သခင်ငါးပါး
Vol. 53 Ch. 791
ဂိုဏ်းတစ်ဂိုဏ်းကို တစ်ရက်တည်းနှင့် မတည်ဆောက်နိုင်ပေ။
ယခုအချိန်သည် ငြိမ်းချမ်းစွာ ကျင့်ကြံသောခေတ်ဖြစ်၍ အရာအားလုံးကို ဥပဒေဖြင့်သာ အုပ်ချုပ်သည်။
ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်ရန် လုပ်ရမည့်အရာမှာ ယခင်ခေတ်ကနှင့် မတူတော့ပေ။
သင့်လျော်သော ဒေသတစ်ခုကိုရှာဖွေ၍ လူသူစုဆောင်းရမည် ဖြစ်သည်။
ရှေးခေတ်ကဆိုလျှင် မြေဝယ်ရန်ပင် မလိုအပ်ပေ။
ဂိုဏ်းတစ်ဂိုဏ်း တည်ဆောက်ရန် မြေကွက်တစ်ကွက်ကိုမျက်စိကျလျှင် ထိုမြေကွက်ကို မျက်စိကျသူများနှင့် အပြိုင်အဆိုင် တိုက်ပွဲဝင်ပြီး အနိုင်ရသူ မည်သူမဆို ထိုမြေကွက်ကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။
ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် ဂိုဏ်းတစ်ဂိုဏ်းကိုတည်ထောင်ရန်မှာ အချက်များစွာကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။
ကျင့်ကြံခြင်းဖိုရမ်ကို စတင်တည်ထောင်စဉ် လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာ ကတည်းကပင် ဂိုဏ်းတစ်ဂိုဏ်းကိုတည်ထောင်ရန် ရည်ရွယ်ချက်မှာ ဗုံးပစ်စီနီယာအင်မော်တယ်၏ နှလုံးသားထဲတွင် ရှိနေခဲ့သည်။
သို့သော် ထိုအချိန်က သူ့တွင် အရင်းအမြစ် အလွန်နည်းပါးပြီး ထောက်ပံ့ရေးနှင့် ငွေကြေးများ ချို့တဲ့ခဲ့သည်။
ထိုအခါက သူ့တွင် စီမံခန့်ခွဲရေး ကျွမ်းကျင်မှု၊ ခွန်အား သို့မဟုတ် အချိတ်အဆက် ဘာဆိုဘာမျှ မရှိခဲ့ပေ။
သို့သော် ယနေ့အချိန်တွင်မူ မတူတော့ပေ။
သူတည်ထောင်ထားသည့် ကျင့်ကြံခြင်းဖိုရမ်သည် စတင်တည်ထောင်စဉ်က သူစိတ်ကူးထားသည်ထက်ပင် ပိုမိုကြီးထွားလာပြီ ဖြစ်သည်။
သူက ဖိုရမ်ကို အားကိုးပြီး ဆက်ဆံရေး ကွန်ယက်များကိုချဲ့ထွင်ကာ အချိတ်အဆက် များကို တည်ဆောက်ခဲ့သည်။
တစ်ချိန်တည်းမှာပင် သူက ဖိုရမ်တွင် တင်ထားသည့် ကျင့်ကြံခြင်း သတင်းအမျိုးမျိုးကို နိုင်ငံအနှံ့ ရှာဖွေလေ့လာပြီး တရားမျှတမှုများကို ဆောင်ရွက်ကာ ကျင့်ကြံခြင်း အသိုင်းအဝိုင်းတွင် မဟာသေမင်းတမန် စီနီယာဟူသော အမည်ကို ထင်ရှားစေခဲ့၏။
စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သည် လူအများစု ရောက်ရှိရန် မျှော်လင့်နိုင်သော ကျင့်ကြံခြင်းနယ်ပယ် အဆင့်တစ်ခုသာ ဖြစ်သည်။
