ကျောင်းတော်ကို ရှင်းလင်းခြင်း
Vol. 77 Ch. 1194
နှစ်ပေါင်းမြောက်များစွာအတွင်း လူသားမျိုးနွယ် အစုလိုက်အပြုံလိုက် အသတ်ခံရသည့် ကိစ္စများသည် လူသားမျိုးနွယ်၏ ပိုင်နက်အပြင်ဘက်မှာ ဖြစ်လေ့ဖြစ်ထရှိသော အရာဖြစ်သည်။ မည်သို့ဖြစ်ပါစေ အတိတ်တွင် လူသားမျိုးနွယ်သည် ဝမ်ကူးကုန်းမြေ၏ နံပါတ်တစ်မျိုးနွယ်စု ဖြစ်ခဲ့သည်မဟုတ်ပါလော။ သို့ဖြစ်၍ ဝမ်ကူးကုန်းမြေ၏ ဒေသကြီးအားလုံးနီးပါးမှာ လူသားများ နေထိုင်ကြသည်။
လူသားမျိုးနွယ်၏ အဆင့်အတန်းက နိမ့်ကျသွားပြီး ၎င်း၏ ပိုင်နက်များကို တခြားမျိုးနွယ်စုများက တိုက်ခိုက်သိမ်းယူသွားကြသည့်အခါ မရေမတွက်နိုင်သော လူသားများသည် မျိုးနွယ်ခြားများ၏ စစ်သုံးပန်းများ ဖြစ်လာကြသည်။
သို့ဖြစ်၍ ယဇ်ပူဇော်ခံရခြင်းသည် မကြာခဏ မြင်တွေ့ရသောအရာ ဖြစ်သည်။
သို့သော်လည်း လူသားမျိုးနွယ်၏ ပိုင်နက်အတွင်းမှာ စစ်ဖြစ်ပွားသည့်အချိန်မှလွဲ၍ ထိုသို့အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်းသည် အလွန်ရှားပါးသည်။
ထျန်းဇောင်ဒေသငယ်ထဲမှာ ယဇ်ပူဇော်ခြင်းသည် တစ်ခုတည်းမဟုတ်ပေ။ သုံးခုဖြစ်သည်။
ယဇ်ပူဇော်ခံရသည့် လူသားအရေအတွက်သည် သိန်းဂဏန်းမှ သန်းဂဏန်းအထိ တိုးမြှင့်သွားသည်။ အများဆုံး ဖြစ်ပွားသောနေရာသည် သေမျိုးများနေထိုင်ရာ မြို့တော်များမှာ ဖြစ်သည်။ သူတို့၏ ဝိညာဉ်သည် အတင်းအဓမ္မ ဆွဲထုတ်ခံထားရပြီး သူတို့အားလုံးသည် ဆိုးဆိုးဝါးဝါး အသတ်ခံထားကြရသည်။
ထိုသို့လုပ်ရပ်သည် အလွန်အစွန်းရောက်ပြီး လူသားမျိုးနွယ်၏ အခြေခံအုတ်မြစ်ကို ထိပါးလာခြင်း ဖြစ်သည်။ ထို့ကြောင့် ဤကိစ္စကို လူသားဧကရာဇ်ထံသို့ တင်ပြလိုက်သည့်အခါ ဧကရာဇ်၏ ဒေါသသည် ကောင်းကင်အထိ ပျံ့လွင့်သွားသည်။
အဘယ့်ကြောင့်ဆိုသော် ထျန်းဇောင်ဒေသငယ်တွင် ဖြစ်ပွားခဲ့သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသုံးခုက အလုံးစုံအခြေအနေ၏ တစ်စိတ်တစ်ပိုင်းမျှသာ ရှိသေးသောကြောင့် ဖြစ်သည်။ တခြားဧရိယာများတွင်လည်း ထိုသို့အလားတူအဖြစ်အပျက်မျိုး ဖြစ်ပွားနိုင်သည့် ရာခိုင်နှုန်းက အလွန်များသည်။
မည်သို့ဖြစ်ပါစေ ထိုသို့လုပ်ရပ်သည် ယဇ်ပူဇော်မှုတစ်ခု သို့မဟုတ် ကျင့်ကြံခြင်းလိုအပ်ချက်တစ်ခုဖြစ်နိုင်ကြောင်း ထင်ရှားပေသည်။ ထိုအတွက် သန်းဂဏန်းသည် မလုံလောက်ပေ။
လျှို့ဝှက်လုပ်ဆောင်ခြင်း သို့မဟုတ် အခွင့်အာဏာဖြင့် ဖုံးကွယ်ထားခြင်း အစရှိသော အခြေအနေများကြောင့် တခြားနေရာများတွင် ထိုသို့အဖြစ်အပျက်မျိုးကို သူတို့ရှာမတွေ့သေးခြင်း ဖြစ်နိုင်လောက်၏။
