နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော် ပြဿနာရှာခြင်း
Vol. 77 Ch. 1190
နေဝင်ရီတရောအချိန်တွင် အကယ်ဒမီထဲမှ ကျောင်းတော်သားအရေအတွက်သည် တဖြည်းဖြည်း လျော့နည်းသွားသည်။ အပြင်လောကသို့ နေ့စဉ် ပြန်သွားရန် အခက်အခဲရှိသူများသာ အကယ်ဒမီ၏ ပရဝုဏ်အတွင်းမှာ နေထိုင်ရန် ရွေးချယ်ကြပြီး ကျောင်းတော်သားအများစုသည် ညနေခင်းတွင် အိမ်သို့ ပြန်သွားကြလိမ့်မည်။
မည်သို့ဖြစ်ပါစေ သေမျိုးလောက၏ အနှောင်အဖွဲ့များသည် ချိုးဖြတ်ရန် ခက်ခဲပေသည်။
ဤအခိုက်အတန့်မှာ အင်ပါယာအကယ်ဒမီထဲတွင် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်မှ လူတစ်အုပ်စုသည် အရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်သွားနေကြသည်။
ကျောင်းတော်သားများ၏ ဝိုင်းရံခံထားရသော အလယ်မှ လူသည် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ ကျောင်းအုပ်ကြီးဖြစ်သည်။ သူက မနှေးလွန်း မမြန်လွန်းသော အလျင်ဖြင့် လျှောက်နေပြီး သူ၏ ခန္ဓာကိုယ်မှ သန့်စင်မွန်မြတ်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူဖြတ်သန်းသွားသည့်နေရာတိုင်း အင်ပါယာအကယ်ဒမီထဲမှ သူ၏ သရုပ်ကြောင့် ကျောင်းတော်သားအားလုံးက သူ့ကို လက်သီးဆုပ်၍ ရိုရိုသေသေ နှုတ်ဆက်ကြသည်။
ထိုသို့ဖြစ်သည့်အခါတိုင်း နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ ကျောင်းအုပ်ကြီးသည် သိမ်မွေ့ညင်သာသော အကြည့်ဖြင့် ခေါင်းညိတ်ပြသည်။
အကယ်၍ သူက နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်မှ ကျောင်းတော်သားတစ်ယောက်ကို မြင်တွေ့သွားလျှင် ရပ်တန့်လိုက်ပြီး ထိုလူ၏ ကျင့်ကြံခြင်းကို စစ်ဆေးကာ အကြံပြုစကား ပြောကြားပေးလိမ့်မည်။
သူ၏ အပြုအမူနှင့် စကားများသည် အင်ပါယာအကယ်ဒမီ၏ ကျောင်းအုပ်တစ်ယောက်ဖြစ်ကြောင်း အပြည့်အဝ သက်သေပြပေးနေသည်။ ထိုအချက်ကြောင့်ပင် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ ကျောင်းအုပ်ကြီးက လူရိုသေခံရခြင်း ဖြစ်သည်။
သူ၏ ရွေ့လျားမှုက အင်ပါယာအကယ်ဒမီထဲမှ ကျောင်းတော်အသီးသီး၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။ အဘယ့်ကြောင့်ဆိုသော် သူက အရှေ့အရပ်သို့ ဦးတည်သွားနေသောကြောင့် ဖြစ်သည်။
မူကွဲအင်မော်တယ်ကျောင်းတော်သည် အရှေ့အရပ်တွင် တည်ရှိသည်။
သို့ဖြစ်၍ အိမ်ပြန်ရန် ပြင်ဆင်နေကြသော ကျောင်းတော်သားများသည် သူတို့၏ မူလရည်ရွယ်ချက်ကို ခဏမေ့လိုက်ကြပြီး မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီး၏ အနောက်သို့ လိုက်သွားကြသည်။ လူအများစုသည် တူညီသော ခန့်မှန်းမှုကို ပြုလုပ်ထားကြသည်။
