ဝမ်မင်၏ပထမဆုံးအကြိမ် စစ်မှန်သောတိုက်ပွဲ
Vol. 53 Ch. 781
ထိုစကားကြောင့် ဆရာများအားလုံး အသက်ရှူကြပ်သွားကြသည်။
ဤသည်မှာ စစ်ကြေညာခြင်းပင် ဖြစ်၏။
ကျင့်ကြံခြင်းနယ်ပယ် အဆင့်များကြား ကွာဟချက်ကို မှော်ရတနာများအသုံးပြု၍ ဖာထေးနိုင်သည်။
သို့ရာတွင် မှော်ရတနာများသည် များသောအားဖြင့် အကန့်အသတ်ဖြင့်သာ အသုံးဝင်မည် ဖြစ်၏။
ဝမ်မင်က အခြားဆရာများကို တမင်တကာ တွန်းအားပေးနေခြင်း ဖြစ်ကြောင်း ဝူကျန်းကျွင်း ကောင်းစွာသိသည်။
ဝမ်မင်၏ နည်းလမ်းက မျှော်လင့်ထားသည့် အတိုင်းပင် အောင်မြင်ခဲ့သည်။
သူ၏ လေကြီးလေကျယ်စကားကို ကြားလျှင် ပတ်ဝန်းကျင်ရှိ ဆရာများက ဒေါသတကြီး အော်ဟစ်နေကြတော့သည်။
“ဝူကျန်းကျွင်း သူ့ကိုရိုက်.. သူ့ချပ်ဝတ်တန်ဆာကို ဖျက်ဆီးပစ်လိုက်.. သူဘာပြောမလဲ ဆိုတာ ငါတို့ ကြည့်ရအောင်”
ဆရာများသာမက ကျောင်းသားများကလည်း ဝူကျန်းကျွင်းကို အားပေးလာကြသည်။
အဘယ်ကြောင့်ဆိုသော် ဝမ်မင်၏ စကားက အလွန်မောက်မာလွန်းသောကြောင့် ဖြစ်၏။
“သွားတိုက်လိုက် ဆရာဝူ.. မစိုးရိမ်နဲ့ အဲဒါက ချပ်ဝတ်တန်ဆာအစုတ်ပဲ”
“ဟွာရှို့မှာ အသန်မာဆုံး ဖျက်ဆီးရေးသမားက ဘယ်သူလဲဆိုတာ သက်သေပြဖို့က မင်းအပေါ်မှာပဲ မူတည်တယ် ဆရာဝူ.. ကိုင်ပစ်လိုက်တော့”
“ဆရာဝူ.. DJ moonရဲ့ Djသံနဲ့ သူ့ကို သေအောင်လုပ်လိုက်”
ပတ်ဝန်းကျင်တွင် ကျောင်းသားအများစုက အုံလိုက်ကျင်းလိုက် တိုးဝှေ့နေကြသည်။
သူတို့က ဘာကိုမှဂရုမစိုက်အားဘဲ ရှိုးပွဲ တစ်ခုတွင် ပျော်မွေ့နေသလိုပင်။
အကြွင်းအကျန်နယ်မြေထဲရှိ သူတို့၏အချိန်က မကြာမီကုန်ဆုံးတော့မည် ဖြစ်သောကြောင့် ဆရာနှစ်ယောက်၏ တိုက်ပွဲသည် သူတို့အတွက် ဖျော်ဖြေမှုတစ်ခုလို ဖြစ်မည်မှာ သေချာသည်။
ဤနွေရာသီစခန်းသွင်း လေ့လာရေးက တကယ်ကို ခမ်းနားကြီးကျယ်သော အမှတ်တရများကို ကျန်ရစ်စေမည်ဖြစ်၏။
ဆရာနှစ်ယောက်၏ ပြိုင်ဆိုင်မှုကိုလည်း ကြည့်ရမည် ဖြစ်၍ အလွန်တန်သည်ဟုပင် ဆိုရမည်။
ဤသည်က ငြိမ်းချမ်းရေးခေတ်တွင် တကယ့်တိုက်ပွဲအစစ်အမှန်ကို မြင်တွေ့ခွင့်ရမည့် အဖိုးတန်အခွင့်အရေးအဖြစ်ပင် ရှုမြင်နိုင်ပေသည်။
