စစ်မှန်တဲ့ မူကွဲအင်မော်တယ်
Vol. 77 Ch. 1192
လူအများအပြားအတွက် ယနေ့ညသည် တိတ်ဆိတ်ငြိမ်သက်သည်။
သို့သော်လည်း လူတချို့အတွက်တော့ ယနေ့ညတွင် သူတို့၏ နှလုံးသားထဲမှာ မုန်တိုင်းအစပျိုးနေပြီး လှိုင်းလုံးများ ထွက်ပေါ်လာသည်။
ဥပမာ စံအိမ်သို့ ပြန်သွားခဲ့သော သတ္တမမင်းသားဖြစ်သည်။ သူက လျှို့ဝှက်အခန်းထဲမှာ တရားထိုင်နေဟန် ထင်မှတ်ရသော်လည်း ဤအခိုက်အတန့်မှာ သူ၏ စိတ်ခံစားချက်များသည် ပရမ်းပတာ လှုပ်ခတ်နေသည်။ ကျောက်စိမ်းပြားထဲမှာ မှတ်သားထားသော အကြောင်းအရာများက နတ်ဆိုး၏ စကားသံများအလား သူ၏ စိတ်ထဲမှာ ဆက်တိုက် ထွက်ပေါ်နေသည်။
မူကွဲအင်မော်တယ်ကျောင်းတော်၏ ဘိုးဘေး ချန်းတောက်ဇီလည်း ရှိသေးသည်။ အစိမ်းရောင်နှင်းပွင့်က သူ၏ ခန္ဓာကိုယ်ထဲမှ မျောလွင့်ထွက်လာပြီး ခရမ်းရောင်နှင်းပွင့်က သူနှင့် ပေါင်းစပ်သွားသည့်အခါ သူ၏ ဝိညာဉ်ချည်မျှင်သည် ကြီးကြီးမားမား ပြောင်းလဲသွားသည်။
ဝိညာဉ်ချည်မျှင်အရေအတွက်သည် တစ်ဟုန်ထိုး မြင့်တတ်သွားသည်။
သူ့ဝိညာဉ်၏ သိပ်သည်းမှုသည် မူကွဲအင်မော်တယ်ကျောင်းတော်ထဲမှ လူတိုင်းထက် သာလွန်ပြီး မယုံကြည်နိုင်စရာကောင်းသော အဆင့်ထိ ရောက်ရှိနေသည်။ ထိုအကြောင်းအရင်းကြောင့်ပင် အစိမ်းရောင်နှင်းပွင့်က သူ၏ ဝိညာဉ်ချည်မျှင်ကို သုံးသိန်းထက်ပိုပြီး မတိုးမြှင့်ပေးနိုင်ခြင်း ဖြစ်သည်။
ယခု ခရမ်းရောင်နှင်းပွင့်က သူနှင့် ပေါင်းစပ်သွားသည့်အခါ သူ၏ ဝိညာဉ်ချည်မျှင်အရေအတွက်သည် ဆက်တိုက်တိုးပွားလာပြီး လေးသိန်း၊ ငါးသိန်း နောက်ဆုံးမှာ ခြောက်သိန်းနားထိ တိုးမြှင့်သွားသည်။
မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီးက ထိုစွမ်းအင်လှိုင်းအတတ်အကျများကို ဖုံးကွယ်ရန် စည်းချအစီအရင်တစ်ခုကို အသက်သွင်းခဲ့ရသည်။ သို့မဟုတ်လျှင် ယင်းက ကြီးမားသော ဆူပူအုံကြွမှုကို ဖြစ်ပေါ်စေလိမ့်မည်။
ကျောင်းအုပ်ကြီးက ယင်းကို ဖုံးကွယ်ရသည့် အကြောင်းအရင်းမှာ သူ့မှာ တခြားရွေးချယ်စရာ မရှိသောကြောင့် ဖြစ်သည်။ မည်သို့ဖြစ်ပါစေ ခရမ်းရောင်နှင်းပွင့်၏ ကျင့်ကြံခြင်းအမြန်နှုန်းသည် အလွန်ကြောက်စရာကောင်းသည်။
သင့်တင့်မျှတသော အမြန်နှုန်းသည် လူအများ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ပြီး လိုချင်တပ်မက်စိတ် ဖြစ်ပေါ်စေနိုင်သည်။ သို့သော်လည်း ကောင်းကင်ဘုံဆန့်ကျင်သော အမြန်နှုန်းသည် ကပ်ဘေးကို ဖိတ်ခေါ်လိမ့်မည်။
သူ၏ ဖုံးကွယ်မှုက အပြင်လူများကို ဝိညာဉ်ချည်မျှင်စွမ်းအင်လှိုင်းများအား အာရုံမခံနိုင်စေရန် တားဆီးပေးနိုင်သော်လည်း ယင်းက ရွှီချင်းပေါ်မှာ သက်ရောက်မှုမရှိပေ။