သို့ဖြစ်၍ လူသားဧကရာဇ်သည် အမိန့်တော်တစ်ခုကို ချက်ချင်း ထုတ်ပြန်ခဲ့သည်။ သူက လူသားမျိုးနွယ်၏ ပိုင်နက်အားလုံးထဲမှာ စုံစမ်းစစ်ဆေးမှုများကို စတင်စေခဲ့သည်။ တစ်ချိန်တည်းမှာ သူက အထက်ရွှမ်နန်းတော်ငါးခုကို အမိန့်ပေးလိုက်ပြီး ဤကိစ္စကို အတူတကွ စုံစမ်းစစ်ဆေးခိုင်းခဲ့သည်။
ထို့ပြင် လူသားဧကရာဇ်သည် မူကွဲအင်မော်တယ်ကျောင်းတော်ထံသို့ အမိန့်တော်တစ်ခု ထုတ်ပြန်ခဲ့သည်။
မူကွဲအင်မော်တယ်ကျောင်းတော်၏ အဖြူရောင်မျှော်စင်သည် ယာယီပိတ်သိမ်းခံလိုက်ရပြီး ကျောင်းအုပ်ကြီးနှင့် ဘိုးဘေးသည် အကျဉ်းချခံလိုက်ရသည်။
ထိုအမိန့်တော်ကို ထုတ်ပြန်လိုက်သည်နှင့်ချက်ချင်း နန်းမြို့တော်နှင့် အင်ပါယာအကယ်ဒမီထဲမှာ ဆူပူအုံကြွမှုများ ဖြစ်ပေါ်လာကြသည်။
ထိုနေ့က နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီး ပြောခဲ့သော စကားများကို လိုက်ဖြန့်သော လူများပင် ရှိကြသည်။
သက်သေအားလုံးသည် မူကွဲအင်မော်တယ်ကျောင်းတော်သို့ ညွှန်ပြနေသည်။
မူကွဲအင်မော်တယ်ကျောင်းတော်သည် ပြန်လည်နာလန်ထူနေသည့် အရေးကြီးအချိန်ကျမှ ကြီးမားသော ကပ်ဘေးတစ်ခုဖြင့် ရင်ဆိုင်လာရသည်။
လူသားဧကရာဇ်၏ အမိန့်တော်ဖြစ်စေ လူထုအမြင်ဖြစ်စေ ယင်းတို့က မူကွဲအင်မော်တယ်ကျောင်းတော်ကို မီးပုံထဲသို့ ကျရောက်သွားစေဟန် ရသည်။ ထိုဖိအားသည် အလွန်ကြီးမားသည်။
အထူးသဖြင့် တာအိုမျိုးစေ့ဖြင့် ပေါင်းစပ်ထားသော လူများဖြစ်ကြသည်။ သူတို့သည် သင့်တင့်သော အဖြေကို မပေးနိုင်ကြပေ။
သူတို့သည် တာအိုမျိုးစေ့၏ ဝိသေသလက္ခဏာများကို အပြင်လူများထက် ပိုပြီးကောင်းမွန်စွာ နားလည်ထားကြသည်။
ယင်းက သက်ရှိများ၏ ဝိညာဉ်ကို အမှန်တကယ် ဝါးမျိုနိုင်သည်။
ကိုယ့်ဘာသာ အစွမ်းတိုးမြှင့်ခြင်းအပြင် ဝိညာဉ်များကို ဝါးမျိုခြင်းသည် ဝိညာဉ်ချည်မျှင်ဖွဲ့စည်းသည့် အမြန်နှုန်းကို တိုးမြှင့်ပေးနိုင်သည်။
သီအိုရီအရ သက်ရှိများ၏ ဝိညာဉ်သည် တာအိုမျိုးစေ့ဖြင့် ပေါင်းစပ်ထားသော ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအမြန်နှုန်းကို ပိုမိုမြန်ဆန်စေနိုင်သည်။
သို့သော်လည်း ခြားနားမှုတစ်ခုရှိသည်။ တာအိုမျိုးစေ့မှ ဝိညာဉ်လိုအပ်ချက်သည် လူသားမျိုးနွယ်တစ်ခုတည်းကို ကန့်သတ်မထားပေ။ ၎င်းက ဝမ်ကူးကုန်းမြေထဲမှ မျိုးနွယ်စုအားလုံး၏ ဝိညာဉ်ကို ဝါးမျိုနိုင်ပြီး စုပ်ယူနိုင်သည်။
သို့သော်လည်း အခြေခံအားဖြင့် ယင်းက သူတို့အပြစ်မရှိကြောင်း သက်သေပြပေးရန် မလုံလောက်ပေ။
