ချည်မျှင်တစ်သန်းရအောင် ကြိုးစားခြင်း
Vol. 77 Ch. 1185
သို့သော်လည်း စိတ်မကောင်းစရာမှာ ထိုကျောင်းတော်သားသည် အင်ပါယာအကယ်ဒမီ၏ တူညီသော ကျောင်းဝတ်စုံနှင့် မျက်နှာဖုံးကို ဝတ်ဆင်ထားသည်။ သူ၏ အရှိန်အဝါနှင့်ပတ်သက်ပြီး ပြောင်းလဲမှုများလည်း ရှိသည်။ ထို့ကြောင့် သူ၏ အသံနှင့် ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်ကိုကြည့်ပြီး တစ်ဖက်လူ၏ အစစ်အမှန်သရုပ်ကို ခန့်မှန်းရန် အလွန်ခက်ခဲပေသည်။
တစ်ဖက်လူ၏ လိင်အမျိုးအစားကိုပင် မမြင်နိုင်ပေ။
ထို့ကြောင့် ရွှီချင်းက သတိထားနေသော်လည်း သူ့အရှေ့မှ ကျောင်းတော်သား၏ သရုပ်ကို ချက်ချင်း အတည်မပြုနိုင်ပေ။
မည်သို့ဖြစ်ပါစေ မူကွဲအင်မော်တယ်ကျောင်းတော်သည် သူခိုးခိုးခံရသည့် ကိစ္စကြီးနှင့် ဆက်စပ်နေလေရာ ယခုအချိန်တွင် လူအများအပြား၏ အာရုံစိုက်မှုကို ရရှိထားသည်။ ထို့ကြောင့် ဤနေရာကို စုံစမ်းလေ့လာရန် ရောက်ရှိလာသူသည် တစ်ယောက်မကပေ။
သို့ဖြစ်၍ ရွှီချင်းက သူ့အရှေ့မှ ကျောင်းတော်သားကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။
“ ငါက မူကွဲအင်မော်တယ်ကျောင်းတော်ကို မကြာသေးခင်ကမှ ဝင်ရောက်လာခဲ့တာဖြစ်လို့ အဲ့ဒီအကြောင်းကို အများကြီး မသိဘူး… ဒါပေမဲ့ ငါရောက်တဲ့နေ့ကစပြီးတော့ မြင်ရတဲ့အတိုင်းဆိုရင် ကျောင်းအုပ်ကြီးက စောစောက မင်းပြောခဲ့သလိုပဲ ”
ဤသည်ကို ထိုကျောင်းတော်သား ကြားသောအခါ အတွေးနက်သွားသည်။ သူက ကျောင်းအုပ်ကြီးကို သေချာဂရုတစိုက် စစ်ဆေးကြည့်ပြီးနောက် အကြည့်ပြန်ရုပ်လိုက်ကာ ရွှီချင်းကို ကြည့်လိုက်သည်။
ဤသည်မှာ မူကွဲအင်မော်တယ်ကျောင်းတော်ကို သူရောက်ရှိလာပြီးနောက် ရွှီချင်းကို ပထမဆုံးအကြိမ် အာရုံစိုက်ခြင်း ဖြစ်သည်။ သူခိုးခိုးခံရသည့် ကိစ္စဖြစ်ပွားပြီးနောက် မူကွဲအင်မော်တယ်ကျောင်းတော်သည် နာမည်ကျော်ကြားလာပြီး စုံစမ်းစစ်ဆေးခြင်းခံခဲ့ရသည်။
ထို့ပြင် မူကွဲအင်မော်တယ်ကျောင်းတော်တွင် ကျောင်းတော်သားအနည်းငယ်မျှသာ ရှိသောကြောင့် သူတို့အားလုံး၏ အချက်အလက်များက မြန်ဆန်စွာ ဖော်ထုတ်ခံလိုက်ရသည်။
မူကွဲအင်မော်တယ်ကျောင်းတော်မှ တပည့်များ၏ အစစ်အမှန် သရုပ်များကို မသိနိုင်သော်လည်း ကျောင်းတော်ထဲသို့ သူတို့စတင်ဝင်ရောက်ခဲ့သည့်အချိန်နှင့် သူတို့၏ နေ့စဉ်လုပ်ဆောင်မှုများကို လူအများစုက သိရှိနိုင်ကြသည်။
ထို့ကြောင့် သူရရှိထားသော သတင်းအချက်အလက်များအရ ထိုလူကို ရွှမ်လဲ့ဇီဟုခေါ်ဆိုကြောင်း သိထားသည်။
တစ်ဖက်လူက မကြာသေးမီကမှ မူကွဲအင်မော်တယ်ကျောင်းတော်ထဲသို့ ဝင်ရောက်ခဲ့သူဖြစ်သည်။ ထို့ကြောင့် သူက ရွှီချင်းကို သူ၏ သံသယစာရင်းထဲမှ ဖယ်ထုတ်လိုက်သည်။
