မင်းက ငါ့ဆီက တစ်ခုခုကို အမြဲလိုချင်နေပေမယ့် ကျေးဇူးတင်တယ်လို့တော့ ဘယ်တော့မှ မပြောဘူး
Vol. 53 Ch. 789
ကောင်းကင်တာအိုက အမှန်တကယ် ငိုချင်နေခဲ့သည်။
သူက ဝမ်လင်းနှင့် ရင်ဆိုင်ရသောအခါတွင် လုံးဝ အစွမ်းမဲ့သွားသလို ခံစားခဲ့ရသည်။
ဝမ်လင်းက အရင်းအမြစ်များကို လဲလှယ်လိုခြင်းကြောင့် မဟုတ်ဘဲ လျှို့ဝှက်ချက်များအကြောင်း မေးမြန်းရန် ယခုလတွင် ၎င်းအား အကြိမ်ကြိမ် ဆင့်ခေါ်ခဲ့သည်။
သို့သော် ဤလျှို့ဝှက်ချက် အားလုံးသည် ကောင်းကင်တာအိုသာ သိကြသည့် လျှို့ဝှက်ချက်များ ဖြစ်သည်။
အရေးအကြီးဆုံးအချက်မှာ လျှို့ဝှက်ချက်များ အတွက် အလဲအလှယ်က ဆိုးရွားနေခြင်းပင်။
ကောင်းကင်တာအိုထံမှ လျှို့ဝှက်ချက်ကို မည်သူက ဝမ်လင်းလို ခေါက်ဆွဲခြောက်များဖြင့် လဲလှယ်ပါမည်နည်း။
ပြဿနာ၏ အရင်းကိုစစ်လိုက်ရာ လက်သည်တရားခံသည် ဝမ်လင်းနှင့် မူလက အလဲအလှယ်လုပ်ခဲ့သည့် သူ့အဖေ ဖြစ်နေသည်။
"မင်းဘာလိုချင်လို့လဲ"
သုံးလက်မအရွယ် အမျိုးသားက သက်ပြင်းချလိုက်သည်။
သူက ဤအဖြစ်မှန်ကို လုံးလုံးလျားလျား လက်ခံထားလိုက်ပြီ ဖြစ်၏။
ဝမ်လင်းက အံဆွဲကို လှမ်းကြည့်လိုက်သည်။
တကယ်တော့ သူ့တွင် ခေါက်ဆွဲခြောက် အများအပြား မကျန်တော့၍ လဲလှယ်မှုလုပ်ရန် ဝန်လေးနေခြင်းပင်။
ထို့ကြောင့် သူက ဒိတ်ကုန်သွားသော ခေါက်ဆွဲခြောက်များကို ရှာဖွေနေခဲ့သည်။
အထင်ကရ စတိုးဆိုင်တွင် ဒိတ်ကုန်သွားသော ခေါက်ဆွဲခြောက်များကို ပြန်လည် လဲလှယ်ပေးသည့် ဝန်ဆောင်မှုတစ်ခု ရှိသည်။
ဝမ်လင်းက ရွှေကတ် VIP ဖောက်သည် ဖြစ်သောကြောင့်၊ သက်တမ်းကုန်သွားသော သရေစာများကို လဲလှယ်၍ရသော်လည်း ၎င်းတို့ထဲမှ အချို့ကို ကောင်းကင်တာအို အတွက် သိမ်းထားသင့်သည်ဟု ဝမ်လင်းက နောက်ပိုင်းတွင် တွေးမိခဲ့သည်။
ထို့ကြောင့် နွေရာသီစခန်းသွင်း လေ့လာရေး မစတင်မီတွင် ဝမ်လင်းသည် VIP ဝန်ဆောင်မှုကို အသုံးပြု၍ အထင်ကရစတိုးဆိုင်တွင် အထုပ်သစ်နှင့် လဲလှယ်မှုပြုလုပ်ရန် ထွင်ထျန်းဟာကို ညွှန်ကြားခဲ့သည်။
ထို့နောက်တွင် တခြား စတိုးဆိုင်များရှိ ဒိတ်လွန်နေသော ခေါက်ဆွဲခြောက်ထုပ်များနှင့် ပြန်၍ လဲလှယ်ခဲ့သည်။
စတိုးဆိုင်များတွင် ခေါက်ဆွဲခြောက်ထုပ် အသစ် တစ်ထုပ်ကို ဒိတ်ကုန်သွားသော ခေါက်ဆွဲခြောက်ထုပ် သုံးထုပ်နှင့် လဲလှယ်နိုင်၏။
သုံးလက်မအရွယ် အမျိုးသားက မှင်တက်နေပြီးနောက် သူ၏ တုန်ယင်နေသောလက်ကို ချက်ချင်း ဆန့်ထုတ်လိုက်သည်။
"သူရဲကောင်းလေး ခဏလေး"
ဝမ်လင်း စိတ်ဝင်တစား ကြည့်လိုက်သည်။
“???”
