နှစ်လကြာအောင် စောင့်ကြည့်စမ်းပါ
Vol. 77 Ch. 1187
သတ္တမမင်းသား၏ ပူးပေါင်းပါဝင်မှုသည် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်ကို အမှန်တကယ် ပိုပြီးနာမည်ကျော်ကြားစေခဲ့သည်။ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်မှ ကျောင်းတော်သားများသည် ဂုဏ်ယူဝင့်ကြွားမှုကို ခံစားမိသွားကြသည်။
မင်းသားတစ်ပါး၏ သရုပ်သည် ထူးခြားပြီး အဆင့်အတန်းမြင့်မားသည်။ ထိုသို့အသိပေးကြေညာခြင်းသည် အပြင်လောကတစ်ခုလုံးသို့ သတင်းပျံ့နှံ့သွားခြင်းနှင့် တူညီသည်။ ယင်းက အင်ပါယာအကယ်ဒမီထဲမှာ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်အပေါ် လက်ခံယုံကြည်သူများ ပိုပြီးများပြားလာစေသည်။
မည်သို့ဖြစ်ပါစေ မင်းသားတစ်ပါးသည်ပင် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်ကို ရွေးချယ်ခဲ့သည်မဟုတ်ပါလော။ ယင်းက လူအများအပြားအတွက် ရှင်းလင်းသော အချက်ပေးမှုတစ်ခု ဖြစ်သည်။
ထို့ပြင် သတ္တမမင်းသားကိုယ်တိုင်က ကျောင်းတော်၏ ပြောရေးဆိုခွင့်ရှိသူဖြစ်လာပြီး အပြင်လောကထံမှ အာရုံစိုက်မှုကို ရရှိသွားသည်။
ဤသည်မှာ သတ္တမမင်းသားလိုအပ်သော ခံစားမှုဖြစ်သည်။ ဘုရင်ထျန်းလန်သေဆုံးပြီးနောက် သူက နန်းမြို့တော်သို့ လေလွင့်ခွေးတစ်ကောင်ပမာ စုတ်စုတ်ပြတ်ပြတ် ပြန်လာခဲ့ရသည်။ ယခင်က သူ၏ ဂုဏ်သတင်းအားလုံးသည် ရေစုန်မျောသွားခဲ့သည်။ ထို့ပြင် သူက ရွှီချင်းနှင့် ထိပ်တိုက်မတွေ့ဆုံမိအောင် ရှောင်ရှားခဲ့ရပြီး သိုသိုသိပ်သိပ် နေထိုင်ခဲ့ရသည်။
သူ၏ နှလုံးသားထဲမှ မကျေနပ်မှုသည် ဤအတာအတွင်း အတော်လေး စုပုံများပြားလာခဲ့သည်။
သူက ပဉ္စမအကိုတော် ပြန်ရောက်လာမည်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
ပဉ္စမမင်းသားသည် သူ၏ အကိုအရင်းဖြစ်သည်။ တခြားမင်းသားများနှင့် နှိုင်းယှဉ်လျှင် သူတို့နှစ်ယောက်သည် ပိုပြီးရင်းနှီးကြသည်။
ပဉ္စမမင်းသားသည် တိုက်ပွဲစွမ်းအားတွင် မင်းသားအားလုံးထဲမှာ မင်းသားကြီးပြီးနောက် ဒုတိယအသန်မာဆုံး ဖြစ်သည်။ သူက ရဲစွမ်းသတ္တိနှင့် ပြည့်စုံပြီး စစ်ပွဲအတွေ့အကြုံရှိသူ ဖြစ်သည်။ ထို့ပြင် သူက လူသားဧကရာဇ်၏ အာရုံစိုက်မှုကို ရရှိထားပြီး ပထမကောင်းကင်ဘုရင်၏ လက်အောက်မှာ အတွေ့အကြုံဆည်းပူးရန် အထူးအခွင့်အရေး အပ်နှင်းခံထားရသူ ဖြစ်သည်။ သူနှင့် ပထမကောင်းကင်ဘုရင်သည် မီးလျှံလ၏ နယ်စပ်ဒေသမှာ ကာကွယ်စောင့်ကြပ်နေကြပြီး နန်းမြို့တော်သို့ ပြန်လာခဲသည်။
မကြာသေးခင်က သတ္တမမင်းသားသည် သူ့အကိုတော် နန်းမြို့တော်သို့ ပြန်လာတော့မည်ဖြစ်ကြောင်း လျှို့ဝှက်သတင်းပေးပို့မှုကို ရရှိခဲ့သည်။
ထိုသတင်းသည် သူ့အား လွန်စွာ စိတ်အားတတ်ကြွစေသည်။ ထို့ကြောင့် သူက ပဉ္စမအကိုတော်၏ စီစဉ်မှုများအတိုင်း နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်ကို ဝင်ရောက်ခဲ့သည်။ သူက နတ်ဘုရားပေါင်းစပ်ခြင်းလမ်းစဉ်ကို လျှောက်လှမ်းရန် စိတ်ဆုံးဖြတ်ပြီးပြီ ဖြစ်သည်။ သူက သူ့ကိုယ်ပိုင် ကျင့်ကြံခြင်းအတတ်ပညာကိုပင် ပြောင်းလဲပစ်ခဲ့သည်။
နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်သည် ထိုအတွက် သတ္တမမင်းသားကို ကူညီပံ့ပိုးပေးခဲ့သည်။ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်သို့ ဝင်ရောက်ပြီးနောက် သူ့ကို ကျောင်းအုပ်ကြီးကိုယ်တိုင် အထူးညွှန်ကြားပေးခဲ့ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများကို အစားထိုးပေးခဲ့သည်။
ထိုသို့ဖြင့် လဝက်ကြာပြီးနောက်မှာ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ အကူအညီနှင့်အတူ သတ္တမမင်းသား၏ ကျင့်ကြံခြင်းသည် ခုန်ပျံကျော်လွှား မြင့်တတ်သွားသည်။ သူ့ခန္ဓာကိုယ်၏ (၃၀)ရာခိုင်နှုန်းသည် နတ်ဘုရားသက်ရှိ၏ အသွေးအသားများဖြင့် အစားထိုးခံလိုက်ရပြီး သူ၏ ကျင့်ကြံခြင်းသည် ပြီးပြည့်စုံသော ဝိညာဉ်သိုက်အဆင့်ကို ချိုးဖြတ်သွားကာ ဗလာနတ္ထိပထမအဆင့်သို့ တတ်လှမ်းသွားသည်။
သူအဆင့်ချိုးဖြတ်သွားသည့်နေ့မှာ အင်အားစုအားလုံးသည် သူ့ကို အာရုံစိုက်လာကြသည်။
အင်ပါယာအကယ်ဒမီထဲမှ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်သို့ မဝင်ရောက်ရသေးသော ကျောင်းတော်သားများသည် သတ္တမမင်းသား၏ အောင်မြင်မှုကြောင့် သွေးဆောင်ခံလိုက်ရကြသည်။
ချက်ချင်းပင် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ နံပါတ်တစ်နေရာသည် ပိုပြီးတည်ငြိမ်လာသည်။ ယုံကြည်လက်ခံကြသည့် ကျောင်းတော်သားများ ပိုမိုများပြားလာသည်နှင့်အမျှ ၎င်းက အင်ပါယာအကယ်ဒမီ၏ စစ်မှန်သော နံပါတ်တစ်ကျောင်းတော် ဖြစ်လာသည်။ ယင်းက အပြင်လောကမှာပင် သက်ရောက်မှုရှိသည်။ နန်းမြို့တော်ထဲမှ ကျင့်ကြံသူများသည်ပင် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်အကြောင်းကို မကြာခဏ ထုတ်ဖော်ပြောလာကြသည်။
ထိုသို့ကိစ္စမျိုးသည် မူကွဲအင်မော်တယ်ကျောင်းတော် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ချိန်မှာသာ ဖြစ်ပျက်ခဲ့ဖူးသည်။
နတ်ဘုရားပေါင်းစပ်ခြင်းသည် လူသားမျိုးနွယ်ထဲမှာ ပိုမိုပျံ့နှံ့လာသည်။
နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်က အထွတ်အထိပ်သို့ ရောက်ရှိနေစဉ် မူကွဲအင်မော်တယ်ကျောင်းတော်သည် ပိုပိုပြီး တိတ်ဆိတ်လာသည်။ ၎င်းက ပုံမှန်အခြေအနေဆီသို့ ပြန်ရောက်ရှိသွားသည်။
အင်အားစုအသီးသီးထံမှ သူလျှိုလုပ်ရန် ရောက်ရှိလာကြသော ကျောင်းတော်သားများထဲတွင် ငါးယောက်သည် ပျောက်ကွယ်သွားပြီး နောက်ထပ် ရောက်မလာကြတော့ချေ။ နောက်မှဝင်လာကြသော အသစ်လေးယောက်နှင့် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည်သာ ဇွဲကောင်းစွာ နေ့တိုင်း ထွက်ပေါ်လာကြသည်။
