စိတ်ထိခိုက်နေသော ကောင်းကင်တာအို
Vol. 53 Ch. 788
“အဟမ်း.. အားလုံး သဘောတူပြီးပြီ ဆိုတော့ မင်လေး ပြန်ရောက်လာမှပဲ အရာအားလုံးကို ဆွေးနွေးကြတာပေါ့"
ဥက္ကဌချီက သူ့ခံစားချက်များကို ထိန်းချုပ်ပြီး လည်ချောင်းရှင်းကာ ပြောလိုက်သည်။
"စကားမစပ် နိုင်ငံခေါင်းဆောင်က လျှို့ဝှက်ဆန်းကြယ် ကျင့်ကြံသူရဲ့ သဲလွန်စကို ရှာတွေ့ခဲ့လား"
ထိုအချိန်တွင် ဗိုလ်ချုပ်ရီက မေးလိုက်သည်။
သူက ဆရာများကြားတွင် ပုန်းအောင်းနေသော အဆင့်လွန် ကျင့်ကြံသူကို အလွန်ပင် စိတ်ဝင်စားခဲ့သည်။
“လောလောဆယ်တော့ မတွေ့သေးဘူး.. နိုင်ငံခေါင်းဆောင်တောင်မှ ရှာမတွေ့နိုင်ဘူးဆိုတော့ ဒီစီနီယာက ပုန်းအောင်းတာ အရမ်းတော်လွန်းလို့ဖြစ်မယ်”
ဥက္ကဌချီက ခေါင်းခါယမ်းလိုက်သည်။
"ဒါပေမယ့် အရေးမကြီးပါဘူး.. လူတိုင်း သားရဲဘုရင် အကြွင်းအကျန်နယ်မြေက ပြန်လာပြီးနောက်မှာ ငါတို့က အထူးသဖြင့် ဦးဆောင်ဆရာတွေ အားလုံးကို ရည်ရွယ်ပြီး ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတစ်ခု ပြုလုပ်မယ်"
"ရုပ်ပိုင်းဆိုင်ရာ စာမေးပွဲလား"
ဗိုလ်ချုပ်က မျက်ခုံးပင့်လိုက်သည်။
"ဒီရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုက ရိုးရှင်းပါတယ်"
ဥက္ကဌချီ ခေါင်းညိတ်လိုက်သည်။
"ငါတွေက အရင်ကလည်း ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုကို အမြဲပြုလုပ်ခဲ့တာပဲ.. အဓိကအားဖြင့် ဒဏ်ရာရရှိခဲ့တဲ့ ဆရာတွေမှာ အကြွင်းအကျန် နယ်မြေကနေ ပုံမှန်မဟုတ်တဲ့ ဗိုင်းရပ်စ်ပိုးတွေ မတော်တဆ ပါလာခြင်းရှိမရှိ စစ်ဆေးသလိုပေါ့.. ဒါပေမဲ့ ယခုနှစ် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုကတော့ လူတိုင်းအတွက် ဖြစ်တယ်"
"ဆရာမတွေတင်မကဘဲ နွေရာသီစခန်းသွင်း လေ့လာရေးကို လိုက်ပါလာကြတဲ့ ကျောင်းသားတွေလည်း ပါဝင်တယ်.. ဒါကလည်း နိုင်ငံခေါင်းဆောင်ရဲ့ သဘောထားပါ"
ဥက္ကဌချီ ထိုသို့ပြောလိုက်သည့်အခါ အားလုံးက နားလည်သွားသည်။
ဆရာ၊ဆရာမများ အားလုံးအတွက် ဤရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုသည် လျှို့ဝှက်ဆန်းကြယ် ကျင့်ကြံသူ အတွက် အထူးရည်ရွယ်သည့် အစီအစဉ်တစ်ခု ဖြစ်နိုင်ချေများသည်။
ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွင် တိကျမှု မြင့်မားသော သိပ္ပံနည်းကျကိရိယာများကို အသုံးပြုထား၍ ဖုံးကွယ်ခြင်း နည်းစနစ်များသည် ထောက်လှမ်းခြင်းမှ လွတ်မြောက်ရန် နည်းလမ်းမရှိပေ။
ထို့အပြင် စစ်ဆေးမှု ကာလအတွင်း သွေးစစ်ခြင်းကို လုံးဝရှောင်လွှဲ၍မရချေ။
အကယ်၍ ဆရာတစ်ဦးဦးက ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုကို ရှောင်ကြဉ်ခဲ့လျှင် သံသယရှိသူစာရင်းတွင် အခြေခံအားဖြင့် ပါဝင်သွားမည် ဖြစ်သည်။
တစ်နည်းအားဖြင့်ပြောရလျှင် လျှို့ဝှက်ဆန်းကြယ် ကျင့်ကြံသူသည် ရုန်းထွက်ရန် အလွန်ခက်ခဲသော အခြေအနေသို့ ရောက်ရှိသွားမည်မှာ သေချာသည်။
ဗိုလ်ချုပ်ဆယ်ယောက်စလုံး ခေါင်းညိတ်လိုက်ကြသည်။
နိုင်ငံခေါင်းဆောင်၏ လုပ်ဆောင်ချက်က အမှန်တကယ်ထက်မြက်သည် မဟုတ်ပါလား။
….................