သုံးလက်မအရွယ် အမျိုးသား "အလဲအလှယ် အတွက် ခေါက်ဆွဲအကြွပ်ကြော်တွေ သုံးစရာမလိုပါဘူး.. ကျနော်တို့ကဝန်ဆောင်မှုတစ်ခုသာ ဖြစ်တဲ့အတွက် မေးခွန်းတွေမေးပြီးရင် လက်ရေးစာတွေနဲ့လည်း လဲလှယ်နိုင်ပါတယ်"
"အဲဒီလိုလည်း အဆင်ပြေတယ်လား"
ထိုစကားကိုကြားသောအခါ ဝမ်လင်း၏ မျက်လုံးများက တောက်ပလာသည်။
ဤတစ်ခေါက်တွင် ကောင်းကင်တာအိုသည် တကယ်ကို ဉာဏ်ကောင်းပုံရသည်။
ဝမ်လင်းက စိတ်ထဲကနေ ခံစားချက်ဖြင့် သက်ပြင်းချလိုက်သည်။
သို့သော် ပြဿနာမှာ ဒိတ်ကုန်သွားသော ခေါက်ဆွဲခြောက်ထုပ်များကို ပြင်ဆင်ထားပြီးပြီ ဖြစ်သည်။
အသုံးမပြုလျှင် နှမြောဖို့ကောင်းသည် မဟုတ်ပါလော။
“ကောင်းပြီလေ မေးခွန်းသုံးခုမေးမယ်”
ဝမ်လင်းက ပေါ့ပေါ့ပါးပါး စကားပြောပြီးနောက် ဒိတ်ကုန်သွားသော ခေါက်ဆွဲခြောက်ထုပ် သုံးထုပ်ကို ကမ်းပေးလိုက်သည်။
သုံးလက်မအရွယ် အမျိုးသား အံ့သြသွားသည်။
"အရင်လိုဒိတ်ကုန်တဲ့ဟာတွေပဲလား"
ဝမ်လင်းက မျက်ခုံးပင့်ကာ ကောင်းကင်တာအိုကို စိုက်ကြည့်၍ စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။
"သဘောတူညီချက်တစ်ခု လုပ်တဲ့အခါ မင်းလိုချင်တာ အဓိကမကျဘဲ ငါပေးချင်တဲ့ အရာပေါ်ပဲ မူတည်တယ်"
သုံးလက်မ အရွယ် အမျိုးသား ငိုချင်လာသည်။
“…..........”