သို့သော်လည်း သူတို့သည် ယခင်ကဲ့သို့ နိုးကြားတတ်ကြွမှု မရှိကြပေ။
ရွှီချင်းနှင့် တခြားတပည့်ရင်းသုံးယောက်သည်တော့ သူတို့မှာ ရွေးချယ်စရာမရှိကြပေ။ အစက သူတို့သည် ကျောင်းအုပ်ကြီး ပြောသမျှကို ယုံကြည်ခဲ့ကြသည်။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သံသယက သူတို့၏ စိတ်ထဲမှာ ဖြစ်ပေါ်လာကြသည်။ ယခု ယင်းက စိတ်ကူးယဉ်မှုတစ်ခုအဖြစ်သာ ပြီးဆုံးသွားသည်။
အဆုံးမှာတော့ သူတို့၏ အဓိက အာရုံစိုက်မှုက သတင်းလွှာပေါ်သို့ ရောက်ရှိသွားသည်။ နေ့တိုင်း သူတို့က ရွှီချင်းကိုလည်း သတင်းလွှာမှတ်တမ်းတင်ရာတွင် ပူးပေါင်းပါဝင်ခိုင်းသည်။
ကျောင်းအုပ်ကြီးသည်တော့ တစ်ချိန်လုံး သက်ပြင်းချနေသည်။ သူ၏ နှလုံးသားထဲမှ ဇွဲကောင်းမှုက သူ့အား တည်ကြည်ဖြောင့်မတ်သော ဟန်ပန်အမူအရာကို ဆက်ပြီး ထိန်းသိမ်းနိုင်စေခဲ့သည်။ သို့သော်လည်း သူ့ပုံစံကြည့်ရသည်မှာ ထိုဇွဲကောင်းမှုက အချိန်ကြာကြာ တည်မြဲနိုင်မည့်ပုံမပေါ်ချေ။
အကယ်၍ မျှော်လင့်မထားသော ကိစ္စတစ်ခု ဖြစ်ပေါ်မလာလျှင် မူကွဲအင်မော်တယ်ကျောင်းတော်သည် ယခင်ကဲ့သို့ ပြာပုံထဲသို့ ပြန်ရောက်ရှိသွားလိမ့်မည်။
သို့သော်လည်း မျှော်လင့်မထားသော ကိစ္စတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ မူကွဲအင်မော်တယ်ကျောင်းတော်၏ သတင်းလွှာက ပြဿနာတစ်ခု ဖြစ်လာသည်။
တပည့်ရင်းသုံးယောက် စုပေါင်းတည်ထောင်ထားသော သတင်းလွှာလုပ်ငန်း၏ ရည်ရွယ်ချက်သည် အမှန်တရားရှာဖွေရန် မဟုတ်ပေ။ သူတို့က မဟုတ်မမှန်သတင်းများဖြင့် လူကြိုက်များသော အတင်းအဖျင်းအမျိုးမျိုးကို ဖန်တီးရန် ဖြစ်သည်။ သို့မှသာလျှင် လူသားတို့၏ စပ်စုလိုသော သဘာဝကြောင့် သူတို့၏ သတင်းလွှာများက ပိုပြီးရောင်းအားကောင်းလာလိမ့်မည်။
ပုံမှန်အားဖြင့် သူတို့သည် ကျောင်းတော်အသီးသီး၏ ဇာတ်လမ်းများအကြောင်းကို ရေးသားကြသည်။ မူကွဲအင်မော်တယ်ကျောင်းတော်က အစကတည်းက ဆုတ်ယုတ်နေပြီးသားဖြစ်သောကြောင့် သူတို့ဆီမှာ ဆုံးရှုံးစရာ မရှိပေ။ ထို့ကြောင့် တခြားကျောင်းတော်များက ဝေဖန်သုံးသပ်ခံရလျှင်ပင် သူတို့ကို ဘာမှမလုပ်နိုင်ကြချေ။
ယခင်က သူတို့ကို လာရောက်ရန်ရှာခဲ့သော လူတချို့ ရှိခဲ့ကြသည်။ သို့သော်လည်း အမှိုက်ပုံးပမာ ညစ်ညမ်းသော မူကွဲအင်မော်တယ်ကျောင်းတော်ဖြင့် ရင်ဆိုင်ရသောအခါ သူတို့အားလုံးသည် ဒေါသတကြီး ပြန်သွားခဲ့ကြရသည်။
မည်သို့ဖြစ်ပါစေ မူကွဲအင်မော်တယ်ကျောင်းတော်သည် နဂိုကတည်းက ဆုတ်ယုတ်နေပြီးသား ဖြစ်သည်။ သူတို့က အလွန်ဆင်းရဲမွဲတေသဖြင့် မည်သူမှ ဘာမှမတတ်နိုင်ကြချေ။
အမှန်မှာ သူတို့က ပိုပြီးရန်ရှာကြလေ မူကွဲအင်မော်တယ်ကျောင်းတော်မှ ကျောင်းတော်သားများက ပိုပြီးပျော်ရွှင်ကြလေ ဖြစ်သည်။ သို့မှသာ သူတို့က နောက်နေ့နံနက်ထွက်မည့် သတင်းထဲမှာ ထိုကိစ္စကို ထည့်ရေးသားပြီး သူတို့၏ သတင်းလွှာထဲမှ အချက်အလက်များက တကယ်ဟုတ်မှန်ကြောင်း ထောက်ပြနိုင်လိမ့်မည်။