သို့ဖြစ်၍ အချိန်တိုအတွင်းမှာ မုန်တိုင်းတိုက်ခတ်လာသည်နှင့် ယခင်ကဲ့သို့ ပြန်လည်စည်ကားသက်ဝင်လာသော မူကွဲအင်မော်တယ်ကျောင်းတော်သည် တိတ်ဆိတ်သွားသည်။
လူတချိုဆိုလျှင် သူတို့၏ ခန္ဓာကိုယ်ထဲမှ တာအိုမျိုးစေ့ကို တန်ကြေးအမျိုးမျိုးပေး၍ ဆွဲထုတ်လိုက်ပြီး ပေးအပ်လိုက်ကြသည်။
ရွှီချင်းသည် သူ၏ အကူအညီဖြင့် ပြန်နာလန်ထူလာသော မူကွဲအင်မော်တယ်ကျောင်းတော်က ယခုကဲ့သို့ ကပ်ဘေးဖြင့် တွေ့ကြုံနေရသည်ကို ကြည့်ရှုနေသည်။ အဆောက်အဦးက ပြိုလဲကျတော့မည်ဟူသော ခံစားမှုသည် သူ့အား အန္တရာယ်ကို မခံစားမိစေပေ။ ယင်းအစား ကြီးမားသော သတ်ဖြတ်ချင်စိတ်ကိုသာ ဖြစ်ပေါ်စေသည်။
ဤကိစ္စက သူနှင့်သက်ဆိုင်နေသောကြောင့် ယင်းကို သူ့ဘာသာ စုံစမ်းစစ်ဆေးချင်သည်။
အကယ်၍ ဤကိစ္စက တကယ်ပဲ ဝိညာဉ်မျိုးစေ့ဖြင့် ပေါင်းစပ်ထားသော လူများ၏ လက်ချက်ဆိုလျှင် သူက ကျောင်းတော်ကို ရှင်းလင်းပစ်လိမ့်မည်။ သူက အပြင်ဘက်မှ ဝိညာဉ်မျိုးစေ့အားလုံးကို ပြန်လည်ရုပ်သိမ်းပြီး ယင်းကို လျော်ကြေးပေးရန်အတွက် အကောင်းဆုံး ကြိုးစားမည်။
သို့သော်လည်း အကယ်၍ ဤကိစ္စက မူကွဲအင်မော်တယ်ကျောင်းတော်၏ လက်ချက်မဟုတ်ဘဲ တခြားလူများ၏ ချောက်ချခံရခြင်းဖြစ်မည်ဆိုလျှင် ထိုနောက်ကွယ်မှာ မည်သူပဲရှိပါစေ သူက အားလုံးကို မြေလှန်ပစ်လိမ့်မည်။
ဤအတွက် လူသန်းပေါင်းများစွာ သေဆုံးခဲ့ရခြင်း မဟုတ်ပါလော။
ထို့ကြောင့် ရွှီချင်းသည် အင်ပါယာအကယ်ဒမီထဲမှ ချက်ချင်း ထွက်သွားပြီး တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ထဲသို့ ဝင်ရောက်သွားကာ နန်းမြို့တော်ထဲမှ ထွက်သွားသည်။
နန်းမြို့တော်၏ အပြင်ဘက်တွင် ရွှီချင်းသည် သူ့ဝိညာဉ်မျိုးစေ့၏ အားလှိုင်းအတတ်အကျများကို ဆက်လက် မဖိနှိပ်ထားတော့ပေ။ သူက အစွမ်းကုန်သုံး၍ ယင်းတို့ကို ဖြန့်ကြက်လိုက်ပြီး သူ၏ အာရုံခံနိုင်စွမ်းကို တိုးမြှင့်လိုက်သည်။
ချက်ချင်းဆိုသလို စိတ်အာရုံတစ်ခုသည် သူ၏ စိတ်ထဲမှာ လျှပ်စီးလင်းလက်သွားသကဲ့သို့ ထွက်ပေါ်လာသည်။ ဆက်သွယ်မှုချည်မျှင်များသည် သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာကြသည်။ ယင်းတို့က စုစုပေါင်း ရာပေါင်းများစွာရှိပြီး တာအိုမျိုးစေ့ဖြင့် ပေါင်းစပ်ထားသော လူများဖြင့် ချိတ်ဆက်နေသည်။
ခရမ်းရောင်သော်လည်းကောင်း အစိမ်းရောင်သော်လည်းကောင်း အဖြူရောင်သော်လည်းကောင်း အားလုံးသည် သူ၏ စိတ်အာရုံအတွင်းမှာ ရှိကြသည်။