ထို့နောက် စာသင်နှစ်၏ ဆယ့်ငါးပတ်မြောက် သြဂုတ်လ ၅ ရက် စနေနေ့ဖြစ်သည်။
ကျိုးရီက ဝမ်မိသားစု အိမ်ငယ်လေးဆီ လိုက်ပို့၍ ဝမ်လင်းက
မနက် စောစောမှာပင် အိမ်ပြန်ရောက်လာခဲ့သည်။
တကယ်တမ်းတွင် ဝမ်မင်သည် ဝမ်လင်းကို ကိုယ်တိုင် အိမ်သို့လိုက်ပို့ရန် စီစဥ်ခဲ့၏။
သို့သော် အဆုံးသတ်တွင် ကျိုက်ယန်က ဝမ်မင်ကို စည်းရုံးကာ အစီရင်ခံစာတင်ရန်အတွက် သုတေသနဌာနသို့ ပြန်လည် ဆွဲခေါ်သွားခဲ့သည်။
သုတေသနဌာနက ဝမ်မင်ကို အပြစ်ပေးတော့မည့် သတင်းကို ကြားရသောအခါ သူမ အလွန်အမင်း စိတ်ပူနေခဲ့သည်။
ကျိုက်ယန်က ဝမ်မင်ကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးသည့် ဆုံးဖြတ်ချက်ကို မသိသေးပေ။
ထို့ကြောင့် အကြွင်းအကျန် နယ်မြေမှ ပြန်လာပြီးနောက်တွင် ကျိုက်ယန်သည် ဝမ်မင်ကို အမှားဝန်ခံသည့် အစီရင်ခံစာတင်ရန် အတွက် သုတေသနဌာနသို့ အမြန်ပြန်ခေါ်သွားခဲ့ခြင်း ဖြစ်သည်။
ထွင်ထျန်းဟာသည် လွန်ခဲ့သော နှစ်ရက်ခန့်တွင် အိမ်မကပ်ခဲ့ဘဲ ဝေ့ကျစ်နှင့် ဂိမ်းကစားရန် ဝေ့ကျစ်ဆီ သွားလေ့ရှိသည်။
ဝေ့ကျစ်က စုန့်ဟိုင်မြို့တွင် နာမည်ကျော် အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ပေးသူ အဖြစ် သတ်မှတ်ခံရသူ ဖြစ်သည်။
ယခုအခါတွင် သူသည် ထွင်ထျန်းဟာ နှင့်အတူ တစ်နေကုန် အချိန်ကုန်ဆုံးခဲ့သည်။
သူတို့က အတူတူ လမ်းလျှောက်ထွက်ခြင်း၊ ဘက်စ်ကားစီး အတူစီးခြင်းတို့ဖြင့် အပြင်ထွက်လည်ကြသည်။
ထို့အတွက်ကြောင့် ထွင်ထျန်းဟာသည် ဘက်စ်ကားကို အရင်လို ခိုးကြောင်ခိုးဝှက်စီးရန် မလိုအပ်တော့ပေ။
ဘတ်စ်ကားပေါ်မှာ စကားပြောနေလျှင်ပင် မည်သူမှ ထူးဆန်းသည်ဟု မထင်ကြတော့ချေ။
အကြောင်းရင်းမှာ ဝေ့ကျစ်က ကျော်ကြားသော အိမ်မွေးတိရစ္ဆာန်လေ့ကျင့်ပေးသူ ဖြစ်သောကြောင့်ပင်။
ထိုသို့သောသူအတွက် စကားပြောတတ်သည့် ခွေးတစ်ကောင် ပိုင်ဆိုင်သည်က ဘာများ ထူးဆန်းနေပါသနည်း။