သူသိထားသည့် အချက်အလက်များအရ မူကွဲအင်မော်တယ်ကျောင်းတော်သို့ မနေ့တစ်နေ့ကမှ ဝင်ရောက်လာခဲ့သူသည် ဝိညာဉ်ချည်မျှင်တစ်သိန်းကို ဖွဲ့စည်းရန် မည်သို့မှ မဖြစ်နိုင်ပေ။
ရွှမ်လဲ့ဇီ၏ အစစ်အမှန် သရုပ်ကိုတော့ သူက စိတ်မဝင်စားပေ။ ယခုအချိန်မှာ သူ၏ စိတ်ဝင်စားမှုက မူကွဲအင်မော်တယ်ကျောင်းတော်၏ အတတ်ပညာကို ကျွမ်းကျင်စွာ တတ်မြောက်ထားသည့် ဆန်းကြယ်ဆရာသခင်ပေါ်မှာသာ ရှိနေသည်။ ထို့ကြောင့် သူက ရွှီချင်းကို မေးခွန်းအနည်းငယ် မေးမြန်းပြီးနောက် မျက်လုံးမှိတ်လျက် ထိုင်နေသော ကျောင်းအုပ်ကြီးဆီသို့ လျှောက်သွားသည်။ ထို့နောက် သူက အရိုအသေပေးလိုက်သည်။
“ ကျောင်းအုပ်ကြီး… မူကွဲအင်မော်တယ်ကျောင်းတော်ကို ငါဝင်ရောက်ချင်ပါတယ် ”
သူ၏ လုပ်ဆောင်မှုက အဖြူရောင်မျှော်စင်ထဲမှ လူတိုင်း၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။ သူခိုးခိုးခံရသည့် ကိစ္စဖြစ်ပွားပြီးနောက် ကျောင်းတော်သားအများအပြားက စူးစမ်းလေ့လာရန် မူကွဲအင်မော်တယ်ကျောင်းတော်သို့ ရောက်ရှိလာကြသော်လည်း မည်သူမှ ကျောင်းတော်သို့ ဝင်ရောက်ရန် တကယ်ဆန္ဒမရှိကြပေ။ သို့ဖြစ်၍ ထိုကျောင်းတော်သားသည် ပထမဆုံး ဖြစ်သည်။
ရွှီချင်းသည် မျက်နှာဖုံးအောက်မှာ မျက်ခုံးပင့်တင်လိုက်သည်။ သူ၏ နှလုံးသားထဲမှ သတိထားမှုက ပိုပြီးကြီးမားလာသည်။ အစောနက ထိုလူ၏ စူးစမ်းမှုကို အကျိုးအကြောင်းသင့်စွာ ရှင်းပြနိုင်သော်လည်း ယခုကဲ့သို့ ကျောင်းတော်သို့ဝင်ရောက်ရန် စိတ်ဆုံးဖြတ်မှုသည် အနည်းငယ် ထူးဆန်းသည်။
ထို့ကြောင့် မူကွဲအင်မော်တယ်ကျောင်းတော်၏ ကျောင်းအုပ်ကြီးသည်ပင် မျက်လုံးဖွင့်လိုက်ပြီး သူ့အရှေ့မှ ကျောင်းတော်သားကို ကြည့်လိုက်သည်။
သူ၏ မျက်လုံးထဲမှာ ဂုဏ်သိက္ခာကြီးမားသော အရိပ်အယောင်ဖြင့် ပြည့်နှက်နေသည်။ သူက အမှန်တကယ် ဝမ်းသာပျော်ရွှင်နေသော်လည်း သူ၏ အသံသည် တည်ငြိမ်နေဆဲပင်။
“ ငါ့ကျောင်းတော်မှာ သဘောတူညီမှုတစ်ခု ရှိတယ်… ငါတို့က တပည့်ရင်းတွေကလွဲရင် ဘယ်သူ့ကိုမှ မသင်ကြားပေးဘူး ”
“ ရပါတယ်… ဒါပေမဲ့ ငါ့မှာ မေးခွန်းသုံးခုရှိတယ်… ကျောင်းအုပ်ကြီးက ငါ့သံသယတွေကို ရှင်းလင်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် ”
ထိုနေ့က လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည် ဆုံးဖြတ်ချက်ပြတ်သားသော အမူအရာဖြင့် ဦးညွတ်လိုက်ပြီး ပြောသည်။
ကျောင်းအုပ်ကြီးသည် အဖြူရောင်မျှော်စင်အတွင်းမှ ကျောင်းတော်သားများထံသို့ လှမ်းကြည့်လိုက်သည်။ လူတိုင်းက သူ့အား အာရုံစိုက်နေကြကြောင်း မြင်သွားသောအခါ သူက ခပ်ရေးရေး ပြုံးလိုက်သည်။