အချိန်ကုန်ဆုံးသွားသည်နှင့်အမျှ လူတိုင်းက ထိုကိစ္စကို အာရုံစိုက်ရန် စိတ်မဝင်စားကြတော့ချေ။
သို့သော်လည်း ဆန်းကြယ်ဆရာသခင်ထွက်ပေါ်လာပြီးနောက် သတင်းလွှာသည် အတိုင်းအတာတစ်ခုထိ ရေပန်းစားလာခဲ့သည်။ သို့ဖြစ်၍ သူတို့က နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ အတင်းအဖျင်းသတင်းများကို ကြိမ်ဖန်များစွာ ထည့်ရေးသားပြီးနောက် ယနေ့မှာ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်မှ ကျောင်းတော်သားများက ပြဿနာရှာရန် ရောက်ရှိလာကြသည်။
ထိုအဖွဲ့ကို ဦးဆောင်လာသူသည် သာမညောင်ညမဟုတ်ပေ။ သူက နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်တွင် အတော်လေး နာမည်ကျော်ကြားပြီး တပည့်ခေါင်းဆောင်ပြီးနောက် ဒုတိယမြောက်လူ ဖြစ်သည်။ သူ့နောက်တွင် ကျောင်းတော်သားတစ်ရာကျော်က လိုက်ပါလာကြသည်။
သူတို့၏ ရောက်ရှိလာမှုသည် ဖြတ်သန်းသွားလာသူများ၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။
အထူးသဖြင့် ထိုလူများ၏ မျက်လုံးထဲမှ ဒေါသသည် အတော်လေး ပြင်းထန်သည်။ မူကွဲအင်မော်တယ်ကျောင်းတော်၏ အဖြူရောင်မျှော်စင်ထဲသို့ သူတို့ခြေချပြီးနောက် လေထုသည် ပိုပြီးတင်းကျပ်လာသည်။
မူကွဲအင်မော်တယ်ကျောင်းတော်ထဲမှ တပည့်များသည် သူတို့၏ လုပ်လက်စအလုပ်များကို အောက်ချလိုက်ကြပြီး ဒေါသထွက်နေကြသော နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ တပည့်များကို ကြည့်လိုက်ကြသည်။
“ မူကွဲအင်မော်တယ်ကျောင်းတော်… မင်းတို့ အရမ်းလွန်သွားပြီ ”
“ အတိတ်မှာ အင်ပါယာအကယ်ဒမီရဲ့ နံပါတ်တစ်ကျောင်းတော်ဖြစ်ခဲ့ဖူးတဲ့ ကျောင်းတော်အနေနဲ့ အခု ဆုတ်ယုတ်သွားပြီဆိုရင်တောင် အရှက်တရားလေးတော့ ရှိဖို့ကောင်းပါတယ်… မင်းတို့က နာမည်ကြီးဖို့အတွက်နဲ့ တခြားကျောင်းတော်တွေအကြောင်း မဟုတ်တာတွေ လျှောက်ရေးတယ် ”
“ အထူးသဖြင့် ညသန်းခေါင်အထူးသတင်းလွှာပဲ ”
“ ဒီနေ့ မင်းတို့တွေ ဖြေရှင်းချက်တစ်ခု ပေးရမယ် ”
နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်မှ ကျောင်းတော်သားက ဒေါသတကြီး ပြောသည်။ သူ၏ မျက်လုံးသည်ပင် သွေးရောင်လွှမ်းနေသည်။
သူ၏ စကားဆုံးသွားသည်နှင့်ချက်ချင်း မူကွဲအင်မော်တယ်ကျောင်းတော်ကို မကြာသေးမီကမှ ဝင်ရောက်ခဲ့ကြသော တပည့်များသည် တစ်ပြိုင်နက် ခေါင်းလှည့်လိုက်ကြပြီး ရွှီချင်းနှင့် တခြားသုံးယောက်ကို ကြည့်လိုက်ကြသည်။
ရွှီချင်းက ထိုလူများကို ကြည့်လိုက်သည်။ သူ၏ နှလုံးသည် အေးဆေးတည်ငြိမ်သည်။ သို့သော်လည်း သူ၏ ဘေးမှ တပည့်ရင်းသုံးယောက်သည် အလိုအလျောက် ခြေလှမ်းအနည်းငယ် အနောက်ဆုတ်သွားကြသည်။ သူတို့က အပြစ်ရှိစိတ်ကို ခံစားမိသွားကြသည်။
