး ဖုန်မှုများအဖြစ်သို့ ချက်ချင်းပြောင်းလဲသွား၏။
သွေးနီရောင်လိပ်ပြာသည် အစစ်အမှန်နဂါးခန္ဓာ၏ အဆုံးစွန်မျိုးဆက်သွေးနယ်မြေတစ်ခုဖြစ်၏။
အသင်္ချေနယ်မြေမြို့တော်မှာတုန်းက သွေးနီရောင်လိပ်ပြာ၏ တစ်ဝက်ကသာလျှင် ဆင်းသက်လာပြီး အဲ့ဒါက ပုံရိပ်ယောင်ဆန်နေခဲ့၏။
ယခုအခါမှာတော့ အစစ်အမှန်နဂါးခန္ဓာသည် နောက်ထပ် သားရဲဘုရင် နှစ်ပါးကိုစုဖွဲ့ကာ စုစုပေါင်းသားရဲဘုရင် ၉ပါးထိရှိလာခဲ့ပြီဖြစ်၏။
ယခုအခါ သွေးနီရောင်လိပ်ပြာသည် အစစ်အမှန်ဆန်လာပြီး ၎င်း၏အော်ရာကလည်း များစွာပို၍ကြောက်စရာကောင်းလာခဲ့၏။
ဖောင်း.... ဖောင်း.. ဖောင်း...
အစစ်အမှန်နဂါးခန္ဓာနှင့် အနီးဆုံးမှာရှိနေသည့် ကမ္ဘာဦးမျိုးနွယ်မှ တာအိုအရှင်အချို့သည် သွေးမြူများအဖြစ်ပေါက်ကွဲထွက်သွားပြီး သူတို့၏ အမြုတေစိတ်ဝိညာဥ်များက ဖျက်ဆီးခံလိုက်ရ၏။
ထိုစွမ်းအားက သူတို့အတွက် ပကတိအဖျက်စွမ်းအားတစ်ခုဖြစ်နေ၏။
သွေးနီရောင်လိပ်ပြာသည် သူ၏တောင်ပံများကို ခတ်လိုက်ရုံမျှသာဖြစ်ပြီး ကမ္ဘာဦးမျိုးနွယ်မှ တာအိုအရှင်တစ်ရာကျော်က သေဆုံးကုန်ကြလေပြီ။
လေထုတစ်ခုလုံးက နီစွေးသွားပြီး ကောင်းကင်ထက်ကနေ သွေးမိုးများက ရွာသွန်းလာ၏။
နတ်ဘုရားဟန်လင်း ၊ ရွှေကျီးကန်းတတိယမင်းသားနှင့် အခြားသူများသည် အနည်းငယ်ဝေးကွာနေ၏။ သူတို့က ပေါင်းစည်းခန္ဓာအဆင့်မှာရောက်နေသည့် အချက်နှင့်ထပ်ပေါင်းလိုက်သောအခါ သူတို့သည် ကြောက်စရာကောင်းသော ထိုထိတွေ့ရိုက်ခတ်မှုမှ အနည်းအကျဥ်းမျှကိုသာ ခံစားရလေသည်။
ထိုသို့ဆိုလျှင်တောင် ကမ္ဘာဦးမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်အချို့သည် မိုကြိုးပစ်ချခံလိုက်ရသည့်အလား တဆတ်ဆတ်တုန်ယင်သွားကြ၏။ သူတို့မျက်နှာများက ဖြူဖပ်ဖြူရော်ဖြစ်လာပြီး စိတ်အားညိုးငယ်သောအမူအရာများနှင့်အတူ ပါးစပ်အပြည့် သွေးများအန်ထုတ်လိုက်ကြရ၏။
စွမ်းအားကြီးပုဂ္ဂိုလ်များသည် သူတို့၏ခန္ဓာကိုယ်ကိုသူတို့ မထိန်းချုပ်နိုင်တော့ဘဲ ယိမ်းထိုးလာကြ၏။ သူတို့သည် ရှင်သန်နေနိုင်ဆဲ ဖြစ်သော်လည်း သူတို့က ဒဏ်ရာအပြင်းအထန်ရရှိသွားကြသည်မှာ သိသာထင်ရှား၏။