“ ကောင်းပြီ… မေးပါ ”
“ တပည့်ရဲ့ ပထမဆုံးမေးခွန်းကတော့ ဝိညာဉ်ချည်မျှင်တွေကို ရက်လုပ်တဲ့ မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ အတတ်ပညာက ဝိညာဉ်ကို ဆက်တိုက် အားဖြည့်ပေးဖို့ လိုအပ်တယ်လို့ ကြားဖူးပါတယ်… ဒါကြောင့် မူကွဲအင်မော်တယ်ကျောင်းတော်မှာ ဝိညာဉ်ကို အားဖြည့်ပေးနိုင်တဲ့ နက်နဲသိမ်မွေ့တဲ့ အတတ်ပညာတစ်ခုရှိသလားဆိုတာ သိချင်ပါတယ် ”
သူက စကားပြောလိုက်ပြီးနောက် သူ့အရှေ့မှ ကျောင်းအုပ်ကြီး၏ အကြည့်ကို စူးစမ်းလေ့လာလိုက်သည်။
ကျောင်းအုပ်ကြီး၏ မျက်လုံးထဲတွင် မည်သည့်လှိုင်းအတတ်အကျမှ ထွက်ပေါ်မလာပေ။ သူ၏ အသံက တည်ငြိမ်စွာ ပဲ့တင်ထပ်လာသည်။
“ နွေဦးအင်မော်တယ်ရဲ့ အတွေးက အင်မော်တယ်ခန္ဓာကိုယ်ကို အသွင်ပြောင်းလဲနိုင်တယ်… အတွေးက ပင်လယ်ထဲကို ကျဆင်းသွားတဲ့အခါ ဝိညာဉ်က ဖြစ်ပေါ်လာနိုင်တယ် ”
အဖြူရောင်မျှော်စင်ထဲမှ လူတိုင်းသည် တုံ့ဆိုင်းသွားကြသည်။ အကယ်၍ ယခင်ကသာဆိုလျှင် သူတို့သည် ကျောင်းအုပ်ကြီးကို ဆဲဆိုကြလိမ့်မည်။ မည်သို့ဖြစ်ပါစေ ယင်းက အဖြေမဟုတ်ဘဲ ဥပစာစကားတစ်ခုသာ ဖြစ်ပေသည်။
သို့သော်လည်း သူခိုးခိုးခံရသည့် ကိစ္စကြီးဖြစ်ပျက်ပြီးနောက် မူကွဲအင်မော်တယ်ကျောင်းတော်ထဲမှာ ဝိညာဉ်ချည်မျှင်တစ်သိန်းကို ကျင့်ကြံနိုင်သော ပညာရှင်ကျင့်ကြံသူတစ်ယောက်ရှိနေကြောင်း သူတို့သိရှိသွားသည့်အခါ ထိုသို့မမြင်ကြတော့ပေ။ ထိုပညာရှင်ကျင့်ကြံသူ၏ တည်ရှိမှုက အရာအားလုံးကို သက်သေပြုပေးနိုင်သည်။ ထို့ကြောင့် လူတိုင်းသည် အလေးအနက် စဉ်းစားလိုက်ကြသည်။
တပည့်ရင်းသုံးယောက်ပင် နှုတ်ဆိတ်သွားကြသည်။
ရွှီချင်းတစ်ယောက်တည်းသာ မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်သည်။
လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည် နှုတ်ဆိတ်သွားပြီး မျက်နှာဖုံးအောက်မှာ သူက မျက်မှောင်ကြုတ်သွားသည်။ တစ်ခဏကြာ တွေးတောပြီးနောက် သူက ဒုတိယမေးခွန်းကို မေးသည်။
“ ကျောင်းအုပ်ကြီး… မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ ဝိညာဉ်ချည်မျှင်သန့်စင်ခြင်းက ကောလဟာလတွေထဲကလို တကယ်ပဲ နှေးကွေးတာလား ”
ထိုမေးခွန်းသည် အဖြူရောင်မျှော်စင်ထဲမှ တခြားကျောင်းတော်သားများ၏ အာရုံစိုက်မှုကို ထပ်မံ ဆွဲဆောင်သွားသည်။ မူကွဲအင်မော်တယ်ကျောင်းတော်မှ တပည့်သုံးယောက်သည်ပင် စိတ်ဝင်တစား နားဆွင့်လိုက်ကြသည်။
ကျောင်းအုပ်ကြီးသည် ခေါင်းမော့လိုက်သည်။ ဂုဏ်ယူဝင့်ကြွားမှုက သူ၏ မျက်လုံးထဲမှာ ပြည့်နှက်နေသည်။ ထို့နောက် ယုံကြည်မှုပြည့်ဝသော သူ၏ အသံက ပဲ့တင်ထပ်လာသည်။
“ လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းက ငါတို့ကျောင်းတော်ရဲ့ ဘိုးဘေးတွေက မူကွဲအင်မော်တယ်ကျင့်ကြံခြင်းအတတ်ကို ပြောင်းလဲခဲ့ပြီး အဲ့ဒါကို အတွင်းပိုင်းနဲ့ အပြင်ပိုင်းဆိုပြီး နှစ်ပိုင်းခွဲခြားခဲ့တယ်… ဒါပေမဲ့ ကျောင်းတော်မှာ နှစ်အတော်ကြာအောင် သစ္စာရှိရှိ နေထိုင်ခဲ့တဲ့ တပည့်ရင်းတွေပဲ အတွင်းပိုင်းအတတ်ပညာကို ကျင့်ကြံနိုင်တယ်ဆိုပြီး ဘိုးဘေးတွေက စည်းမျဉ်းတစ်ခု ချမှတ်ခဲ့တယ် ”
“ အပြင်ပန်းအတတ်ပညာက နှေးကွေးပေမဲ့ အတွင်းပိုင်းအတတ်ပညာကတော့ မြန်ဆန်တယ် ”
ကျောင်းအုပ်ကြီးက စကားပြောလိုက်သည်နှင့်ချက်ချင်း လူတိုင်း၏ အမူအရာသည် ပြောင်းလဲသွားကြသည်။ သူတို့က ကျောင်းအုပ်ကြီး၏ စကားကို သံသယရှိကြသော်လည်း ဝိညာဉ်ချည်မျှင်တစ်သိန်းကို ဖွဲ့စည်းနိုင်ခဲ့သည် ဆန်းကြယ်ဆရာသခင်ကို စဉ်းစားမိသွားသောအခါ သူတို့အားလုံး တုံ့ဆိုင်းသွားကြသည်။
လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည်လည်း ထို့အတူပင်။ သူက မျက်မှောင်ကြုတ်လိုက်သည်။ သူ့အရှေ့မှ ကျောင်းအုပ်ကြီးက မရိုးရှင်းကြောင်း သူခံစားမိသည်။ သူ၏ အဖြေက အပေါ်ယံမျှသာဖြစ်ပြီး သူ့အား အသုံးဝင်သော မည်သည့်သဲလွန်စကိုမှ မထောက်ပံ့ပေးနိုင်ပေ။
သို့ဖြစ်၍ သူက တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် တတိယမေးခွန်းကို ဆက်မမေးတော့ပေ။ ယင်းအစား သူက စိတ်ဆုံးဖြတ်လိုက်ပြီး ချက်ချင်း ဦးညွတ်လိုက်သည်။
“ တပည့်မှာ နောက်ထပ်မေးစရာ မရှိတော့ပါဘူး… မူကွဲအင်မော်တယ်ကျောင်းတော်ကို ဝင်ရောက်ပြီး တပည့်ရင်းဖြစ်လာဖို့ ကျွန်တော်ဆန္ဒရှိပါတယ် ”
ကျောင်းအုပ်ကြီးသည် ခေါင်းညိတ်လိုက်ပြီး သူ့ဘာသာ တွေးတောလိုက်သည်။
‘ မင်းရဲ့ ကလေးအကွက်လောက်နဲ့ ငါ့ကို စမ်းသပ်ချင်တာလား ’
အမှန်မှာ ကျောင်းအုပ်ကြီးတစ်ယောက်အနေဖြင့် သူက ထိုကျောင်းတော်သား၏ မေးခွန်းနောက်ကွယ်မှ ရည်ရွယ်ချက်ကို ရှင်းလင်းစွာ နားလည်သည်။ သို့သော်လည်း သူက ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။ သူက ထိုဆန်းကြယ်ဆရာသခင်၏ သရုပ်ကို မသိသော်လည်း သူ့ကျောင်းတော်၏ ဂုဏ်သတင်းကို တိုးမြှင့်ပေးနိုင်မည့် အခွင့်အရေးကို မည်သို့ကြောင့် လက်လွှတ်ခံမည်နည်း။
မည်သို့ပင်ဖြစ်စေကာမူ ထိုဆန်းကြယ်ဆရာသခင်သည် မူကွဲအင်မော်တယ်ကျောင်းတော်၏ ဝိညာဉ်ချည်မျှင်များကို အမှန်တကယ် ထုတ်သုံးခဲ့သည်။
ယင်းက လုံလောက်ပေသည်။
ထိုဆန်းကြယ်ဆရာသခင်၏ သရုပ်သည်တော့ တစ်ဖက်လူက သင့်တော်သည့် အချိန်ကျလျှင် သေချာပေါက် ထွက်ပေါ်လာလိမ့်မည်ဟု သူခံစားမိသည်။