ထိုသို့ခန့်မှန်းရန် မခက်ခဲပါချေ။ မည်သို့ဖြစ်ပါစေ အတွေးကျောင်းတော်များထဲတွင် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်နှင့် မူကွဲအင်မော်တယ်ကျောင်းတော်သည် မီးနှင့်ရေကဲ့သို့ ဆန့်ကျင်ဘက်ဖြစ်ကြောင်း လူတိုင်းသိထားကြသည်။
အထူးသဖြင့် ယခုကဲ့သို့ မူကွဲအင်မော်တယ်ကျောင်းတော်က နာမည်ကျော်ကြားနေသည့်အချိန်မှာ ဖြစ်သည်။
ထိုသို့ဖြင့် ပိုမိုများပြားသော ကျောင်းတော်သားများက သူတို့နောက်မှ လိုက်ပါသွားကြသည်။ မကြာမီ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်မှ လူအုပ်စုသည် မူကွဲအင်မော်တယ်ကျောင်းတော်၏ အဖြူရောင်မျှော်စင်ရှေ့သို့ ရောက်ရှိသွားကြသည်။
ဤအခိုက်အတန့်မှာ မူကွဲအင်မော်တယ်ကျောင်းတော်ထဲတွင် ရွှီချင်းနှင့် တခြားလူများသည် အချင်းချင်း နှုတ်ဆက်ပြီးနောက် ထွက်သွားရန် ပြင်ဆင်နေကြသည်။ သို့သော်လည်း သူက အပြင်သို့ လှမ်းကြည့်လိုက်လေရာ ခပ်ဖျော့ဖျော့ အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ခြေလှမ်းအနည်းငယ် အနောက်ဆုတ်သွားပြီး တခြားလူများ၏ အနောက်မှာ ရပ်လိုက်သည်။
သူ၏ ဘေးတွင် တပည့်ရင်းဒါဇင်ခန့်က ကျင့်ကြံနေကြသည်။ သူတို့အားလုံး၏ ခန္ဓာကိုယ်ထဲတွင် အစိမ်းရောင်နှင်းပွင့်ရှိကြသည်။ ဝိညာဉ်မျိုးစေ့၏ အားဖြည့်ပေးမှုအောက်မှာ ဝိညာဉ်ချည်မျှင်များသည် သူတို့၏ ခန္ဓာကိုယ်ထဲမှာ အလျှင်အမြန် တိုးပွားလာကြသည်။
ထို့ကြောင့် အဖြူရောင်မျှော်စင်တစ်ခုလုံးတွင် မူကွဲအင်မော်တယ်ကျင့်ကြံခြင်းအတတ်၏ အရှိန်အဝါဖြင့် ပြည့်နှက်နေသည်။ ယင်းက အပြင်ဘက်မှ ကောင်းမွန်စွာ အာရုံခံနိုင်မည့် ဖိအားတစ်ခုကို ဖြစ်ပေါ်လာစေသည်။
နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်က ရောက်ရှိလာသည့်အခါ သူတို့၏ ခန္ဓာကိုယ်ပေါ်မှ နတ်ဘုရားအရှိန်အဝါသည် အဖြူရောင်မျှော်စင်ထဲသို့ တိုးဝင်သွားပြီး မူကွဲအင်မော်တယ်ကျင့်ကြံခြင်းအတတ်၏ အရှိန်အဝါဖြင့် တွေ့ဆုံသွားသည်။ ထိုအရှိန်အဝါနှစ်ခုက တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ဝါးမျိုရန် ကြိုးစားလိုက်လေရာ ဝုန်းခနဲ မြည်သံများ ပဲ့တင်ထပ်လာသည်။
ကောင်းကင်ဘုံမိုးခြိမ်းသံသဖွယ် ကျယ်လောင်သော အသံသည် အဖြူရောင်မျှော်စင်ထဲမှ တခြားတပည့်ရင်းများ၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။ သူတို့အားလုံးသည် ကျင့်ကြံနေခြင်းကို ရပ်တန့်လိုက်ကြပြီး အပြင်ဘက်သို့ ကြည့်လိုက်ကြသည်။