ညသန်းခေါင်အထူးသတင်းလွှာသည် လွန်ခဲ့သော တစ်လခန့်က သူတို့ထပ်တိုးခဲ့ကြသော အစီအစဉ်တစ်ခု ဖြစ်သည်။ ယင်းထဲမှာ ရုတ်တရက် လူကြိုက်များလာသော ကိစ္စများကို ရေးသားခဲ့ပြီး သူတို့ကို အကျိုးအမြတ်များစွာ ရရှိစေခဲ့သည်။
နောက်ပိုင်းတွင် သတင်းထဲမှ အကြောင်းအရာများသည် ပိုပြီးရဲတင်းလာပြီး မရှင်းလင်းသော ကိစ္စများက ပိုပြီးများပြားလာသည်။ သို့သော်လည်း တုံ့ပြန်မှုသည် မဆိုးဝါးပေ။
ဤသည်ကို မြင်သောအခါ နေရာမှာ ထိုင်နေသော ကျောင်းအုပ်ကြီးက စိတ်အနှောင့်အယှက်ဖြစ်သွားသည်။ ထို့ကြောင့် သူက ရွှီချင်းနှင့် တခြားသုံးယောက်ကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက ခေါင်းလှည့်လိုက်ပြီး ဒေါသထွက်နေကြသော နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်မှ တပည့်များကို ကြည့်လိုက်သည်။
“ ဆူညံလိုက်တာ ”
သူက စကားပြောလိုက်သည်နှင့်ချက်ချင်း နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်မှ ထိုတပည့်များသည် တစ်ယောက်ပြီးတစ်ယောက် ခေါင်းငုံ့လိုက်ကြသည်။ မည်သို့ဖြစ်ပါစေ သူက ကျောင်းအုပ်တစ်ယောက် ဖြစ်သည်။ စည်းမျဉ်းများအရ သူ့ကို ရိုသေလေးစားရမည်။ သို့သော် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်မှ တပည့်သည် ခေါင်းငုံ့ထားသော်လည်း ဆက်ပြီး ပြောသည်။
“ ဒီနှစ်တွေမှာ မူကွဲအင်မော်တယ်ကျောင်းတော်က ငါတို့နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်ကိုပဲ မဟုတ်မမှန် လျှောက်ရေးတာမဟုတ်ဘူး… အင်ပါယာအကယ်ဒမီထဲမှာ နာမည်ကျော်ကြားတဲ့ ဘယ်ကျောင်းတော်ဖြစ်ဖြစ် ဘယ်ကျောင်းတော်သားဖြစ်ဖြစ် မင်းတို့ရဲ့ အပုပ်ချတာကို မခံဖူးတာရှိသေးလို့လား ”
“ ဒီလိုအရှက်မဲ့တဲ့ လုပ်ရပ်က မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ပျက်ဆီးစေလိမ့်မယ်… ငါ့အထင်တော့ မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ ဆန်းကြယ်ဆရာသခင်က ဒီကိစ္စတွေကြားပြီးနောက် မူကွဲအင်မော်တယ်ကျောင်းတော်ကို ရွံရှာသွားတာ ဖြစ်ရမယ် ”
“ ဒါကြောင့် သူက နောက်တစ်ကြိမ် မျက်နှာမပြရဲတော့တာဖြစ်မယ်… ဘာပဲဖြစ်ဖြစ် ငါသာ အဲ့ဒီစီနီယာဆိုရင်လည်း လက်ရှိမူကွဲအင်မော်တယ်ကျောင်းတော်အတွက် အရမ်းပဲ ရှက်မိလိမ့်မယ် ”
“ လက်ရှိမူကွဲအင်မော်တယ်ကျောင်းတော်က အရင်က ဂုဏ်သတင်းကို ဆုံးရှုံးသွားရုံတင်မကဘူး ကိုယ်ကျင့်သိက္ခာနဲ့ ဖြူစင်သန့်ရှင်းမှုပါ မကျန်တော့ဘူး... အခု မူကွဲအင်မော်တယ်ကျောင်းတော်က အင်ပါယာအကယ်ဒမီရဲ့ အရှက်ရစရာဖြစ်လာပြီ ”
“ ဒါကြောင့် ဒီနေ့ ငါက မူကွဲအင်မော်တယ်ကျောင်းတော်ကို ဖြေရှင်းချက်တစ်ခု တောင်းဆိုတာပဲ ”
ထိုကျောင်းတော်သားသည် အတော်လေး လျှာစောင်းထက်သည်။ သူ၏ စကားဆုံးသွားသည်နှင့် သူ့နောက်မှ တခြားကျောင်းတော်သားများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ပြောဆိုကြသည်။ ထိုသတင်းက အဖြူရောင်မျှော်စင်၏ အပြင်ဘက်မှာ ပျံ့နှံ့သွားသည့်အခါ ဖြတ်သန်းသွားလာနေကြသော ကျောင်းတော်သားများသည် ရပ်တန့်လိုက်ကြပြီး စိတ်အားထက်သန်စွာ ဆွေးနွေးကြသည်။