ချည်မျှင်အများစုသည် နန်းမြို့တော်သို့ ညွှန်ပြနေကြသည်။ အပြင်ဘက်တွင်တော့ ချည်မျှင်(၁၁)ကြိုးသာ ရှိကြသည်။
တချို့သည် နီးကပ်ပြီး တချို့သည် အလွန်ဝေးကွာသည်။ အကယ်၍ မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီးသာဆိုလျှင် ထိုမျှအကွာအဝေးထိ အာရုံခံရန် သူ့အတွက် အလွန်ခက်ခဲလိမ့်မည်။ သို့သော်လည်း ရွှီချင်းသည် ဝိညာဉ်မျိုးစေ့အားလုံး၏ အရင်းအမြစ်ဖြစ်သည်။ ယခု သူက အစွမ်းကုန် အသုံးပြုလိုက်ပြီဖြစ်လေရာ ဝိညာဉ်မျိုးစေ့များ၏ တည်နေရာနှင့် အခြေအနေများကို ချည်မျှင်များမှတဆင့် အာရုံခံနိုင်သွားသည်။
“ ဝိညာဉ်မျိုးစေ့ဆယ်ခုက ပေါင်းစပ်ခြင်းအခြေအနေမှာ ရှိတယ်… တစ်ခုကတော့ အပြင်ရောက်နေတယ် ”
အပြင်ရောက်နေသည့် ထိုဝိညာဉ်မျိုးစေ့က နန်းမြို့တော်ဆီသို့ ထျန်းဇောင်ဒေသအကြီးအကဲ ပို့လွှတ်လိုက်သော ဝိညာဉ်မျိုးစေ့ဖြစ်ကြောင်း ရွှီချင်း ခန့်မှန်းနိုင်သည်။
ရွှီချင်းသည် မျက်လုံးမှိတ်လိုက်ပြီး သူ၏ စိတ်ထဲမှ ချည်မျှင်များကို ဂရုတစိုက် အာရုံခံလိုက်သည်။ သူက ထိုဝိညာဉ်မျိုးစေ့တစ်ခုတည်းကို အာရုံစိုက်လိုက်ပြီးနောက် နန်းမြို့တော်ထဲမှ ၎င်းထွက်သွားခဲ့သည့် အချိန်ကို ပြန်စဉ်းစားလိုက်သည်။
အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် ရုတ်တရက် မျက်လုံးပြန်ဖွင့်လိုက်သည်။
“ လွန်ခဲ့တဲ့ လဝက်တုန်းက ဝိညာဉ်မျိုးစေ့သုံးခုက နန်းမြို့တော်ကနေ ထွက်သွားခဲ့တယ်… ဒီဝိညာဉ်မျိုးစေ့က သူတို့ထဲက တစ်ခုပဲ ”
“ တခြားနှစ်ခုကတော့… ”
အနက်ရောင်အလင်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက အပြင်ဘက်မှ တခြားဝိညာဉ်မျိုးစေ့နှစ်ခုကို ချက်ချင်း အာရုံခံလိုက်သည်။
တစ်ခုသည် မဟာနန်းမြို့တော်ဒေသကြီး၏ (၉၇)ခုမြောက် နယ်မြေစက်ဝန်းမှာ တည်ရှိပြီး တခြားတစ်ခုသည် ထိုထက် အများကြီး ပိုပြီးဝေးကွာသည်။ ယင်းက မဟာနန်းမြို့တော်ဒေသကြီးထဲမှာ မတည်ရှိပေ။ ယင်းအစား ဒေသငယ်ခုနစ်ခုထဲမှ တစ်ခုဖြစ်သော ပြည်နယ်ကိုးခုဒေသငယ်ထဲမှာ တည်ရှိသည်။
သတ်ဖြတ်ချင်သော စိတ်ဆန္ဒသည် ရွှီချင်း၏ နှလုံးသားထဲမှာ အလွန်ပြင်းထန်လာသည်။ သူက ချက်ချင်း ပျံသန်းသွားပြီး ရှေးဟောင်းနေလုံးကိုပင် ထုတ်ယူလိုက်သည်။ သူက ရှေးဟောင်းနေလုံး၏ အံ့ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် (၉၇)ခုမြောက် နယ်မြေစက်ဝန်းဆီသို့ ဦးတည်သွားသည်။