ထိုနေ့ညတွင် ရွှီချင်းသည် မကြာခဏ မျက်လုံးဖွင့်ခဲ့ပြီး အင်ပါယာအကယ်ဒမီ၏ ဦးတည်ရာဆီသို့ ကြည့်ခဲ့သည်။
သူ၏ အမူအရာသည်လည်း ကြိမ်ဖန်များစွာ ပြောင်းလဲသွားသည်။ စိတ်ခံစားချက်လှိုင်းများသည် သူ၏ နှလုံးသားထဲမှာ ရံဖန်ရံခါ ထွက်ပေါ်လာသည်။
“ ချန်းတောက်ဇီရဲ့ ဝိညာဉ်က ဒီအဆင့်ထိ ရောက်နေမယ်လို့ မမျှော်လင့်ထားဘူး… ”
ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ ဝိညာဉ်မျိုးစေ့မှတဆင့် တစ်ဖက်လူ၏ ဝိညာဉ်ချည်မျှင်များက သိသိသာသာ တိုးမြှင့်သွားကြောင်း ရှင်းလင်းစွာ သူအာရုံခံနိုင်သည်။ တစ်ချိန်တည်းမှာ သူ၏ နတ်ဘုရားအရင်းအမြစ်သည် သိသိသာသာ တိုးပွားလာပြီး အံ့ဖွယ်ကောင်းသော အဆင့်ထိ ရောက်ရှိသွားသည်။
တစ်ညတည်းမှာ ရွှီချင်း၏ ဝိညာဉ်ချည်မျှင်သည် သောင်းဂဏန်းခန့် တိုးမြှင့်သွားသည်။
တူညီစွာပင် ထိုညမှာ မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီးသည် နှလုံးတုန်လှုပ်သွားသည်။
ဘိုးဘေးချန်းတောက်ဇီ၏ တိုးတတ်မှုကို သူ၏ မျက်စိဖြင့် ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။ ယင်းက သူ့အား ဝိညာဉ်မျိုးစေ့အကြောင်းကို ပိုပြီးနက်ရှိုင်းစွာ နားလည်သွားစေသည်။ တစ်ချိန်တည်းမှာ သူက ကြောက်ရွံ့မှုကို ခံစားမိသွားသည်။
အမှန်မှာ အပြင်လောကတွင် သူပြောခဲ့သော စကားများက အဓိပ္ပာယ်ရှိပြီး သူက မောက်မာထောင်လွှားဟန် ထင်မှတ်ရသည်။ သို့သော်လည်း ထိုဝိညာဉ်မျိုးစေ့နှင့်ပတ်သက်ပြီး မည်သို့ကြောင့် သူက ခန့်မှန်းမှုများ မပြုလုပ်ဘဲ နေမည်နည်း။
သို့သော်လည်း မူကွဲအင်မော်တယ်ကျောင်းတော်၏ ပြန်လည်ရှင်သန်ရေးအတွက် သူက ဤအခွင့်အရေးကို အမိအရဖမ်းဆုပ်ရမည်။ အကယ်၍ ယင်းက အဆိပ်ဖြစ်နေလျှင်ပင် သူက ဝါးမျိုရလိမ့်မည်။
ဤရွေးချယ်မှုက မူကွဲအင်မော်တယ်ကျောင်းတော်၏ အနာဂတ်အတွက် ကောင်းမွန်သောအရာ ဟုတ်မဟုတ်ကို သူမသိသော်လည်း မူကွဲအင်မော်တယ်ကျောင်းတော်ကို တိတ်ဆိတ်စွာ သေဆုံးသွားစေမည့်အစား သူက အရာအားလုံးကို စတေးပြီး ကြိုးစားကြည့်ချင်သည်။
သို့သော်လည်း ဤအခိုက်အတန့်မှာ ဝိညာဉ်မျိုးစေ့၏ ပေါက်ကွဲမှုမှ ဖြစ်ပေါ်လာသော အရှိန်အဟုန်က သူ့ကို နှလုံးတုန်လှုပ်သွားစေသည်။ သူ၏ နှလုံးသားထဲမှ ကြောက်ရွံ့မှုသည်လည်း ပိုပြီးကြီးမားလာသည်။
ချန်းတောက်ဇီက ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်သည်ကို မြင်သွားသောအခါ ကျောင်းအုပ်ကြီးသည် သူ၏ အတွေးကို ဖိနှိပ်လိုက်သည်။
“ ဒီဟာက နတ်ဘုရားအရင်းအမြစ်ပဲ ”
ရှေးဟောင်းအသံသည် ဘဝ၏ အနိမ့်အမြင့်အတတ်အကျ သဘောတရားကို သယ်ဆောင်လျက် ပျံ့လွင့်လာပြီး ကျောင်းအုပ်ကြီး၏ နားထဲသို့ ပဲ့တင်ထပ်သွားသည်။
“ ဘိုးဘေးကို နှုတ်ဆက်ပါတယ် ”
မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီးသည် စိတ်လှုပ်ရှားစွာ ဒူးထောက်လိုက်သည်။
“ တစ်ယောက်ယောက်က ငါတို့ရဲ့ အရှေ့ကို လျှောက်နှင့်ပြီးနေပြီ… ဒီဟာက ငါ့မူကွဲအင်မော်တယ်ကျင့်ကြံခြင်းအတတ်က ဖြစ်နိုင်ခြေရှိတဲ့ လမ်းစဉ်တစ်ခုဖြစ်ကြောင်း သွယ်ဝိုက်ပြီး သက်သေပြုပေးလိုက်တာပဲ ”
“ ငါတို့က နတ်ဘုရားအရင်းအမြစ်ကို တုပဖန်တီးဖို့ ဝိညာဉ်ချည်မျှင်တွေကို အသုံးပြုတယ်… အဲ့ဒီလူက ငါတို့နဲ့ ပြောင်းပြန်ဆောင်ရွက်တယ်… သူက နတ်ဘုရားအရင်းအမြစ်တွေကို အသုံးပြုပြီး ဝိညာဉ်ချည်မျှင်တွေကို ဖန်တီးတယ်… ရလဒ်ပေါ်မူတည်ပြီး နည်းလမ်းကို ဆုံးဖြတ်တယ်… ငါ့မူကွဲအင်မော်တယ်ကျင့်ကြံခြင်းအတတ်ကို အသုံးပြုပြီး အဲ့ဒါကို ပိုပြီးအားကောင်းလာစေတယ် ”
“ ဒီနည်းနဲ့ဆိုရင် တစ်စုံတစ်ယောက်က အတွေးတစ်ချက်နဲ့ နတ်ဘုရားတစ်ပါးဖြစ်နိုင်သလို အင်မော်တယ်တစ်ပါးလည်း ဖြစ်နိုင်တယ်… ဖြစ်နိုင်တာက အဲ့ဒါကမှ စစ်မှန်တဲ့ မူကွဲအင်မော်တယ်ပဲ ”
ချန်းတောက်ဇီ၏ ဧရာမခန္ဓာကိုယ်သည် ဖြည်းညင်းစွာ ဝေဝါးသွားသည်။ နောက်ဆုံးမှာတော့ ဝုန်းဟူသော ပေါက်ကွဲသံနှင့်အတူ သူ၏ ခန္ဓာကိုယ်သည် မရေမတွက်နိုင်သော ဝိညာဉ်ချည်မျှင်များသို့ ပြောင်းလဲသွားသည်။ ယင်းတို့က မြန်ဆန်စွာ ကျုံ့သွားပြီး လုံးဝပျောက်ကွယ်သွားကာ နောက်ဆုံးမှာတော့ နှစ်ပေါင်းနှစ်ထောင်ကြာအောင် ပျောက်ကွယ်နေခဲ့သော သူ၏ အစစ်အမှန် ခန္ဓာကိုယ်က ပြန်လည်ထွက်ပေါ်လာလေသည်။
သူ၏ မျက်လုံးသည် အသူရာချောက်နက်ပမာ နက်ရှိုင်းသည်။ သူ၏ မျက်လုံးဘေးတွင် အချိန်ကာလ၏ ယိုယွင်းတိုက်စားမှုကို သက်သေပြုပေးနေသော အရေးအကြောင်းများဖြင့် ပြည့်နှက်နေသည်။ ယင်းတို့က ဘဝ၏ အနိမ့်အမြင့်သဘောတရားကို သူကြံ့ကြံ့ခံနိုင်ခဲ့ကြောင်း ဖော်ပြပေးနေသည့် အမှတ်သင်္ကေတများ ဖြစ်သည်။
သူ၏ ဆံပင်သည် မီးခိုးဖြူရောင်ဖြစ်ပြီး ခန္ဓာကိုယ်သည် ပိန်ပါးသေးသွယ်သည်။ သို့တိုင် သူ၏ မျက်လုံးသည် လေးနက်သော ဉာဏ်ပညာကို ထုတ်ဖော်ပြလျက် တောက်ပသည်။ ယင်းက သူ၏ မျက်လုံးအား ကြည့်မိသည့် လူတိုင်းကို ဝိညာဉ်ဖမ်းစားပစ်နိုင်ဟန်ရပြီး လူသားသဘာဝ၏ အနှစ်သာရကို ထွင်းဖောက်ပစ်နိုင်ဟန် ရသည်။
သူ၏ မျက်လုံးသည် အလွန်စူးရှပြီး တောက်ပသည်။
ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်ကို အာရုံခံမိသွားသောအခါ သူ၏ မျက်လုံးထဲမှာ စိတ်ခံစားချက်များ ထွက်ပေါ်လာသည်။ သူက တစ်နေ့နေ့မှာ ပြန်လည်ကောင်းမွန်လာလိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့ပေ။
သူက တဖြည်းဖြည်း ထိုအတိုင်း သေဆုံးသွားရန် စိတ်ကို ပြင်ဆင်ထားပြီးသား ဖြစ်သည်။
