နောက်ထပ် လှိုင်းတစ်လှိုင်း
Vol. 88 Ch. 1315
ဆူဇီမိုသည် သူ၏ ဓမ္မစွမ်းအားများကို လှည့်ပတ်ပြီး ပျက်စီးနေသော တောကောင်သားရေထဲသို့ ထိုးသွင်းလိုက်၏။ ဝင်္ကပါအင်းကွက်များသည် ဝင်းလက်စွာ တောက်ပလာပြီး လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင် အတက်အကျတစ်ခုကို ဖြာထုတ်ပေးလိုက်၏။
“အစ်ကိုယန်.. အင်မော်တယ်ဓားက သေပြီ… ဒီနေရာကနေ ကျုပ်နဲ့အတူ အရင်ဆုံး ထွက်ရအောင်”
ဆူဇီမိုက ထပ်မံ၍ ဖျောင်းဖျလိုက်၏။
ကမ္ဘာဦးမျိုးနွယ် ၆စုမှ ပညာရှင် ထက်ဝက်ကျော်သည် သေဆုံးသွားခဲ့ပြီဖြစ်၏။ သို့သော်လည်း အယောက် ၃၀၀ကျော် ကျန်ရှိနေပြီး သူတို့ထဲမှ ၂၀ကျော်သည် စွမ်းအားကြီးပုဂ္ဂိုလ်များ ဖြစ်ကြ၏။
ယန်ပေးချန်ပင်လျှင် ထိုစွမ်းအားကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
ဒါ့အပြင်.. ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် ဝရုန်းသုန်းကား အခြေအနေမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး သူက ဘယ်ဆီဘယ်ဝယ် ရောက်နေသလဲ မသိရတော့ပေ။ အဲဒါက ဤနေရာမှာ ဆက်နေရန် ယန်ပေးချန်အတွက် အရမ်းကို အန္တရာယ်များပြီး သူ့အနေဖြင့် ဆူဇီမိုနှင့်အတူ ထွက်ခွာသွားတာက ပိုကောင်းပေလိမ့်မည်။
ယန်ပေးချန်သည် မျက်မှောင် အနည်းငယ်ကြုတ်၍ တွေဝေတုံ့ဆိုင်းနေ၏။
အင်မော်တယ်ဓားက သေဆုံးသွားပြီဖြစ်သော်လည်း သူသတ်ဖြတ်ချင်သည့် လူများစွာ ကျန်ရှိနေဆဲဖြစ်၏။
အင်မော်တယ်ဓား၏ သေဆုံးမှုတစ်ခုတည်းသည် ချင်ဖျန်ယန်၏ သေဆုံးမှုအတွက် အစားလျော်ပေးဖို့ မလုံလောက်ပေ။
“ဟမ်”
ထိုစဉ်မှာပင် ဆူဇီမို၏ အမူအရာက ပြောင်းလဲသွား၏။
တောကောင်သားရေပေါ်တွင် ဝင်္ကပါအင်းကွက်များသည် ပြီးပြည့်စုံစွာ အသက်ဝင်လာပြီး ကြွယ်ဝသော ဓမ္မစွမ်းအားများက ၎င်း၏ ဘေးပတ်လည်မှာ ရစ်ဝဲလာ၏။ သို့သော်လည်း အဲဒါသည် စွမ်းအားကြီးမားသော အတားအဆီးတစ်ခုနှင့် တွေ့ကြုံသွားပုံရပြီး ဆက်လက်၍ မစုဖွဲ့နိုင်တော့ပေ။
“အဲဒါက ဘယ်လိုဖြစ်ရတာလဲ”
ဆူဇီမို၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။
