← Chapters

လူမဆန်ခြင်း

Vol. 77 Ch. 1193

လူမဆန်ခြင်း

Vol. 77 Ch. 1193

လွန်ခဲ့သောနှစ်လအတွင်းမှာ ကျောင်းအုပ်ကြီးသည် အစိမ်းရောင်နှင်းပွင့်များကို ဖြန့်ဝေပေးခဲ့သည်။ ရွှီချင်းသည် ဝိညာဉ်မျိုးစေ့များမှတဆင့် မူကွဲအင်မော်တယ်ကျောင်းတော်မှ ကျောင်းတော်သားများ၏ အပြင်လောကမှ တည်နေရာများကို အာရုံခံနိုင်ပေသည်။

အကယ်၍ ရွှီချင်းသာ သူတို့၏ သရုပ်မှန်ကို သိချင်သည်ဆိုလျှင် သူက အလွယ်တကူ လုပ်ဆောင်နိုင်ပေသည်။

သူက ထိုသို့လုပ်ဆောင်ရန် စိတ်မဝင်စားရုံသာ ဖြစ်သည်။ မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီးသည်တော့ သူက တစ်ချိန်လုံး အင်ပါယာအကယ်ဒမီထဲမှာသာ နေထိုင်ပြီး တစ်ခါမှ အပြင်မထွက်ခဲ့ပေ။ ထို့ကြောင့် ရွှီချင်းက တစ်ဖက်လူ၏ အပြင်လောကမှ သရုပ်ကို မသိထားပေ။

လက်တလောတွင် မူကွဲအင်မော်တယ် တာအိုမျိုးစေ့နှင့် ပေါင်းစပ်ထားပြီး နန်းမြို့တော်ထဲမှ ထွက်ခွာသွားကြသူများသည် ထိုသုံးယောက်တည်း မဟုတ်ပေ။ တခြားလူများသည်လည်း နန်းမြို့တော်ထဲမှ ထွက်ခွာဖူးကြသည်။

မည်သို့ဖြစ်ပါစေ ကျောင်းတော်သားဟူသော သရုပ်သည် သူတို့၏ နေ့စဉ်ဘဝထဲမှ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်သည်။ ယင်းက အချုပ်အနှောင်တစ်ခု မဟုတ်ပေ။ အင်ပါယာအကယ်ဒမီထဲမှ ကျောင်းတော်သားများသည် အပြင်လောကတွင် တခြားဇာတ်ကောင်ပုံစံတစ်မျိုးဖြင့် နေထိုင်ကြသည်။ သို့ဖြစ်၍ သူတို့က အကြောင်းအမျိုးမျိုးဖြင့် နန်းမြို့တော်ထဲမှ ထွက်ခွာသွားခြင်းသည် ထူးဆန်းသော ကိစ္စမဟုတ်ပေ။

ထို့ကြောင့် ရွှီချင်းသည် တစ်ခဏ အာရုံခံပြီးနောက် သူ၏ စိတ်အာရုံကို ပြန်ရုပ်သိမ်းလိုက်သည်။ ထို့နောက် သူက မျက်လုံးမှိတ်လိုက်ပြီး ဆက်လက် ကျင့်ကြံသည်။ ကောင်းကင်က တဖြည်းဖြည်း လင်းထိန်လာပြီး နေရောင်ခြည်က မြေပြင်ပေါ်သို့ ဖြာဆင်းကျလာသည့်အခါ ရွှီချင်းက မျက်လုံးပြန်ဖွင့်လိုက်သည်။

သူက အင်္ကျီကို သပ်သပ်ရပ်ရပ် ပြုပြင်လိုက်ပြီး လျှို့ဝှက်အခန်းတံခါးကို တွန်းဖွင့်လိုက်သည်။ လေနှင့် နှင်းက သူ၏ မျက်နှာပေါ်သို့ ကျဆင်းလာပြီး တဖြည်းဖြည်း ရေခဲရေအဖြစ် အရည်ပျော်သွားသည်။

ရွှီချင်းသည် မိုးပြာရောင်ကောင်းကင်ပေါ်မှာ လွင့်မျောနေသော နှင်းပွင့်များကို ကြည့်နေလျက် အေးစက်စက်လေပြေ၏ တိုက်ခတ်မှုကို ခံစားလိုက်သည်။ သူက တဖြည်းဖြည်း မိန်းမောတွေဝေသွားသည်။

ဆောင်းရာသီ၏ အငွေ့အသက်သည် အလွန်ပြင်းထန်သည်။

“ သုံးလရှိသွားပြီ ”

ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။ နန်းမြို့တော်သို့ သူရောက်ရှိလာသည်မှာ သုံးလကြာမြင့်သွားပြီ ဖြစ်သည်။