အတွေးများစွာသည် မူကွဲအင်မော်တယ်ကျောင်းတော်ထဲမှ လူတိုင်း၏ နှလုံးသားထဲမှာ ထွက်ပေါ်လာကြသည်။ ရွှီချင်းသည် နှုတ်ဆိတ်သွားပြီး လေးနက်စွာ တွေးတောလိုက်သည်။ ထိုကိစ္စ၏ ဇစ်မြစ်က ထင်သလောက် မရိုးရှင်းကြောင်း သူပြောနိုင်သည်။
တစ်စုံတစ်ယောက်က ဤအခွင့်အရေးကို အသုံးချ၍ မူကွဲအင်မော်တယ်ကျောင်းတော်ကို စမ်းသပ်ချင်ပြီး ၎င်း၏ ကျော်ကြားမှုကို အပြီးတိုင် နင်းချေဖျက်ဆီးပစ်ချင်နေသည်။
ကျောင်းတော်သားဝတ်စုံကို ဝတ်ဆင်ထားသော လျှို့ဝှက်ဆန်းကြယ်သည့် အမျိုးသမီးသည်လည်း စိတ်ဝင်စားလာသည်။ ယင်းက စူးစမ်းလေ့လာရန် အခွင့်အရေးဖြစ်သည်ဟု သူခံစားမိသည်။ ထို့ကြောင့် သူက ကျောင်းအုပ်ကြီးကို သေချာဂရုတစိုက် အာရုံစိုက်လိုက်သည်။
ကျောင်းအုပ်ကြီး၏ မျက်လုံးသည် မှေးကျဉ်းသွားသည်။ ထုံးစံအားဖြင့် သူက သဲလွန်စများကို မြင်တွေ့ပေသည်။ ထို့ကြောင့် သူက နေရာမှာ ထိုင်နေရင်း အရှေ့သို့ အနည်းငယ် ခါးကိုင်းလိုက်သည်။ သူက နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်မှ တပည့်များကို သေချာစစ်ဆေးကြည့်ပြီးနောက် တည်ငြိမ်စွာ ပြောသည်။
“ မင်းက ဘယ်လိုရှင်းပြချက်မျိုး လိုချင်တာလဲ ”
“ မူကွဲအင်မော်တယ်ကျောင်းတော်… ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကို ပြန်လည်စမ်းစစ်ပေးပါ ”
ထိုကျောင်းတော်သားသည် ကျောင်းအုပ်ကြီး၏ မျက်လုံးကို ကြည့်လိုက်ပြီး တစ်လုံးချင်းစီ ပြောသည်။
ထိုစကားများသည် အဖြူရောင်မျှော်စင်ထဲမှာ ပဲ့တင်ထပ်သွားပြီး အပြင်ဘက်သို့ ပျံ့လွင့်သွားသည်။
“ ရိုင်းစိုင်းလိုက်တာ ”
ကျောင်းအုပ်ကြီးသည် နှာခေါင်းရှုံ့လိုက်ပြီး မတ်တတ်ထရပ်လိုက်သည်။ သူ၏ အကြည့်က အပြင်ဘက်သို့ မရောက်သွားခင် ထိုကျောင်းတော်သားကို ဖြတ်သန်းသွားသည်။
“ မင်းတို့က ငါ့မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ စီနီယာအကြောင်းကို စူးစမ်းချင်လို့ ရောက်လာကြတာ မဟုတ်လား… သိချင်တယ်ဆိုရင် ယောင်္ကျားပီပီ ဒဲ့ဒိုးမေးစမ်းပါ… အကြောင်းပြချက်တွေ ရှာနေစရာ မလိုဘူး ”
“ ဘာလို့ အဲ့ဒီစီနီယာက နောက်တစ်ကြိမ် ထပ်မပေါ်လာတာလဲဆိုတော့ သူက ဝိညာဉ်ချည်မျှင်တစ်သန်းရဲ့ အတားအဆီးကို ချိုးဖြတ်ဖို့အတွက် တံခါးပိတ်ကျင့်ကြံနေလို့ပဲ ”
“ သူက တံခါးပိတ်မကျင့်ကြံခင် အများဆုံး သုံးလကြာပြီးမှ ပြန်ထွက်လာမယ်လို့ ငါ့ကို ပြောသွားခဲ့တယ်… သူထွက်လာမယ့်နေ့မှာ ဝိညာဉ်ချည်မျှင်တစ်သန်းက နန်းမြို့တော်ရဲ့ ကောင်းကင်ပေါ်မှာ စီးဆင်းနေပြီး မူကွဲအင်မော်တယ်ရဲ့ သရုပ်အသွင်ကို ဖွဲ့စည်းလိမ့်မယ်… အဲ့ဒီနေ့ကျရင် မူကွဲအင်မော်တယ်ကျောင်းတော် အထွတ်အထိပ်ပြန်ရောက်တာကို သက်သေပြုပေးဖို့ ကောင်းကင်ပေါ်မှာ ရောင်ခြည်တော်တစ်သန်း ထွက်ပေါ်လာလိမ့်မယ် ”