ခပ်ဝေးဝေးတွင် ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် လူအုပ်ကြားထဲမှာရော၍ စောင့်ကြည့်နေ၏။ အခြားသူများ၏ မျက်လုံးထဲရှိ တုန်လှုပ်မှုနှင့်မတူဘဲ ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် အံ့အားသင့်သွားသော်လည်း သူ၏မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့အပြုံးတစ်ခုရှိနေဆဲ ဖြစ်၏။
“စိတ်ဝင်စားစရာပဲ”
သူက တီးတိုးရေရွတ်လိုက်၏။
“ဒီအထီးကျန်သိုင်းသခင်က ငါတွေးထင်ထားတာထက်တောင် ကိုင်တွယ်ရပိုပြီးခက်ခဲနေတာပဲ.... ဒါပေမယ့်လို့ အဲ့ဒါလည်းကောင်းတာပါပဲ... မင်းတို့တွေက တစ်ယောက်နဲ့တစ်ယောက် ပိုမိုသတ်ဖြတ်ပြီးတော့ တိုက်ပွဲက ပိုပြီးတော့ ပြင်းထန်လေလေ သေကြေပျက်စီးမဲ့အရေအတွက်ကလည်း ပိုများလေပဲ နေမှာ”
“တာအိုအရှင်အထီးကျန်သိုင်းသခင်က တကယ့်ကိုပြီးပြည့်စုံတဲ့ စစ်တုရင်အရုပ်တစ်ရုပ်ပဲ”
ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ မျက်လုံးအနက်ပိုင်းထဲတွင် သွေးဆာရက်စက်သည့် အရိပ်အယောင်တစ်ခုက တစ်ခဏတာပေါ်ထွက်လာ၏။
တိုက်ပွဲနယ်မြေတွင်...
ဘုန်း...
အဲ့ဒီမှာ မိုးချိန်းသံကဲ့သို့ ကျွတ်ဆတ်ဆတ်အသံတစ်သံက ထွက်ပေါ်လာ၏။
“ဟမ်...”
နတ်ဘုရားဟန်လင်းသည် တစ်စုံတစ်ရာကို ခံစားမိသွားပြီး သူ၏အကြည့်က ကောင်းကင်ဘုံနတ်ဘုရားသော့ဆီသို့ရွေ့လျားသွား၏။ ချက်ချင်းပင် သူ၏အမူအရာက ညိုမည်းသွားလေသည်။
နောက်ဆုံးမှာတော့ ကောင်းကင်ဘုံနတ်ဘုရားသော့သည် အမုန်းမိစ္တာဆေဘာ၏ တိုက်ခိုက်မှုကို ဆက်လက်၍ တောင့်မခံနိုင်တော့ပေ။
ကောင်းကင်ဘုံနတ်ဘုရားသော့သည် အမုန်းမိစ္တာဆေဘာ၏ ထက်ရှမှုကို လုံးဝမခုခံနိုင်တော့ပေ။ ချိန်းကြိုးများ ကြေမွသွားခြင်းနှင့်အတူ သံကွင်းများသည် ဓမ္မစွမ်းအားထောက်ပံ့မှုကို ဆက်လက်၍မရရှိတော့ဘဲ ယန်ပေးချန်၏ နှစ်ပိုင်းဖြတ်တောက်ခြင်းကို ခံလိုက်ရ၏။ ညဝိညာဥ်၏ လည်ပင်းနှင့် ခြေလက်များပေါ်မှ သံကွင်းများက ပြုတ်ကျလာခဲ့လေပြီ။
ဆူဇီမိုသည် ထိုသည်ကိုမြင်သောအခါ ကျေနပ်နှစ်ခြိုက်သွား၏။ ညဝိညာဥ်က နောက်ဆုံးမှာတော့ လွတ်မြောက်သွားခဲ့လေပြီ။
သို့သော်လည်း ကမ္ဘာဦးခေတ်က စိုးမိုးခြယ်လှယ်ခဲ့ဖူးသော ဤတဗူးသည် ယခုအခါမြေပြင်ပေါ်တွင် မလှုပ်မယှက်လဲကျနေ၏။
ညဝိညာဥ်က အလွန်တရာပြင်းထန်သော ဒဏ်ရာများကို ရရှိထားခဲ့လေသည်။