ကျောင်းသား အတော်များများက ဝူကျန်းကျွင်း ဘက်တွင် ရပ်တည်နေကြသော်လည်း ကျောင်းသားအချို့ကမူ ဝမ်မင်ဘက်တွင် ရပ်တည်နေကြဆဲ ဖြစ်သည်။
အများစုမှာ အမှတ်၆၀ အထက်တန်းကျောင်းမှ ကော်ဟောက်တို့လူစု ဖြစ်ကြသည်။
ကျိုက်ယန်၏ မျက်လုံးထဲတွင် လူသတ်လိုသော အမူအရာများ ဖြစ်ပေါ်နေသည်။
“ဆရာဝမ် အနိုင်ရပါ့မလား”
ဤမြင်ကွင်းကိုကြည့်ကာ မြေပဲလေးက ရေရွတ်လိုက်သည်။
ဝမ်လင်းက ကောင်းကင်ကို စူးစိုက်ကြည့်လိုက်သည်။
သူ့မျက်ဝန်းက လုံးဝ တည်ငြိမ်နေခဲ့၏။
မှော်ရတနာများသည် တိုက်ပွဲတွင် များသောအားဖြင့် အကန့်အသတ်ဖြင့်သာ အသုံးဝင်လေ့ရှိသည်။
ကျင့်ကြံခြင်း နယ်ပယ်အသီးသီးတွင် ကွာဟချက်များ ရှိနိုင်၍ လူတစ်ဦးသည် အခြားတစ်ဦးကို ကျော်တက်အောင် ကူညီပေးရန်မှာ ကျိန်းသေ မဖြစ်နိုင်ပေ။
ဥပမာအားဖြင့် ကျင့်ကြံခြင်း နယ်ပယ်အဆင့် နိမ့်ကျသူ တစ်ဦးသည် ကွာဟချက်တစ်ခုကို အမှန်ပင် ဖြစ်ပေါ်စေနိုင်သည်။
၎င်းတွင် အစွမ်းထက်မှော်ရတနာ၏ ခွန်အားရှိသော်လည်း သူ၏ ကျင့်ကြံခြင်းနယ်ပယ် အဆင့်က နိမ့်ကျနေသဖြင့် ထိုမှော်ရတနာ၏ တိုက်ပွဲဝင်စွမ်းအားကို အပြည့်အဝပြသရန် ခက်ခဲမည် ဖြစ်သည်။
ထို့ကြောင့် ယေဘုယျအားဖြင့် အစွမ်းထက် မှော်ရတနာများသည် အတိုင်းအတာ တစ်ခုအထိသာ အသုံးဝင်မည်ဖြစ်သည်။
ကျင့်ကြံခြင်းအဆင့် နယ်ပယ်များကြား ကွာဟချက်ကို မှော်ရတနာများဖြင့် လုံးလုံးလျားလျား အစားထိုး၍မရနိုင်ပေ။
မှော်ရတနာတစ်ခု၏ တိုက်ပွဲဝင်စွမ်းအား မည်မျှရှိကြောင်းပြသရာတွင် ပိုင်ရှင်နှင့် ၎င်း၏ လက်နက်တို့ကြား ဆက်နွှယ်မှုသည် အလွန်ပင် အရေးကြီးသည်။
သို့ရာတွင် လူတော်တော်များများသည် အချက်တစ်ချက်ကို မေ့လျော့နေကြသည်။
ယင်းမှာ ဝမ်မင် ဝတ်ဆင်ထားသည့် စက်ရုပ်ချပ်ဝတ်တန်ဆာသည် သမာရိုးကျ ကျင့်ကြံခြင်း မှော်ရတနာတစ်ခု မဟုတ် ဆိုသောအချက်ပင်။
ထိုအရာက သိပ္ပံပညာဖြင့် ပြုလုပ်ထားသည့် မှော်ရတနာတစ်ခု ဖြစ်သည်။
ထိုမှော်ရတနာတွင် လက်နက်ဝိညာဉ် မပါရှိပေ။