“ အခု နှစ်လကျန်သေးတယ်… အဲ့ဒါက တကယ်ဟုတ်မဟုတ် မင်းတို့သိချင်တယ်ဆိုရင် နောက်နှစ်လကြာတဲ့အခါ မင်းတို့မျက်စိနဲ့ ကိုယ်တိုင်စောင့်ကြည့်ကြ ”
“ အခု ငါ့ကျောင်းတော်ကနေ ထွက်သွားကြစမ်း ”
ကျောင်းအုပ်ကြီး၏ အသံထဲမှာ ဂုဏ်ယူဝင့်ကြွားမှုဖြင့် ပြည့်နှက်နေသည်။ သူက လက်ဝှေ့ယမ်းလိုက်သည့်အခါ မူကွဲအင်မော်တယ်ကျောင်းတော်၏ အဖြူရောင်မျှော်စင်သည် အလင်းရောင်တောက်ပလာပြီး တုန်ယင်လာကာ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်မှ တပည့်များဆီသို့ တွန်းကန်အားကို ထုတ်လွှတ်လိုက်သည်။
ထိုအခါ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်မှ တပည့်များသည် အဖြူရောင်မျှော်စင်ထဲမှ ထွက်သွားရုံမှလွဲပြီး တခြားရွေးချယ်စရာ မရှိပေ။
ထို့သို့လုပ်ဆောင်ပြီးနောက် ကျောင်းအုပ်ကြီးသည် ခေါင်းမော့လိုက်ပြီး ထိုင်ခုံပေါ်မှာ နောက်တစ်ခါ ပြန်ထိုင်လိုက်သည်။
သူ၏ အကြည့်သည် တည်ငြိမ်သည်။ သို့သော်လည်း အမှန်မှာ သူ၏ နှလုံးသားထဲ၌ အကူအညီမဲ့မှုဖြင့် ပြည့်နှက်နေသည်။ မူကွဲအင်မော်တယ်ကျောင်းတော် ပြန်လည်မြင့်တတ်နိုင်မည့် အခွင့်အရေးက သူ့အရှေ့မှာရှိနေကြောင်း သူအာရုံခံမိသော်လည်း အကယ်၍ ထိုစီနီယာသာ နောက်တစ်ကြိမ် ထွက်ပေါ်မလာလျှင် အားလုံးက အချည်းနှီးဖြစ်ကြောင်း သူသိသည်။
ထိုသို့ဆိုမှတော့ သူက ကျည်ဆန်ကို ပါးစပ်မှာ ကိုက်ပြီး မူလက ကြွားဝါခဲ့သော အရှိန်အဟုန်ကို ဆက်ပြီး ထိန်းသိမ်းတော့ပေမည်။
ထိုသို့ကြွားဝါခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်ကိုတော့ သူက ဂရုမစိုက်ပေ။ အဘယ့်ကြောင့်ဆိုသော် မူကွဲအင်မော်တယ်ကျောင်းတော်မှာ နောက်ထပ်ဆုံးရှုံးစရာ ဘာမှမရှိပေ။
သူ၏ စကားဆုံးသွားသည်နှင့် အဖြူရောင်မျှော်စင်ထဲမှ တပည့်အားလုံးသည် နှလုံးတုန်သွားကြသည်။ လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည် မျက်လုံးဝင်းလက်သွားသည်။
အဖြူရောင်မျှော်စင်ထဲမှ တွန်းထုတ်ခံလိုက်ရသော နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်မှ တပည့်များသည်တော့ မျက်လုံးဝင်းလက်သွားကြသည်။ အပြင်ဘက်မှ ဖြတ်သန်းသွားလာသူများသည်လည်း ထို့အတူပင်။
ရွှီချင်းသည်လည်း ကျောင်းအုပ်ကြီးကို အကြိမ်ရေအနည်းငယ် ကြည့်လိုက်သည်။ ထို့နောက် သူက သူ၏ အသိစိတ်ပင်လယ်ထဲမှ ဝိညာဉ်ချည်မျှင်တစ်သန်းကို ကြည့်လိုက်သည်။ တုံ့ဆိုင်းမှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ တစ်ဖက်လူက သူ၏ သရုပ်ကို မသိထားကြောင်း အလိုအလျောက် သူခံစားမိသွားသည်။
သို့သော်လည်း သူ၏ စကားများသည် ယုတ္တိရှိသည်။