သူ၏ခြေလက်မျာနှင့် လည်ပင်းသည် ပျော့ခွေသွားပြီး ကောင်းကင်ဘုံနတ်ဘုရားသော့၏ ကြာမြင့်စွာချုပ်နှောင်ခြင်းခံခဲ့ရပြီးနောက် သူ၏ဒဏ်ရာများက ဆွေးရိနေ၏။ ညဝိညာဥ်၏ မျိုးဆက်သွေးနှင့် သူ၏ပြန်လည်ကုသနိုင်စွမ်းက ဘယ်လိုပင်သန်မာပါစေ သူက ပြန်လည်သက်သာဖို့အတွက် အချိန်အတော်ကြာယူရပေတော့မည်။
သို့သော် မည်သို့ပင်ဆိုစေ ညဝိညာဥ်လွတ်မြောက်သွားသည်နှင့်အမျှ ဆူဇီမိုသည် ဤနေရာကနေ ညဝိညာဥ်နှင့်အတူ ထွက်ပြေးဖို့အတွက် နည်းလမ်းတစ်ခုရှိလာပေလိမ့်မည်။
“အထီးကျန်သိုင်းသခင်.... မင်းက ငါ့ကလန်သားတွေအများကြီးကို သတ်ဖြတ်ခဲ့တယ်... အဲ့ဒီအတွက် မင်းအသက်နဲ့ပြန်ပေးဆပ်ရတော့မယ်”
ထိုစဥ်မှာပင် နတ်ဘုရားဟန်လင်း ၊ ရွှေကျီးကန်းတတိယမင်းသားနှင့် ကမ္ဘာဦးမျိုးနွယ်မှ အခြားသောပညာရှင်များသည် အော်ဟစ်၍ တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်ကာ ကြောက်စရာကောင်းသော တိုက်ခိုက်မှုများကို သွေးနီရောင်လိပ်ပြာပေါ်သို့ ကျဆင်းလာစေ၏။
ရွှေကျီးကန်းတတိယမင်းသား၏ ခန္ဓာကိုယ်က ချစ်ချစ်တောက်ပူလောင်သော နေမင်းနတ်ဘုရားမီးနှင့်အတူ လောင်ကျွမ်းလာပြီး သူက မီးတောက်များဖြင့် လောင်ကျွမ်းနေသည့် ဧရာမမီးလုံးတစ်လုံးအဖြစ် အသွင်ပြောင်းလဲသွား၏။
အခြားသောရွှေကျီးကန်းများကလည်း တူညီသော လှုပ်ရှားမှုများကိုပြုလုပ်လာကြ၏။
ချစ်ချစ်တောက်ပူလောင်သောနေများက ကောင်းကင်ထက်မှာ တစ်စင်းပြီးတစ်စင်းပေါ်ထွက်လာသည့်အလား ဒေါသူပုန်ထနေသော မီးလုံးများသည် သွေးနီရောင်လိပ်ပြာဆီသို့ တိုးဝင်လာကြ၏။
လေဟာနယ်ထဲရှိ ဓမ္မစွမ်းအားများက ခန်းခြောက်လာခဲ့၏။
“ကောင်းကင်ဘုံနတ်ဘုရားခုတ်ချက်....”
နတ်ဘုရားဟန်လင်း၏ ဦးဆောင်မှုအောက်တွင် များစွာသော နတ်ဘုရားမျိုးနွယ်သက်ရှိများသည် လက်ဟန်ချိပ်စည်းများကို တစ်ချိန်တည်းမှာ လှုပ်ရှားပြီး သူတို့ရှေ့တွင် ဧရာမဓားတစ်လက်ကို စုဖွဲ့၍ လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ကြ၏။ သူတို့သည် အကန့်အသတ်မဲ့သော ထက်ရှမှုနှင့်အတူ သွေးရောင်လိပ်ပြာဆီသို့ ခုတ်ပိုင်းချလိုက်၏။
ကောင်းကင်ဘုံမျက်လုံးများစွာသည် ပွင့်ဟလာပြီး လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းစာများစွာက ပေါ်ထွက်လာ၏။ ကစဉ့်ကလျားချီများသည် စကြာဝဠာ၏ ဖန်တီးမှုအစသို့ ပြန်ရောက်ရှိသွားသည့်အလား လေထဲမှာပြည့်နှက်လာ၏။
နက်မှောင်နေသောအလင်းများက လေထုကိုဆုတ်ဖြဲလာကြ၏။
ဝှစ်.. ဝှစ်.... ဝှစ်...