ဤခရီးသည် အလွန်ရှည်လျားသည်။ သို့သော်လည်း ကံကောင်းစွာဖြင့် တည်နေရာပြောင်းရွှေ့ခြင်းသည် လမ်းတစ်လျှောက်တွင် အဆင်ပြေချောမွေ့ခဲ့သည်။ သို့ဖြစ်၍ တစ်ရက်ကြာပြီးနောက် များပြားလှသော တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်များနှင့် ရှေးဟောင်းနေလုံး၏ အရှိန်အဟုန်ကြောင့် ရွှီချင်းသည် မဟာနန်းမြို့တော်ဒေသကြီး၏ အပြင်ဘက်စွန်းနားမှာရှိသော (၉၇)ခုမြောက် နယ်မြေစက်ဝန်းဆီသို့ ရောက်ရှိသွားသည်။
မဟာနန်းမြို့တော်ဒေသကြီးထဲမှာ စုစုပေါင်း နယ်မြေစက်ဝန်း(၁၁၀)ခု ရှိသည်။ သေမျိုးအများစုသည် (၉၇)ခုမြောက် နယ်မြေစက်ဝန်းထဲမှာ နေထိုင်ကြသည်။ ရွှီချင်းရောက်ရှိသွားသည့်အခါ နေဝင်ရီတရောအချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဘေးပတ်ဝန်းကျင်ကို သူစစ်ဆေးကြည့်လိုက်သည့်အခါ နယ်မြေစက်ဝန်းထဲမှ ကုန်းမြေတစ်ခုလုံးက အေးဆေးတည်ငြိမ်နေပုံပေါ်သည်။ ဤနေရာမှာ ထူးခြားသော မည်သည့်ကိစ္စမှ မဖြစ်ပွားခဲ့ဟန် ရ၏။
ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး ရှေးဟောင်းနေလုံးကို ပြန်သိမ်းဆည်းလိုက်သည်။ ဝိညာဉ်မျိုးစေ့၏ ညွှန်ပြမှုအရ သူက ဤနယ်မြေစက်ဝန်း၏ အနောက်ဘက်ပိုင်းဆီသို့ ပျံသန်းသွားသည်။
ဤအခိုက်အတန့်မှာ သွေးနီရောင်အလင်းသည် ကောင်းကင်တစ်ခွင် ပျံ့နှံ့နေသည်။ ရွှီချင်းသည် အနီရောင်အလင်း၏ ရောင်ပြန်မှုအောက်မှာ သတ်ဖြတ်ချင်သော စိတ်ဆန္ဒနှင့်အတူ ပျံသန်းသွားနေသည်။ တစ်နာရီကြာပြီးနောက် သူ၏ ပုံရိပ်သည် ဤနယ်မြေစက်ဝန်း၏ အနောက်ဘက်ပိုင်းမှာ ထွက်ပေါ်လာသည်။
ဤနေရာသည် အတော်လေး တိတ်ဆိတ်ပြီး နေရာအနှံ့မှာ လွင်ပြင်များဖြင့် ပြည့်နှက်နေသည်။ ယင်းက ဟာလာဟင်းလင်းဖြစ်သော ခံစားမှုကို ပေးသည်။ ဤနေရာတွင် လူသားမြို့တော်ငယ် ကိုးမြို့ တည်ရှိကြသည်။
ယင်းကို မြို့တော်ငယ်ဟု ခေါ်ဆိုသော်လည်း မြို့တစ်မြို့၏ သင့်တင့်မျှတသော အရွယ်အစား ရှိသည်။
ဤနေရာမှ လူသားမြို့တော်ငယ်များသည် မဟာနန်းမြို့တော်ဒေသကြီးအတွင်းမှာ တည်ရှိသောကြောင့် တခြားနေရာများထက် ပိုပြီးငြိမ်းချမ်းကြသည်။ လက်ရှိ ရွှီချင်းကြည့်ရှုနေသော မြို့တော်ငယ်ကို ဝမ်လီဟု ခေါ်သည်။
မြို့တော်ထဲတွင် အဆောက်အဦးများဖြင့် ပြည့်ကျပ်နေပြီး မီးခိုးငွေ့သည် အဆောက်အဦးအများစုထံမှ တလိပ်လိပ် ထွက်ပေါ်နေသည်။ ကောင်းကင်ပေါ်မှ ကြည့်လျှင် လမ်းမများပေါ်မှာ သွားလာလှုပ်ရှားနေကြသော လူသားများ၊ ကုန်သည်များနှင့် ဈေးသည်များကို မြင်တွေ့နိုင်သည်။
ထိုထဲတွင် ကျင့်ကြံသူများလည်း ရှိသည်။ သို့သော်လည်း အနည်းစုသာ ဖြစ်သည်။