ဂိတ်တံခါးအပြင်ဘက်မှ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်ကို သတိပြုမိသွားသောအခါ မူကွဲအင်မော်တယ်ကျောင်းတော်မှ တပည့်ရင်းများ၏ အမူအရာသည် ပြောင်းလဲသွားကြသည်။ အများစုသည် မတ်တတ်ရပ်လိုက်ကြသည်။
အဖြူရောင်မျှော်စင်၏ အပြင်ဘက်တွင် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ ကျောင်းအုပ်ကြီးသည် သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်သည်။ သူက အထဲသို့ တိုက်ရိုက် မဝင်သွားပေ။
နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ ရာထူးမြင့် ကျောင်းတော်သားများသာ မူကွဲအင်မော်တယ်ကျောင်းတော်၏ အဖြူရောင်မျှော်စင်ထဲသို့ လျှောက်သွားကြသည်။ ထိုထဲမှာ သတ္တမမင်းသားနှင့် တပည့်ခေါင်းဆောင်တို့ ပါဝင်ကြသည်။ သူတို့၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော နတ်ဘုရားအားလှိုင်းအတတ်အကျသည် ပိုပြီးကြီးမားသော မုန်တိုင်းကို ဖွဲ့စည်းလိုက်ပြီး မူကွဲအင်မော်တယ်ကျောင်းတော်၏ အရှိန်အဝါကို ဖိနှိပ်လိုက်သည်။
ယင်းက မူကွဲအင်မော်တယ်ကျောင်းတော်၏ အဖြူရောင်မျှော်စင်အတွင်းမှာ တင်းကြပ်သော လေထုဖြင့် ပြည့်နှက်သွားစေသည်။ မူကွဲအင်မော်တယ်ကျောင်းတော်မှ တပည့်များသည် ရွေးချယ်စရာမရှိဘဲ အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကြရသည်။
ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ ထိုမြင်ကွင်းသည် တားမြစ်ဒေသကြီးထဲမှ အစွမ်းထက် သန္ဓေပြောင်းသားရဲတစ်အုပ်စုက လူအယောင်ဆောင်၍ လူသားလောကထဲသို့ ခြေချလာသည့်အလား သူ့အား ခံစားမိစေသည်။
“ မူကွဲအင်မော်တယ်ကျောင်းတော်ထဲမှာ မိစ္ဆာဒိဌိတွေ တကယ်ရှိနေတာပဲ ”
သတ္တမမင်းသား၏ အကြည့်သည် အေးစက်နေသည်။ သူက ဤနေရာမှ မူကွဲအင်မော်တယ်ကျင့်ကြံခြင်းအတတ်၏ အားလှိုင်းအတတ်အကျများကို အာရုံခံမိပြီးနောက် တည်ငြိမ်စွာ ပြောသည်။
သူ၏ စကားဆုံးသွားသည်နှင့်ချက်ချင်း ရွှီချင်း၏ အကြည့်သည် အေးစက်သွားသည်။ မူကွဲအင်မော်တယ်ကျောင်းတော်၏ တပည့်ရင်းများသည်လည်း ထို့အတူပင်။ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်ကို ကြည့်သော သူတို့၏ အကြည့်သည် စူးရှလာသည်။
သူတို့က မူကွဲအင်မော်တယ်ကျောင်းတော်ကို မကြာသေးခင်ကမှ ဝင်ရောက်ခဲ့ပြီး သူတို့၏ သစ္စာရှိမှုက မခိုင်မြဲသော်လည်း မူကွဲအင်မော်တယ် တာအိုမျိုးစေ့မှ ရရှိလာသော အကျိုးအမြတ်များသည် တခြားကျောင်းတော်များ နှိုင်းယှဉ်နိုင်သောအရာ မဟုတ်ပေ။ သူတို့က ထိုသို့အကျိုးအမြတ်များကို လက်မလျော့ချင်ပေ။