ဟုတ်ပါသည်၊ ဤကျင့်ကြံခြင်း နယ်ပယ်အဆင့်က သူ့ကိုယ်သူ အတွက်တော့ လုံလောက်နေပြီ ဖြစ်သည်။
ကျင့်ကြံခြင်း ချက်ဂရုတွင် သူ၏ ကျင့်ကြံခြင်းနယ်ပယ်အဆင့်သည့် ပျမ်းမျှထက်အနည်းငယ်သာ သာလွန်ကြောင်း ဗုံးပစ်စီနီယာ အင်မော်တယ် ဝန်ခံခဲ့ဖူးသည်။
ဆိုရလျှင် သူသည် ဝမ်လင်းနှင့် တူညီသောအဆင့်တွင် မရှိပေ။
ချက်ဂရုထဲသို့ အသစ်စက်စက် ဝင်ရောက်လာသော ငွေရောင်လေး၊ ညီနောင် ဖန့်ရှင်းနှင့် ယခုမှ ချက်ဂရုထဲ ဝင်လာသည့် ဖန်းကွမ်းတို့ပင် သူ့ထက် အများကြီး ပိုမိုသန်မာသည်။
ထိုထက် ကြောက်စရာအကောင်းဆုံးမှာ ခွေး2၏ အစွမ်းသတ္တိသည်လည်း များမကြာမီမှာပင် သူ့ထက် သာလွန်သွားတော့မည်ကို ခံစားမိနေခြင်း ဖြစ်သည်။
ရည်မှန်းချက်ကြီးမားသောသူသည် သူ့ထက်ပို၍ ထူးခြားသောသူများနှင့် အမြဲလိုလို နှိုင်းယှဉ်လေ့ရှိသည်။
ဤကွာဟချက်များကြောင့် သူက ဤထူးခြားသောသူများကို အမှီလိုက်ရန် ပိုမိုအားထုတ်၍ ကြိုးစားရမည် ဖြစ်သည်။
သို့မှသာ သူက ပိုမိုထူးချွန်လာပြီး အဆုံးသတ်တွင် ဤကမ္ဘာကြီး၏ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမည် မဟုတ်ပါလား။
ဆိုရလျှင် ဗုံးပစ်စီနီယာအင်မော်တယ်သည် ထိုကဲ့သို့ လူစားမျိုး ဖြစ်၏။
ငွေရောင်လေးက ဗုံးပစ်စီနီယာအင်မော်တယ်၏ မျက်နှာထက်တွင် ထိုကဲ့သို့ လေးနက်သော အမူအရာမျိုးကို မမြင်ဖူးခဲ့ပေ။
ဗုံးပစ်စီနီယာအင်မော်တယ်ထံတွင် ထိုကဲ့သို့ အမူအရာမျိုးကို တစ်ကြိမ်သာ မြင်ဖူးကြောင်း သူ ရှင်းရှင်းလင်းလင်း သတိရမိသည်။
ယင်းမှာ ဗုံးပစ်စီနီယာအင်မော်တယ် တစ်ယောက် အိမ်နောက်ဖေးတွင် ဘရိုကိုလီကို စိုက်ပျိုးနေစဉ်တွင် ဖြစ်သည်။
ဂိုဏ်းတစ်ခုကို တည်ထောင်ခြင်းနှင့် ပတ်သက်၍ ဗုံးပစ်စီနီယာအင်မော်တယ်၏ လေးနက်မှုကို ခံစားရပြီးနောက် ငွေရောင်လေးက မှင်တက်နေခဲ့သည်။
ခဏအကြာတွင် သတိပြန်ဝင်လာပြီး ငွေရောင်လေးက မေးခွန်းထုတ်လိုက်သည်။
“နေရာရွေးပြီးပြီလား”