ဤနေရာတွင် ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးသူသည် ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ ထိုသူသည် လက်ရှိ တော်ဝင်နန်းတော်ထဲမှာ ရှိနေသည်။
ရွှီချင်းသည် သူ၏ နတ်ဘုရားစိတ်အာရုံကို ဖြန့်ကြက်ပြီးနောက် ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်သည်။ သူ၏ ပုံရိပ်က ကောင်းကင်ပေါ်မှ ရုတ်တရက် ပျောက်ကွယ်သွားသည်။ သူက ပြန်ပေါ်လာသည့်အခါ မြို့တော်၏ လမ်းသွယ်တစ်ခုဆီသို့ ရောက်ရှိသွားသည်။
သူက မြို့တော်ထဲမှာ လမ်းလျှောက်နေစဉ် သေမျိုးများသော်လည်းကောင်း ကျင့်ကြံသူများသော်လည်းကောင်း သူ့ကို အာရုံမခံမိကြချေ။ ဤသည်မှာ ရွှီချင်းက သူတို့၏ မျက်လုံးထဲမှာ မတည်ရှိသည့်အလားပင်။
ဤသည်မှာ အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်၏ အရှိန်အဝါကြောင့် ဖြစ်သည်။ သူတို့မှာ ကိုယ်ပိုင်ကောင်းကင်ဘုံတာအိုရှိပြီး ကိုယ်ပိုင်ဥပဒေများကို ဖန်တီးနိုင်သောကြောင့် သာမန်လူများနှင့် ကျင့်ကြံခြင်းအဆင့်နိမ့်သူများက သူတို့ကို အာရုံမခံနိုင်ကြပေ။
ရွှီချင်းသည် သူ၏ လက်ရှိ စိတ်ခံစားချက်ကြောင့် သေမျိုးဘဝကို တွေ့ကြုံခံစားနေရန် စိတ်မဝင်စားချေ။ သူက ခြေတစ်လှမ်းဖြင့် ဈေးဆိုင်တစ်ခု၏ အရှေ့မှာ ထွက်ပေါ်လာသည်။
ဈေးဆိုင်သည် ကုန်စုံဆိုင်ဖြစ်သည်။ ဈေးဆိုင်ပိုင်ရှင်သည် အဖိုးအိုတစ်ယောက်ဖြစ်ပြီး လက်ရှိမှာ သူက လက်ကို ခေါင်းအုံးလုပ်၍ ဆိုင်ထောင့်မှာ အိပ်ပျော်နေသည်။ ဈေးဆိုင်၏ အရောင်းအဝယ်အားလုံးကို လူငယ်အလုပ်သမားတစ်ယောက်က တာဝန်ယူထားသည်။
ရွှီချင်း၏ ရောက်ရှိလာမှုက လူငယ်အလုပ်သမား၏ စိတ်အာရုံကို မဆွဲဆောင်ခဲ့ပေ။ သို့သော်လည်း အိပ်ပျော်နေသော ဈေးဆိုင်ပိုင်ရှင်၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ယင်လာသည်။ နောက်အခိုက်အတန့်မှာ သူ၏ ပုံရိပ်က ဝေဝါးလာပြီး ပျောက်ကွယ်သွားသည်။
ရွှီချင်းက အမူအရာကင်းမဲ့စွာဖြင့် တည်ငြိမ်စွာ ပြောသည်။
“ ပြန်လာစမ်း ”
ထိုသို့ပြောလိုက်သည့်အခါ ဤနေရာမှ ဥပဒေသများသည် ပြောင်းလဲသွားပြီး တည်နေရာပြောင်းရွှေ့ခြင်းက နှောင့်ယှက်ခံလိုက်ရသည်။ နောက်အခိုက်အတန့်မှာ ပျောက်ကွယ်သွားသော ဈေးဆိုင်ပိုင်ရှင်၏ ပုံရိပ်က ဝေဝေဝါးဝါး ပြန်ထွက်ပေါ်လာပြီး တဖြည်းဖြည်း ကြည်လင်လာသည်။
သူ၏ မျက်နှာပေါ်မှာ ချောက်ချားမှုဖြင့် ပြည့်နှက်နေသည်။ သူက မတ်တတ်ရပ်ချင်သော်လည်း နောက်ကျသွားချေ၏။ ရွှီချင်းသည် သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး တည်နေရာပြောင်းရွှေ့လိုက်သည်။ ဤနေရာမှ လေဟာနယ်သည် ပြောင်းလဲသွားပြီး သူတို့က မြို့တော်ထဲမှာ ဆက်ရှိမနေကြတော့ပေ။ ယင်းအစား သူတို့က မြို့တော်နှင့် ကီလိုမီတာငါးထောင် ကွာဝေးသော ကောင်းကင်ပေါ်မှာ ပြန်ထွက်ပေါ်လာကြသည်။