ထို့ကြောင့် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်က မဟုတ်မမှန် ရိုင်းရိုင်းစိုင်းစိုင်း ပြောလာသည့်အခါ သူတို့၏ ရန်သူဖြစ်လာသည်။
“ မင်းက အပြင်လောကမှာ မင်းသားတစ်ပါးဆိုပေမဲ့ အင်ပါယာအကယ်ဒမီထဲမှာတော့ ကျောင်းတော်သားတစ်ယောက်ပဲ… ကျေးဇူးပြုပြီး စကားမပြောခင် စဉ်းစားဆင်ခြင်ပြီးမှ ပြောပါ ”
မူကွဲအင်မော်တယ်ကျောင်းတော်မှ ကျောင်းတော်သားတစ်ယောက်က အေးစက်စွာ ပြန်ပြောသည်။
သတ္တမမင်းသားက မထူးမခြားနား အမူအရာဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူက ဘေးသို့ လှည့်လိုက်ပြီး အနောက်သို့ ခြေလှမ်းအနည်းငယ် လျှောက်သွားကာ လမ်းဖယ်ပေးလိုက်သည်။ သူ၏ ဘေးမှ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ ရာထူးမြင့် ကျောင်းတော်သားများသည်လည်း သူ့နည်းတူ လမ်းဖယ်ပေးလိုက်ကြသည်။ ထိုအခါ အဖြူရောင်မျှော်စင်ထဲသို့ မဝင်ရောက်သေးသော နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်မှ ကျောင်းအုပ်ကြီး၏ ပုံရိပ်က ထွက်ပေါ်လာသည်။
နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ ကျောင်းအုပ်ကြီးသည် တည်ငြိမ်သော အကြည့်ဖြင့် အဖြူရောင်မျှော်စင်ထဲသို့ လျှောက်သွားသည်။ သူက မျှော်စင်ထဲမှ မည်သူ့ကိုမှ မကြည့်ပေ။ ယင်းအစား သူက ခေါင်းမော့လိုက်ပြီး အဖြူရောင်မျှော်စင်၏ အပေါ်ထပ်ကို ကြည့်လိုက်ကာ တည်တည်ငြိမ်ငြိမ် ပြောသည်။
“ မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီး… နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်က အလည်ရောက်လာပါတယ် ”
သူ၏ အသံက မကျယ်လောင်သော်လည်း သူ၏ သရုပ်မှ ဖြစ်ပေါ်လာသော ဖိအားသည် အရာအားလုံးကို ဖိနှိပ်လိုက်သည်။ ယင်းက မူကွဲအင်မော်တယ်ကျောင်းတော်မှ ကျောင်းတော်သားများကို ခေါင်းငုံ့သွားစေသည်။
လူအုပ်ကြီးထဲတွင် ရွှီချင်းသည် ကျောင်းအုပ်ကြီးကို ကြည့်လိုက်သည်။ ဤသည်မှာ ကျောင်းအုပ်ကြီးကို နီးနီးကပ်ကပ် မြင်တွေ့ခွင့်ရသည့် ဒုတိယအကြိမ် ဖြစ်သည်။ ရင်းနှီးသော ခံစားမှုသည် သူ၏ နှလုံးသားထဲမှာ ထပ်မံ ထွက်ပေါ်လာသည်။
‘ ဒီလူရဲ့ သရုပ်က သံသယဖြစ်စရာကောင်းတယ် ’
ရွှီချင်းက တွေးတောလိုက်သည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ သူ၏ အသိစိတ်သည် လှုပ်ခါသွားသည်။ သူက ကျောင်းအုပ်ကြီးထံမှ အကြည့်ပြန်ရုပ်လိုက်ပြီး အဖြူရောင်မျှော်စင်၏ အပေါ်ထပ်ကို ကြည့်လိုက်သည်။