ထူထဲသော သွေးနွယ်ပင်များသည် လေထဲမှာ တဝီဝီ အော်မြည်၍ သွေးရောင်လိပ်ပြာဆီသို့ ရစ်ပတ်လာကြ၏။
ရွှစ်.... ရွှစ်.... ရွစ်...
ယက္ခမျိုးနွယ်သည် သူတို့၏ကြောက်စရာကောင်းသော လှုပ်ရှားမှုအမြန်နှုန်းပေါ်မူတည်၍ လေထဲမှာ ကူးလူးယှက်ဖြာနေကြ၏။ သူတို့၏ လက်ထဲတွင် ထက်ရှသောဆေဘာများကိုကိုင်ဆွဲပြီး သူတို့က အချိန်မရွေး ထိုးဆင်းလာတော့မည့်အတိုင်းပင်။
စုန်းများသည် မန္တန်များကိုရွတ်ဆို၍ သူတို့လက်ထဲရှိ အရိုးတောင်ဝှေးများကို ဝေ့ယမ်းကာ သွေးရောင်လိပ်ပြာဆီသို့ မန္တန်အစီအရင်များကို သက်ရောက်လာစေ၏။
ကမ္ဘာဦးမျိုးနွယ် ၆စုသည် သူတို့၏အင်အားကုန်ကို ထုတ်သုံးလာကြလေပြီ။
သွေးရောင်လိပ်ပြာသည် သူ၏တောင်ပံများကို တစ်ဖန်ခတ်လိုက်၏။
မုန်တိုင်းတစ်ခုက တလိပ်လိပ်တက်လာပြီး ကမ္ဘာဦးမျိုးနွယ် ၆စုမှ တိုက်ခိုက်မှုများနှင့် ပြင်းထန်စွာ ထိတွေ့ရိုက်ခတ်လိုက်၏။
ဘုန်း....
ကျယ်လောင်သောမြည်သံက ထွက်ပေါ်လာ၏။
တိုက်ပွဲနယ်မြေအလယ်တွင်ရှိသော ဆူဇီမိုသည် ညဝိညာဥ်ကို ကူညီဖေးမတော့မည့်ဆဲဆဲဖြစ်၏။ သို့သော်လည်း သူက သူ့ကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ မြေပြင်ပေါ်တွင် ကျွမ်းထိုးမှောက်ခုံလူးလိမ့်သွားလေသည်။
သူ့ဘေးရှိ ၉၉ပေမြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသပင်လျှင် ထိုတုန်ခါလှိုင်း၏ ထိတွေ့ရိုက်ခတ်မှုဖြင့် နေရာမှာတင် ပျက်ပြယ်သွားပြီဖြစ်၏။
သွေးရောင်လိပ်ပြာကလည်း တဖြည်းဖြည်းပျက်ပြယ်သွားလေသည်။
ထိုမျိုးဆက်သွေးနယ်မြေက မည်မျှပင်သန်မာသည်ဖြစ်ပါစေ အစစ်အမှန်နဂါးခန္ဓာ၏ ကျင့်ကြံမှုအဆင့်က သိသာစွာ အရေးနိမ့်နေဆဲ ဖြစ်၏။ အဲ့ဒါက ကမ္ဘာဦးမျိုးနွယ်မှ ပညာရှင်များစွာကို မယှဥ်နိုင်ပေ။
အစစ်အမှန်နဂါးခန္ဓာက ဆတ်ခနဲတုန်ယင်သွား၏။
ဤတစ်ကြိမ်တွင်တော့... သူ၏ခန္ဓာကိုယ်မှ နဂါးကြေးခွံများစွာက ကွာကျလာပြီး သူ၏နှုတ်ခမ်းထောင့်မှ သွေးများက စီးကျလာ၏။
အစစ်အမှန်နဂါးခန္ဓာပေါ် ထိတွေ့ရိုက်ခတ်မှုက မသေးငယ်လှပဲ သူ၏ ကိုယ်တွင်းအင်္ဂါများက လှုပ်ခါသွားခဲ့လေပြီ။
အဲ့ဒါက သူတစ်ယောက်တည်းသာဆိုလျှင် အစစ်အမှန်နဂါးခန္ဓာသည် ဤမျှထိ ကြောက်စရာကောင်း၍ ကြမ်းကြုတ်ခက်ထန်သော တိုက်ခိုက်မှုများကို ရပ်တန့်ကာ ခုခံနေလိမ့်မည် မဟုတ်ပေ။
