← Chapters

ဝိညာဉ်မျိုးစေ့အခွဲ

Vol. 77 Ch. 1188

ဝိညာဉ်မျိုးစေ့အခွဲ

Vol. 77 Ch. 1188

မူကွဲအင်မော်တယ်ကျောင်းတော်၏ ကျောင်းအုပ်ကြီးက ခရမ်းရောင်နှင်းပွင့်ကို အသုံးပြုလိုက်သည်နှင့်ချက်ချင်း နင်ယန်၏ စံအိမ်ထဲမှ လျှို့ဝှက်အခန်းထဲတွင် ရွှီချင်းသည် မျက်လုံးဖွင့်လိုက်သည်။ အနက်ရောင်အလင်းသည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

သူက ခေါင်းမော့လိုက်ပြီး အင်ပါယာအကယ်ဒမီ၏ ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။

“ မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီးက စိတ်ဓာတ်ပြတ်သားတဲ့လူပဲ ”

ထုံးစံအားဖြင့် သူက ထိုအိတ်ကို ပို့ခိုင်းခဲ့သူ ဖြစ်သည်။ အထဲမှ ကျောက်စိမ်းပြားထဲတွင် ခရမ်းရောင်နှင်းပွင့်နှင့်ပတ်သက်ပြီး ကောင်းကျိုးဆိုးကျိုးအားလုံးကို ဘာမှမချွင်းချန်ဘဲ ရှင်းပြထားသည်။ ထိုဝိညာဉ်မျိုးစေ့ကို သူ၏ အတွေးတစ်ချက်ဖြင့် ပြန်ဆွဲထုတ်နိုင်သည်ဟုပင် ပြောခဲ့သည်။

သို့သော်လည်း ကျောင်းအုပ်ကြီးသည် ထိုသို့အရာမျိုးကို အမှန်တကယ် လက်ခံခဲ့သည်။ မည်သို့ဖြစ်ပါစေ မူကွဲအင်မော်တယ်ကျောင်းတော်ကို အထွတ်အထိပ်သို့ ပြန်ရောက်ရန် သူ့ထက်ပိုပြီး စိတ်ဆန္ဒပြင်းပြသူ မရှိပေ။

ထိုအတွက် သူက အရာအားလုံးကို စတေးပစ်ရန် ဆန္ဒရှိသည်။

ထိုအိတ်က အချိန်အတော်ကြာ သူစောင့်ဆိုင်းနေခဲ့သော အရာပင် ဖြစ်နိုင်ပေသည်။ ယင်းကို ရရှိရန်အတွက် သူက တာဝန်ယူရန် မတုံ့ဆိုင်းခဲ့ဘဲ အရှိန်အဟုန်ကို ဖန်တီးခဲ့သည်။ သူက ထွက်လမ်းမရှိသော နေရာဆီသို့ သူ့ကိုယ်သူ တွန်းပို့လိုက်ခြင်း ဖြစ်သည်။

ဤသည်မှာ သူက တမင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ သူက ထိုသို့လုပ်ဆောင်ပြီး ဆန်းကြယ်ဆရာသခင်အပေါ် သူ၏ သစ္စာရှိမှုကို ပြသချင်ခြင်း ဖြစ်သည်။

ရွှီချင်းသည် ထိုအရာအားလုံးကို ဤအတောအတွင်းမှာ မြင်တွေ့ခဲ့သည်။ ထို့ကြောင့် သူက ဝိညာဉ်မျိုးစေ့တစ်ခုကို ပို့ပေးလိုက်ခြင်း ဖြစ်သည်။ ဝိညာဉ်မျိုးစေ့နှင့် သူ့ကြားမှ ဆက်သွယ်မှုမှတဆင့် ကျောင်းအုပ်ကြီး၏ ပေါင်းစပ်မှုနှင့် ကျင့်ကြံခြင်းကို သူအာရုံခံနိုင်ပေသည်။

ထိုအသိအမြင်သည် တစ်ဖက်သတ်ဖြစ်သည်။

ရွှီချင်းသည် ဤအတောအတွင်းမှာ စမ်းသပ်မှုများစွာကို လုပ်ဆောင်ခဲ့သောကြောင့် ဝိညာဉ်မျိုးစေ့အကြောင်း ကောင်းမွန်စွာ နားလည်ထားသည်။ ဝိညာဉ်မျိုးစေ့သည် လွှမ်းမိုးကြီးစိုးသည်။ ယင်းက တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားပြီးနောက် လက်ခံသူက အရင်းအမြစ်ကို မည်သို့မှ အာရုံခံနိုင်လိမ့်မည်မဟုတ်ပေ။ သို့သော်လည်း အရင်းအမြစ်သည် လက်ခံသူ၏ လှုပ်ရှားမှုတိုင်းကို အာရုံခံနိုင်သည်။