ထိုနေရာမှာ အစိမ်းရောင်ဝိညာဉ်မျိုးစေ့၏ နောက်ထပ်အားလှိုင်းအတတ်အကျကို သူအာရုံခံမိသွားသည်။
“ အဲ့ဒါက… ”
တစ်ချိန်တည်းမှာ မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီး၏ အသံသည် အပေါ်ထပ်မှ ပဲ့တင်ထပ်လာသည်။
“ ကျုပ်တို့လမ်းစဉ်တွေက မတူညီဘူး… ပြီးတော့ ဒီအဖိုးကြီးမှာ ထွက်တွေ့ဖို့ အချိန်မရှိဘူး… ကျေးဇူးပြုပြီး မြန်မြန် ထွက်သွားပေးပါ… ကျုပ်ကျောင်းက တပည့်တွေ ကျင့်ကြံနေတာကို မနှောင့်ယှက်ပါနဲ့ ”
နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီး၏ အသံက တည်ငြိမ်သော်လည်း မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီး၏ အသံထဲမှာ မောက်မာထောင်လွှားမှုဖြင့် ပြည့်နှက်နေသည်။
ဤသည်မှာ သူတို့၏ အဆင့်အတန်းပေါ် မူတည်သည်။ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်သည် အင်ပါယာအကယ်ဒမီ၏ လက်ရှိ နံပါတ်တစ်ကျောင်းတော် မဟုတ်ပါလော။ ထုံးစံအားဖြင့် သူတို့က အေးဆေးတည်ငြိမ်စွာ ပြုမူရလိမ့်မည်။
အကယ်၍ မူကွဲအင်မော်တယ်ကျောင်းတော်က အပေါ်သို့ မြင့်တတ်ချင်သည်ဆိုလျှင် တော်လှန်လိုသော စိတ်ဆန္ဒရှိရမည်။
သို့ဖြစ်၍ မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီး၏ စကားများက နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်မှ လူများ၏ နားထဲတွင် အနည်းငယ် ပြင်းထန်သည်။ သို့သော်လည်း နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီး၏ အမူအရာသည် ပုံမှန်အတိုင်း ရှိနေဆဲပင်။ သူက တစ်ဖက်လူ၏ စကားကို စိတ်ထဲမထားပေ။ ယင်းအစား သူက အဖြူရောင်မျှော်စင်ထဲမှ မူကွဲအင်မော်တယ်ကျောင်းတော်သားများကို ကြည့်လိုက်သည်။ သူ၏ အသံသည် သိမ်မွေ့နူးညံ့ပြီး စိတ်ခံစားချက်တစ်စွန်းတစ်စ ပါဝင်သည်။
“ အင်ပါယာအကယ်ဒမီက ပန်းပင်အသစ်တွေကို ပျိုးထောင်ပေးဖို့ အဓိက အလေးထားတယ်… ဒါကြောင့် မူကွဲအင်မော်တယ်ကျောင်းတော် ပြန်နာလန်ထူလာတာကို ဒီအဖိုးကြီးက ကြိုဆိုပါတယ်… ကျောင်းတော်အချင်းချင်း ယှဉ်ပြိုင်ပြီး ပညာဖလှယ်မှသာ အတွေးအမြင်ဟောင်းတွေကို စွန့်လွှတ်ပြီး အတွေးသစ်အမြင်သစ်တွေကို ရှာဖွေနိုင်လိမ့်မယ်… ဒီနည်းနဲ့ ကျုပ်တို့က လက်ရှိအခြေအနေနဲ့ သဟဇာတဖြစ်မယ့် လမ်းစဉ်အသစ်တွေကို ဖော်ထုတ်ပြီး လူသားမျိုးနွယ်ရဲ့ အနာဂတ်ကို ပိုမိုကောင်းမွန်လာစေမယ် ”