တစ်ဖက်လူ၏ ပစ္စည်းခိုးယူမှုကြောင့် ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်းက သူတို့အပေါ် မကျေမနပ်ဖြစ်နေသော်လည်း ယင်းကို သူက ဂရုမစိုက်ပေ။
အင်ပါယာအကယ်ဒမီ၏ ကျောင်းတော်တစ်ခုအနေဖြင့် သူတို့၏ အဆင့်အတန်းသည် ထူးခြားသည်။
ထိုသို့တွေးမိသောအခါ သူက လက်ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ကျောက်စိမ်းပြားတစ်ခုသည် ပျံသန်းထွက်လာပြီး သူ့အရှေ့မှ လျှို့ဝှက်ဆန်းကြယ်သော မိန်းကလေး၏ အရှေ့သို့ ကျဆင်းသွားသည်။
အမျိုးသမီးသည် ကျောက်စိမ်းပြားကို ဖမ်းယူလိုက်ပြီး သူ၏ သရုပ်ကို တုံ့ဆိုင်းခြင်းမရှိဘဲ တံဆိပ်ရိုက်နှိပ်လိုက်သည်။
“ သွားပြီး မင်းရဲ့ စီနီယာအကိုလေးယောက်ကို ကူညီပေးလိုက်ပါ ”
ကျောင်းအုပ်ကြီးသည် တည်ငြိမ်စွာ ပြောပြီးနောက် တိတ်ဆိတ်စွာ မျက်လုံးပြန်မှိတ်လိုက်သည်။
ရွှီချင်းသည် ဖြစ်စဉ်တစ်ခုလုံးကို စောင့်ကြည့်နေသည်။ ဤအခိုက်အတန့်မှာ သူ၏ နှလုံးသားထဲမှ သတိထားမှုက အလွန်မြင့်မားသော အဆင့်သို့ ရောက်ရှိသွားသည်။
‘ အဲ့ဒီလိုမေးခွန်းမျိုးတွေကို မေးမြန်းတယ်ဆိုတော့ ဒီလူက မူကွဲအင်မော်တယ်ကျောင်းတော်ကို တကယ်စိတ်ဝင်စားတဲ့လူလို့ ထင်မှတ်နိုင်တယ်… ဒါမှမဟုတ် သူ့မှာ တခြားရည်ရွယ်ချက်တွေရှိနေတာလည်း ဖြစ်နိုင်တယ်… အဲ့ဒါကို ခွဲခြားနိုင်ဖို့က အရမ်းခက်ခဲတယ် ’
‘ ဒါပေမဲ့ အဲ့ဒီအရာအားလုံးကို ယုတ္တိရှိရှိ ရှင်းပြနိုင်တဲ့ ရှင်းပြချက်တစ်ခု ရှိသေးတယ်… ဒီလူက… အရင်က ငါနဲ့တိုက်ခိုက်ခဲ့တဲ့ လူဖြစ်နိုင်တယ် ’
‘ တကယ်ပဲ သူလား ’
ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်ပြီး ထိုကျောင်းတော်သားကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
ထိုသို့ဖြင့် တစ်ရက် ကုန်ဆုံးသွားသည်။
ထိုနေ့တွင် အသစ်ဝင်ရောက်လာသော ကျောင်းတော်သားသည် ရွှီချင်းနှင့် တခြားသုံးယောက်နှင့်အတူ ကျောင်းတော်သားတစ်ရာကျော်ကို လက်ခံကြိုဆိုခဲ့သည်။ ထိုအတောအတွင်း သူက ရွှီချင်းနှင့် တခြားသုံးယောက်ကို ရံဖန်ရံခါ မေးခွန်းများ မေးမြန်းခဲ့သည်။
သို့သော်လည်း မကြာမီ သူ၏ စိတ်အာရုံက ကျောင်းအုပ်ကြီးပေါ်သို့ ကျရောက်သွားသည်။
သူက ကျောင်းအုပ်ကြီးကို စူးစမ်းလေ့လာနေစဉ် ရွှီချင်းက သူ့ကို အကဲခတ်နေသည်။
ရွှီချင်းက ပိုပြီးကြည့်မိလာလေ သူ၏ ခန့်မှန်းမှုက ပိုပြီးသေချာလာလေ ဖြစ်သည်။ ညအချိန်သို့ ကျရောက်လာသောအခါ တစ်ဖက်လူက လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးဖြစ်ရန် ခြောက်ဆယ်ရာခိုင်နှုန်းထိ သူသေချာသွားသည်။