“ ငါ့သုံးသပ်မှုအရဆို ကျောင်းအုပ်ကြီးက ဝိညာဉ်မျိုးစေ့နဲ့ ပေါင်းစပ်ပြီးသွားရင် သူ့ရဲ့ ဝိညာဉ်ချည်မျှင်တွေက သိပ်သည်းလာပြီး သိသိသာသာ တိုးပွားလာလိမ့်မယ်… ဒါပေမဲ့ အဲ့လိုလုပ်ဖို့ဆိုရင် သူ့ရဲ့ ဝိညာဉ်က အလုံအလောက် သန်မာမှဖြစ်မယ်… ပြီးတော့ သူ့ရဲ့ တိုးတတ်မှုက ငါ့ကို အကျိုးအမြတ်ရှိစေလိမ့်မယ် ”

ရွှီချင်း၏ မျက်လုံးထဲမှာ မျှော်လင့်သော အရိပ်အယောင် ထွက်ပေါ်လာသည်။ ထို့နောက် သူက မျက်လုံးမှိတ်လိုက်ပြီး ဆက်လက် ကျင့်ကြံလိုက်သည်။ သူက ဤလောကထဲမှ ဒြပ်နှောများကို စုပ်ယူလိုက်ကာ ယင်းတို့ကို သူ၏ နတ်ဘုရားအရင်းအမြစ်အဖြစ် ပြောင်းလဲပစ်သည်။

ဤသည်မှာ သူတွေးမိသော အရာဖြစ်သည်။ သူ၏ လက်ရှိအခြေအနေအရ ထိုနည်းဖြင့်သာ ဝိညာဉ်ချည်မျှင်များကို တိုးမြှင့်နိုင်လိမ့်မည်။ သို့သော်လည်း စုပ်ယူမှုသည် အလွန်အမင်း နှေးကွေးသည်။

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။

အင်ပါယာအကယ်ဒမီထဲတွင် မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီးသည် ဝိညာဉ်မျိုးစေ့ကို စုပ်ယူပြီးနောက် မူကွဲအင်မော်တယ်ကျင့်ကြံခြင်းအတတ်ကို လှည့်ပတ်လိုက်သည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း တုန်ယင်လာသည်။ မျက်နှာဖုံးအောက်မှ သူ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေသည်။

သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ချည်မျှင်အရေအတွက်က မြန်ဆန်စွာ တိုးပွားလာနေကြောင်း ရှင်းလင်းစွာ သူအာရုံခံမိသည်။

ကနဦးပေါက်ကွဲမှုတွင် ဝိညာဉ်ချည်မျှင်သုံးသောင်းကျော် တိုးမြှင့်သွားခဲ့သည်။ ထို့နောက် ဆယ့်ငါးမိနစ်ကြာသွားသည့်အခါတိုင်း ဝိညာဉ်ချည်မျှင်တစ်ရာကျော် တိုးမြှင့်သွားဟန် ရသည်။ ထိုအမြန်နှုန်းက သူ့အား မယုံကြည်နိုင်ဖြစ်စေပြီး သူ၏ နှလုံးသားထဲမှာ စိတ်ခံစားချက်များကို လှိုင်းတံပိုးထသွားစေသည်။

“ ဒီဟာက မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ ကျင့်ကြံခြင်းနည်းလမ်းအမှန်ပဲ ”

ကျောင်းအုပ်ကြီးသည် စိတ်လှုပ်ရှားလာပြီး ဆက်လက် ကျင့်ကြံလိုက်သည်။ သူက မူကွဲအင်မော်တယ်ကျောင်းတော်ထဲတွင် ဝိညာဉ်မျိုးစေ့ဖြင့် ပေါင်းစပ်ရန် အမှန်တကယ် အသင့်တော်ဆုံးလူ ဖြစ်သည်။

ကျောင်းအုပ်ကြီးအနေဖြင့် သူက မူကွဲအင်မော်တယ်ကျင့်ကြံခြင်းအတတ်ကို သူ့တစ်ဘဝလုံး လေ့လာခဲ့ပြီး တစ်ချိန်လုံး ကျင့်ကြံခဲ့သည်။ ဝိညာဉ်ချည်မျှင်ဖွဲ့စည်းသည့် အမြန်နှုန်းက နှေးကွေးသော်လည်း သူ၏ ဝိညာဉ်ကို အမြဲတမ်း အားဖြည့်ပေးခဲ့သည်။ ထို့ကြောင့် သူ၏ ဝိညာဉ်သည် အလွန်သန်မာသည်။