ထွင်ထျန်းဟာ အတွက် စိုးရိမ်စရာ တစ်ခုတည်းသော အရာမှာ သူတော်စင်များ အဖွဲ့အစည်း ဖြစ်သည်။
ဝမ်လင်း အိမ်မပြန်မီ နောက်ဆုံးရက် အနည်းငယ်တွင် သူတော်စင်များ အဖွဲ့အစည်း ဥက္ကဌဖူ နှင့် အတွင်းရေးမှူး ဟန်ကျင်းတို့သည် ဝမ်မိသားစု အိမ်ငယ်လေးဆီ လာရောက် လည်ပတ်ခဲ့ကြသည်။
သူတို့က သူတော်စင်များ အဖွဲ့အစည်းရှိ စိတ်ဝိညာဥ်သားရဲအတန်း၏ အတန်းခေါင်းဆောင် အဖြစ် ထွင်ထျန်းဟာကို မြင့်မားသောလစာဖြင့် ငှားရမ်းလိုကြ၏။
သို့သော် ကံမကောင်းစွာဖြင့် ထွင်ထျန်းဟာသည် ထိုအချိန်က ဝေ့ကျစ်၏ အိမ်တွင်ရှိနေခဲ့သည်။
ဖေဖေဝမ်နှင့် မေမေဝမ်တို့က ထွင်ထျန်းဟာ ကိုယ်စား တိုက်ရိုက် ဆုံးဖြတ်ချက် မချနိုင်ခဲ့ပေ။
ထို့ကြောင့် ဥက္ကဌဖူနှင့် သူ၏ လက်ထောက်တို့သည် ဝေ့ကျစ်၏ မိသားစုတိုက်ခန်းသို့ လိုက်သွားကြသည်။
သို့သော် ထွင်ထျန်းဟာကို လုံးဝ စည်းရုံး၍ မရခဲ့ပေ။
ထွင်ထျန်းဟာ အတွက် အထူးသဖြင့် ဤခန္ဓာကိုယ်နှင့် လိုက်လျောညီထွေ ဖြစ်ပြီးနောက်တွင် ကမ္ဘာမြေပေါ်ရှိ ၎င်း၏လက်ရှိဘဝသည် အလွန် သက်တောင့်သက်သာ ရှိခဲ့သည်။
သူ၏နေ့ရက်များက အလွန်ပင် သာသာယာယာ ရှိခဲ့သည်။
ထွင်ထျန်းဟာသာ စိတ်ဝိညာဥ်သားရဲ အတန်းထဲသို့ ဝင်ရန် ဆုံးဖြတ်ခဲ့လျှင် ဝမ်လင်း အတွက် ပြဿနာများ ဖြစ်လာနိုင်ပေသည်။
အဘယ်ကြောင့်ဆိုသော် သူ၏ပိုင်ရှင်အဖြစ် ဝမ်လင်းက အာရုံစိုက်မှုခံရနိုင်သောကြောင့် ဖြစ်သည်။
အထက်ပါ အကြောင်းအရာများသည် ထွင်ထျန်းဟာ၏ ဒိုင်ယာရီတွင် ဝမ်လင်း မြင်ခဲ့သည့်အရာ ဖြစ်သည်။
ထွင်ထျန်းဟာက ဒိုင်ယာရီကို လျှို့ဝှက်နေရာများတွင် ဖုံးကွယ်ထားခြင်းမရှိဘဲ ဝမ်လင်း၏ အိပ်ရာအောက်မှာသာ ထားလေ့ရှိသည်။
ထွင်ထျန်းဟာ၏ လက်ရေးက ပိုကောင်းလာသည်ဟု ဆိုရမည်။
ဘောပင်ဖြင့် ရေးထားသော စာလုံးများသည် အလွန် ရဲရင့်သော အငွေ့အသက်များရှိပြီး စာလုံးတစ်လုံးစီသည် ပုံနှိပ်စာများပမာ အရွယ်အစားလည်း အလွန်တူညီကြ၏။
…......................