လေကြမ်းသည် တဟူးဟူး တိုက်ခတ်နေပြီး လေတိုက်သံသည် နားကွဲလုမတတ် ပြင်းထန်လှသည်။ ဤအခိုက်အတန့်မှာ ဈေးဆိုင်ပိုင်ရှင်သည် နှလုံးတုန်လှုပ်နေသည်။ သူက ရွှီချင်းကို ကြောက်ရွံ့ခြင်း၊ မယုံကြည်နိုင်ခြင်းဖြင့် ကြည့်လိုက်သည်။
သူက အလွန်သတိထားခဲ့သည်။ သူ၏ ရဲဘော်ရဲဘက်တစ်ဦးက ဖော်ထုတ်ခံလိုက်ရပြီး အသတ်ခံလိုက်ရကြောင်း သူသိလိုက်ရကတည်းက သူ၏ အစီအစဉ်ကို ချက်ချင်း လက်လျော့လိုက်သည်။ ထို့နောက် သူက လျှို့ဝှက်အတတ်ပညာတစ်ခုကို အသုံးပြု၍ သူ၏ သဲလွန်စများကို တခြားနယ်မြေစက်ဝန်းများမှာ ပျံ့နှံ့စေပြီး ဤနေရာမှာ လာရောက်ပုန်းအောင်းနေခြင်း ဖြစ်သည်။
အထက်လူများကြီးက သူ့ကို အကြောင်းမကြားလာခင်အထိ သူက ဤနေရာမှာ စောင့်ဆိုင်းနေရန် ရည်ရွယ်ထားသည်။
တခြားနယ်မြေစက်ဝန်းများမှာ သူဖြန့်ကြက်ထားခဲ့သော သဲလွန်စများကို မည်သူမှ ရှာမတွေ့သေးခင် တစ်စုံတစ်ယောက်က သူ၏ အစစ်အမှန် တည်နေရာကို ရှာတွေ့သွားခဲ့သည်။
ယင်းက သူ့ကို သတိကြီးကြီး ထားစေသည်။ သို့သော်လည်း သူ့ကို ပိုပြီးထိတ်လန့်စေခဲ့သည်မှာ ရွှီချင်း၏ သရုပ်ဖြစ်သည်။
သူက ရွှီချင်းကို ယခင်က မြင်ဖူးသည်။
တစ်ချိန်တည်းမှာ ချောက်ချားဖွယ်အကောင်းဆုံး အရာသည် သူ၏ ခန္ဓာကိုယ်ထဲမှ တာအိုမျိုးစေ့က သူ့အပိုင်မဟုတ်တော့သည့်အလား ပြင်းထန်စွာ တုန်ယင်နေသည်။
ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းသော မူကွဲအင်မော်တယ် ကျင့်ကြံခြင်းအရှိန်အဝါကို ထုတ်လွှတ်ထားသော ဒေသအရှင်သခင်ရွှီက တာအိုမျိုးစေ့၏ တကယ့်ပိုင်ရှင်ဖြစ်ကြောင်း ၎င်းက သူ့ကို ပြောပြနေသည့်အလားပင်။
“ မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ နောက်ခံက တကယ်တော့ မင်းကို ”
ဈေးဆိုင်ပိုင်ရှင်သည် သူ၏ နှလုံးသားထဲမှာ စိတ်ပျက်အားလျော့မှုကို ခံစားမိသွားသည်။ နောက်ထပ်မေးနေစရာ မည်သည့်အကြောင်းမှ မရှိတော့ပေ။ ရွှီချင်းက သူ့ကို ဤအချိန်မှာ လာရှာဖွေရသည့် အကြောင်းအရင်းက တစ်ခုတည်းသာ ရှိသည်။
ထို့ကြောင့် အသေခံမည့် စိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက အံတင်းတင်းကြိတ်လိုက်ပြီး သူ၏ ပါးစပ်ထဲမှ လျှို့ဝှက်အဆိပ်ကို ချေမွလိုက်သည်။ သူ၏ အသက်ဓာတ်သည် တဖြည်းဖြည်း ခမ်းခြောက်သွားသည်။