ဤသည်မှာ မူကွဲအင်မော်တယ်ကျောင်းတော်၏ ဝိသေသလက္ခဏာတစ်ခုလည်း ဖြစ်သည်။ ထိုအချက်သည် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်အတွက် အတူတူပင်။ အဘယ့်ကြောင့်ဆိုသော် သူတို့က နတ်ဘုရားခန္ဓာကိုယ်အားလုံးကို သူတို့၏ ဝိညာဉ်ဖြင့် ပေါင်းစပ်ရန် လိုအပ်သောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ထိုကျောင်းတော်နှစ်ခုမှ ကျောင်းတော်သားများ၏ ဝိညာဉ်သည် သာမန်လူများထက် ပိုပြီးသန်မာကြသည်။

တစ်ချိန်တည်းမှာ ရွှီချင်းသည် သူ၏ ဝိညာဉ်မျိုးစေ့မှတဆင့် ကျောင်းအုပ်ကြီး၏ ဝိညာဉ်ချည်မျှင်များက မြန်ဆန်စွာ တိုးပွားလာနေကြောင်း အာရုံခံမိသွားသည်။

ထိုသို့တိုးပွားမှုက ရွှီချင်း၏ အသိစိတ်ပင်လယ်ထဲမှ ဝိညာဉ်ချည်မျှင်ဝဲကတော့ကို ပိုပြီးမြန်ဆန်စွာ လှည့်ပတ်လာစေသည်။ နတ်ဘုရားအရင်းအမြစ်အပိုင်းအစတစ်ခုက ထိုဝဲကတော့အတွင်းမှာ ဖြစ်ပေါ်လာနေကြောင်း ရွှီချင်း အာရုံခံနိုင်သည်။

ယင်းက အပိုင်းအစတစ်ခုမျှသာဖြစ်သော်လည်း ရွှီချင်းအတွက်တော့ ယင်းက အာဟာရဖြည့်ပေးမှု ဖြစ်သည်။ ယင်းက ဒြပ်နှောများကို စုပ်ယူပြီး နတ်ဘုရားအရင်းအမြစ်အဖြစ် ပြောင်းလဲခြင်းထက် အများကြီး ပိုမြန်ဆန်သည်။ ထိုနှစ်ခုသည် ကောင်းကင်နှင့် မြေပြင်ပမာ ကွာခြားလှသည်။

“ တကယ် ထိရောက်မှုရှိတယ် ”

ရွှီချင်းသည် မျက်လုံးဝင်းလက်သွားပြီး သူ၏ မျှော်လင့်မှုက ပိုပြီးကြီးမားလာသည်။ ထို့နောက် သူက ဆက်လက် ကျင့်ကြံလိုက်သည်။

နောက်နေ့နံနက် အာရုဏ်တတ်ချိန်တွင် ရွှီချင်းက မူကွဲအင်မော်တယ်ကျောင်းတော်၏ မျှော်စင်ဆီသို့ ရောက်ရှိသွားသည်။ ယနေ့တွင် ကျောင်းအုပ်ကြီးသည် အဖြူရောင်မျှော်စင်၏ အပေါ်ထပ်မှ ဆင်းမလာခဲ့ပေ။ ယင်းက ရှားပါးသော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ ထိုကိစ္စက မူကွဲအင်မော်တယ်ကျောင်းတော်၏ တပည့်များကို အံ့ဩသွားစေသည်။

မည်သို့ဖြစ်ပါစေ ကျောင်းအုပ်ကြီးသည် အပေါ်ထပ်မှာ နေခဲသည်။ သူက အမြဲတမ်း အဓိကခန်းမထဲမှ ထိုင်ခုံပေါ်မှာ ကျောမတ်မတ်ထား၍ ထိုင်လေ့ရှိသည်။

ကျောင်းအုပ်ကြီးက ကျင့်ကြံနေဆဲဖြစ်ကြောင်း ရွှီချင်းတစ်ယောက်တည်းသာ သိသည်။ မနေ့ညက သူ၏ ဝိညာဉ်ချည်မျှင်သည် လေးသောင်းငါးထောင်ကျော်သို့ ရောက်ရှိသွားခဲ့သည်။

“ ဒီအမြန်နှုန်းတိုင်းဆိုရင် သူက နောက်ရက်အနည်းငယ်အတွင်းမှာ ဝိညာဉ်ချည်မျှင်ငါးသောင်းကို ချိုးဖြတ်နိုင်လိမ့်မယ်… အဲ့ဒီအခါကျရင် ဘူမိကလေးငယ်ကို ရက်လုပ်ဖို့အတွက် လိုအပ်ချက်ကို ပြည့်မီသွားလိမ့်မယ် ”