အချိန်ကုန်ဆုံးသွားသည်နှင့်အမျှ ပိုမိုများပြားသော သဲလွန်စများကို သူရှာတွေ့လာလိမ့်မည်ဟု ရွှီချင်း ယုံကြည်သည်။ မည်သို့ဖြစ်ပါစေ တစ်ဖက်လူက ရည်ရွယ်ချက်ရှိသော တစ်စုံတစ်ယောက်ဖြစ်ပြီး သူသည်လည်း ထို့အတူမဟုတ်ပါလော။
ထို့ကြောင့် ညအချိန်ကျရောက်လာသောအခါ ရွှီချင်းက ကျောင်းအုပ်ကြီးနှင့် တပည့်များကို နှုတ်ဆက်လိုက်ပြီး စံအိမ်ဆီသို့ ပြန်သွားသည်။
စံအိမ်သို့ရောက်ရှိသွားသည့်အခါ သူက ယနေ့ တွေ့ကြုံခဲ့သော ကိစ္စများကို ပြန်စဉ်းစားလိုက်သည်။
ထို့နောက် ရွှီချင်းသည် မျက်လုံးမှိတ်လိုက်ပြီး နီလာနတ်သမီး၏ အသွေးအသားတုံးကို ထုတ်ယူလိုက်ကာ စတင်ကျင့်ကြံလိုက်သည်။
အချိန်သည် တရွေ့ရွေ့ စီးဆင်းသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာ လဝက်ကုန်ဆုံးသွားသည်။
မူကွဲအင်မော်တယ်ကျောင်းတော်၏ ဆန်းကြယ်ဆရာသခင်ကြောင့် ဖြစ်ပေါ်လာသော မုန်တိုင်းသည် ဒုတိယအကြိမ် ကြီးမားသော အဖြစ်အပျက်မရှိလာသဖြင့် ယင်းက လေထဲမှာ အိမ်ဆောက်နေသကဲ့သို့ စိတ်ကူးယဉ်မှုတစ်ခုအဖြစ်သာ ပြီးဆုံးသွားသည်။ ကျောင်းအုပ်ကြီးသည် ယင်းကို ပြန်လည်အသက်ဝင်စေရန် လူထုရှေ့မှာ ထပ်ခါတလဲလဲ ထုတ်ဖော်ပြောကြားခဲ့သော်လည်း အချည်းနှီးသား ဖြစ်ခဲ့၏။
နောက်ဆုံးမှာတော့ ထိုမုန်တိုင်းသည် အချိန်ကာလ၏ ရွေ့လျားမှုအောက်မှာ တဖြည်းဖြည်း ငြိမ်သက်သွားသည်။
ထို့ပြင် နေ့တိုင်း မူကွဲအင်မော်တယ်ကျောင်းတော်၏ အဖြူရောင်မျှော်စင်ဆီသို့ ရောက်ရှိလာကြသော ကျောင်းတော်သားများ၏ အရေအတွက်သည်လည်း တဖြည်းဖြည်း လျော့နည်းသွားသည်။
သို့တိုင် အတိတ်၌ တစ်ယောက်မှမရှိခဲ့သည်ထက်စာလျှင် ယင်းက ကြီးမားသော ပြောင်းလဲမှုတစ်ခု ဖြစ်သည်။
ထို့ပြင် နောက်ထပ် ကျောင်းတော်သားကိုးဦးလည်း ဝင်ရောက်လာကြသည်။ ယခု မူကွဲအင်မော်တယ်ကျောင်းတော်ထဲမှာ ကျောင်းတော်သားစုစုပေါင်း (၁၃)ယောက်ရှိသွားပြီ ဖြစ်သည်။
ထိုလူများ၏ နောက်ခံသည် အလွန်ရှုပ်ထွေးသည်။ အချိန်ကြာလာသည်နှင့်အမျှ သူတို့၏ မေးမြန်းမှုများသည် ဒဲ့ဒိုးဖြစ်လာသည်။ ရွှီချင်းနှင့် စောစီးစွာ ဝင်ရောက်ခဲ့ကြသော တပည့်သုံးယောက်သည်တော့ ပိုပြီးစည်းလုံးလာကြပြီး ရံဖန်ရံခါ ဝိုင်းဖွဲ့စကားပြောကြလေ့ ရှိသည်။
ထို့ပြင် ထိုလဝက်အတွင်းမှာ သူ၏ လေ့လာစောင့်ကြည့်မှုများအရ ပဉ္စမမြောက်တပည့်သည် အတိတ်မှာ သူနှင့်တိုက်ခိုက်ခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် အမျိုးသမီးဖြစ်ကြောင်း အခြေခံအားဖြင့် ရွှီချင်း သေချာသွားသည်။