သူစစရောက်လာခဲ့ချိန်မှာ ဆောင်းဦးရာသီသာ ရှိသေး၏။ ယခု ဆောင်းလယ်ပိုင်းသို့ ရောက်ရှိသွားသည်။

ထိုသုံးလအတောအတွင်းမှာ အစပိုင်းတွင် ထင်ပေါ်ကျော်ကြားခဲ့သော သူ၏ လုပ်ဆောင်မှုများမှလွဲ၍ အင်ပါယာအကယ်ဒမီထဲသို့ ဝင်ရောက်ပြီးနောက်ပိုင်း သူ၏ တည်ရှိမှုသည် လူအများအရှေ့မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ရွှီချင်းက ထိုသို့ဖြစ်အောင် တမင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အစပိုင်းတွင် သူက ပေါ်ပေါ်ထင်ထင် လုပ်ဆောင်ခဲ့ခြင်းမှာ သူ၏ အင်အားကို တည်ဆောက်ချင်သောကြောင့် ဖြစ်သည်။ သူ၏ အင်အားကို တည်ဆောက်ပြီးနောက် သူက သိုသိပ်စွာ နေထိုင်ရန် ရွေးချယ်ခဲ့သည်။

နတ်မိမယ်ကျစ်ရွှမ်းနှင့် ခေါင်းဆောင်သည်လည်း သူနှင့်အတူ ပျောက်ကွယ်သွားသည်။

နတ်မိမယ်ကျစ်ရွှမ်း ထွက်ခွာသွားသည်မှာ တစ်လခွဲနီးပါး ကြာမြင့်သွားပြီ ဖြစ်သည်။

လင်းအာ၏ မှီခိုအားကိုးမှုနှင့် နှိုင်းယှဉ်လျှင် နတ်မိမယ်ကျစ်ရွှမ်းသည် အမှီအခိုကင်းမဲ့သူဖြစ်ကြောင်း ရွှီချင်း ရှင်းလင်းစွာ နားလည်ထားသည်။

သူ့မှာ ကိုယ်ပိုင်ဘဝရှိပြီး ကိုယ်တိုင်လုပ်ဆောင်ရမည့်အရာများလည်း ရှိသည်။ ထို့ကြောင့် နန်းမြို့တော်ထဲမှ အခြေအနေများ ငြိမ်သက်သွားပြီးနောက် သူက မဟာနန်းမြို့တော်ဒေသကြီးထဲမှ တခြားကုန်းမြေများဆီသို့ ခရီးထွက်သွားခဲ့သည်။

သူ့အတွက်တော့ ဤနေရာမှ အရာအားလုံးသည် ရင်းနှီးဟန်ရသော်လည်း အမှန်တကယ်မှာ မရင်းနှီးပေ။ ထို့ကြောင့် သူက ရှေးခေတ်အကြွင်းအကျန်များကို ရှာဖွေရန် ထွက်သွားခဲ့ခြင်း ဖြစ်သည်။

သူက မထွက်သွားခင် ရွှီချင်းကို နှုတ်ဆက်စကား မပြောခဲ့ပေ။ သူ့အရှိန်အဝါ ကိန်းအောင်းနေသော ကျောက်စိမ်းပြားတစ်ခုကိုသာ ချန်ထားရစ်ခဲ့သည်။

ထို့ကြောင့် ရွှီချင်းသည် နတ်မိမယ်ကျစ်ရွှမ်း၏ ဆုံးဖြတ်ချက်ကို လေးစားရန် ရွေးချယ်ခဲ့သည်။

ခေါင်းဆောင်သည်တော့ နောက်ဆုံးတစ်ခေါက် တွေ့ဆုံပြီးကတည်းက ပျောက်သွားခဲ့ခြင်း ဖြစ်သည်။ ယင်းက ရွှီချင်းအား ကြယ်အင်ပါယာထွတ်အမြတ်ဂိုဏ်းခွဲမှ ခေါင်းဆောင်ခိုးယူသွားခဲ့သော ပစ္စည်းအပေါ် စူးစမ်းလိုစိတ် ဖြစ်ပေါ်စေသည်။

သို့သော်လည်း ခေါင်းဆောင်အပေါ် ရွှီချင်း၏ နားလည်မှုအရ တစ်ဖက်လူသည် တစ်နေရာတည်းမှာ အချိန်အကြာကြီး ပုန်းအောင်းနေလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ခေါင်းဆောင်က သူ၏ သရုပ်ကို အစောကြီးကတည်းက ပြောင်းလဲပြီးထားခြင်း ဖြစ်နိုင်လောက်၏။

ခေါင်းဆောင်၏ သရုပ်သည်တော့…

ရွှီချင်းသည် တစ်ခဏကြာ တွေးတောပြီးနောက် ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်းခွဲ၏ ဦးတည်ရာသို့ လှမ်းကြည့်လိုက်သည်။