ရွှီချင်းက တွေးတောနေစဉ် သတင်းလွှာမှတ်တမ်းတင်ရန် တပည့်ရင်းသုံးယောက်၏ ဆွဲခေါ်ခြင်းခံလိုက်ရသည်။ တခြားတပည့်ရင်းများသည်တော့ မနေ့က ကျောင်းအုပ်ကြီးပြောခဲ့သော စကားကြောင့် စိတ်ဓာတ်ပြန်လည်နိုးကြားလာပြီး နောက်ထပ်နှစ်လ ထပ်နေရန် ဆုံးဖြတ်ခဲ့ကြသည်။

သူတို့ထဲတွင် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည် လိုက်လျောညီထွေစွာ နေထိုင်တတ်သူ ဖြစ်သည်။ သူက ရွှီချင်းနှင့် တခြားလူများ၏ သတင်းလွှာလုပ်ငန်းမှာ ကိုယ့်ဆန္ဒအလျောက် ဝင်ရောက်လာပြီး သတင်းလွှာများကို မှတ်တမ်းတင်ပေးရန် ကူညီပေးခဲ့သည်။ ရံဖန်ရံခါ သူက ရွှီချင်းနှင့် တခြားလူများကို သူတို့၏ တိုးတတ်မှုအကြောင်း မေးမြန်းသည်။

သုံးရက်ကုန်ဆုံးသွားသည်။

စတုတ္ထမြောက်နေ့၏ နေ့လယ်ခင်းအချိန်တွင် ရွှီချင်းက မူကွဲအင်မော်တယ်ကျောင်းတော်၏ စာအုပ်တချို့ကို လှန်လှောရှာဖတ်နေစဉ် အံ့ဖွယ်ကောင်းသော အားလှိုင်းအတတ်အကျသည် အဖြူရောင်မျှော်စင်၏ အပေါ်ထပ်မှ ရုတ်တရက် ပျံ့လွင့်ထွက်လာသည်။

ထိုအားလှိုင်းအတတ်အကျသည် နတ်ဘုရားအစွမ်းကို ထုတ်လွှတ်နေပြီး အဖြူရောင်မျှော်စင်ထဲမှ တပည့်အားလုံးကို အံ့ဩမင်သက်သွားစေသည်။

ရွှီချင်းသည်လည်း ခေါင်းမော့လိုက်သည်။ မျက်နှာဖုံးအောက်မှ သူ၏ နှုတ်ခမ်းထောင့်က အပေါ်သို့ ပင့်တတ်သွားပြီး အပြုံးတစ်ခု ထွက်ပေါ်လာသည်။

ကျောင်းအုပ်ကြီး၏ ဝိညာဉ်ချည်မျှင်က ငါးသောင်းကျော်သွားပြီဖြစ်ကြောင်း သူအာရုံခံနိုင်သည်။

ချက်ချင်းဆိုသလို ဟိန်းသံတစ်သံသည် အဖြူရောင်မျှော်စင်၏ အပေါ်ထပ်မှ ပျံ့လွင့်လာပြီး အင်ပါယာအကယ်ဒမီထဲမှာ ပဲ့တင်ထပ်သွားသည်။ နောက်အခိုက်အတန့်မှာ ဘူမိကလေးငယ်၏ ဧရာမပုံရိပ်သည် အဖြူရောင်မျှော်စင်ထဲမှ လျှပ်တစ်ပြက် ပျံသန်းထွက်လာပြီး အင်ပါယာအကယ်ဒမီ၏ လေထဲမှာ ထွက်ပေါ်လာသည်။

၎င်း၏ မည်းနက်သော ခန္ဓာကိုယ်နှင့် သိပ်သည်းသော အရှိန်အဝါသည် အင်ပါယာအကယ်ဒမီကို လှုပ်ခါသွားစေသည်။ ကျောင်းတော်အသီးသီးမှ ကျောင်းတော်သားများ၏ အကြည့်သည် လေထဲမှ ဘူမိကလေးငယ်ပေါ်သို့ စုဝေးရောက်ရှိသွားကြသည်။ ဆူပူအုံကြွမှုသည် ချက်ချင်း ဖြစ်ပေါ်လာသည်။

မူကွဲအင်မော်တယ်ကျောင်းတော်၏ အပြင်ဘက်မှ ဘူမိကလေးငယ်သည်တော့ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ထုတ်လွှတ်နေပြီး လုံလောက်သော အာရုံစိုက်မှုကို ရရှိသွားသည့်အခါ ကျောင်းအုပ်ကြီးအဖြစ်သို့ ထပ်မံ အသွင်ပြောင်းလဲသွားသည်။

ထိုမြင်ကွင်းသည် ပိုပြီး အံ့ဩထိတ်လန့်ဖွယ်ကောင်းသည်။

“ အဲ့ဒါက… မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီးမလား ”