“ငါ့မှာမြေတွေ အများကြီးရှိနေပြီ.. ငါ့မြေတွေက စုန့်ဟိုင်မြို့ရဲ့မြို့စွန်မှာ ရှိတယ်.. အဲဒီနေရာမှာ ချန်လင်းစီရင်စုလို့ ခေါ်တဲ့ ခရိုင်အသစ်တစ်ခုကို ထူထောင်တော့မယ်လို့ မိတ်ဆွေတစ်ယောက်ဆီက ကြားထားတယ်.. သမိုင်းကြောင်းအရဆိုရင် အဲဒီနေရာက ကျိန်စာသင့်နေတဲ့နေရာ ဖြစ်ပြီး နှစ်ရာနဲ့ချီပြီး မဖွံ့ဖြိုးသေးတဲ့ နေရာတစ်ခုပဲ.. အဲဒီနေရာမှာ မြေငလျင်မကြာခဏလှုပ်ပြီး ဆောက်လုပ်ရေးယာဉ်တွေကလည်း တစ်ခါတစ်လေ သူ့အလိုလို မောင်းနှင်နေလေ့ရှိတယ်.. ညဘက်မှာ ဆိုရင်လည်း မိစ္ဆာငိုကြွေးသံလိုမျိုး ထူးဆန်းတဲ့သဘာဝလွန် ဖြစ်စဉ်အမျိုးမျိုးကို အဲဒီနေရာမှာရှိတဲ့ အိမ်ခြံမြေ သမားတွေက ကြုံတွေ့ခဲ့ရတယ်”
“ဖုန်းရွှေပညာရှင်တွေကရော တစ်ယောက်မှ သွားမကြည့်ကြဘူးလား”
ငွေရောင်လေးက စပ်စုလိုက်သည်။
“အရင်တုန်းကတော့ ဖုန်းရွှေပညာရှင်တွေက အဲဒီအရပ်ဒေသရဲ့ဖုန်းရွှေကို အကဲဖြတ်ဖို့အတွက် နေ့တိုင်းနီးပါး သွားခဲ့ကြတယ်.. အဆုံးသတ်မှာတော့ သူတို့ကိုယ်တိုင် ကျိန်စာသင့်သွားကြတော့တာပဲ.. ဒါနဲ့ပဲ အဲဒီနေရာမှာ လူနေနည်းပါးသွားခဲ့တယ်”
ဗုံးပစ်စီနီယာ အင်မော်တယ်က ရှင်းပြလိုက်သည်။
ထိုစကားကိုကြားလျှင် ငွေရောင်လေးက မအံ့ဩဘဲ မနေနိုင်တော့ပေ။
“ဒါဆိုညီနောင်ဗုံးပစ်က ဘာလို့ အဲဒီနေရာကို ရွေးလိုက်တာလဲ”
“ငါအစောပိုင်းက ပြောတာက အရင်တုန်းက အကြောင်းပဲ.. ဒါပေမဲ့ အခုချိန်မှာတော့ အဲဒီမြေနေရာရဲ့ ဖုန်းရွှေက လွန်ခဲ့တဲ့၁၀နှစ်ကျော်ကစပြီး နေ့ချင်းညချင်း တိုးတက်လာခဲ့တယ်”
“………...”
“ဒါက ညီနောင်လင်းတို့ မိသားစုနဲ့ သက်ဆိုင်မယ်လို့ ငါထင်တယ်”
“ဆရာလား”
“ဟုတ်တယ်”
ဗုံးပစ်စီနီယာ အင်မော်တယ်က ခေါင်းညိတ်လိုက်သည်။
“လွန်ခဲ့တဲ့ ၁၀နှစ်ကျော်လောက်က သူတို့ အဲဒီနားကို ပြောင်းလာတယ်လို့ ငါကြားမိတယ်.. ဒါနဲ့ ငါမင်းကို ပြောဖို့မေ့နေတယ်.. ငါရွေးချယ်ထားတဲ့ မြေကွက်တွေက အရှေ့ဝမ်လမ်းမှာရှိတဲ့ ညီနောင်လင်းရဲ့ အိမ်နဲ့ အရမ်းနီးတယ်”
ယခုမှပင် ငွေရောင်လေးက ချက်ချင်း သဘောပေါက်သွားသည်။
ကျိန်စာသင့်မြေနေရာကနေ ထူးခြားသော မြေကောင်းအဖြစ် အသွင်ပြောင်းသွားသည်မှာ အံ့ဩစရာမရှိပေ။
အကြောင်းအရင်းမှာ ဆရာလေးလင်းက ကျိန်စာသင့်နိမိတ်လက္ခဏာများကို ဖိနှိပ်ထားသောကြောင့်သာ ဖြစ်ရပေမည်။
ဆရာလေးလင်းသည် အလွန် ကြောက်စရာကောင်းသောလူ ဖြစ်သည်။
သို့တိုင် အိမ်ငယ်လေးထဲတွင် စီနီယာတွေလည်း အများကြီးရှိနေပါသေးသည်။
ဆရာလေးလင်း၏ မိဘနှစ်ပါး၊ မဟာဆရာသခင်ကြီး၊ ထို့ပြင်သခင်ကျင့်ခယ်လည်း ရှိနေသေးသည်။
ဆရာလေးလင်းပါ ဆိုလျှင် ပြိုင်ဘက်ကင်းသခင်၅ပါး နေထိုင်သည့် မြေနေရာ ဖြစ်သည်။