“ ခေါင်းဆောင်က အဲ့ဒီနေရာကို ပြန်သွားဖို့ ဖြစ်နိုင်ခြေအရမ်းများတယ်… အဲ့ဒီမှာ သူခိုးချင်တဲ့ ပစ္စည်းက တစ်ခုထက်ပိုတာ ဖြစ်နိုင်တယ် ”

ဝူကျန်းဝူနှင့် ခုန်းရှန်းလုံသည်တော့ နန်းမြို့တော်ထဲမှာ သူတို့၏ ကိုယ်ပိုင်အခွင့်အရေးများကို ရှာတွေ့သွားကြသည်။

ဝူကျန်းဝူသည် နန်းမြို့တော်၏ စာပေတိုက်ဆီသို့ သွားရောက်ခဲ့သည်။ ယင်းကို ရှေးဘုရင်ရွှမ်ယုံက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခု နိမ့်ကျသွားပြီ ဖြစ်သည်။ စာပေတိုက်သည် ရှေးဟောင်းမှတ်တမ်းများကို သိမ်းဆည်းထားသော နေရာတစ်နေရာ ဖြစ်သည်။ ထိုနေရာတွင် ဝူကျန်းဝူ၏ စိတ်အာရုံကို မည်သည့်အရာက ဆွဲဆောင်သွားမှန်း မသိရသော်လည်း သူက ထိုနေရာမှာ နှစ်လလုံးလုံး အချိန်ကုန်ဆုံးခဲ့သည်။ ယခု သူက စာပေတိုက်၏ တောက်တိုမယ်ရ အလုပ်သမားတစ်ဦး ဖြစ်လာသည်။

ခုန်းရှန်းလုံသည်တော့ သူ၏ ကျင့်ကြံခြင်းကို တိုးမြှင့်ရန် ဓားကိုင်နန်းတော်သို့ သွားရောက်ခဲ့ပြီး သူ့အဖိုးလျှောက်လှမ်းခဲ့သော လမ်းစဉ်အတိုင်း ဆက်လက် လျှောက်လှမ်းသည်။

နန်းမြို့တော်ထဲမှာ သူတို့၏ သက်ဆိုင်ရာဘဝများက စတင်လာပြီ ဖြစ်သည်။ သူတို့နှင့် နှိုင်းယှဉ်လျှင် နင်ယန်သည် ပိုပြီးတိတ်ဆိတ်လာသည်။

အာရုဏ်ဦးနေမင်း အခိုးခံရသည့် ကိစ္စဖြစ်ပွားပြီးနောက် နင်ယန်သည် နေ့တိုင်း သူ့မယ်တော်၏ ပန်းချီကားရှေ့မှာ တံခါးပိတ်ကျင့်ကြံလေ့ ရှိသည်။ သူက အပြင်သို့ ထွက်ခဲသည်။ ရွှီချင်းက မနက်အစောကြီး စံအိမ်မှ ထွက်သွားပြီး ညမိုးချုပ်မှ ပြန်ရောက်လာသောကြောင့် သူတို့နှစ်ယောက်သည် ဤအတောအတွင်း သိပ်မမြင်တွေ့ကြချေ။

သို့သော်လည်း ဘိုးဘေးခန်းမဆောင်ထဲမှ နင်ယန်၏ အရှိန်အဝါက ပြောင်းလဲနေကြောင်း ရွှီချင်း အာရုံခံနိုင်သည်။

“ သူတို့အားလုံး ရင့်ကျက်လာကြပြီ ”

ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး လေနှင့် နှင်းကြားထဲမှာ အပြင်သို့ လျှောက်သွားသည်။

သူသည်လည်း ရင့်ကျက်ချင်သည်။

လေနှင့် နှင်းသည် တဖြည်းဖြည်း ပြင်းထန်လာပြီး သိပ်သည်းလာသည်။ ရွှီချင်းက အင်ပါယာအကယ်ဒမီ၏ ဂိတ်တံခါးထဲသို့ ရောက်ရှိသွားသည့်အခါ နှင်းပွင့်များသည် အတွင်းလောကမှ သီးခြားခွဲထုတ်ခံလိုက်ရသည်။

ထိုသို့ဖြင့် လဝက်ကုန်ဆုံးသွားသည်။

နောက်ထပ်တပည့်လေးယောက်သည် ဝိညာဉ်ချည်မျှင်ငါးသောင်းအထိ ကျင့်ကြံနိုင်သွားကြသည်။ သူတို့အားလုံးသည် ကျောင်းအုပ်ကြီး၏ တန်ဖိုးထားခြင်းခံရပြီး တပည့်ရင်းမှ ပင်မတပည့်အဖြစ်သို့ ရာထူးတိုးမြှင့်သွားကြသည်။ ထို့ပြင် သူတို့သည် ကျင့်ကြံခြင်းအတတ်ပညာ အပ်နှင်းပေးရန် အခွင့်အရေး ရရှိသွားကြသည်။