သူက အကန့်အသတ်စည်းများကို ကြိုတင်အသက်သွင်းထားသည့်အလား သူ၏ ခန္ဓာကိုယ်သည် တုန်ယင်လာပြီး အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားသည်။
တစ်ချိန်တည်းမှာ သူ၏ ဝိညာဉ်သည် ဟိုးယခင်ကတည်းက သူပျိုးထောင်ထားသော လေဟာနယ်မီးတောက်ဖြင့် ချက်ချင်း လောင်ကျွမ်းခံလိုက်ရသည်။
ထိုသို့လုပ်ဆောင်မှုများသည် မည်သည့်သဲလွန်စမှ မကျန်ရစ်စေရန် သေချာစေသည့် စတေးခံစစ်သည်တော်တစ်ဦး၏ လုပ်ဆောင်မှုများ ဖြစ်သည်။
သူက ထိုအရာအားလုံးကို လျှပ်တစ်ပြက်အတွင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ သူမသေဆုံးခင် သူ၏ မျက်လုံးထဲမှ စိတ်ပျက်အားလျော့မှုက ပျောက်ကွယ်သွားပြီး သရော်လှောင်ပြောင်သော် အရိပ်အယောင်ကို ထုတ်ဖော်လိုက်သည်။
ဤသည်မှာ သူက ရွှီချင်းကို…
“ မင်းက ငါ့ကို ရှာတွေ့သွားတယ်… မင်းက မူကွဲအင်မော်တယ်တွေရဲ့ အရင်းအမြစ် ဖြစ်တယ်… ဒါပေမဲ့ အဆုံးမှာ ဘာများထူးခြားသွားလို့လဲ ”ဟု ပြောနေသယောင်ယောင်။
ရွှီချင်းသည် ဈေးဆိုင်ပိုင်ရှင်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ သူက တစ်ဖက်လူကို ရပ်တန့်ခြင်းမပြုပေ။ ယင်းအစား သူက တစ်ဖက်လူ၏ နည်းလမ်းများကို စစ်ဆေးလေ့လာလိုက်သည်။ တစ်ဖက်လူ၏ အသေခံသည့် နည်းလမ်းကို မြင်တွေ့သွားပြီးနောက် သူက ညာဘက်လက်ကို အမူအရာကင်းမဲ့စွာ မြှောက်တင်လိုက်သည်။
သူ၏ ခန္ဓာကိုယ်ထဲမှ နေနာရီလက်တံသည် ရုတ်တရက် ရွေ့လျားသွားသည်။ ထို့နောက် ဧရာမပုံရိပ်တစ်ခုသည် သူ့အနောက်မှာ ထွက်ပေါ်လာပြီး လောကကြီးကို တုန်လှုပ်သွားစေသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ချည်မျှင်တစ်သန်းသုံးသိန်းသည် အပြင်သို့ တိုးထွက်လာကြပြီး ထိုဧရာမပုံရိပ်ကို အစစ်အမှန် ဒြပ်ထည်ရှိလာစေသည်။
အဝေးမှ ကြည့်လျှင် ယင်းက နတ်ဘုရားတစ်ပါးဆင်းသက်လာခြင်းနှင့် ဆင်တူသည်။
လွန်ခဲ့သော လဝက်ခန့်က ရွှီချင်းသည် သူ၏ ဝိညာဉ်ချည်မျှင်များကို အသုံးပြုပြီး နေနာရီကို တုပဖန်တီးရန် ကြိုးစားခဲ့သည်။ ယင်းက အကန့်အသတ်များကို ချိုးဖြတ်သွားပြီး အသက်ခုနစ်ခါရှူချိန်အတွင်း အချိန်ကို သူ့အား ဆန္ဒရှိသလို ထိန်းချုပ်ခြယ်လှယ်နိုင်စေသည်။ ယင်းက သူ၏ မပြည့်စုံသေးသော စတုတ္ထအသွင်သဏ္ဍာန် ဖြစ်သည်။
အချိန်နဲ့လေဟာနယ် နောက်ပြန်ဆုတ်စေ…
သူက ညာလက်ဖြင့် လက်ညှိုးညွှန်လိုက်သည့်အခါ လေထဲမှာ ပျောက်ကွယ်သွားနေသော ဈေးဆိုင်ပိုင်ရှင်သည် ချက်ချင်း ပုံမှန်ပြန်ဖြစ်သွားပြီး နေရာမှာ ဆွံ့အသွားသည်။
“ ဘာကြီးလဲ… ”