ဝမ်လင်းက ထိုညတွင် အနားယူခြင်း မရှိခဲ့ဘဲ နွေရာသီစခန်းသွင်း လေ့လာရေး အတွင်း ဖြစ်ပျက်ခဲ့သည့် အရာများကို တွေးတောရင်း အလုပ်ရှုပ်နေခဲ့သည်။
သူက တကယ်ပဲ နွေရာသီစခန်းသွင်း လေ့လာရေးကနေ အတွေ့အကြုံ အများအပြား ရခဲ့သလို ခက်ခဲမှုတွေလည်း အများအပြား ကြုံခဲ့ရသည်။
နောက်ဆက်တွဲ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းခြင်းသည် ကြီးမားသောပြဿနာ ဖြစ်သည်။
ပထမဦးစွာ အကြွင်းအကျန် အထက်တန်းကျောင်းမှ သခင်လေးနှစ်ဦးဖြစ်သည့် လီမင်ယောင် နှင့် ကျိုးယိုကျန့် တို့သည် သူ့ကိုရှာရန် လုံးဝ လက်လျှော့မည် မဟုတ်ပေ။
၎င်းတို့နှစ်ဦးသည် စုန့်ဟိုင်မြို့၌ အတော်လေး သြဇာရှိပြီး ချိန်ကိုက်ဗုံးများကဲ့သို့ပင်။
နောက်ပိုင်းတွင် သူတို့ကို ကိုင်တွယ်ဖို့ နည်းလမ်းရှာရပေမည်။
လီမင်ယောင်နှင့် ကျိုးယိုကျန့် တို့နှင့် နှိုင်းယှဥ်ကြည့်လျှင် နိုင်ငံခေါင်းဆောင်သည် ပြဿနာကြီးတစ်ခု ဖြစ်သည်။
ဝမ်လင်းသည် ယခုတစ်ကြိမ်တွင် နိုင်ငံခေါင်းဆောင်၏ အာရုံစိုက်မှုကို တိုက်ရိုက် မရရှိခဲ့ပေ။
သို့သော်လည်း လာမည့် တနင်္လာနေ့တွင် သီးခြား ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုကို ခံယူရမည် ဖြစ်ကြောင်း နွေရာသီစခန်းမှ ပြန်လာရာလမ်းတွင် လူတိုင်းက အကြောင်းကြားစာ ရရှိခဲ့သည်။
ဤ စစ်ဆေးမှုသည် နွေရာသီစခန်းသွင်း လေ့လာရေးတွင် ပါဝင်ခဲ့သည့် ဆရာများနှင့် ကျောင်းသားများ အားလုံးအတွက် ဖြစ်သည်။
နိုင်ငံခေါင်းဆောင်သည် တစ်ခုခုကို ရှာဖွေတွေ့ရှိခဲ့သည်မှာ ထင်ရှားနေ၏။
"လျှို့ဝှက်ဆန်းကြယ် ကျင့်ကြံသူ" နှင့် ပတ်သက်၍ သူ၏ သံသယများသည် ဦးဆောင်ဆရာများ အတွက်သာ ကန့်သတ်ထားပုံ မရတော့ပေ။
မတော်တဆ ပေါ်ပေါက်သွားနိုင်သည့် အတွက် ဝမ်လင်းက ကြိုတင်ပြင်ဆင်မှုများ လုပ်ရပေမည်။
ထိုသို့မဟုတ်ဘဲ ကြိုတင်ပြင်ဆင်မှုမရှိလျှင် ဖမ်းမိသွားပေလိမ့်မည်။