တစ်ဖက်လူ၏ တိုက်ခိုက်မှုမှ အရှိန်အဝါကို သူမှတ်မိနေဆဲပင်။ ယင်းက ကျင့်ကြံသူတစ်ယောက်၏ စွမ်းအင်မဟုတ်သလို နတ်ဘုရားအစွမ်းလည်း မဟုတ်ပေ။ ယင်းက တခြားစွမ်းအင်တစ်မျိုးဖြစ်သည်။ ယင်းက ကျင့်ကြံသူ၏ စွမ်းအင်ထက် ပိုပြီးလွှမ်းမိုးဖိနှိပ်ပြီး နတ်ဘုရားအစွမ်းထက် ပိုပြီးရိုင်းစိုင်းကြမ်းကြုတ်သည်။
‘ အဲ့ဒါက ဘာလဲ ’
ရွှီချင်းသည် အင်ပါယာအကယ်ဒမီထဲမှ သူဖတ်ဖူးခဲ့သော ကျောင်းတော်များအကြောင်းကို ပြန်စဉ်းစားလိုက်သည်။ သို့သော်လည်း မည်သည့်သဲလွန်စမှ သူရှာမတွေ့ပေ။ ထို့ကြောင့် သူက ထိုကိစ္စကို သူ၏ စိတ်ထဲမှာ သိမ်းဆည်းထားလိုက်သည်။
သူ၏ ကျင့်ကြံခြင်းနှင့် ဝိညာဉ်ချည်မျှင်များ သန့်စင်ခြင်းသည်တော့ ဤလဝက်အတွင်းမှာ အမြင့်သစ်တစ်ခုသို့ ရောက်ရှိသွားသည်။
မူကွဲအင်မော်တယ်ကျောင်းတော်မှာ နက်နဲသိမ်မွေ့သော ဝိညာဉ်သန့်စင်ခြင်းအတတ်ပညာတစ်ခု အမှန်တကယ် ရှိသည်။ ထိုအတတ်ပညာ၏ ကျင့်ကြံခြင်းအမြန်နှုန်းသည် သာမန်ကျင့်ကြံခြင်းအတတ်ပညာထက် ပိုပြီးမြန်ဆန်ပေသည်။ ကျောင်းအုပ်ကြီးသည် အတိတ်မှာ သူပြောခဲ့သော စကားကို သက်သေပြရန်အတွက် ထိုကျင့်ကြံခြင်းအတတ်ပညာကို လူတိုင်းအရှေ့မှာ ထုတ်ပြခဲ့သည်။ သို့သော်လည်း သူက ယင်းကို ရွှီချင်းနှင့် တခြားတပည့်သုံးယောက်ကိုသာ ပေးအပ်ခဲ့သည်။
ယင်းက ကြားခံအဆင့်မျှသာဖြစ်ပြီး စစ်မှန်သော အတွင်းပိုင်းအတတ်ပညာမဟုတ်သေးကြောင်း သူက ပြောကြားခဲ့သည်။
ကျောင်းတော်ထဲသို့ ဝင်ရောက်လာခဲ့သော တပည့်များ၏ နေထိုင်မှုသက်တမ်းနှင့် သူတို့၏ ပါရမီကို စောင့်ကြည့်လေ့လာပြီး ကျန်ရှိသော နောက်ပိုင်းအဆင့်များကိုလည်း ပေးအပ်သွားမည်ဟု သူက ပြောကြားခဲ့သည်။
ထိုစကားသည် အတိုင်းအတာတစ်ခုထိ သက်ရောက်မှုရှိခဲ့သည်။ ယင်းက သူလျှိုလုပ်ရန် အနပ်နပ်အရပ်ရပ်မှ ရောက်ရှိလာကြပြီး စိတ်ဓာတ်ကျနေကြသော ကျောင်းတော်သားအသစ်များကို ပြန်လည်စိတ်ဓာတ်တတ်ကြွစေခဲ့သည်။ သူတို့က တာဝန်ထမ်းဆောင်ရမည့်အစား ဤကျောင်းတော်ကို ပိုပြီးအာရုံစိုက်လာကြသည်။
ထိုကျင့်ကြံခြင်းအတတ်ပညာသည် အတိုင်းအတာတစ်ခုထိ အရှိန်မြှင့်တင်ပေးနိုင်သည်။ သို့သော်လည်း တကယ့်လက်တွေ့မှာ ယင်းက အများကြီး မတိုးမြှင့်ပေးနိုင်ပေ။ တခြားတပည့်ရင်းသုံးယောက်အတွက်တော့ သူတို့သည် လတိုင်း ဝိညာဉ်ချည်မျှင်တစ်မျှင် နှစ်မျှင်သာ ပိုပြီးဖွဲ့စည်းနိုင်ကြသည်။
သို့သော်လည်း ယင်းက ရွှီချင်းအတွက်တော့ ခြားနားသည်။
သူက နက်နဲသိမ်မွေ့သော ထိုမူကွဲအင်မော်တယ်အတတ်ပညာကို အသုံးပြုနေရင်း နီလာနတ်သမီး၏ အသွေးအသားများကို သန့်စင်နေသောကြောင့် ဝိညာဉ်ချည်မျှင်အများအပြားကို ပိုပြီးစုဆောင်းမိလာသည်။