“စကြရအောင်”
ဝမ်လင်းက ရွှေရောင် သုံးလက်မအရွယ် အမျိုးသားကို စိုက်ကြည့်လိုက်သည်။
ရွှေလူသားက ငိုချင်သော်လည်း မျက်ရည်မကျခဲ့ပေ။
သူက လက်ခုပ်တီးလိုက်ရာ ရွှေရောင်စာလိပ်တစ်ခု ထွက်ပေါ်လာသည်။
“ဒါဟာ ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ဆန်းကြယ် စာလိပ်ပဲ.. ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ အားလုံးကို သီးသန့်မှတ်တမ်းတင်ထားတဲ့ စာလိပ်တစ်ခုလည်း ဖြစ်တယ်.. မင်းမေးခွန်းရဲ့ အဖြေက ဒီထဲမှာ ရှိနိုင်တယ်"
ဤစာလိပ်သည် ကောင်းကင်တာအို၏ လျှို့ဝှက်ချက်များအားလုံးကို မှတ်တမ်းတင်ထားသည့် မှော်ရတနာ တစ်ခု ဖြစ်သည်။
၎င်းသည် ကောင်းကင်နှင့် မြေကြီး အဆင့် အားလုံးကို ကျော်လွန်၍ သဘာဝအတိုင်း ဖြစ်ပေါ်နေသည့် ကောင်းကင်အဆင့် မှော်ရတနာတစ်ခုဖြစ်ပြီး ကမ္ဘာ့ဖီဆန် မှော်ရတနာများထက်ပင် အဆင့်မြင့်သည်။
သာမန်လူတစ်ယောက်သည် ကောင်းကင်တာအို၏ လျှို့ဝှက်ချက်များကို သိချင်လျှင် အဖိုးအခပေးရသည်။
ဟုတ်ပါသည်၊ ဤလျှို့ဝှက်ချက်များသည်"ကောင်းကင်တာအို"နှင့်တော့ ဆက်စပ်နေရပေမည်။
"ဘာစားရတာ ကြိုက်လဲ" "သူတို့မှာ ဘယ်လို အရှုပ်အထွေးတွေရှိလဲ" စသည့်မေးခွန်းများသည် မှန်ကန်မည်မဟုတ်ပေ။
ကောင်းကင်တာအိုနှင့် နီးနီးကပ်ကပ် မဆက်ဆံဖူးလျှင် မေးခွန်းများသည် အချည်းနှီးသာ ဖြစ်သွားနိုင်သည်။
ကောင်းကင်တာအို နိယာမများအရ ကောင်းကင်ဘုံလျှို့ဝှက်ချက်များကို ရယူလိုလျှင် စည်းကမ်းချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
တစ်၊ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို ကြည့်ရှုလိုလျှင် လူတစ်ဦးသည် တူညီသော တန်ဖိုးရှိသည့် အရာတစ်ခုကို လဲလှယ်ရမည် ဖြစ်သည်။ တစ်ခါတရံ လူတစ်ဦး၏ အသက်ကလည်း ကုန်ကျစရိတ် ဖြစ်သွားနိုင်သည်။
နှစ်၊ စည်းကမ်းချက်(၁)ကို လိုက်နာဆောင်ရွက်ခြင်းဖြင့် အဖြေတစ်ခု ရရှိပြီးနောက်တွင် လူသည် အမှုန်အဖြစ်သို့ ပြိုကွဲသွားပြီး လေးဆယ့်ရှစ်နာရီအတွင်း ပျောက်ကွယ်သွားမည် ဖြစ်သည်။
သုံး၊ ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို မြင်သောသူသည် အလွန်ဆိုးရွားသူ ဖြစ်လျှင် သေလွန်ပြီးနောက်၌ မည်သည့်အခါမျှ လူပြန်မဖြစ်နိုင်တော့ပေ။
လေး၊ အဖြေကိုရရှိပြီးနောက်တွင် ထိပ်တန်း လျှို့ဝှက်ချက်ကို စောင့်ထိန်းရမည်ဖြစ်သည်။ ပေါက်ကြားသွားလျှင် ကောင်းကင်တာအို၏ ပြစ်ဒဏ်အဖြစ် မိုးကြိုးဒဏ် ခံရမည်ဖြစ်ပြီး ဘယ်သောအခါမှ လူပြန်ဝင်စား၍ ရမည် မဟုတ်တော့ပေ။
ငါး၊ ကောင်းကင်ဘုံ၏ လျှို့ဝှက်ဆန်းကြယ်မှုများကို သိရှိလိုသည့် လူတစ်ဦးသည် ကောင်းကင်တာအို တစ်ရာကျော် သို့မဟုတ် စည်းပြင်ပတာအို သုံးခုထက်မက ပိုင်ဆိုင်ရမည် ဖြစ်သည်။