သူသည် ဤဝင်္ကပါကို ပထမဆုံးအကြိမ် အသက်သွင်းခြင်း ဖြစ်သော်လည်း သူသည် တာအိုအမွေအနှစ်ကုန်းမြေမှာတုန်းက အဲဒါကို လုံးဝ ပြီးပြည့်စုံစွာ နားလည်ထားခဲ့ပြီဖြစ်ပြီး အမှားအယွင်း တစ်စုံတစ်ရာ ဖြစ်ပေါ်လာစရာ အကြောင်းမရှိပေ။
“ဟားဟားဟားဟား”
ရွှေကျီးကန်း တတိယမင်းသားက အလွန်တရာ အူမြူးအားရသော အမူအရာဖြင့် ရယ်မောလိုက်၏။
“အထီးကျန်သိုင်းသခင်.. တည်နေရာပြောင်းရွှေ့မယ့် အကြောင်းကို ထပ်ပြီး စဉ်းစားမနေနဲ့.. ဒီနေရာမှာရှိတဲ့ အာကာသကို ငါတို့က ချိပ်ပိတ်ထားခဲ့ပြီ.. မင်းက ထွက်မသွားနိုင်တော့ဘူး”
သူက အော်ဟစ်ပြောဆိုလိုက်၏။
အစက.. လူအုပ်ကြီးထဲတွင် ပုန်းကွယ်နေသော ကောင်းကင်ဘုံလျှို့ဝှက်ချက်သည်လည်း လှောင်ပြောင်သရော်လိုသော အမူအရာတစ်ခု ရှိနေ၏။
ကောင်းကင်နှင့်မြေကြီး တောင်ကြား၏ အာကာသကို ချိတ်ပိတ်ဖို့မှာ သူ၏ အကြံအစည်ဖြစ်၏။
အစကတော့… ထိုအကြံကို သူပေးသည့်အခါ ကမ္ဘာဦးမျိုးနွယ် ၆စုမှ ပညာရှင်များသည် အဲဒါက လုံးဝ မလိုအပ်ဟု တွေးပြီး သူတို့က ဂရုမစိုက်ကြပေ။
သူတို့၏ ထင်မြင်ချက်အရ.. ဆူဇီမိုက သမိုင်းတစ်လျှောက် အသန်မာဆုံး ပြန်ဝင်စား မွန်းစတားဆိုလျှင်တောင် သူတို့၏ အင်အားအစုအဖွဲ့ဖြင့် ကမြောက်ကခြောက် လူသားကျင့်ကြံသူတစ်ယောက်ကို မကိုင်တွယ်နိုင်စရာ အကြောင်းမရှိပေ။
ကမ္ဘာဦးမျိုးနွယ်မှ ရာနှင့်ချီသော ပညာရှင်များက လူသားမျိုးနွယ်မှ ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်ကို ဘာကြောင့် မဖိနှိမ်နိုင်ရမှာလဲ..။
ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ မလျှော့တမ်းဇွဲဖြင့် သူသည် ကောင်းကင်နှင့်မြေကြီး တောင်ကြား၏ လေဟာနယ်ကို ချိပ်ပိတ်ဖို့ ရွှေကျီးကန်း တတိယမင်းသားနှင့် အခြားသူများကို သူနှင့်အတူ ပူးပေါင်းပေးရန် ထပ်မံ၍ ဖျောင်းဖျခဲ့၏။
တာအိုအမွေအနှစ်ကုန်းမြေမှာတုန်းက ဆူဇီမိုသည် ထွက်ပြေးလွတ်မြောက်ဖို့အတွက် တည်နေရာရွှေ့ပြောင်း အဆောင်အကြီးကို အသုံးပြုပြီး တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်ထံကနေ ရှင်သန်နိုင်ခဲ့၏။
ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် တူညီသော အမှားမျိုးကို ထပ်မံပြုလုပ်တော့မည် မဟုတ်ပေ။
ဆူဇီမိုသည် ရွှေကျီးကန်း တတိယမင်းသား၏ စကားကို ကြားသောအခါ ရင်ထဲမှာ နင့်သွား၏။