သို့သော် ယခုအခါ သူ၏နောက်တွင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် ညဝိညာဥ်က ရှိနေ၏။ သူက ဤနေရာကနေ ထွက်ခွာလိုက်မည်ဆိုလျှင် ညဝိညာဥ်နှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက နေရာမှာပင် သေဆုံးရပေလိမ့်မည်။
ကံကောင်းထောက်မစွာဖြင့် သူတို့က တိုက်ခိုက်မှုများကို ခုခံရင်ဆိုင်ရချိန်မှာ ညဝိညာဥ်က လွတ်မြောက်သွားခဲ့ပြီဖြစ်၏။
“အစ်ကိုယန်... ကျုပ်နောက်က လိုက်ခဲ့”
ညဝိညာဥ်ကို ဆွဲခေါ်ပြီး ဆူဇီမိုက သူ၏သိုလှောင်အိတ်ထဲကနေ ရှုံ့တွနေသော တောကောင်သားရေတစ်ခုကို ဆွဲထုတ်လိုက်၏။ ၎င်းပေါ်တွင် လျှို့ဝှက်ဆန်းကြယ်၍ ရှုပ်ထွေးပွေလီသော အင်းကွက်များစွာကို ရေးဆွဲထားလေသည်။
အဲ့ဒါသည် ဆူဇီမို တာအိုအမွေအနှစ်ကုန်းမြေသို့ မဝင်ရောက်ခင်က ရှေးဟောင်းအစီအရင်ဂိုဏ်းမှ အကြီးအကဲတစ်ယောက် သူ့ကိုပေးခဲ့သောရတနာဖြစ်၏။
ကမ္ဘာဦးခေတ်မှလာသော မပြီးပြည့်စုံသည့် ဝင်္ကပါတစ်ခုကို ၎င်းပေါ်တွင် ခတ်နှိပ်ထားလေသည်။
ထိုဝင်္ကပါက အလွန်တရာရှုပ်ထွေးပွေလီသော်လည်း လူတစ်ယောက်က အဲ့ဒါကို နားလည်မည်ဆိုလျှင် သူသည် လေဟာနယ်၏ ကန့်သတ်ချုပ်နှောင်မှုကို ချိုးဖျက်ကာ မိုင်ပေါင်းသန်းချီအကွာအဝေးသို့ ခုန်ကူးနိုင်ပေလိမ့်မည်။ အဲ့ဒါက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးကိုပင် ဖြတ်ကျော်၍ ပို့ဆောင်ပေးနိုင်ကောင်းလေသည်။
တကယ်တော့... ထိုဝင်္ကပါသည် ပြီးပြည့်စုံမှုမရှိဘဲ ကြီးမားသည့် အားနည်းချက်တစ်ခုရှိနေ၏။
အရင်တုန်းက ရှေးဟောင်းအစီအရင်ဂိုဏ်းမှ အကြီးအကဲသည် အဲ့ဒါကို တစ်ခါထုတ်သုံးဖူးသော်လည်း ပို့ဆောင်ခံလိုက်ရသော ကျင့်ကြံသူများ ပြန်လည်ရောက်ရှိမလာခဲ့ပေ။ သူတို့က ဘယ်နေရာကို ပို့ဆောင်ခံလိုက်ရသလဲ ဘယ်သူမှ မသိကြပေ။
တာအိုအမွေအနှစ်ကုန်းမြေမှာတုန်းက ဆူဇီမိုသည် အမွေအနှစ် ၃၀ ကျော်ကိုလက်ခံရရှိခဲ့ပြီး ထိုထဲတွင် အစီအရင်ဝင်္ကပါဘိုးဘေးတစ်ယောက်၏ အမွေအနှစ်လည်းပါရှိလေသည်။
တာအိုအမွေအနှစ်ကုန်းမြေတွင် နှစ်ပေါင်းငါးထောင်ကြာ လေ့လာသင်ယူပြီးနောက် သူသည် တောကောင်သားရေပေါ်ရှိ ဝင်္ကပါကို နားလည်ဆင်ခြင်နိုင်ခဲ့ပြီဖြစ်၏။
ထိုပျက်စီးနေသော တောကောင်သားရေသည် သူ၏နောက်ဆုံးဝှက်ဖဲလည်းဖြစ်၏။