ဟုတ်ပါသည်၊ ဤအခက်အခဲများအပြင် ဤတစ်ကြိမ် နွေရာသီစခန်းသွင်း လေ့လာရေးမှ သူရခဲ့သော သတင်းမှာ "နတ်ဘုရားနယ်မြေ"၏ သတင်း ဖြစ်သည်။
ဝမ်လင်းသည် ငယ်စဉ်ကတည်းကပင် နတ်ဘုရားနယ်မြေ နှင့် ပတ်သက်၍ မရေမတွက်နိုင်သော အိပ်မက်များ ရှိခဲ့သော်လည်း နတ်ဘုရားနယ်မြေက အမှန်တကယ် ရှိနေကြောင်းကိုမူ မသိခဲ့ပေ။
ထိုနေရာသည် အိပ်မက်ထဲမှ နတ်ဘုရားနယ်မြေ အမှန်တကယ် ဖြစ်နေပါသလော။
သို့မဟုတ် နတ်ဘုရားနယ်မြေနှင့် သက်ဆိုင်သည့် နေရာတစ်ခုလော။
ဝမ်မင် နှင့် ကျိုးရီ တို့သည် သားရဲဘုရင်ထံမှ နတ်ဘုရားနယ်မြေ အကြောင်း အကန့်အသတ်ဖြင့်သာ သိခဲ့သည်။
သားရဲဘုရင် ပေးထားသည့် သေတ္တာငယ်လေး အတွင်းမှ အရာကို ငွေရောင်လေး နားလည်သည်အထိ စောင့်ဆိုင်းပြီးမှသာ ဆွေးနွေးမှုများ ပြုလုပ်နိုင်မည် ဖြစ်သည်။
ဝမ်လင်းက မေးစေ့ကို ကိုင်ထားရင်း စဉ်းစားနေသည်။
ထို့နောက် သူက ကြမ်းပြင်ကို ခေါက်လိုက်သည်။
သူ့အခန်းထဲတွင် ကောင်းကင်တာအို အစီအရင်ကို နောက်ဆုံးအကြိမ်က ရေးဆွဲထားခဲ့ပြီး အချိန်မရွေး ဆင့်ခေါ်ဖို့ အဆင်ပြေစေရန် အတွက် ဖျက်မပစ်ရန် မေမေဝမ်ကို အထူး မှာကြားခဲ့သည်။
ထို့ကြောင့် ဝမ်လင်းက ကောင်းကင်တာအိုကို ဆင့်ခေါ်လိုလျှင် ကြမ်းပြင်ကို ခေါက်ဖို့သာ လိုအပ်၏။
ခဏအကြာတွင် ကောင်းကင်တာအို၏ သင်္ကေတဖြစ်သော သုံးလက်မအရွယ် လူကလေးသည် အစီအရင်၏ အလယ်တွင် ပေါ်လာသည်။
"ဒီတစ်ခါ ဘာလိုချင်တာလဲ"
သုံးလက်မအရွယ် အမျိုးသားက ဝမ်လင်းကို မြင်သောအခါ ကြောက်ရွံ့သွားသည်။
ထို့နောက် ကြမ်းပြင်ကို ကြည့်လိုက်ရာ ကြမ်းပြင်က ဝမ်လင်းသူ့ကို နောက်ဆုံးအကြိမ်က ဆင့်ခေါ်ခဲ့သည့် အစီအရင် နှင့် တူညီနေသေးကြောင်း သိလိုက်ရသည်။
ဤချာတိတ်လေးက သူ့ကို အချိန်မရွေး ဆင့်ခေါ်ရန် ကြံရွယ်ထားပုံရ၏။
သူက မှင်တက်သွားပြီး ချက်ချင်းပင် စကားမပြောနိုင်တော့ပေ။
သူက ကောင်းကင်တာအို ဖြစ်သည်။
ချာတိတ်လေး အလိုရှိတိုင်း ခေါ်၍ရသည့် စားပွဲထိုးလို ဘဝမည်သည့်အချိန်က ရောက်သွားပါသနည်း။
အပိုင်း(၇၈၈) ပြီး၏