တပည့်များကို အတွင်းစည်းတပည့်၊ တပည့်ရင်းနှင့် ပင်မတပည့်ဟူ၍ ခွဲခြားထားသည်။

ထိုပင်မတပည့်များသည် သူတို့၏ တာအိုမျိုးစေ့များကို အတွင်းစည်းတပည့်များထံသို့ အပ်နှင်းပေးနိုင်ကြသည်။

တစ်ချိန်တည်းမှာ ကျောင်းအုပ်ကြီးသည် စည်းမျဉ်းတစ်ခုကို တည်ဆောက်ခဲ့သည်။ သုံးလကြာမြင့်သွားသည့်အခါတိုင်း တပည့်ခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်ပွဲတစ်ခု ကျင်းပလိမ့်မည်။ တပည့်ခေါင်းဆောင်သည် ဘိုးဘေး၏ အရှေ့မှ အခန်းမှာ ကျင့်ကြံခွင့်ရပြီး ဘိုးဘေး၏ ညွှန်ကြားပြသပေးမှုကို ရရှိလိမ့်မည်။

ထို့ပြင် ဝိညာဉ်ကျင့်ကြံရာတွင် အထောက်အကူပြုပေးနိုင်သော အရင်းအမြစ်များကို ကျောင်းတော်က ထူးချွန်သော တပည့်များအား ပေးအပ်လိမ့်မည်။ ထိုတပည့်များသည် အနာဂတ်မှာ ပိုပြီးအဆင့်မြင့်သော တာအိုမျိုးစေ့ဖြင့် အစားထိုးနိုင်မည့် အခွင့်အရေးကိုလည်း ရရှိကြလိမ့်မည်။

ထိုသို့စိတ်ဓာတ်လှုံ့ဆော်ပေးခြင်းနှင့် အခွင့်အာဏာ ခွဲဝေပေးခြင်းသည် အမျိုးမျိုးသော ဖရိုဖရဲကိစ္စများကို ဖြစ်ပေါ်စေနိုင်သည်။ သို့သော်လည်း တစ်ချိန်တည်းမှာ ယင်းက မူကွဲအင်မော်တယ်ကျောင်းတော်ထဲမှ ကျောင်းတော်သားအရေအတွက်ကို မြန်မြန်ဆန်ဆန် တိုးပွားလာစေသည်။

ထို့ကြောင့် အဖြူရောင်တာအိုမျိုးစေ့သည် မူကွဲအင်မော်တယ်ကျောင်းတော်၏ ကျောင်းတော်သားများကြားထဲမှာ တဖြည်းဖြည်း ပျံ့နှံ့သွားသည်။ အစပိုင်းတွင် အရေအတွက် အကန့်အသတ်ရှိပြီး တင်းကျပ်သော စည်းမျဉ်းများကြောင့် တပည့်ရင်းအားလုံးက တာအိုမျိုးစေ့များကို မစုပ်ယူနိုင်ကြပေ။

သို့သော်လည်း ယခု မူကွဲအင်မော်တယ်ကျောင်းတော်က မြန်ဆန်စွာ တိုးတတ်လာပြီး အဖြူရောင်ဝိညာဉ်မျိုးစေ့များက ထွက်ပေါ်လာသောကြောင့် အစိမ်းရောင်တာအိုမျိုးစေ့ကို စုပ်ယူရန် အခွင့်အရေးမရကြသော တပည့်ရင်းတချို့သည်ပင် ဝင်ရောက်ရန် ရွေးချယ်ခဲ့ကြသည်။

နောက်ပိုင်းတွင် မူကွဲအင်မော်တယ်ကျောင်းတော်ထဲသို့ ဝင်ရောက်ခဲ့ကြသော ကျောင်းတော်သားများသည်တော့ အဖွဲ့အစည်းအမျိုးမျိုး၏ ကြိုးပမ်းမှုရောက်မှာ ပိုမိုများပြားသထက် များပြားလာကြသည်။

အင်ပါယာအကယ်ဒမီသို့ ပထမဆုံးအကြိမ် ရွှီချင်းရောက်လာခဲ့စဉ်က သူတွေ့ကြုံခဲ့ရသော လူစုဆောင်းမှုသည် ယခု မူကွဲအင်မော်တယ်ကျောင်းတော်၏ အပြင်ဘက်မှာ မကြာခဏ ဖြစ်ပေါ်လာသည်။

ကျောင်းတော်က ထိုသို့တိုးတတ်လာသည်နှင့်အမျှ အဖွဲ့အစည်းများသည် မူကွဲအင်မော်တယ်ကျောင်းတော်ထဲမှာ ထွက်ပေါ်လာကြသည်။