ထိုနေရာ၌ နတ်ဆိုးများနှင့် တစ္ဆေများ မည်မျှပင်ရှိပါစေ သခင်၅ပါး၏ တည်ရှိမှုနှင့်အတူ သန့်ရှင်းသော မြေနေရာဖြစ်သွားလိမ့်မည်သာ ဖြစ်၏။
ငွေရောင်လေးက အစပိုင်းတွင် ဂိုဏ်းတည်ထောင်မည့်မြေနေရာကို သိပ်စိတ်မဝင်စားသော်လည်း ဝမ်မိသားစု အိမ်ကလေးအနီးတွင် ဖြစ်ကြောင်း သိရပြီးနောက်တွင် ချက်ချင်းဆိုသလို စိတ်အားထက်သန်လာခဲ့သည်။
ထိုနေရာတွင် ဂိုဏ်းကို အမှန်တကယ် တည်ထောင်မည်ဆိုလျှင် ဆရာလေးလင်းထံ သွားရောက်လည်ပတ်ရန် သူ့အတွက်ပိုအဆင်ပြေသွားမည် ဖြစ်သည်။
“ဒါနဲ့ညီနောင်ဗုံးပစ်.. ဂိုဏ်းတည်ထောင်ဖို့နဲ့ ပတ်သက်ပြီး မင်းဘယ်လိုစီစဉ်ထားလဲ”
ငွေရောင်လေးက မေးခွန်းထုတ်လိုက်သည်။
“ဒီအတွက် လွန်ခဲ့တဲ့ နှစ်အတော်ကြာကတည်းက ငါစဉ်းစားထားပြီးပြီ.. ချက်ဂရုထဲက လူတွေကို အကြီးအကဲတွေ အနေနဲ့ ငါရွေးချယ်ထားတယ်.. ငါတို့ရဲ့ဂိုဏ်းက ရိုးရာဂိုဏ်းတွေရဲ့အယူဝါဒတွေနဲ့ စည်းမျဉ်း ချုပ်နှောင်မှုတွေကနေ ဖောက်ထွက်မယ်.. ပြီးရင် ငါတို့ကိုယ်တိုင် စည်းမျဉ်းတွေကို သတ်မှတ်မယ်.. အဓိကကတော့ ဂိုဏ်းရဲ့ စည်းမျဉ်းတွေက နိုင်ငံတော်ကသတ်မှတ်ထားတဲ့ ဥပဒေတွေကို ချိုးဖောက်မှုမရှိဖို့ပဲ”
ငွေရောင်လေးက ဗုံးပစ်စီနီယာ အင်မော်တယ်၏ စိတ်အားထက်သန်သော အမူအရာကြောင့် စိတ်လှုပ်ရှားသွားသည်။
“ညီနောင်ငွေရောင်လေး.. ဒါနဲ့ ငါမင်းကို တစ်ခုမေးပါရစေ.. မင်းတို့ရဲ့ သူတော်စင်သားရဲမျိုးနွယ်ကို မတူညီတဲ့ မျိုးစိတ်အလိုက် အုပ်စုတွေခွဲလိုက်တော့ မျိုးနွယ်စု တစ်ခုစီက သေးငယ်တဲ့ ဂိုဏ်းတစ်လို ဖြစ်မနေဘူးလား”
“အင်း”
ငွေရောင်လေးက ခေါင်းညိတ်ပြလိုက်သည်။
သို့သော် သူတော်စင်သားရဲ မျိုးနွယ်စုများသည် သဘောတရားအရ ဂိုဏ်းအစစ်များ မဟုတ်ပေ။
မျိုးနွယ်စုများကို တင်းတင်းကျပ်ကျပ် ကြီးကြပ်စရာ မလိုသော်လည်း ဂိုဏ်းတစ်ခုကို တင်းကျပ်စွာ စီမံခန့်ခွဲရန် လိုအပ်ပေသည်။
“ရှေးခေတ်ကတည်းက လူသားတွေ ဘာကြောင့် ဂိုဏ်းဂဏတွေ ထူထောင်ခဲ့ကြလဲဆိုတော့ စိတ်တူကိုယ်တူ တာအိုကျင့်ကြံသူတွေကို ရှာဖွေပြီး ဂိုဏ်းရဲ့ ထူးခြားတဲ့လျှို့ဝှက်ကျင့်စဉ်တွေကို အဆင့်မြှင့်တင်ဖို့ပဲ.. ဒါ့ပြင် အဲဒီကျင့်စဉ်တွေက ဂိုဏ်းဝင်တပည့် အများအပြားကို ဆွဲဆောင်ဖို့ သော့ချက်လည်း ဖြစ်တယ်”