အာကာသချိပ်စည်းတစ်ခုရှိနေသည့်အတွက် တောကောင်သားရေပေါ်ရှိ ဝင်္ကပါကို မစုဖွဲ့နိုင်တော့ဘဲ တည်နေရာရွှေ့ပြောင်းအဆောင်ကဲ့သို့ ပစ္စည်းများကိုလည်း အသုံးပြု၍ မရနိုင်တော့ဟု ဆိုလိုလေသည်။
ဆူဇီမိုသည် ဤနေရာကနေ တည်နေရာရွှေ့ပြောင်းခြင်းကို မပြုလုပ်နိုင်ဘူးဆိုလျှင် ဒဏ်ရာအပြင်းအထန် ရရှိနေသော ညဝိညာဉ်ကို သယ်ဆောင်သွားဖို့နေနေသာ… သူ၏ အစစ်အမှန်ခန္ဓာကိုယ်နှစ်ခုပင်လျှင် ကမ္ဘာဦးမျိုးနွယ် ၆စု၏ ဝန်းရံပိတ်ဆို့မှုကနေ ဖောက်ထွက်ဖို့အတွက် အတော်လေး ခက်ခဲလေသည်။
အဲဒါသည် ဆူဇီမို၏ ဖြတ်လမ်းကို လုံးဝ ဖြတ်တောက်လိုက်ခြင်းနှင့် တူလေသည်။
အာကာသချိပ်စည်းတစ်ခုကို ချိုးဖောက်ဖို့အတွက် သိပ်သည်းပြင်းထန်သော ခွန်အားအပြင် အာကာသဆုံမှတ်များကို ရှာဖွေဖို့လည်း လိုအပ်လေသည်။
လက်ရှိအခြေအနေသည် အရမ်းကို အန္တရာယ်များပြီး တိုက်ပွဲက ယခုချိန်ထိ မပြီးဆုံးသေးပေ။
ဆူဇီမိုသည် ကမ္ဘာဦးမျိုးနွယ် ၆စုနှင့် ရင်ဆိုင်နေရချိန်မှာ အဲဒါကိုလုပ်ဖို့ ဘယ်လိုလုပ် အချိန်ရပါ့မလဲ…။
ဒါ့အပြင်.. သူက အာကာသဆုံမှတ်များကို ရှာဖွေနိုင်ခဲ့မည်ဆိုလျှင်တောင် သူ၏ လက်ရှိခွန်အားအရ အာကာသချိပ်စည်းကို ချိုးဖျက်နိုင်ဖို့က သူ့အတွက် ခက်ခဲလေသည်။
ထိုအခိုက်အတန့်တွင် နတ်ဘုရားဟန်လင်း၊ ရွှေကျီးကန်း တတိယမင်းသားနှင့် တခြားလူများက တစ်ဖန်ထပ်၍ ရှေ့သို့ ပြေးဝင်လာကြပြီဖြစ်၏။
အခြေအနေသည် ချက်ချင်းပင် ဆူဇီမိုအတွက် အရမ်းကို အရေးမသာ ဖြစ်လာခဲ့၏။
“အစ်ကိုကြီး.. သွားတော့.. ကျုပ်ကို အရေးလုပ်မနေနဲ့”
ညဝိညာဉ်က မျက်လုံး မပွင့်တပွင့်နှင့် အားအင်ချိနဲ့စွာ ပြောဆိုလိုက်၏။
“မရဘူး.. မင်းမပါဘဲ ငါထွက်သွားမှာ မဟုတ်ဘူး”
ဆူဇီမိုသည် တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ ငြင်းဆန်လိုက်ပြီး သူ၏လေသံက ပြတ်သားနေ၏။
အစစ်အမှန် နဂါးခန္ဓာသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး သူ၏နှာရောင်ကနေ နတ်ဘုရားအလင်းတန်းတစ်ခု ရုန်းကန်ထွက်ပေါ်ကာ ကောင်းကင်ထက်သို့ ချက်ချင်းပင် တိုးဝင်သွား၏။
နတ်ဘုရားစွမ်းအားများ၏ စွမ်းအားက ဖြန့်ကြက်ထွက်ပေါ်လာခဲ့၏။
ဘုန်း..