သို့သော်လည်း ယခု သူက ပြန်ရှင်သန်လာပြီဖြစ်၍ ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်သည်။ ထို့ကြောင့် သူက မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီး၏ ဘေးသို့ လျှောက်သွားပြီး သူ၏ ပခုံးကို ပုတ်ပေးလိုက်သည်။
“ အများကြီး စဉ်းစားမနေနဲ့… တကယ်လို့ မင်းက အဲ့ဒါကို မူကွဲအင်မော်တယ်လို့ သဘောထားမယ်ဆိုရင် အရာအားလုံးက ရိုးရှင်းသွားလိမ့်မယ် ”
“ မူကွဲအင်မော်တယ်လို့ သဘောထားရမယ်… ”
မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီး၏ အသက်ရှူသံသည် အနည်းငယ် မြန်ဆန်လာပြီး တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။ သူက အံတင်းတင်းကြိတ်လိုက်ပြီး သူ၏ နှလုံးသားထဲမှ နောက်ဆုံးအကြွင်းအကျန် ကြောက်ရွံ့စိတ်နှင့် တုံ့ဆိုင်းမှုကို ဖျက်ဆီးပစ်လိုက်သည်။
သူ၏ နှလုံးသားထဲမှ တုံ့ဆိုင်းမှုက ပျောက်ကွယ်သွားသည့်အခါ သူ၏ စိတ်သည် ရှင်းလင်းစွာ ဖွင့်လှစ်သွားပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ခရမ်းရောင်းနှင်းပွင့်တွင် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။ ယင်းက သူ၏ ခန္ဓာကိုယ်နှင့် တစ်သားတည်းဖြစ်လာပြီး ပိုပြီးတင်းကျပ်စွာ ပေါင်းစည်းသွားသည်။
ထို့နောက် ဝိညာဉ်ချည်မျှင်များက တစ်ဟုန်ထိုး တိုးမြှင့်သွားသည်။ ယင်းက မူလအကန့်အသတ်ကို ချိုးဖြတ်ပြီး တစ်သိန်းအထိ ရောက်ရှိသွားသည်။
“ အဲ့ထက်ပိုပြီး တိုးမြှင့်နိုင်တော့မှာ မဟုတ်ဘူး… ဘာလို့လဲဆိုတော့ ဝိညာဉ်ချည်မျှင်တစ်သိန်းက မင်းရဲ့ ဝိညာဉ်ရဲ့ အကန့်အသတ်ကို ကျော်လွန်သွားလို့ပဲ… ပုံမှန်ဆိုရင် မင်းရဲ့ ဝိညာဉ်ရဲ့ သိပ်သည်းမှုအရဆို ဝိညာဉ်ချည်မျှင်တစ်သိန်းကို ဖွဲ့စည်းနိုင်မှာ မဟုတ်ဘူး… ဒီဟာက မင်းဖြန့်ဝေထားတဲ့ အစိမ်းရောင်နှင်းပွင့်တွေရဲ့ အားဖြည့်ပေးမှုကြောင့်ပဲ ”
ချန်းတောက်ဇီသည် မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီးကို စိုက်ကြည့်လိုက်သည်။ သူ၏ အကြည့်သည် လေးနက်သည်။ ဤသည်မှာ သူက သူ့အရှေ့မှ ဂျူနီယာ၏ အရာအားလုံးကို ထွင်းဖောက်မြင်နေရသည့်အလားပင်။
“ တကယ်လို့ မင်းက အဆင့်ချိုးဖြတ်ချင်တယ်ဆိုရင် အစိမ်းရောင်နှင်းပွင့်နဲ့ ပေါင်းစပ်ထားတဲ့ တပည့်တွေကို အဆင့်တတ်နိုင်အောင် ကူညီပေးပါ… တကယ်လို့ သူတို့က သတ်မှတ်ထားတဲ့ ဝိညာဉ်ချည်မျှင်အရေအတွက်ကို ရောက်ရှိသွားတဲ့အခါ နောက်ထပ် တာအိုမျိုးစေ့အခွဲကို ထုတ်လုပ်နိုင်မလားဆိုတာ ငါတို့စောင့်ကြည့်ရမယ် ”
ဤသည်ကို မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီး ကြားသောအခါ သူက ခေါင်းညိတ်လိုက်သည်။ ထူးဆန်းသော အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။