ဗုံးပစ်စီနီယာအင်မော်တယ်က စိတ်အားထက်သန်စွာ ပြောလိုက်သည်။
“ရှေးခေတ်တုန်းကတော့ စွမ်းအားကြီးတဲ့ သူတွေကပဲ ဂိုဏ်းတွေကို တည်ထောင်ခဲ့ကြတယ်.. အဲဒီခေတ်မှာ စည်းမျဉ်းစည်းကမ်းတွေက သတ်သတ်မှတ်မှတ် မရှိခဲ့ဘဲ အင်အားကောင်းသူက အနိုင်ရစတမ်းခေတ်ကြီးပဲ.. အင်အားကြီးသူတွေက သူတို့ရဲ့နာမည်တွေကို ကမ္ဘာတစ်ဝှမ်း ပျံ့နှံ့စေဖို့အတွက် ဂိုဏ်းဂဏတွေ ထူထောင်ပြီး ဒီကမ္ဘာပေါ်မှာ သူတို့ရဲ့ အမှတ်အသားတွေကို ချန်ထားလေ့ရှိတယ်.. အဲဒီခေတ်ကလူတွေက စစ်မက်ကာလရဲ့ မငြိမ်မသက်မှုတွေကြောင့် ငြိမ်းချမ်းတဲ့ အမိုးအကာကို ရှာဖွေတဲ့အနေနဲ့ ဂိုဏ်းတွေထဲ ဝင်ခဲ့ကြတယ်”
ဗုံးပစ်စီနီယာအင်မော်တယ်၏ ရှင်းပြမှုကြောင့် ငွေရောင်လေးက အနည်းငယ် ပိုနားလည်လာခဲ့သည်။
“ဒါဆို ညီနောင်ဗုံးပစ်.. မင်းက ဘာပြောချင်တာလဲ”
“ခေတ်တွေက ပြောင်းသွားပြီ ညီနောင်ငွေရောင်လေး.. ဂိုဏ်းဝင်တွေကို စည်းရုံးဖို့ ကျင့်စဉ်ကိုပဲ အားကိုးရုံနဲ့ အရင်လိုလာကြမယ်လို့ ထင်လား.. ဒီနေ့ခေတ်မှာ ကျင့်စဉ်တွေကို ဝယ်ယူလို့ရတဲ့ အွန်လိုင်း စတိုးဆိုင်တွေ အများအပြား ရှိနေခဲ့ပြီ.. အလိုရှိတဲ့ ကျင့်စဉ်ကို အွန်လိုင်းကနေ ဝယ်ယူနိုင်ပြီး ဒီဂျစ်တယ်ဗားရှင်းကို အွန်လိုင်းက ပြန်ပို့ပေးမှာ ဖြစ်တယ်.. ဒါကြောင့် ဒီဘက်ခေတ်မှာ ကျင့်စဉ်အတွက်နဲ့တော့ ဘယ်သူမှဂိုဏ်းထဲကို တကူးတက မဝင်ကြတော့ဘူး”
“ငါနားလည်ပြီ”
ငွေရောင်လေးက ဗုံးပစ်စီနီယာ အင်မော်တယ်၏ အဆိုကို သဘောတူသည့် အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
သို့ရာတွင်ငွေရောင်လေးက အနည်းငယ် ချိတုန်ချတုန်ဖြစ်နေသေးသည်။
အကြောင်းအရင်းမှာ ဤမျှအချိန်အတော်ကြာ စကားပြောပြီးနောက်မှာပင် ဗုံးပစ်စီနီယာအင်မော်တယ်က ဂိုဏ်းတည်ထောင်ရသည့် အကြောင်းအရင်းကို မရှင်းပြသေးသောကြောင့် ဖြစ်၏။
“ဒါဆို ဒီဂိုဏ်းကို ဘာလို့တည်ထောင်တာလဲ.. ဘရိုကိုလီခြံတစ်ခြံ ဖန်တီးချင်တယ်လို့တော့ ငါ့ကို မပြောနဲ့နော်”
“ငွေရောင်လေး မင်းက အရမ်းဉာဏ်ကောင်းတာပဲ”
“……….”
“ဟုတ်တယ်.. မင်းပြောတာအမှန်ပဲ.. ဒါပေမဲ့ အဲဒါက ဂိုဏ်းရဲ့လုပ်ငန်းဆောင်တာထဲက အစိတ်အပိုင်းလေး တစ်ခုပါပဲ.. တကယ့် လုပ်ဆောင်ချက်ကို အခုထိ ငါမပြောရသေးဘူး”
“……….”
အပိုင်း(၇၉၁) ပြီး၏