နောက်ဆုံးမှာတော့ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်မှ ကျောင်းတော်သားများသည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး ထွက်သွားရန် ရွေးချယ်လိုက်ကြသည်။ ဤတစ်ကြိမ်တွင် သူတို့၏ စုံစမ်းမှုမှာ ရလဒ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုသို့ဖြင့် နောက်နှစ်လကြာပြီးလျှင် ဆန်းကြယ်ဆရာသခင် တံခါးပိတ်ကျင့်ကြံနေခြင်းမှ ပြန်ထွက်လာလိမ့်မည်ဟူသော သတင်းသည် အင်ပါယာအကယ်ဒမီထဲမှာ မြန်ဆန်စွာ ပျံ့နှံ့သွားသည်။ ယင်းက ပြန်လည်ငြိမ်သက်သွားသော မူကွဲအင်မော်တယ်ကျောင်းတော်၏ ကျော်ကြားမှုကို တဖန်မြင့်တတ်လာစေသည်။
ညနေခင်းတွင် ရွှီချင်းသည် မူကွဲအင်မော်တယ်ကျောင်းတော်မှ ထွက်မလာခင် ကျောင်းအုပ်ကြီးကို အရိုအသေပေးလိုက်သည်။ ကျောင်းအုပ်ကြီးက သူ့ကို ထွက်သွားခွင့်ပြုကြောင်း စိတ်မရှည်စွာ လက်ဝှေ့ယမ်းပြလိုက်စဉ် ရွှီချင်းသည် ကျောင်းအုပ်ကြီး၏ မျက်လုံးထဲမှ စိုးရိမ်ကြောင့်ကြမှုကို မြင်သွားသည်။ တစ်ဖက်လူက သူ၏ သရုပ်ကို အမှန်တကယ် မသိထားကြောင်း ရွှီချင်း အတည်ပြုနိုင်သွားသည်။
‘ ဒါဆို… ငါ့မျိုးစေ့တစ်ခုကို သူ့ကို ပေးနိုင်တယ် ’
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။
ခုနစ်ရက်ကြာပြီးနောက် နေဝင်ရီတရောအချိန်တွင် တခြားတပည့်ရင်းများက ထွက်ခွာသွားကြစဉ် မရင်းနှီးသော ကျောင်းတော်သားတစ်ယောက်သည် တာဝန်တစ်ခုနှင့်အတူ မူကွဲအင်မော်တယ်ကျောင်းတော်၏ အဖြူရောင်မျှော်စင်ဆီသို့ ရောက်ရှိလာသည်။ သူက ကျောင်းအုပ်ကြီး၏ အရှေ့မှာ ချိပ်ပိတ်ထားသော အိတ်တစ်လုံးကို ချပေးလိုက်ပြီး ပြန်ထွက်သွားသည်။
ကျောင်းအုပ်ကြီးသည် လုံးဝမတုံ့ဆိုင်းသလို ဘာမှမမေးမြန်းပေ။ ဤသည်မှာ သူက တစ်စုံတစ်ခုကို အာရုံခံမိသည့်အလား သို့မဟုတ် ထိုသို့ဖြစ်လာမည်ကို ထိုင်စောင့်နေသည့်အလားပင်။ သူက အိတ်ကို ကောက်ယူလိုက်ပြီး ချက်ချင်း ဖွင့်ကြည့်လိုက်သည်။
အိတ်ထဲတွင် ကျောက်စိမ်းပြားတစ်ခုနှင့် ခရမ်းရောင်နှင်းပွင့်တစ်ခုကို သိမ်းဆည်းထားသော ပုလင်းတစ်လုံး ပါရှိသည်။
ထိုပစ္စည်းနှစ်ခုကို ကြည့်နေရင်း ကျောင်းအုပ်ကြီးသည် အသက်ရှူမြန်လာသည်။ နှင့်ပွင့်က မည်သည့်အရာဖြစ်ကြောင်း သူမသိသော်လည်း ထိုထဲမှာ မူကွဲအင်မော်တယ်အတတ်ပညာ၏ အငွေ့အသက်များ ပါဝင်နေကြောင်း သူအာရုံခံနိုင်သည်။ ထို့ကြောင့် သူက ကျောက်စိမ်းပြားကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်ပြီး စစ်ဆေးကြည့်လိုက်သည်။
ယင်းကို ဖတ်ကြည့်ပြီးနောက် သူ၏ အမူအရာသည် အစဉ်အမြဲ ပြောင်းလဲသွားသည်။ နောက်ဆုံးမှာတော့ သူက ကျောက်စိမ်းပြားကို အောက်ချလိုက်ပြီး ပုလင်းကို ကြည့်လိုက်သည်။
အချိန်အတန်ကြာပြီးနောက် ဆုံးဖြတ်ချက်ပြတ်သားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ပုလင်းကို ချေမွလိုက်သည့်အခါ အထဲမှ ခရမ်းရောင်နှင်းပွင့်သည် လွင့်မျောထွက်လာပြီး သူ၏ လက်ဖဝါးမှတဆင့် အသွေးအသားထဲသို့ ဝင်ရောက်သွားသည်။
ချက်ချင်းဆိုသလို ဝိညာဉ်ချည်မျှင်များသည် သူ၏ ခန္ဓာကိုယ်ထဲမှာ ပေါ်လျှိုးထွက်လာကြသည်။