တစ်နည်းအားဖြင့်ဆိုရလျှင် လက်နက်ဝိညာဉ်သည် တွက်ချက်မှုဆိုင်ရာ အချက်အလက် တစ်ခုသာ ဖြစ်သည်။
ဝမ်မင်၏ စက်ရုပ်ချပ်ဝတ်တန်ဆာကမူ အဆင့်မြင့် နည်းပညာသုံး Ai ပရိုဂရမ်တစ်ခု ပါရှိ၍ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ကာ အလိုအလျောက် သင်ယူနိုင်စွမ်းလည်း ရှိသည်။
ထို့ကြောင့် ဝမ်လင်းက အေးအေးဆေးဆေး ဖြစ်နေခြင်း ဖြစ်သည်။
သူ့အစ်ကိုက ဆောင့်ကြွားကြွား စရိုက် ရှိသော်လည်း မည်မျှသန်မာကြောင်း သူသိသည်။
ဝမ်မင် ငယ်စဉ်က သူ့ကို အကြိမ်ကြိမ် ရှုံးနိမ့်ခဲရသည်။
ထိုအချိန်မှစ၍ သူ့အစ်ကိုသည် မည်သည့်အခါမှ မဆင်မခြင်ပြုမူခြင်း မရှိတော့ပေ။
ထိုအစား ဝမ်လင်းပိုစိုးရိမ်သင့်သည့် အရာမှာ နိုင်ငံခေါင်းဆောင်၏ တုံ့ပြန်မှုသာ ဖြစ်သည်။
နိုင်ငံခေါင်းဆောင်က လျှို့ဝှက်ဆန်းကြယ် ကျင့်ကြံသူကို ရှာဖွေနေကြောင်း သူကောင်းစွာသိသည်။
ဤတစ်ကြိမ်တွင် ကောင်းကင်နှင့်ပင်လယ် အစီအရင်ကို ရပ်တန့်ရန်အတွက် ဝမ်လင်းသည် သူ့ကိုယ်သူ ထုတ်ဖော်လုနီးပါး ဖြစ်ခဲ့ရသည်။
ကံကောင်းစွာဖြင့် လတ်တလောတွင် နိုင်ငံခေါင်းဆောင် နှင့်ဟွာရှို့မဟာမိတ် အဖွဲ့ဝင်များသည် သူ့ကို သံသယမရှိခဲ့ကြပေ။
၎င်းတို့က လျှို့ဝှက်ဆန်းကြယ်ကျင့်ကြံသူကို ဆရာ၊ဆရာမများ ထဲတွင် ရှိနိုင်သည်ဟု ထင်ကြေးပေးခဲ့ကြသည်။
လတ်တလောတွင် ဝမ်လင်းသည် ဆရာတစ်ယောက်ယောက်ကို ချောက်ချရင် ကောင်းမလားဟုပင် တွေးနေမိသည်။
ဝူကျန်းကျွင်းက ထွက်ပေါက် မရှိတော့ကြောင်း ကောင်းစွာသိလိုက်သည်။
ဝမ်မင်က သူ့ကို အတင်းအကျပ် တိုက်ခိုက်ရန် ဖိအားပေးနေသည် မဟုတ်ပါလား။
ထို့ကြောင့် ဝူကျန်းကျွင်းက သက်ပြင်းချလိုက်သည်။
“ဆရာဝမ်.. ကျေးဇူးပြုပြီး ငါမင်းကို အရင် တိုက်ခိုက်ခွင့်ပေးမယ်”
“ဝူကျန်းကျွင်း.. မင်းအနေနဲ့ ပထမဆုံး တိုက်ခိုက်တာ ပိုကောင်းမယ်လို့ ငါထင်တယ်.. ငါ့ရဲ့ စက်ရုပ်ချပ်ဝတ်တန်ဆာ အင်အားကို ငါယုံကြည်တယ်”
ဝမ်မင်က လုံးဝ ကြောက်ရွံ့မှုမရှိဘဲ လက်ကို ဝှေ့ယမ်းလိုက်သည်။
သူက ဝူကျန်းကျွင်းနှင့် မျက်နှာချင်းဆိုင် ရပ်နေခဲ့သည်။