“ သူက ဘူမိကလေးငယ်ကို ရက်လုပ်နိုင်တယ် ”

“ မူကွဲအင်မော်တယ်ကျောင်းတော်ထဲမှာ ကျွမ်းကျင်အဆင့်ကျင့်ကြံသူ နောက်တစ်ယောက် ထွက်ပေါ်လာပြီလား ”

မူကွဲအင်မော်တယ်ကျောင်းတော်ထဲမှ တပည့်ရင်းများသည်လည်း အပြင်သို့ မြန်ဆန်စွာ ပြေးထွက်လာကြသည်။ လေထဲမှ ကျောင်းအုပ်ကြီးကို ကြည့်နေရင်း သူတို့၏ မျက်လုံးထဲမှာ ထိတ်လန့်သော အရိပ်အယောင်က အထင်အရှား ထွက်ပေါ်နေသည်။ ရွှီချင်း၏ မျက်လုံးထဲမှာလည်း သင့်တင့်သော အံ့ဩမှုကို ထုတ်ဖော်ထားသည်။

လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည်တော့ နှလုံးတုန်လှုပ်နေသည်။

‘ ငါမှားသွားတယ်… အဲ့ဒီဆန်းကြယ်ဆရာသခင်က ကျောင်းအုပ်ကြီးမဟုတ်ဘူး… ဒါပေမဲ့ မှန်ကန်တဲ့ ဦးတည်ရာကို ငါရှာတွေ့သွားပြီ… ဒီမူကွဲအင်မော်တယ်ကျောင်းတော်မှာ ကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိရမယ် ’

သူက လူအများ၏ အာရုံစိုက်မှုအလယ်မှာ ရောက်ရှိနေကြောင်း မြင်သွားသောအခါ လေထဲမှ ကျောင်းအုပ်ကြီးသည် လက်နှစ်ဖက်ကို အနောက်ပစ်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။ ဝိညာချည်မျှင်များ၏ အဆင့်ချိုးဖြတ်မှုမှ ဖြစ်ပေါ်လာသော ကျင့်ကြံခြင်းအပြောင်းအလဲကြောင့် သူ၏ အသံသည် အလွန်အမင်း နက်ရှိုင်းသည်။

“ အဲ့ဒါက ငါတို့မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ အတွင်းပိုင်းအတတ်ပညာပဲ ”

“ အတွင်းပိုင်းအတတ်ပညာကို ကျင့်ကြံတဲ့ ဘယ်သူမဆို အများဆုံး သုံးလအတွင်းမှာ ဝိညာည်ချည်မျှင်ငါးသောင်းကို သေချာပေါက် ဖွဲ့စည်းနိုင်လိမ့်မယ်… ဒါပေမဲ့ လိုအပ်ချက်ကတော့ ကျင့်ကြံမယ့်လူတွေမှာ အလုံအလောက် သန်မာတဲ့ ဝိညာဉ်ရှိရမယ် ”

ကျောင်းအုပ်ကြီး၏ စကားဆုံးသွားသည်နှင့်ချက်ချင်း သူ့ကို အာရုံစိုက်နေကြသော ကျောင်းတော်သားအားလုံးသည် နှလုံးတုန်လှုပ်သွားကြသည်။

ဤသည်ကို မြင်သောအခါ ကျောင်းအုပ်ကြီးသည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ဆုံးဖြတ်ချက်ပြတ်သားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာပြီးနောက် သူက ဆက်လက် ပြောသည်။

“ ပြီးတော့ ဒီနေ့ကစပြီး ငါတို့မူကွဲအင်မော်တယ်ကျောင်းတော်က အစဉ်အလာကို ချိုးဖောက်ပြီး တပည့်ရင်းတွေကို ပြန်လက်ခံဖို့ မျှော်စင်ကို ဖွင့်လှစ်မယ်… ငါတို့ရဲ့ အတွင်းပိုင်းအတတ်ပညာကို လက်ဆင့်ကမ်းပေးပြီး လူသားကျင့်ကြံသူတွေအတွက် နောက်ထပ်လမ်းစဉ်အသစ်တစ်ခု ဖွင့်လှစ်ပေးမယ် ”

ထိုသို့ပြောပြီးနောက် ကျောင်းအုပ်ကြီးသည် လေထဲမှာ ပျောက်ကွယ်သွားသည်။

သူက ထွက်သွားပြီဖြစ်သော်လည်း သူ၏ ဝိညာဉ်ချည်မျှင်ဖွဲ့စည်းမှုက ကျွမ်းကျင်အဆင့်ထိ ရောက်ရှိသွားပြီဟူသော သတင်းနှင့် မူကွဲအင်မော်တယ်ကျောင်းတော်က တပည့်ရင်းအများအပြားကို ပြန်လက်ခံတော့မည်ဟူသော သတင်းက အင်ပါယာအကယ်ဒမီထဲမှာ မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေသည်။