ကျယ်လောင်သော မြည်သံက ကောင်းကင်ထက်ကနေ မြည်ဟည်းလာ၏။
တိမ်စိုင်များက ပေါက်ကွဲထွက်သွားပြီး ကြီးမား၍ တုတ်ခိုင်သော ကျောက်တိုင်တစ်ခုသည် ကောင်းကင်ထက်ကနေ လျင်မြန်စွာ ဆင်းသက်လာ၏။
ကျောက်တိုင်သည် မီးခိုးဖြူရောင်ဖြစ်ပြီး ၎င်းအပေါ်တွင် လက်သည်းငါးဖက် နတ်နဂါးတစ်ကောင်က တွယ်တက်နေ၏။ အဲဒါသည် ရှေးကျသော အော်ရာတစ်ခုကို ဖြာထုတ်ပေးပြီး မျိုးနွယ်စုတစ်သောင်းကို ဖိနှိမ်နိုင်သည့် သိပ်သည်းပြင်းထန်သော စွမ်းပကားတစ်ခုကို ပိုင်ဆိုင်ထား၏။
အဲဒါသည် နဂါးအရိုးတောင်ကြားမှာတုန်းက အစစ်အမှန် နဂါးခန္ဓာ နိုးထစေခဲ့သော ဒုတိယမြောက် ပင်ကိုနတ်ဘုရားစွမ်းအား ဖြစ်၏။
ဧရာမ ဘိုးဘေးနတ်ဘုရားကျောက်တိုင်သည် ပေတစ်သောင်းကျော် ရှည်လျားပြီး လူတစ်ရာဖက်စာလောက် ကြီးမားတုတ်ခိုင်လေသည်။ ၎င်းက ဆင်းသက်လာပြီး ရှေ့သို့ ပြေးဝင်လာနေသော ကမ္ဘာဦးမျိုးနွယ် ၆စုမှ ပညာရှင်များကို ဖိနှိမ်လိုက်၏။
ကမ္ဘာဦးမျိုးနွယ် ၆စုမှ ပညာရှင်များအပေါ် သက်ရောက်လာသော ဖိအားက တကယ့်ကို မွန်းကျပ်ဖွယ်ရာကောင်း၏။
ဖောင်း.. ဖောင်း.. ဖောင်း..
ကမ္ဘာဦးမျိုးနွယ်မှ ဓမ္မဝိသေသ တာအိုအရှင်အချို့သည် အဲဒါကို လုံးဝ မခုခံနိုင်ဘဲ ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်ဖြင့် အသားပျော့ဖတ်များ ဖြစ်သည်အထိ ဖိချေခြင်း ခံလိုက်ရ၏။
ကမ္ဘာဦးမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်အချို့သာလျှင် သူတို့၏ ခွန်အားများကို ပူးပေါင်းပြီးမှသာ ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်ကို ခုခံလိုက်နိုင်ကြ၏။
ထိုသို့ဆိုလျှင်တောင် ကမ္ဘာဦးမျိုးနွယ်မှ သက်ရှိများစွာသည် ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။
ယခုအခါ ကမ္ဘာဦးမျိုးနွယ် ၆စုမှ သက်ရှိပေါင်း ၂၀၀ကျော်ကျော်သာလျှင် ကျန်ရှိတော့၏။
“ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်”