ဝူကျန်းကျွင့်က မျက်မှောင်ကြုတ်နေပြီး ဝမ်မင်ကို အနည်းငယ် မကျေမနပ် ဖြစ်နေသည်။
ထိုအချိန်မှာပင် ဝမ်မင်က သူ့ကို လျှာထုတ်လိုက်သည်အား မြင်လိုက်ရသည်။
ဤသည်က ဝမ်မင်၏ပုံမှန်လျှာ မဟုတ်သော်လည်း အရာဝတ္ထုများကို ခွဲခြားသိမြင်ပြီး ကဲ့ရဲ့နိုင်စွမ်း ရှိသည့် ဝမ်လင်း1တွင် ထည့်သွင်းထားသော လုပ်ဆောင်ချက် တစ်ခု ဖြစ်သည်။
အဆင့်မြှင့်တင်မှုများ အကြိမ်ကြိမ် ပြုလုပ်ပြီးနောက်တွင် လျှာ၏ စွမ်းဆောင်ရည်သည် ထပ်မံ တိုးမြင့်လာခဲ့သည်။
ထိုလျှာက ကဲ့ရဲ့ခြင်းကို လုပ်နိုင်ရုံသာမက လျှာကို ထုတ်လိုက်သည်နှင့် နားမလည်နိုင်သော အမျက်ဒေါသကို တစ်ဖက်လူထံမှ ရုတ်တရက် ထွက်ပေါ်လာစေမည် ဖြစ်သည်။
ထို့ကြောင့် ဝူကျန်းကျွင်းက ထိန်းမနိုင်သိမ်းမရ ဒေါသများ ထွက်လာခဲ့သည်။
“အဆင်ပြေတယ်ဟ”
ဝမ်မင်က သူမှန်းဆထားသည့်အတိုင်း အလုပ်ဖြစ်ခဲ့၍ ဝမ်းသာနေခဲ့သည်။
ဝူကျန်းကျွင်းက သူ၏ခံစားချက်များကို ထိန်းချုပ်ရန် ကြိုးစားခဲ့သော်လည်း မတတ်နိုင်ခဲ့ပေ။
ထိုအချိန်တွင် သူက ဝမ်မင် လျှာထုတ်ပြရသည့် ရည်ရွယ်ချက်ကို သိရှိလိုက်ရသည်။
ဤသည်က အဓိပ္ပါယ်မဲ့လှုပ်ရှားမှုတစ်ခု မဟုတ်ဘဲ ရန်သူ၏စိတ်ကို ဆွပေးနိုင်သည့် လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။
ဝူကျန်းကျွင်းက ဝမ်မင်ကို ပထမဆုံး တိုက်ခိုက်ခွင့်ပေးရသည့် အကြောင်းအရင်းမှာ ဤပထမဆုံး တိုက်ခိုက်ခြင်းမှ ချပ်ဝတ်တန်ဆာ၏ အစွမ်းကို စမ်းသပ်ရန် ဖြစ်သည်။
ကံမကောင်းစွာဖြင့် ဝမ်မင်က သူ့ကို အခွင့်အရေး လုံးဝမပေးခဲ့ပေ။
ထိုအချိန်တွင် ဝူကျန်းကျွင်း၏မျက်နှာသည် ဒေါသကြောင့် နီရဲနေပြီ ဖြစ်သည်။
လူတိုင်း၏ အကြည့်အောက်တွင် သူက ဒေါသကို မထိန်းချုပ်နိုင်တော့ပေ။
ထိုခဏတွင် အင်ပါယာသက်တော်စောင့် ဖူအာခန်း ကဲ့သို့ ဝူကျန်းကျွင်း၏လက်သည် စတင် လှုပ်ရှားလာခဲတော့သည်။
သိပ်သည်းသော ဝိညာဉ်စွမ်းအားများက သူ၏လက်ဝါးတွင် လှည့်ပတ်ကာ ဝိညာဉ်စွမ်းအင်လုံး အဖြစ် ပေါင်းစည်းသွားပြီး မမြင်နိုင်သော အမှုန်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