ထိုသို့ဖြင့် ခုနစ်ရက် ကုန်ဆုံးသွားသည်။
ထိုခုနစ်ရက်အတွင်းမှာ ရွှီချင်းသည် မူကွဲအင်မော်တယ်ကျောင်းတော်၏ အဖြူရောင်မျှော်စင်ဆီသို့ နေ့စဉ် ရောက်ရှိလာခဲ့သည်။ တပည့်ရင်းအများအပြားက ကျင့်ကြံနေကြစဉ် မူကွဲအင်မော်တယ်ကျင့်ကြံခြင်းအတတ်မှ ခံစားမှုကို သူအာရုံခံနိုင်သည်။
မူကွဲအင်မော်တယ်ကျင့်ကြံခြင်းအတတ်ကို ပိုမိုများပြားသော လူများက ကျင့်ကြံလာသည်နှင့်အမျှ အဖြူရောင်မျှော်စင်ထဲမှာ စိမ့်ဝင်နေသော အားလှိုင်းအတတ်အကျများသည် သူ၏ ကျင့်ကြံခြင်းအတွက် အလွန်ကောင်းမွန်ကြောင်း ရွှီချင်း ရှာတွေ့ခဲ့သည်။
ဤနေရာက သူ၏ အသိစိတ်ပင်လယ်ထဲမှ ဝဲကတော့ကို ပိုမိုချောမွေ့စွာ လှည့်ပတ်စေသည်။
ထို့ကြောင့် ရွှီချင်းက ဤပတ်ဝန်းကျင်ကို လွန်စွာ သဘောကျသည်။
တစ်ချိန်တည်းမှာ ရွှီချင်းသည် မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီး၏ လုပ်ဆောင်မှုများကို သတိပြုမိခဲ့သည်။ တစ်ဖက်လူသည် ယခင်ကဲ့သို့ အပေါ်ထပ်မှာ ကျင့်ကြံမနေတော့ပေ။ ယင်းအစား အဓိကခန်းမကို ပြန်ရောက်လာပြီး တပည့်များကို သူတို့၏ ကျင့်ကြံခြင်းမှာ ထပ်ခါထပ်ခါ ညွှန်ကြားပေးသည်။ ဤသည်မှာ သူက ရွေးချယ်နေခြင်း ဖြစ်ဟန်ရ၏။
သူက အစက ရွှီချင်းကို ရွေးချယ်ခဲ့သည်။ သို့သော်လည်း ရွှီချင်း၏ ကျင့်ကြံခြင်းအမြန်နှုန်းက နောက်ပိုင်းမှာ အနည်းငယ် နှေးကွေးသွားပြီး သူက မြှောက်ပင့်မပြောတတ်သောကြောင့် ကျောင်းအုပ်ကြီးက သူ့ကို လက်လျော့သွားခဲ့သည်။
ထို့ကြောင့် တခြားတပည့်ရင်းများ၏ ကြိုးစားမှုအောက်မှာ ရွှီချင်းက နောက်ကျကျန်နေခဲ့ဟန် ရသည်။
ထိုအခြေအနေမျိုးကို ရွှီချင်းတစ်ယောက်တည်း တွေ့ကြုံရခြင်း မဟုတ်ပေ။ အစောဆုံး တပည့်ရင်းများထဲတွင် တာအိုမျိုးစေ့ကို လက်ခံရရှိခဲ့သူများဖြစ်စေ သို့မဟုတ် တုံ့ဆိုင်းနေကြသူများဖြစ်စေ သူတို့သည် တဖြည်းဖြည်း နောက်ကျကျန်နေခဲ့ကြသည်။
ယခု မူကွဲအင်မော်တယ်ကျောင်းတော်ထဲတွင် တပည့်ရင်းရာပေါင်းများစွာ ရှိနေပြီ ဖြစ်သည်။ သို့ဖြစ်၍ သူတို့ထဲတွင် ဝိညာဉ်အားကောင်းသူများသည် မရှားပါးချေ။ သူတို့က စီနီယာများကို သေချာပေါက် လိုက်မီနိုင်လိမ့်မည်။
လူပိုမိုများပြားလာသည်နှင့်အမျှ အကျင့်စရိုက်မျိုးစုံ ဖြစ်ပေါ်လာသည်။ သူတို့က တစ်ယောက်နှင့်တစ်ယောက် အပြင်လောကမှ သရုပ်များကို မသိထားကြသောကြောင့် သူတို့၏ အကျင့်စရိုက်အမှန်သည် ရံဖန်ရံခါ ထွက်ပေါ်လာလေ့ ရှိသည်။
ဥပမာ အထင်သေးရှုံ့ချခြင်းနှင့် ရန်စခြင်းဖြစ်သည်။