ခြောက်၊ ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို ကြည့်ရှုလိုသည့် လူတစ်ဦးသည် ၎င်းတို့ လဲလှယ်မည့် အရာဝတ္ထုများ အစား ညီမျှသော သက်တမ်း ပမာဏကို အသုံးပြုနိုင်သည်။
ခုနှစ်၊ ကောင်းကင်တာအိုသည် စျေးနှုန်းကို အဓိပ္ပာယ်ဖွင့်ဆိုပိုင်ခွင့်ရှိသည်။
ရှစ်၊ ကောင်းကင်တာအို ဝှိုက်လစ်စာရင်းထဲမှ လူများသည် အထက်ဖော်ပြပါ စည်းမျဉ်းများကို လျစ်လျူရှုနိုင်သည်။
ဝမ်လင်းက ဝှိုက်လစ်စာရင်းထဲတွင် ပါဝင်သည်။
ထို့ကြောင့် သုံးလက်မအရွယ် အမျိုးသားက သူ့ကို ဘာမှ မလုပ်နိုင်ခဲ့ပေ။
ဝှိုက်လစ်စာရင်းမှ လူကလွဲ၍ အခြားသူများသည် ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို မြင်လိုလျှင် အဆိုးရွားဆုံး အခြေအနေဖြင့် ပြန်လည် ပေးဆပ်ရပေလိမ့်မည်။
ဝမ်လင်းကမူ ကောင်းကင်ဘုံမှ လျှို့ဝှက်ချက်များကို မြင်လိုသောအခါတွင် သူ့လက်ရေးဖြင့် ရေးထားသော စာရွက်များ သို့မဟုတ် ဒိတ်ကုန်သွားသော ခေါက်ဆွဲခြောက်များသာ လိုအပ်သည်။
သင့်တွင် အခွင့်ထူးရှိလျှင် သင်လုပ်ချင်တာ မှန်သမျှကို လုပ်နိုင်သည်။
သုံးလက်မအရွယ် အမျိုးသားသည် အလွန် ကူကယ်ရာမဲ့စွာ ခံစားခဲ့ရသော်လည်း ထိုစကားကို လက်ခံနိုင်ခဲ့သည်။
ဝမ်လင်းက သူမေးလိုသော မေးခွန်းများကို ကောင်းကင်ဘုံ လျှို့ဝှက်ဆန်းကြယ်စာလိပ်တွင် ချရေးလိုက်ပြီးနောက် ပြန်ကြည့်သောအခါ သုံးလက်မအရွယ် အမျိုးသား၏ မျက်နှာ၌ မျက်ရည်စီးကြောင်း နှစ်ခု စီးကျလာသည်ကို တွေ့လိုက်ရသည်။
"ကောင်းကင်တာအိုက အမှန်တကယ် ငိုနေတာလား"
ဝမ်လင်း အတော်လေး စိတ်ရှုပ်သွားသည်။
သုံးလက်မအရွယ် အမျိုးသားက မျက်ရည်များကို သုတ်ကာ ဒိတ်ကုန်သွားသော ခေါက်ဆွဲခြောက်ထုပ်ကို သူ့ရှေ့မှာပင် လွှင့်ပစ်လိုက်သည်။
ဝမ်လင်းက အရင်းအမြစ်များ လဲလှယ်ရန်အတွက် သူ့လက်ရေးဖြင့် ရေးထားသော စာရွက်ကို အသုံးပြုရန် လုံလောက်သော အခွင့်ထူးအား ရရှိခဲ့သော်လည်း ဤဒိတ်ကုန်နေသော သရေစာထုပ် သုံးထုပ်ကို အသုံးပြုခဲ့သည် မဟုတ်လော။
"မင်းရဲ့မေးခွန်းတွေကို ကောင်းကင်ဘုံ လျှို့ဝှက်ဆန်းကြယ် စာလိပ်ကနေ လက်ခံရရှိထားတယ်.. စာလိပ်မှာ အဖြေပေါ်လာဖို့ အကြမ်းဖျင်းအားဖြင့် သုံးမိနစ်ကနေ လေးမိနစ်ခန့် ကြာမှာဖြစ်တယ်.. သုံးလေးမိနစ်ဆိုတာ သီချင်းတစ်ပုဒ်အတွက် လုံလောက်တဲ့ အချိန်ပါပဲ"
ရုတ်တရက်ဆိုသလို သုံးလက်မ အရွယ် အမျိုးသားက သီချင်းဖွင့်လိုက်သည်။
“ဘာလို့ မင်းက ချက်ချင်းကြီး သီချင်း နားထောင်ရတာလဲ”
ရွှေလူသားက လက်ခုပ်တီးလိုက်ရာ ငြိမ့်ညောင်းသော တီးလုံးသံသည် အခန်းတွင်း ချက်ချင်း ပြည့်နှက်သွားသည်။
ဝမ်လင်း "ဒါက.."