သူတို့သည် သူတို့၏ ကိုယ်ပိုင်အုပ်စုဖြင့်သာ ကျင့်ကြံကြသည်။

ရွှီချင်းနှင့် တခြားစီနီယာတပည့်များသည် တဖြည်းဖြည်း မှေးမှိန်သွားကြသည်။ သူတို့အားလုံးက ကြိုးစားပမ်းစား ကျင့်ကြံကြသော်လည်း အင်ပါယာအကယ်ဒမီထဲတွင် ပါရမီရှင်များသည် မရှားပါးကြပေ။ သို့ဖြစ်၍ ထိုဂျူနီယာများက မကြာခင် သူတို့ကို ကျော်တတ်သွားလိမ့်မည်မှာ မလွဲဧကန်ပင်။

စီနီယာတပည့်များထဲတွင် မည်သူမှ ဝိညာဉ်ချည်မျှင်ငါးသောင်းထိ မရောက်ရှိကြသေးပေ။ ပင်မတပည့်တချို့၏ အကျိုးခံစားခွင့်များနှင့် ဂုဏ်အဆင့်အတန်းကို မြင်တွေ့ပြီးနောက် သူတို့သည် ဆန္ဒစောလာကြသည်။ ထို့ကြောင့် ဤအခိုက်အတန့်မှာ အပြင်လောကမှ သူတို့၏ သရုပ်နှင့် အဆင့်အတန်းက အသုံးဝင်လာသည်။

ထိုအရာအားလုံးကို ရွှီချင်းမြင်သည်။ သို့သော်လည်း သူက ဝင်နှောင့်ယှက်ခြင်း မပြုပေ။

မည်သို့မည်ပုံ ဖွင့်ဖြိုးတိုးတတ်လာမလဲမှာ မူကွဲအင်မော်တယ်ကျောင်းတော်၏ ရွေးချယ်မှုဖြစ်သည်။ ထို့ပြင် မူကွဲအင်မော်တယ်ကျောင်းတော်၏ ကြီးကြီးမားမား တိုးတတ်လာမှုက သူ့အား အကျိုးအမြတ်ရှိစေသည်။ ဤလဝက်အတွင်းမှာ သူ၏ နတ်ဘုရားအရင်းအမြစ် ဝိညာဉ်ချည်မျှင်သည် တစ်သန်းသုံးသိန်းထိ ရောက်ရှိသွားသည်။

‘ အခု ငါသာ အစွမ်းကုန် ထုတ်လွှတ်မယ်ဆိုရင် တတိယနတ်ဘုရားအသွင်သဏ္ဍာန်ကို ရက်လုပ်နိုင်လိမ့်မယ် ’

‘ ငါက နောက်ထပ် လျှို့ဝှက်ရတနာသိုက်တစ်ခုပဲ လိုအပ်တော့တယ်… ပြီးသွားရင် ငါက ဝိညာဉ်သိုက်အဆင့်ကို ချိုးဖြတ်ပြီး ဗလာနတ္ထိအဆင့်ကို ခြေချနိုင်လိမ့်မယ် ’

‘ မူကွဲအင်မော်တယ်ကျင့်ကြံခြင်းအတတ်က ဘယ်ကျင့်ကြံခြင်းအဆင့်မှာပဲဖြစ်ဖြစ် သင့်တော်တယ်… အဲ့ဒါက အနာဂတ်မှာ နတ်ဘုရားအစွမ်းနဲ့ ကျင့်ကြံသူရဲ့ အတတ်ပညာကို အပြည့်အဝ ပေါင်းစပ်နိုင်အောင်လို့ ငါ့ကို ကူညီပေးလိမ့်မယ်… အဲ့ဒီနှစ်ခုက အပြန်အလှန် အားဖြည့်ပေးပြီး ပိုသန်မာတဲ့ စွမ်းအားတွေကို ထုတ်လွှတ်ပေးနိုင်လိမ့်မယ် ’

ရွှီချင်း၏ မျက်လုံးထဲမှာ မျှော်လင့်မှုဖြင့် ပြည့်နှက်နေသည်။

နန်းမြို့တော်သို့ ရောက်ရှိလာပြီးနောက် သူ၏ အကြီးမားဆုံး အကျိုးအမြတ်သည် မူကွဲအင်မော်တယ်ကျင့်ကြံခြင်းအတတ်ဖြစ်မည်ဟု ရွှီချင်း ခံစားမိသည်။ ဧကရာဇ်ဓားသည်တော့ ယင်းက တာဝန်တစ်ခု ဖြစ်သည်။ ဤမူကွဲအင်မော်တယ်ကျင့်ကြံခြင်းအတတ်သည် သူ့ကို တိုက်ရိုက် အစွမ်းမြှင့်တင်ပေးနိုင်သောအရာ ဖြစ်သည်။