ရွှီချင်းသည် ယင်းကို ဤအတောအတွင်း အကြိမ်ရေအနည်းငယ် တွေ့ကြုံခဲ့ရသည်။ အထူးသဖြင့် ကျောင်းအုပ်ကြီးက သူ့အပေါ် လက်လျော့သွားပြီးနောက်ပိုင်း ဖြစ်သည်။ တပည့်ရင်းတစ်ယောက်က ကျောင်းအုပ်ကြီး၏ ရွေးချယ်ခံရသည့်အခါတိုင်း တစ်ဖက်လူသည် ရွှီချင်းနှင့် တခြားစီနီယာများကို ကြည့်ပြီး အထင်သေးရှုံ့ချလိမ့်မည်။
ရွှီချင်းသည် ယင်းကို ဂရုမစိုက်ပေ။ ကျောင်းအုပ်ကြီး၏ အတွေးများကို သူခန့်မှန်းထားပြီးသား ဖြစ်သည်။ သို့ဖြစ်၍ အစိမ်းရောင်နှင်းပွင့်က နောက်ထပ် မျိုးစေ့အခွဲကို ထုတ်လုပ်နိုင်မည်လော သူသည်လည်း အလွန်သိချင်နေသည်။
ကျောင်းအုပ်ကြီး၏ ရွေးချယ်ခံခဲ့ရသော လူသည် အမှန်တကယ် ထူးချွန်သည်။ သူက ကျောင်းအုပ်ကြီး၏ ကူညီပေးမှုအောက်မှာ သူ၏ ဝိညာဉ်ကို အစဉ်မပြတ် အားကောင်းလာစေသည်။
သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ချည်မျှင်အရေအတွက်သည် ဆက်လက် တိုးမြှင့်သွားပြီး သူက တပည့်အားလုံးထဲမှာ ပထမဆုံး ဝိညာဉ်ချည်မျှင်ငါးသောင်း ဖွဲ့စည်းနိုင်သည့်လူ ဖြစ်လာသည်။
ဤအခိုက်အတန့်မှာ ဝိညာဉ်ချည်မျှင်အားလှိုင်းအတတ်အကျမှ ဖြစ်ပေါ်လာသော မုန်တိုင်းသည် အဖြူရောင်မျှော်စင်ထဲမှာ ရိုက်ခတ်သွားသည်။ ယင်းက လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားသည့်အခါ ကျောင်းအုပ်ကြီးသည် ထိုတပည့်ကို အပေါ်ထပ်သို့ ချက်ချင်း ခေါ်ဆောင်သွားသည်။
သူတို့က မည်သည့်အရာကို ဆွေးနွေးနေကြောင်း မည်သူမှ မသိနိုင်ပေ။ နှစ်နာရီကြာပြီးနောက် ထိုတပည့်က အောက်ပြန်ဆင်းလာသည့်အခါ ကျောင်းအုပ်ကြီးသည် ထိုတပည့်ကို မူကွဲအင်မော်တယ်ကျောင်းတော်၏ တပည့်ခေါင်းဆောင်အဖြစ် ကြေညာလိုက်သည်။
ထိုစကားများ ထွက်ပေါ်လာသည်နှင့်ချက်ချင်း မူကွဲအင်မော်တယ်ကျောင်းတော်ထဲမှ တပည့်အများစုသည် ခေါင်းငုံ့ထားလိုက်ကြသည်။
မည်သည့်ကျောင်းတော်တွင်မဆို တပည့်ခေါင်းဆောင်သည် အရေးကြီးသော တည်ရှိမှုတစ်ခုဖြစ်သည်။ သူတို့၏ စကားနှင့် လုပ်ရပ်သည် ကျောင်းတော်၏ ဂုဏ်သိက္ခာအပေါ် ကြီးမားသော သက်ရောက်မှုရှိသည်။ သို့ဖြစ်၍ ထုံးစံအားဖြင့် တပည့်ခေါင်းဆောင်ဖြစ်လာသည့် မည်သူမဆို တခြားတပည့်များ၏ ရိုသေလေးစားမှုကို ခံရလိမ့်မည်။
ယင်းက မူကွဲအင်မော်တယ်ကျောင်းတော်အတွက်လည်း အတူတူပင်။
အပြင်လောကသည် ယင်းကို ပိုပြီးအာရုံစိုက်လာကြသည်။
ရွှီချင်းသည် အဝေးမှ လှမ်းကြည့်လိုက်ပြီး မူကွဲအင်မော်တယ်ကျောင်းတော်၏ တပည့်ခေါင်းဆောင်ကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။ အဆုံးမှာတော့ သူက အတွေးနက်သွားသည်။
‘ ငါမျှော်လင့်ထားသလိုပဲ အဲ့ဒါက ပိုပြီးအဆင့်နိမ့်တဲ့ ဝိညာဉ်မျိုးစေ့အခွဲတစ်ခုကို ထုတ်လုပ်ပေးနိုင်တယ် ’
ထိုတပည့်ခေါင်းဆောင်၏ ခန္ဓာကိုယ်ထဲမှာ အစိမ်းရောင်ဝိညာဉ်မျိုးစေ့အပြင် အဖြူရောင်နှင်းပွင့်တစ်ခုလည်း တည်ရှိနေသည်။