ရွှေလူသား “ဒီသီချင်းကို ကောင်းကင်တာအို အမျိုးသမီးအဆိုတော်က သီဆိုထားတာပါ.. ငါတို့တစ်ဦးချင်းစီက ကောင်းကင်တာအိုမှာ မတူညီတဲ့ အခန်းကဏ္ဍတွေရှိတယ်.. ကျင့်ကြံသူတွေက သေဆုံးတဲ့အခါမှပဲ ကောင်းကင်တာအို အမျိုးသမီးအဆိုတော်ရဲ့ သာယာငြိမ့်ညောင်းတဲ့ ဂီတသံကို ကြားကြရမှာဖြစ်တယ်.. ဒါကြောင့် သူ့အသံကို အသက်ရှင်နေစဥ်မှာ ဘယ်သူကမှ ကြားဖူးမှာ မဟုတ်ဘူး"
"သူမက အသံကို များပြားလှတဲ့ နည်းစနစ်တွေနဲ့ လိုသလို ပြောင်းလဲနိုင်တယ်.. စကြဝဠာတစ်လျှောက်လုံးမှာ အထူးခြားဆုံးသော အသံတွေအားလုံးကိုလည်း ပြုလုပ်နိုင်တယ်"
"သူမရဲ့ အသံက တူရိယာတွေရဲ့ အသံကိုပါ တုပနိုင်တာကြောင့် သူမက တူရိယသံတွေကိုပါ သီချင်းနဲ့ တွဲလျက် သီဆိုနိုင်တယ်"
ဝမ်လင်း"............"
ထိုအချိန်တွင် မရေမတွက်နိုင်သော အသံများနှင့်အတူ ကောင်းကင်တာအို အမျိုးသမီးအဆိုတော်သည် အင်ထရို တီးလုံးကို သီဆို ပြီးသွားခဲ့သည်။
ထို့နောက် သီချင်းက တရားဝင် စတင်ခဲ့သည်။
မင်းက ငါ့ဆီကနေ တစ်ခုခုကို အမြဲဝယ်ချင်ပေမယ့် မင်းကို ဘယ်တော့မှ ကျေးဇူးတင်စကား မပြောချင်ဘူး..
ခေါက်ဆွဲခြောက်ကြော်တွေက စျေးပေါတယ်ဆိုတာ ကြီးပြင်းလာတဲ့အထိ မသိခဲ့ဘူးလား..
ငါတို့တွေ အရောင်းအ၀ယ်လုပ်တိုင်း အရာရာ အဆင်ပြေနေသလို ငါဟန်ဆောင်ရတယ်..
မင်းကတော့ “အရောင်းအ၀ယ်လုပ်ရအောင်.. သက်တမ်းကုန်တဲ့ သရေစာတွေ ပေးပါ့မယ်”လို့ အပြုံးလေးနဲ့ ပြောလိုက်ရုံပါပဲ။
….....................
ရွှေလူသား "ဒီသီချင်းကို မင်း ဘယ်လိုမြင်လဲ"
ဝမ်လင်း "မဆိုးပါဘူး.. အသံကောင်းသားပဲ"
“….......”
ရွှေလူသားက ဝမ်လင်းကို လုံးဝ လက်လျှော့လိုက်တော့သည်။
{အရိပ်အမြွက်ပြလည်း ရူးချင်ယောင်ဆောင်နေမှတော့ ထားလိုက်ပါတော့}
ကောင်းကင်တာအို၏ အခွင့်ထူးခံ ဝှိုင်လစ် စာရင်းတွင်ရှိသော ချစ်တီးကျသည့် ဖောက်သည်များတွင် ဤဖောက်သည်ထက် သာလွန်သော ဖောက်သည်များ မရှိနိုင်တော့ပေ။
အပိုင်း(၇၈၉) ပြီး၏