ထိုနည်းဖြင့် လဝက်ကြာပြီးနောက် နီလာနတ်သမီး၏ အသွေးအသားအားလုံးကို အကန့်အသတ်သို့ရောက်အောင် သန့်စင်ပြီးသွားသောအခါ ရွှီချင်း၏ ဝိညာဉ်ချည်မျှင်များသည် တစ်သန်းနီးပါးသို့ ရောက်ရှိသွားသည်။
သူက တစ်သန်းပြည့်ရန် ဝိညာဉ်ချည်မျှင်သုံးမျှင်သာ လိုအပ်တော့သည်။
ယနေ့ညတွင် သူက ကျန်ရှိသော ထိုဝိညာဉ်ချည်မျှင်သုံးမျှင်ကို တစ်ခါတည်း ဖွဲ့စည်းပစ်ရန် စီစဉ်ထားသည်။
ရွှီချင်းသည် သူ၏ အသိစိတ်ပင်လယ်ထဲတွင် နေရာအနှံ့ ပြည့်လျှံနေသော ဝိညာဉ်ချည်မျှင်များကို ကြည့်လိုက်သည့်အခါ အတွေးနက်သွားသည်။
ထိုဝိညာဉ်ချည်မျှင်များသည် ယခင်ကဲ့သို့ လှုပ်ရှားသက်ဝင်ခြင်း မရှိကြပေ။ ယင်းတို့က အနည်းငယ် ပိုပြီးလေးလံလာပြီး အသွင်ပြောင်းလဲနေသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ သူ၏ ဝိညာဉ်ချည်မျှင်များက တစ်သန်းပြည့်သွားလျှင် အပြောင်းအလဲအသစ်တစ်ခု ထွက်ပေါ်လာလိမ့်မည်ဖြစ်ကြောင်း သူအာရုံရနေသည်။
ထိုအရာက မည်သည့်အရာဖြစ်ကြောင်း အတိအကျ သူမသိသလို မှတ်တမ်းများထဲမှာလည်း ရှာမတွေ့ပေ။ မည်သို့ဖြစ်ပါစေ မူကွဲအင်မော်တယ်ကျောင်းတော်ကို စတည်ထောင်ပြီးကတည်းက ဝိညာဉ်ချည်မျှင်တစ်သန်းပြည့်အောင် ဖွဲ့စည်းနိုင်ခဲ့သူဟူ၍ တစ်ယောက်မှ မရှိခဲ့ပေ။
ဤကျင့်ကြံခြင်းအတတ်ပညာကို ဖန်တီးခဲ့သူကိုယ်တိုင်ပင် တစ်စုံတစ်ယောက်က ထိုမျှအဆင့်ထိ သန့်စင်နိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့မည် မဟုတ်ပေ။
ရွှီချင်းသည် မျက်လုံးဝင်းလက်သွားသည်။ အသွင်ပြောင်းလဲမှုက စတင်တော့မည်ဖြစ်ကြောင်း သူခံစားမိလာသည်။
“ ဘယ်လိုအပြောင်းအလဲ ဖြစ်ပေါ်လာမှာလဲ… ”
ရွှီချင်းသည် မျက်လုံးမှိတ်လိုက်ပြီး မူကွဲအင်မော်တယ်ကျောင်းတော်၏ ကျင့်ကြံခြင်းအတတ်ပညာအတိုင်း စတင်ကျင့်ကြံလိုက်သည်။
ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက် ဝိညာဉ်ချည်မျှင်တစ်မျှင်သည် သူ၏ အသိစိတ်ပင်လယ်ထဲမှာ ဖြစ်ပေါ်လာသည်။
ထိုဝိညာဉ်ချည်မျှင်ထွက်ပေါ်လာသည်နှင့်ချက်ချင်း သူ၏ အသိစိတ်ပင်လယ်ထဲမှ ဝိညာဉ်ချည်မျှင်အားလုံး တုန်ယင်သွားကြသည်။
အသွင်ပြောင်းလဲနေသော အရှိန်အဝါသည် ပိုပြီးသိပ်သည်းလာသည်။
ရွှီချင်းသည် ဆက်လက် သန့်စင်သည်။ တစ်နာရီကြာပြီးနောက် ဒုတိယဝိညာဉ်ချည်မျှင်က ဖွဲ့စည်းလာသည်။ ရွှီချင်း၏ အသိစိတ်ပင်လယ်သည် စတင်တုန်ယင်လာပြီး အပြင်းအထန် လှုပ်ခါလာသည်။
နှစ်နာရီကြာပြီးနောက် နောက်ဆုံးဝိညာဉ်ချည်မျှင်သည် သူ၏ အသိစိတ်ပင်လယ်ထဲမှာ ဖွဲ့စည်းသွားပြီး ဝိညာဉ်ချည်မျှင်တစ်သန်းက ချက်ချင်း ပြည့်စုံသွားသည်။
ထိုအခါ တစ်ခါမှမဖြစ်ဖူးသော အပြောင်းအလဲကြီးတစ်ခုက ရွှီချင်း၏ အသိစိတ်ပင်လယ်ထဲမှာ ရုတ်တရက် ဖြစ်ပေါ်လာသည်။