ရွှီချင်းသည် အကြည့်ပြန်ရုပ်လိုက်သည်။ တခြားတပည့်ရင်းများသည်တော့ အရှေ့သို့ ထွက်လာကြပြီး တပည့်ခေါင်းဆောင်ကို ဂုဏ်ပြုစကားဆိုလိုက်ကြသည်။ ထို့နောက် ရွှီချင်းက အဖြူရောင်မျှော်စင်ထဲမှ ထွက်သွားသည်။
တခြားစီနီယာတပည့်များသည်လည်း ထွက်ခွာသွားကြသည်။
သူတို့၏ ထွက်ခွာသွားသော ပုံရိပ်များက တပည့်ခေါင်းဆောင်နှင့် သူ၏ ဘေးပတ်ဝန်းကျင်မှ တပည့်ရင်းများ၏ မျက်လုံးရှေ့မှာ ထွက်ပေါ်လာသည်။ တချို့က သူတို့ကို လျစ်လျူရှုထားကြပြီး တချို့က အထင်သေးရှုံ့ချမှုကို တမင်မြင်သာအောင် ထုတ်ဖော်ထားကြသည်။
သို့သော်လည်း မည်သို့ဖြစ်ပါစေ မူကွဲအင်မော်တယ်ကျောင်းတော်ထဲမှာ တပည့်ခေါင်းဆောင်ထွက်ပေါ်လာခြင်းသည် တခြားလူများ၏ စိတ်အာရုံကို ဆွဲဆောင်သွားပြီး တစ်စုံတစ်ယောက်၏ ဆုံးဖြတ်ချက်ကို ပြတ်သားစေခဲ့သည်။
ထိုတစ်စုံတစ်ယောက်သည် သတ္တမမင်းသားမှလွဲ၍ တခြားလူမဟုတ်ပေ။
မူကွဲအင်မော်တယ်ကျောင်းတော်ထဲမှ တပည့်တစ်ယောက်က ဝိညာဉ်ချည်မျှင်ငါးသောင်းကို အချိန်တိုအတွင်း ဖွဲ့စည်းနိုင်ခဲ့ကြောင်း သူသိလိုက်ရသောအခါ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီး၏ အကဲဖြတ်မှုက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
“ သူတို့က တကယ်ပဲ မိစ္ဆာဒိဌိတွေ… ”
သတ္တမမင်းသားသည် ဖြည်းညင်းစွာ မျက်လွှာချလိုက်ပြီး သူ၏ မျက်လုံးထဲမှ အနက်ရောင်အလင်းကို ဖုံးကွယ်လိုက်သည်။ သူက ဆုံးဖြတ်ချက်ချပြီးသွားပြီ ဖြစ်သည်။
ထိုညတွင် မင်းသားကြီး၏ စံအိမ်တည်ရှိရာ နန်းမြို့တော်၏ အနောက်မြောက်ပိုင်းမှ နေအိမ်တစ်ခုတွင် ခပ်မှိန်မှိန် မီးအလင်းရောင်တစ်ခု လင်းလက်သွားသည်။ ဝတ်ရုံနက်ကို ခြုံထားပြီး ခေါင်းအစခြေအဆုံး ဖုံးကွယ်ထားသော ပုံရိပ်တစ်ခုသည် အိမ်ထဲမှ သစ်သားစားပွဲခုံတစ်ခုပေါ်မှာ ထိုင်နေသည်။ သူက ခြောက်သွေ့နေသော လက်ချောင်းများကို မြှောက်တင်လိုက်ပြီး ရေနံဆီမီးအိမ်ထဲမှ မီးတောက်ကို မီးပွားများ လွင့်စင်ထွက်လာအောင် ပြုလုပ်လိုက်သည်။
ထိုလူ၏ ခန္ဓာကိုယ်သည် အာကာသတွင်းနက်တစ်ခုနှင့် ဆင်တူပြီး လွင့်စင်ထွက်လာသော မီးပွားအားလုံးကို စုပ်ယူလိုက်သည်။
သူက နေရာမှာ တိတ်တဆိတ် ထိုင်နေပြီး စောင့်ဆိုင်းနေသည်။
အချိန်အတန်ကြာပြီးနောက် နူးညံ့သော လေခွင်းသံသည် အပြင်ဘက်မှ ပျံ့လွင့်လာသည်။ မကြာမီ ပုံရိပ်သုံးခုသည် အိမ်အပြင်ဘက်မှာ ထွက်ပေါ်လာကြသည်။ သူတို့က တံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်ပြီး အိမ်ထဲသို့ လျှောက်ဝင်လာကြသည်။ အိမ်ထဲသို့ ရောက်ရှိသွားသည့်အခါ သူတို့သည် ခေါင်းငုံ့ထားလိုက်ကြပြီး တိတ်ဆိတ်သွားကြသည်။