ရုတ်တရက် ကမ္ဘာဦးမျိုးနွယ် ၆စုမှ ပညာရှင်များကြားတွင် မကောင်းဆိုးဝါးဆန်ဆန် အသံတစ်သံက ထွက်ပေါ်လာ၏။
ဝူရှဲ့သည် အစစ်အမှန် နဂါးခန္ဓာကို မမှိတ်မသုန်စိုက်ကြည့်ရင်း သူ၏အမူအရာက ညိုမည်းလာ၏။
အစကတော့ သူသည် သံသယဝင်ရုံမျှသာ ဖြစ်ခဲ့၏။
သို့သော်လည်း ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင် ပေါ်ထွက်လာပြီးနောက် သူက ဆက်လက်၍ သံသယမရှိတော့ပေ။
နဂါးအရိုးတောင်ကြားမှာတုန်းက ဤနတ်ဘုရားစွမ်းအား နိုးထလာခဲ့သည်ကို သူက ဘေးကနေ စောင့်ကြည့်ခဲ့ရ၏။
နဂါးမျိုးနွယ်မှ သခင်လေးသာလျှင် ဤကြောက်စရာကောင်းသော ပင်ကိုနတ်ဘုရားစွမ်းအားကို ထုတ်ဖော်နိုင်လိမ့်မည်ဟု ဝူရှဲ့က ယုံကြည်၏။
သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“အဲဒါ တကယ်ပဲ မင်းကိုး.. ဘာမှ ဖုံးကွယ်မနေနဲ့တော့.. မင်းက ဟိုသခင်လေးပဲ.. မင်းက န..”
“အဘိုးကြီး”
အစစ်အမှန် နဂါးခန္ဓာသည် ရုတ်တရက် ဝူရှဲ့ကို ဖြတ်အော်လိုက်၏။
သူ၏ အစစ်အမှန် နဂါးခန္ဓာက ပေါက်ကြားသွားနိုင်သော်လည်း ဆူဇီမိုသည် နဂါးမျိုးနွယ်ကို ငြိစွန်းပြီး အခြားသော ကမ္ဘာဦးမျိုးနွယ်များ၏ ပြဿနာရှာခံရခြင်းကို မဖြစ်စေလိုပေ။
“ငါ ဝူရှဲ့ကို သတ်မှ ရမယ်”
အစစ်အမှန် နဂါးခန္ဓာ၏ မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သည့် အလင်းတစ်ချက်က ဖျပ်ခနဲလက်သွား၏။
ဝူရှဲ့က မသေဘူးဆိုလျှင် အစစ်အမှန် နဂါးခန္ဓာသည် နဂါးမျိုးနွယ်၏ သခင်လေးဖြစ်သည်ဟူသော အချက်ကို ဖုံးကွယ်နိုင်တော့မည် မဟုတ်ပေ။ ထိုအခါ နဂါးမျိုးနွယ်သည် ဤကိစ္စမှာ သေချာပေါက် အမှုပတ်တော့မည်ဖြစ်ပြီး ကပ်ဆိုးတစ်ခုနှင့် ရင်ဆိုင်ကြုံတွေ့ရနိုင်လေသည်။
ရုတ်တရက်.. ဆူဇီမိုက အသံတစ်သံကို ကြားလိုက်ရ၏။
ထိုအသံက အရမ်းကို တိုးညင်းပြီး မကြားနိုင်သလောက် နီးပါးပင်။ သို့သော်လည်း သူက ထိုအသံနှင့် အရမ်းကို ရင်းနှီးလေသည်။
ထိုအသံက စကားတစ်ခွန်းကိုသာ ပြောလိုက်၏။
“ကျိုးပျက်စမ်း..”
“ကျိုးပျက်စမ်းတဲ့လား..”