မူကွဲအင်မော်တယ်ကျောင်းတော်၏ နာမည်ကျော်ကြားမှုသည် ထပ်မံမြင့်တတ်သွားသည်။ ယခင်က ၎င်းက နိမ့်ကျသွားသည့်အခါတိုင်း နောက်တစ်ကြိမ် ပြန်နိုးထလာလိမ့်မည်။ သို့ဖြစ်၍ ယခု ကျောင်းအုပ်ကြီး၏ မူကွဲအင်မော်တယ်ကျင့်ကြံခြင်းအတတ်က ကျွမ်းကျင်အဆင့်ထိ ရောက်ရှိသွားပြီး ယခင်က အရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်းနိုင်သွားသည့်အခါ ပိုပြီး ကြီးမားသော မုန်တိုင်းက အင်ပါယာအကယ်ဒမီထဲမှာ ဖြစ်ပေါ်လာသည်။

ဆူပူအုံကြွမှုသည် အပြင်ဘက်မှာလည်း ပျံ့နှံ့သွားသည်။ ချက်ချင်းဆိုသလို မူကွဲအင်မော်တယ်ကျောင်းတော်၏ နာမည်ကျော်ကြားမှုသည် တစ်ဟုန်ထိုး မြင့်တတ်သွားသည်။ ရွှီချင်းအပါအဝင် တပည့်ရင်း(၁၃)ယောက်သည် သူတို့၏ ကိုယ်ပိုင်အလုပ်ကိစ္စများကို လုပ်ဆောင်ရန် အချိန်မရှိကြတော့ပေ။ သူတို့က နေ့တိုင်း အဆုံးမရှိသော ကျောင်းသားအုပ်ကြီးကို လက်ခံကြိုဆိုနေကြရသည်။

တပည့်ရင်းဖြစ်လာရန် စိတ်ဆုံးဖြတ်ထားသူသည် အများကြီး မရှိသော်လည်း ယင်းက ကျောင်းတော်သားအများအပြားကို ဆွဲဆောင်နိုင်ခဲ့ကြောင်း ထင်ရှားပေသည်။ သို့သော်လည်း သူတို့၏ ယုံကြည်မှုကို ပိုပြီးခိုင်မြဲစေရန် အချိန်တစ်ခု လိုအပ်လိမ့်မည်။

ဥပမာ ကျွမ်းကျင်အဆင့်ကျင့်ကြံသူ နောက်တစ်ယောက် ထွက်ပေါ်လာခြင်း သို့မဟုတ် ကျောင်းတော်သားတစ်ယောက်၏ ကျင့်ကြံခြင်းက အချိန်တိုအတွင်း မြန်ဆန်စွာ တိုးတတ်သွားခြင်း ဖြစ်သည်။

ထို့ကြောင့် ရွှီချင်းသည် နောက်ထပ်ဝိညာဉ်မျိုးစေ့တစ်ခုကို ပေးသင့် မပေးသင့် စတင်စဉ်းစားလိုက်သည်။

သို့သော်လည်း သူက ပစ်မှတ်ကို မရွေးချယ်နိုင်ခင်မှာ ကျောင်းအုပ်ကြီးက ဘူမိကလေးငယ်ကို အောင်မြင်စွာ ရက်လုပ်ပြီးနောက် တတိယမြောက်နေ့ ညနေခင်းအချိန်တွင် ရွှီချင်းသည် သူ၏ ဝိညာဉ်မျိုးစေ့မှတဆင့် တစ်စုံတစ်ခုကို ရုတ်တရက် အာရုံခံမိသွားသည်။

ကျောင်းအုပ်ကြီး၏ ဝိညာဉ်ချည်မျှင်များက ဝဲကတော့တစ်ခုကို ဖွဲ့စည်းသွားကြောင်း သူအာရုံခံမိသွားသည်။ ထိုဝဲကတော့က သူ၏ ဝဲကတော့ကဲ့သို့ ကြီးကျယ်ခမ်းနားခြင်းမရှိသော်လည်း နှင်းပွင့်များက ထိုဝဲကတော့ထဲမှာ အမှန်တကယ် ထွက်ပေါ်လာကြသည်။

နှင်းပွင့်၏ အရောင်သည် ခရမ်းရောင်မဟုတ်ပေ။ အစိမ်းရောင်ဖြစ်သည်။ ထိုနှင်းပွင့်က သူ၏ ခရမ်းရောင်နှင်းပွင့်ကဲ့သို့ မကောင်းမွန်သော်လည်း အကျိုးသက်ရောက်မှုများက အတူတူဖြစ်ဟန် ရသည်။ တစ်ချိန်တည်းမှာ ယင်းက သူ၏ လွှမ်းမိုးမှုအောက်မှာရှိပြီး အရင်းအမြစ်သည် အတူတူသာ ဖြစ်သည်။