တစ်ခဏအကြာမှာ ဝတ်ရုံနက်နှင့်လူသည် အက်ရှရှအသံဖြင့် တည်ငြိမ်စွာ ပြောသည်။
“ ပထမအချက် အလုပ်ရှင်ရဲ့ သရုပ်ကို မစူးစမ်းရဘူး… ငါတောင်မှ အဲ့ဒါကို မသိထားဘူး ”
“ ဒုတိယအချက် ဒီတာဝန်ပြီးမြောက်သွားရင် မင်းတို့တွေ လွတ်လပ်မှုကို ရရှိလိမ့်မယ် ”
“ တတိယအချက် တစ်ကယ်လို့ တာဝန်ထမ်းဆောင်နေတဲ့အတွင်း မျှော်လင့်မထားတဲ့ ကိစ္စတစ်ခုခု ဖြစ်ပျက်လာတာပဲဖြစ်ဖြစ် ဒါမှမဟုတ် တစ်ယောက်ယောက်က မင်းတို့ကို ရှာတွေ့သွားတာပဲဖြစ်ဖြစ် အဲ့ဒီအခါကျရင် ကိုယ့်ကိုယ်ကို ဖောက်ခွဲပြီး မင်းတို့ခန္ဓာကိုယ်ထဲက မူကွဲအင်မော်တယ် တာအိုမျိုးစေ့ကို ထုတ်ဖော်ပြရမယ်… သဲလွန်စအားလုံးက မူကွဲအင်မော်တယ်ကျောင်းတော်ကို ညွှန်ပြနေရမယ်… သဘာဝကျအောင် ဘယ်လိုလုပ်ရမလဲဆိုတာတော့ မင်းတို့ဘာသာ ဆုံးဖြတ်ကြပါ ”
“ စတုတ္ထအချက် အလုပ်ရှင်က လူသားဝိညာဉ်သန်း(၃၀)ကို တောင်းဆိုထားတယ်… သူတို့က သေမျိုးပဲဖြစ်ဖြစ် ကျင့်ကြံသူပဲဖြစ်ဖြစ် ကိစ္စမရှိဘူး… လူသားဖြစ်နေရင် လုံလောက်ပြီ… အဲ့ဒါတွေကို ဒီအရိုးပြာအိုးတွေထဲ ထည့်ပြီး ငါ့ဆီ ပို့ဆောင်ပေးပါ ”
ထိုသို့ပြောပြီးနောက် ရေနံဆီမီးအိမ်ထဲမှ မီးတောက်သည် လှုပ်ယမ်းသွားပြီး ဝတ်ရုံနက်နှင့်လူသည် မည်သည့်သဲလွန်စမှ မကျန်ဘဲ ပျောက်ကွယ်သွားသည်။ အရိုးပြာအိုးသုံးလုံးသည်သာ သူတို့သုံးယောက်၏ အရှေ့သို့ ပြုတ်ကျလာသည်။
သူတို့သုံးယောက်သည် ဆက်လက် နှုတ်ဆိတ်နေပြီး သူတို့၏ အမူအရာသည် မပြောင်းလဲသွားပေ။ တစ်ခဏအကြာမှာ သူတို့သည် အရှေ့သို့ လျှောက်သွားကြပြီး အရိုးပြာအိုးများကို ကောက်ယူလိုက်ကြသည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် စကားမပြောကြသလို အကြည့်ဖြင့် ဆက်သွယ်ခြင်းလည်း မပြုလုပ်ကြပေ။ သူတို့က အသီးသီး ခွဲထွက်သွားကြပြီး ညအမှောင်ထုထဲမှာ ပျောက်ကွယ်သွားကြသည်။
သူတို့သည် အချိန်တိုအတွင်းမှာ နည်းလမ်းအမျိုးမျိုးကို အသုံးပြု၍ နန်းမြို့တော်ထဲမှ ထွက်ခွာသွားကြသည်။ တချို့သည် မဟာနန်းမြို့တော်ဒေသကြီးထဲမှ တခြားကုန်းမြေများဆီသို့ ဦးတည်သွားပြီး တချို့သည် တခြားဒေသကြီးများဆီသို့ ဦးတည်သွားသည်။
သူတို့သုံးယောက် နန်းမြို့တော်ထဲမှ ထွက်ခွာသွားသည်နှင့်ချက်ချင်း လျှို့ဝှက်အခန်းထဲမှာ တင်ပျဉ်ခွေထိုင်ပြီး အဖြူရောင်နှင်းပွင့်ကို အာရုံခံနေသော ရွှီချင်းသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူက ခေါင်းမော့လိုက်ပြီး အဝေးသို့ လှမ်းကြည့်လိုက်သည့်အခါ စူးရှသော အလင်းတန်းသည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
အစိမ်းရောင်ဝိညာဉ်မျိုးစေ့သုံးခုက နန်းမြို့တော်ထဲမှ ထွက်ခွာသွားကြောင်း သူအာရုံခံမိလိုက်သည်။