ဆူဇီမိုက ကြောင်အ,မှင်တက်သွား၏။
ဘာက ကျိုးပျက်ရမှာလဲ..။
ထို့နောက် ချက်ချင်းပင် ဆူဇီမိုသည် သူ၏လက်ထဲရှိ တောကောင်သားရေက ပူနွေးလာသည်ကို ခံစားလိုက်ရပြီး တစ်မူထူးခြားသော စွမ်းအင်အတက်အကျတစ်ခုက ဖြာထွက်လာ၏။
အစက တောကောင်သားရေ၏ ဘေးပတ်လည်တွင် ရစ်ဝဲနေသော ဓမ္မစွမ်းအားများသည် လျင်မြန်စွာ စုစည်းလာကြ၏။
ဆူဇီမို၏ စိတ်ထဲတွင် အတွေးတစ်ချက်က ဖျတ်ခနဲ ဝင်ရောက်လာ၏။
အာကာသချိပ်စည်းက ကျိုးပျက်သွားခဲ့လေပြီ။
သူက စိတ်ထဲမှာ ရွှင်ပျသွား၏။
ထိုအခိုက်အတန့်တွင် ကမ္ဘာဦးမျိုးနွယ် ၆စုသည် ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်၏ ပင်ကိုနတ်ဘုရားစွမ်းအားဖြင့် ထိပ်တိုက်ရင်ဆိုင်နေကြပြီး အာကာသချိပ်စည်း ကျိုးပျက်သွားသည်ကို မည်သူကမှ သတိမထားမိကြပေ။
ထိုအသံကို ဆူဇီမိုက လွဲလျှင် အခြားမည်သူကမှ မကြားရသည့်အလားပင်။
သို့သော်လည်း အစက လူအုပ်ကြီးထဲကနေ အေးစက်စွာ စောင့်ကြည့်နေသော ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် ဆူဇီမို၏ တစ်မူထူးခြားမှုကို သတိထားမိသွား၏။
“ဟမ်”
သူက မျက်လုံးကို မှေးကျဉ်းပြီး ဂရုတစိုက် အာရုံခံကြည့်လိုက်၏။ သူ၏ အမူအရာက ပြောင်းလဲသွားပြီး မယုံကြည်နိုင်စွာဖြင့် ရေရွတ်ပြောဆိုလိုက်၏။
“အာကာသချိပ်စည်းက ကျိုးပျက်သွားပြီလား.. အဲဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ”
ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ မျက်လုံးက တဖျပ်ဖျပ်လက်သွားပြီး သူက အိုးတိုးအမ်းတမ်း အမူအရာတစ်ခု ရှိလာ၏။
ယနေ့ အခြေအနေပေါ်တွင် အလှည့်အပြောင်းတချို့ ရှိလာခဲ့သော်လည်း အရာရာတိုင်းသည် သူ၏ ထိန်းချုပ်မှုအောက်မှာ တစ်ချိန်လုံး ရှိနေခဲ့၏။
သို့သော် ယခုအခါ အခြေအနေသည် သူ၏ ထိန်းချုပ်မှုအောက်ကနေ လွတ်ထွက်လာပြီဟု ကောင်းကင်ဘုံလျှို့ဝှက်ချက်က ရုတ်တရက် ခံစားလိုက်ရ၏။
တိုက်ပွဲက အကြိတ်အနယ်ရှိနေပြီး အထီးကျန်သိုင်းသခင်အနေဖြင့် အာကာသချိပ်စည်းကို ချိုးဖျက်ဖို့အတွက် အာကာသဆုံမှတ်များကို ရှာဖွေရန် မဖြစ်နိုင်ပေ။
ဒါ့အပြင်.. အထီးကျန်သိုင်းသခင်၏ စွမ်းအားသည် အာကာသဆုံမှတ်များကို ချိုးဖျက်နိုင်ဖို့ မလုံလောက်ပေ။ တစ်နည်းအားဖြင့်ဆိုလျှင် အာကာသဆုံမှတ်များကို ချိုးဖျက်လိုက်ခြင်းက အခြားတစ်စုံတစ်ယောက် ဖြစ်ရပေမည်။
ရုတ်တရက်ဆိုသလို…
ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် ဆတ်ခနဲ တုန်ယင်သွားပြီး ဖြစ်နိုင်ချေတစ်ခုကို တွေးမိသွားကာ သူ၏အမူအရာက အလွန်တရာ ပျက်ယွင်းလာခဲ့၏။