ရွှီချင်းသည် နှလုံးတုန်ယင်သွားသည်။ ထိုအပြောင်းအလဲသည် သူ၏ မျှော်လင့်ထားမှုထက် ကျော်လွန်နေသည်။ သို့သော်လည်း သူက ယင်းကို သေချာအာရုံမခံနိုင်ခင်မှာ အပေါ်ထပ်မှ ကျောင်းအုပ်ကြီးသည် သူနှင့် တခြားတပည့်ရင်းသုံးယောက်ထံသို့ အသံပို့လွှတ်လိုက်ပြီး သူတို့ကို ဆင့်ခေါ်လိုက်သည်။

လူတိုင်းသည် ပုလင်းတစ်လုံးစီ ရရှိကြသည်။

“ အဲ့ဒါက ငါ့မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ အတွင်းပိုင်းအတတ်ပညာ တာအိုမျိုးစေ့ပဲ ”

“ အဲ့ဒါကို မင်းတို့ရဲ့ ခန္ဓာကိုယ်ထဲ ပေါင်းစပ်ပြီးသွားရင် အတွင်းပိုင်းအတတ်ပညာကို ကျင့်ကြံဖို့အတွက် အရည်အချင်းပြည့်မီလာလိမ့်မယ် ”

သူတို့၏ အရှေ့မှ ပုလင်းကို ကြည့်နေရင်း တပည့်ရင်းသုံးယောက်သည် အလွန်စိတ်လှုပ်ရှားသွားကြသည်။  ရွှီချင်း၏ အကြည့်က ပုလင်းထံသို့ ကျရောက်သွားသည့်အခါ သူ၏ နှလုံးသည်လည်း တည်ငြိမ်မနေတော့ပေ။ ထိုပုလင်းထဲမှာ ဝိညာဉ်မျိုးစေ့ရှိကြောင်း သူအာရုံခံနိုင်သည်။

“ အတွင်းပိုင်းအတတ်ပညာ တာအိုမျိုးစေ့က ငါ့ကျောင်းတော် နှစ်ပေါင်းများစွာကြာအောင် သုတေသနတွေ ပြုလုပ်ပြီးမှ ရရှိလာခဲ့တဲ့အရာပဲ… အရင်က ငါမင်းတို့ကို မပေးတာက အဲ့ဒီထဲမှာ လျှို့ဝှက်အန္တရာယ်တွေ ရှိလို့ပဲ… အခု အဲ့ဒီလျှို့ဝှက်အန္တရာယ်တွေကို ဖြေရှင်းပြီးသွားပြီဖြစ်လို့ အဲ့ဒါက ပြီးပြည့်စုံသွားပြီ ”

“ အဲ့ဒါကို စုပ်ယူပြီး မူကွဲအင်မော်တယ်ကျင့်ကြံခြင်းအတတ်နဲ့ ပြုစုပျိုးထောင်မယ်ဆိုရင် မင်းတို့ရဲ့ ကျင့်ကြံခြင်းအမြန်နှုန်းက အံ့မခန်း တိုးမြှင့်သွားလိမ့်မယ် ”

ကျောင်းအုပ်ကြီးက တည်ငြိမ်စွာ ပြောသည်။ ဝိညာဉ်မျိုးစေ့ကို စုပ်ယူပြီးနောက်ပိုင်း ထိန်းချုပ်ခြင်းပြဿနာနှင့်ပတ်သက်ပြီး သူက ရွှီချင်းနှင့် တခြားသုံးယောက်ကို မပြောခဲ့ပေ။ ဤအခိုက်အတန့်မှာ သူက ရွှီချင်းနှင့် တခြားသုံးယောက်ကို လျှပ်စီးကဲ့သို့ စူးရှတောက်ပသော မျက်လုံးဖြင့် စိုက်ကြည့်နေသည်။

“ အခု ပုလင်းကို ချေမွပြီး တာအိုမျိုးစေ့နဲ့ စတင်ပေါင်းစပ်ပါ… ငါမင်းတို့ကို ကာကွယ်ပေးမယ် ”

တပည့်ရင်းသုံးယောက်သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့၏ အရှေ့မှ ကျောင်းအုပ်ကြီးကို ကြည့်လိုက်ကြသည်။ သူတို့က မည်သည့်အရာကို စဉ်းစားနေကြောင်း မည်သူမှ မသိကြပေ။ သို့သော်လည်း အဆုံးမှာ သူတို့က ပုလင်းကို ချေမွလိုက်ပြီး အထဲမှ အစိမ်းရောင်နှင်းပွင့်ကို သူတို့၏ ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူလိုက်ကြသည်။