မူကွဲအင်မော်တယ်ကျောင်းတော်သို့ ရောက်မလာခင် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ နတ်ဘုရားအရင်းအမြစ်များသည် သူ၏ ကျင့်ကြံခြင်းနှင့် သီးခြားခွဲထွက်နေသည်။ ယင်းတို့က လျှို့ဝှက်ရတနာသိုက်များ၏ အကူအညီဖြင့် တစ်ခုနှင့်တစ်ခု ပေါင်းစပ်နိုင်ကြသော်လည်း ထိုပေါင်းစပ်မှုသည် အပေါ်ယံမျှသာ ဖြစ်သည်။ အခြေခံအားဖြင့်ဆိုရလျှင် ယင်းတို့က သဟဇာတမဖြစ်ပေ။

သို့သော်လည်း မူကွဲအင်မော်တယ်ကျင့်ကြံခြင်းအတတ်သည် အရာအားလုံးကို ပြောင်းလဲခဲ့သည်။

“ အခု ငါလုပ်ရမှာက တာအိုဆွေးနွေးပွဲကို စောင့်ဆိုင်းဖို့ပဲ… ဘိုးဘေးချန်းတောက်ဇီ ဖွဲ့စည်းထားတဲ့ ဝိညာဉ်ချည်မျှင်အရေအတွက်အရဆို တာအိုဆွေးနွေးပွဲမှာ သူ့ရဲ့ လုပ်ဆောင်မှုက နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်လောက် မကောင်းရင်တောင် လမ်းဖောက်ပြီးသားဖြစ်တာကြောင့် အဲ့ဒါက မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ ပြန်နာလန်ထူမှုကို ထိခိုက်စေနိုင်မှာ မဟုတ်ဘူး ”

ရွှီချင်းသည် ယနေ့ စိတ်ရွှင်လန်းနေသည်။ နံနက်ခင်းအချိန်တွင် သူက တွေးတောနေရင်း မူကွဲအင်မော်တယ်ကျောင်းတော်၏ အဖြူရောင်မျှော်စင်ဆီသို့ လျှောက်သွားပြီး ကျင့်ကြံရန် ပြင်လိုက်သည်။ သို့သော်လည်း သူက အဖြူရောင်မျှော်စင်ထဲသို့ ခြေချတော့မည့်အချိန် အသံတစ်သံ ထွက်ပေါ်လာသည်။

“ မင်းတို့တွေ လေ့ကျင့်ရေးခန်းမမှာ သန့်ရှင်းရေးသွားလုပ်ကြ… ဒီနေ့ စီနီယာရွှမ်လင်းက တခြားကျောင်းတော်က ကျောင်းတော်သားတွေကို လေ့ကျင့်ရေးခန်းမမှာ တွေ့ဆုံဖို့ ဖိတ်ကြားထားတယ်… ခန်းမထဲမှာ ဖုန်တစ်စက်မရှိအောင် သန့်ရှင်းရေးလုပ်ပါ… ပြီးသွားရင် အမွှေးနံ့သာထွန်းပြီး လက်ဖက်ရည်ပြင်ဆင်ထားဖို့ မမေ့နဲ့ဦး ”

ထိုသို့ပြောသူသည် ဝိညာဉ်ချည်မျှင်သုံးသောင်းကျော်ထိ ဖွဲ့စည်းထားနိုင်သော တပည့်ရင်းတစ်ယောက်ဖြစ်သည်။ ဤအခိုက်အတန့်မှာ သူက အဖြူရောင်မျှော်စင်ထဲတွင် မည်သည့်အဖွဲ့အစည်းမှ မဝင်ရောက်ထားသော ကျောင်းတော်သားတချို့ကို ညွှန်ကြားစေခိုင်းနေသည်။

သူပြောသည့် ရွှမ်လင်းဆိုသူမှာ ပင်မတပည့်လေးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။

မည်သည့်အဖွဲ့စည်းမှ မဝင်ရောက်ထားသော တပည့်တချို့က ယင်းကို ကြားသွားသောအခါ ငြင်းဆန်ချင်ကြသည်။ သို့သော်လည်း ဤကိစ္စက ပင်မတပည့်တစ်ယောက်နှင့် ဆက်စပ်နေသောကြောင့် သူတို့မှာ လက်ခံရုံမှလွဲ၍ တခြားရွေးချယ်စရာ မရှိကြပေ။