“ ဒါပေမဲ့ မိစ္ဆာဒိဌိနည်းလမ်းတွေနဲ့ ပြန်နာလန်ထူလာပြီး ကျောင်းတော်သားတွေရဲ့ အသက်အန္တရာယ်ကို ထိခိုက်စေမယ်ဆိုရင်တော့ ကျုပ်က လက်ခံမှာမဟုတ်ဘူး… အင်ပါယာအကယ်ဒမီက အဲ့ဒါကို လက်ခံမှာမဟုတ်ဘူး… လူသားမျိုးနွယ်ကလည်း လက်ခံမှာမဟုတ်ဘူး ”
“ ကျုပ် ရှေးဟောင်းစာအုပ်တွေ ဖတ်ကြည့်ဖူးတယ်… အဲ့ဒီထဲမှာ မူကွဲအင်မော်တယ် တာအိုမျိုးစေ့လို့ခေါ်တဲ့ အရာကို ဘယ်တုန်းကမှ မဖော်ပြခဲ့ဘူး… အဲ့ဒါက မကြာသေးကမှ ထွက်ပေါ်လာတဲ့ ပြင်ပပစ္စည်းတစ်ခု ဖြစ်ရမယ်… အခြေခံအမြင်အရဆိုရင် မင်းတို့ရဲ့ ခန္ဓာကိုယ်ထဲက မူကွဲအင်မော်တယ် တာအိုမျိုးစေ့မှာ ပြဿနာကြီးတစ်ခု ရှိရမယ် ”
“ အဲ့ဒီမျိုးစေ့ကို ငါလေ့လာကြည့်ခဲ့တယ်… အဲ့ဒါက ရက်စက်တဲ့ မိစ္ဆာနည်းလမ်းပဲ… မင်းက အဲ့ဒါကို စုပ်ယူလိုက်တာနဲ့ မင်းရဲ့ အသက်၊ ကျင့်ကြံခြင်းနဲ့ အတွေးအားလုံးက တခြားလူတွေရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိသွားလိမ့်မယ် ”
“ ပြီးတော့… အရင်းအမြစ်က တစ်ချက်တွေးလိုက်ရုံနဲ့ မင်းတို့က ဆိုးဝါးတဲ့ ပေးဆပ်မှုကို ခံစားရလိမ့်မယ်… အဲ့ဒါက အဆိုးဆုံး အသက်သေဆုံးစေနိုင်ပြီး အသက်သာဆုံးကတော့ ဝိညာဉ်မှေးမှိန်သွားလိမ့်မယ် ”
“ ဒါကြောင့် ဒီနေ့ ကျုပ်ဒီကို ရောက်လာတာ ဒီလိုရက်စက်တဲ့ နည်းလမ်းကို အသုံးမပြုဖို့ မူကွဲအင်မော်တယ်ကျောင်းတော်ကို လာသတိပေးတာပဲ… ပြီးတော့ မင်းတို့ကျောင်းသားတွေလည်း မင်းတို့ရဲ့ ခန္ဓာကိုယ်ထဲက တာအိုမျိုးစေ့ကို မြန်မြန် ထုတ်ပစ်ဖို့ ငါအကြံပေးမယ်… မဟုတ်ရင် မင်းတို့က အသက်သေဆုံးနိုင်တဲ့ အန္တရာယ်ကပ်ဘေးနဲ့ ရင်ဆိုင်ရလိမ့်မယ် ”
သူ၏ စကားဆုံးသွားသည်နှင့်ချက်ချင်း မူကွဲအင်မော်တယ်ကျောင်းတော်ထဲမှ လူတိုင်းသည် နှလုံးတုန်သွားကြသည်။ သူတို့က တစ်ဖက်လူပြောခဲ့သော စကားကို ယခင်က စဉ်းစားကြည့်ခဲ့ဖူးသည်။ သို့သော်လည်း တာအိုမျိုးစေ့၏ အစွမ်းတိုးမြှင့်ပေးမှုက အလွန်ကြီးမားပြီး မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီးက ယင်းကို အင်ပါယာအဆင့် ကျင့်ကြံခြင်းအတတ်ပညာဖြင့် နှိုင်းယှဉ်ပြောခဲ့သဖြင့် သူတို့က ဘေးထွက်ဆိုးကျိုးကို လျစ်လျူရှုခဲ့ကြသည်။
နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်မှ ကျောင်းအုပ်ကြီးက သာမန်မဟုတ်ကြောင်း ရွှီချင်း ဝန်ခံရလိမ့်မည်။ တစ်ဖက်လူ၏ စကားများက လူတိုင်း၏ နှလုံးသားထဲမှာ သံသယမျိုးစေ့ကို စိုက်ပျိုးပေးခဲ့သည်။
‘ ကျောင်းအုပ်ကြီးက ဘယ်လိုဖြေရှင်းမလဲ ငါသိချင်မိတယ် ’
ရွှီချင်းသည် အဖြူရောင်မျှော်စင်၏ အပေါ်ထပ်ကို ကြည့်လိုက်သည်။