သူတို့သုံးယောက်က တာအိုမျိုးစေ့ကို စုပ်ယူလိုက်ကြောင်း မြင်သွားသောအခါ ကျောင်းအုပ်ကြီးသည် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ရွှီချင်းကို ကြည့်လိုက်ပြီး ပြောသည်။ သူ၏ အသံထဲမှာ ကြီးကျယ်မြင့်မြတ်သော အရိပ်အမြွက် ပါရှိသည်။

“ ရွှမ်လဲ့ဇီ… ငါ့မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ တာအိုမျိုးစေ့ကို မင်း လက်မခံဘူးလား ”

ရွှီချင်းသည် ထူးဆန်းမှုကို ခံစားမိသွားသည်။ သူက တုံ့ဆိုင်းမနေဘဲ ပုလင်းကို ချေမွလိုက်လေရာ အစိမ်းရောင်နှင်းပွင့်က သူ၏ လက်ဖဝါးထဲသို့ ပေါင်းစပ်သွားသည်။ ယင်းက သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့်ချက်ချင်း အရည်ပျော်သွားကြောင်း ကျောင်းအုပ်ကြီးအပါအဝင် မည်သူမှ အာရုံမခံမိကြချေ။

ယင်းက ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ဝဲကတော့၏ လှည့်ပတ်မှုကို ပိုပြီးမြန်ဆန်လာစေသည်။

ကျောင်းအုပ်ကြီးသည် စိတ်ကျေနပ်သွားပြီး ရွှီချင်းနှင့် တခြားလူများကို ပြန်ခိုင်းလိုက်သည်။ ထို့နောက် သူက မျက်လုံးမှိတ်လိုက်ပြီး ကျင့်ကြံလိုက်သည်။

ရွှီချင်းသည် ကျောင်းအုပ်ကြီးထံသို့ လက်သီးဆုပ်လိုက်ပြီး နှုတ်ဆက်လိုက်သည်။ ထို့နောက် သူက စိတ်ခံစားချက်များ မတည်မငြိမ်ဖြစ်နေကြသော တပည့်ရင်းသုံးယောက်နှင့်အတူ အဖြူရောင်မျှော်စင်ထဲမှ ပြန်ထွက်လာသည်။ စံအိမ်ဆီသို့ လမ်းတစ်လျှောက်တွင် ထိုအစိမ်းရောင်နှင်းပွင့်က သူ့ခရမ်းရောင်နှင်းပွင့်၏ ဝိညာဉ်မျိုးစေ့အခွဲတစ်ခုဖြစ်ကြောင်း ရွှီချင်း အတည်ပြုနိုင်သွားသည်။

“ ဒီလိုအပြောင်းအလဲရှိမယ်လို့ ငါမမျှော်လင့်ထားဘူး ”

“ ကျောင်းအုပ်ကြီးက ဝိညာဉ်မျိုးစေ့အခွဲ ဘယ်လောက်ဖွဲ့စည်းနိုင်ခဲ့လဲ ငါမသိဘူး… တကယ်လို့ အဲ့ဒါက တစ်ရာဆိုရင်… ”

ရွှီချင်းသည် ခေါင်းလှည့်လိုက်ပြီး အင်ပါယာအကယ်ဒမီ၏ ဦးတည်ရာကို ကြည့်လိုက်သည်။

ခရမ်းရောင်ဝိညာဉ်မျိုးစေ့၏ တည်ရှိမှုက မူကွဲအင်မော်တယ်ကျောင်းတော်ကို ကြီးကြီးမားမား ပြောင်းလဲသွားစေပြီး တစ်ဟုန်ထိုး မြင့်တတ်သွားစေမည်ဖြစ်ကြောင်း သူခံစားမိသည်။

အကယ်၍ တစ်ဖက်လူက လူသားသဘာဝကို ချိုးဖောက်ပြီး ဆိုးဝါးသော မည်သည့်အရာကိုမှ မလုပ်ဆောင်သရွေ့ ရွှီချင်းက မူကွဲအင်မော်တယ်ကျောင်းတော်၏ ဂုဏ်သိက္ခာကြီးမားပုံကို အမှန်တကယ် မြင်ချင်သည်။

သို့သော်လည်း အကယ်၍ ဤမျိုးဆက်က လူမဆန်သော ကိစ္စများကို ဆောင်ရွက်မည်ဆိုလျှင် သူက အရာအားလုံးကို ပြန်လည်သိမ်းယူလိမ့်မည်။

All Chapters