ရွှီချင်းသည် ထိုကိစ္စကို တစ်ချက်သာ ကြည့်လိုက်သည်။ သူက ဝင်မစွက်ဖက်ပေ။ ထို့နောက် အမြဲတမ်း သူကျင့်ကြံလေ့ရှိသော ထောင့်ဆီသို့ လျှောက်သွားသည်။ သူက ကျင့်ကြံရန် နေရာမှာ တင်ပျဉ်ခွေထိုင်လိုက်သည်။ သို့သော်လည်း သူက မျက်လုံးမှိတ်တော့မည့်အချိန် အစောနက တခြားလူများကို စေခိုင်းခဲ့သော တပည့်ရင်းသည် ရွှီချင်းကို ကြည့်လိုက်သည်။

ကျောင်းတော်သို့ အစောဆုံး ဝင်ရောက်ခဲ့သော တပည့်ရင်းများထဲမှာ ရွှီချင်းအပါအဝင် သူမသိကျွမ်းသောလူ မရှိပေ။ သူက တည်ငြိမ်စွာ ပြောသည်။

“ ရွှမ်လဲ့ဇီ… မင်းလည်း သူတို့နဲ့လိုက်သွားလိုက် ”

ရွှီချင်း၏ အမူအရာသည် တည်ငြိမ်သည်။ သူက မျက်လုံးမှိတ်လိုက်ပြီး ကျင့်ကြံရန် အာရုံစိုက်လိုက်သည်။

ရွှီချင်း၏ ထိုသို့ပုံစံကို မြင်လိုက်ရသောအခါ ထိုတပည့်ရင်းသည် မျက်နှာဖုံးအောက်မှာ မျက်မှောင်ကြုတ်သွားပြီး ရွှီချင်းဆီသို့ လျှောက်သွားသည်။ သူ၏ အပြုအမူသည် အဖြူရောင်မျှော်စင်ထဲမှ တခြားတပည့်များ၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။

လူတိုင်း၏ အကြည့်က စုဝေးရောက်ရှိလာစဉ် တပည့်ရင်းသည် ရွှီချင်း၏ အရှေ့သို့ ရောက်ရှိသွားသည်။

“ ရွှမ်လဲ့ဇီ… ငါမင်းကို ပြောနေတာ မကြားဘူးလား ”

ရွှီချင်းသည် ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ပြီး သူ့အရှေ့မှ တပည့်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ အကြည့်တစ်ချက်ဖြင့် ထိုတပည့်၏ တစ်ကိုယ်လုံးသည် တုန်ယင်သွားပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ချည်မျှင်များသည် စတင်ပရမ်းပတာ ဖြစ်လာသည်။ ဤသည်မှာ ယင်းတို့က ကြောက်လန့်သွားသည့်အလား ပေါက်ကွဲချင်နေသည်။ ယင်းက သူ၏ ကိုယ်တွင်းအင်္ဂါများကို ပရမ်းပတာ တုန်ခါသွားစေသည်။

ကြောက်ရွံ့စိတ်သည် ထိုတပည့်၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူက အံ့ဩသွားပြီး အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရသည်။

တခြားလူများသည်လည်း အံ့ဩသွားကြသည်။ သူတို့က မည်သည့်အားလှိုင်းအတတ်အကျကိုမှ အာရုံမခံမိပေ။ ရွှီချင်းက ထိုတပည့်အား တစ်ချက်ကြည့်လိုက်သည်ကိုသာ သူတို့မြင်ခဲ့ကြသည်။ ထို့နောက် ထိုတပည့်သည် ကြောက်လန့်သွားပြီး အနောက်သို့ သူ့ဘာသာ ဆုတ်သွားခဲ့သည်။

ထိုမြင်ကွင်းသည် လူတိုင်းကို အတွေးကိုယ်စီ ဖြစ်ပေါ်လာစေသည်။

ရွှီချင်းသည် မျက်လုံးပြန်မှိတ်လိုက်ပြီး ဆက်လက် ကျင့်ကြံလိုက်သည်။

တပည့်ရင်းသည် စိတ်ထဲမှာ တုန်လှုပ်သွားသည်။ အစောနက သူသည် အန္တရာယ်ကပ်ဘေး ဆင်းသက်လာမှုကို အာရုံခံမိခဲ့သည်။ ယခုထိတိုင် သူက နှလုံးတုန်နေဆဲဖြစ်ပြီး စိတ်တည်ငြိမ်အောင် မထိန်းနိုင်သေးပေ။ သို့သော်လည်း အကြည့်များစွာက သူ့အပေါ်မှာ စုဝေးနေကြောင်း သတိထားမိသွားသောအခါ သူက ကျဉ်းထဲကျပ်ထဲသို့ ရောက်ရှိသွားသည်။

ထို့ကြောင့် သူက အနောက်လှည့်လိုက်ပြီး ထွက်သွားသည်။ သူ့အဖွဲ့အစည်း ကျင့်ကြံလေ့ရှိသော နေရာဆီသို့ ရောက်ရှိသွားပြီးနောက် သူက အင်ပါယာအကယ်ဒမီ၏ အသံပို့လွှတ်ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်ပြီး အသံပို့လွှတ်လိုက်သည်။