၎င်းက ဒဏ္ဍာရီလာ နတ်စွမ်းအင်ဖြစ်သည့် ရစ်နွယ်စက်လုံးမဟုတ်ဘဲ အသံလှိုင်းနည်းစနစ်တစ်ခု ဖြစ်သည်။
ထိုခဏမှာပင် ဝူကျန်းကျွင်းသည် ပင်ပေါင်ဘောလုံးအရွယ်အစားရှိ ဝိညာဉ်စွမ်းအင် အလုံးကို သူ၏ ပါးစပ်ထဲသို့ထည့်လိုက်ကာ ဝမ်မင်ရှိရာဘက်သို့ ဦးတည်လိုက်ပြီး သူ၏ပါးစပ်ကို ခပ်ကျယ်ကျယ် ဖွင့်ဟ၍ ကြွေးကြော်လိုက်သည်။
စက္ကန့်ပိုင်းအတွင်းမှာပင် အဖြူရောင် အလင်းတန်းတစ်ခုက အမြှောက်ကြီးတစ်ခု ကဲ့သို့ သူ့ပါးစပ်မှ ထွက်လာခဲ့သည်။
ထိုအဖြူရောင်လက်နက်က လေထဲတွင် အပြာရောင်နဂါးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုမြင်ကွင်းကြောင့် ကျောင်းသားများနှင့် ဆရာဆရာမ အများအပြားက တုန်လှုပ် ခြောက်ခြားသွားကြသည်။
ဝူကျန်းကျွင်း နှင့်ရင်းနှီးသောဆရာများက ဤမှော်စွမ်းရည်ကို သိကြသည်။
“အဆင့်၄ အသံလှိုင်းမှော်စွမ်းရည်”
ဤတိုက်ခိုက်မှုက သာမန်ဆရာတစ်ဦး အတွက် ခုခံကာကွယ်ရန်ခက်ခဲသော တိုက်ခိုက်မှု ဖြစ်သည်။
“ဆရာ ဒီမှော်စွမ်းရည်က ဘယ်လိုမျိုးလဲ.. အရမ်းမိုက်တာပဲ”
အမှတ်၆၀ အထက်တန်းကျောင်းမှ တစ်စုံတစ်ဦးက ရှေးဟောင်းစာအုပ်ကြီးအား မေးလိုက်သည်။
ရှေးဟောင်းစာအုပ်ကြီးက မျက်ခုံးပင့်လိုက်၏။
“ငါမှတ်မိသလောက်တော့ ဒါက ဝူကျန်းကျွင်းရဲ့ ထူးခြားတဲ့စွမ်းရည်တစ်ခုပဲ.. သူ့ဆရာ ဒေါသဓမ္မရာဂျာ ဝူရီဖန်း ဆီကနေ သူသင်ယူခဲ့တဲ့ ပထမဆုံး နည်းစနစ်ပဲ.. ဒီအသံလှိုင်းမှော်စွမ်းရည်ကို ကောင်းကင်ငိုကြွေးသံလို့လည်း ခေါ်တယ်.. ဒါပေမဲ့ ဝူကျန်းကျွင်းက လုပ်ဆောင်ချက် အသစ်တွေကို ထပ်ပေါင်း ထည့်ထားတဲ့အတွက် အရင်ကထက် ပိုမို အစွမ်းထက်လာတဲ့ပုံပဲ”
“ဘယ်လိုမျိုး လုပ်ဆောင်ချက်အသစ်လဲ”
“ပေါက်ကွဲနေတဲ့ ပတ်ဝန်းကျင်မှာ လျှပ်စစ်မီးပွားတွေကို မင်းမမြင်ဘူးလား”
“……….”
ထိုစကားကိုကြားလျှင် လူတိုင်းက သဘောပေါက်သွားကြသည်။
“ဆရာဝူက တကယ်ပဲ လျှပ်စစ်မီးပွား သက်ရာက်မှုကို အထူးတလည် ထပ်ပေါင်း ထည့်ခဲ့တယ်လား”
အပိုင်း(၇၈၁) ပြီး၏