မကြာမီ လူတစ်ယောက်သည် အဖြူရောင်မျှော်စင်၏ အပြင်ဘက်မှ လျှောက်လာသည်။

ထိုလူသည် မူကွဲအင်မော်တယ်ကျောင်းတော်၏ ပင်မတပည့်လေးယောက်ထဲမှ တစ်ယောက်ဖြစ်သော ရွှမ်လင်းမှလွဲ၍ တခြားလူမဟုတ်ပေ။ သူ၏ ရောက်ရှိလာမှုက တပည့်အများအပြားကို မတ်တတ်ရပ်သွားစေပြီး သူ့ကို နှုတ်ဆက်လာစေသည်။

အစောနက ရွှီချင်းကို စေခိုင်းခဲ့သော တပည့်ရင်းသည်လည်း ရွှမ်လင်းဆီသို့ အမြန်ချဉ်းကပ်လာသည်။ သူက အရိုအသေပေးပြီးနောက် တစ်ဖက်လူကို ရွှီချင်းအကြောင်း တိုးတိုးလေး ကပ်ပြောလိုက်သည်။

ရွှမ်လင်းသည် ခေါင်းမော့လိုက်ပြီး ရွှီချင်းကို အေးတိအေးစက် စိုက်ကြည့်လိုက်သည်။

“ စိတ်ဝင်စားစရာပဲ ”

သူက စကားပြောပြီးနောက် ရွှီချင်းဆီသို့ လျှောက်သွားသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ချည်မျှင်ခုနစ်သောင်းသည် ဖိအားတစ်ခုကို ဖွဲ့စည်းလိုက်ပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားစေသည်။

သို့သော်လည်း သူက ခုနစ်လှမ်း ရှစ်လှမ်းခန့်လျှောက်ပြီးနောက် ဆူပူအုံကြွမှုတစ်ခုသည် အဖြူရောင်မျှော်စင်၏ အပြင်ဘက်မှာ ရုတ်တရက် ထွက်ပေါ်လာသည်။ ယင်းက ဆီပူထဲသို့ ရေလောင်းချလိုက်သည့်အလား ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာသည်။

“ ကိစ္စကြီးတစ်ခု ဖြစ်ပွားပြီ… ထျန်းဇောင်ဒေသငယ်ထဲမှာ သေမျိုးတစ်သန်းကျော် ယဇ်ပူဇော်ခံလိုက်ရတယ် ”

“ ထျန်းဇောင်ဒေသအကြီးအကဲက အဲ့ဒီကိစ္စကို ကိုယ်တိုင် စုံစမ်းစစ်ဆေးခဲ့ပြီး တရားခံကို သတ်ဖြတ်ခဲ့တယ်… တရားခံက မသေဆုံးခင်မှာ ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်ဖို့ ကြိုးစားခဲ့ပေမဲ့ ထျန်းဇောင်ဒေသအကြီးအကဲရဲ့ ဖိနှိပ်တာကို ခံခဲ့ရတယ်… ပြီးတော့ တရားခံရဲ့ ခန္ဓာကိုယ်ထဲမှာ ထူးဆန်းတဲ့ မျိုးစေ့တစ်ခုကို ရှာတွေ့ခဲ့တယ် ”

“ အဲ့ဒါက မူကွဲအင်မော်တယ်ကျောင်းတော်က တာအိုမျိုးစေ့ဖြစ်မယ်လို့ ထျန်းဇောင်ဒေသအကြီးအကဲက သံသယရှိနေတယ်… သူက အဲ့ဒါကို လူသားဧကရာဇ်ဆီ တင်ပြခဲ့တယ်… အခု တာအိုမျိုးစေ့က နန်းမြို့တော်ဆီ ပို့ဆောင်တဲ့ လမ်းကို ရောက်နေပြီ ”

“ လူသားဧကရာဇ်က ဒေါသထွက်နေတယ် ”

အပြင်ဘက်မှ ဆူညံသံများသည် မူကွဲအင်မော်တယ်ကျောင်းတော်၏ အဖြူရောင်မျှော်စင်ထဲသို့ ဝင်ရောက်လာသည်။

မူကွဲအင်မော်တယ်ကျောင်းတော်မှ လူတိုင်းသည် နှလုံးတုန်သွားကြသည်။ ရွှီချင်းဆီသို့ လျှောက်သွားနေသော ရွှမ်လင်းသည်လည်း သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်သည်။ သူက ရုတ်တရက် ခေါင်းလှည့်လိုက်ပြီး အပြင်ဘက်သို့ ကြည့်လိုက်သည်။

ရွှီချင်းသည်လည်း မျက်လုံးဖွင့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ အနက်ရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

All Chapters