ကြီးကျယ်ခမ်းနားသောဂိုဏ်း၏ အသေးစိတ်အစီအမံ
Vol. 53 Ch. 792
ဂိုဏ်းတစ်ခု တည်ထောင်ခြင်းသည် အလွန်စိတ်အားထက်သန်ဖွယ်ကောင်းသော အရာတစ်ခု ဖြစ်သည်။
ငွေရောင်လေးက ဂိုဏ်းခေါင်းဆောင်တစ်ဦး ဖြစ်ရခြင်း၏ ခံစားချက်ကို မသိခဲ့သော်လည်း ၎င်းသည် သူတော်စင်သားရဲမျိုးနွယ်စုရှိ အကြီးအကဲတစ်ဦးကဲ့သို့ ဖြစ်နိုင်ပြီး မိသားစုကြီးတစ်ခု၏ ဘိုးဘေးများနှင့် ဆင်တူသည်ဟု အကြမ်းဖျင်းခန့်မှန်းနိုင်ခဲ့သည်။
ဆိုရလျှင် ဗုံးပစ်စီနီယာအင်မော်တယ် ပြောခဲ့သည့် အတိုင်းပင် ခေတ်သစ်ကျင့်ကြံခြင်း လူ့အဖွဲ့အစည်းသည် ရှေးခေတ်ကလို ဂိုဏ်းများ မလိုအပ်တော့ပေ။
စစ်ပွဲကာလတွင် လူများက အမှီအခိုရရှိပြီး နည်းစနစ်များကိုလေ့လာရန်အတွက် ဂိုဏ်းများကို ဝင်ခဲ့ကြခြင်း ဖြစ်သည်။
ယနေ့ခေတ်တွင်မူ ဂိုဏ်းများအကြား ရန်ပွဲများနှင့် ပြိုင်ဆိုင်မှုအများစုမှာ ပြိုလဲသွားခဲ့ပြီ ဖြစ်သည်။
ထိုခေတ်တွင် ဂိုဏ်းကိုမှီခိုနေသော တပည့်အချို့သည် ၎င်းတို့၏ဂိုဏ်းကို ကာကွယ်ရင်း သေဆုံးသွားကြပြီး အချို့ကမူပြင်ပတွင် လှည့်လည်သွားလာရင်း အခြားဂိုဏ်းတစ်ခုသို့ ကူးပြောင်းသွားကြသည်။
ခေတ်သစ်စနစ်တွင် ဂိုဏ်းများအကြား ပြိုင်ဆိုင်မှုများ ရှိနေဆဲ ဖြစ်သော်လည်း ဂိုဏ်းတစ်ခုနှင့်တစ်ခုကြား အပြတ်ရှင်းသည့်တိုက်ပွဲမျိုး ဘယ်သောအခါမှ ဖြစ်ပေါ်လာမည် မဟုတ်ပေ။
ယနေ့ခေတ်တွင် စည်းကမ်းထိန်းသိမ်းရေး အစိုးရဌာန တစ်ခုရှိလာသဖြင့် အလင်းအင်အားစုများသည် စီးပွားရေးအားဖြင့်သာ အချင်းချင်း ရန်ဖြစ်ကြလေ့ရှိသည်။
ယခင်ကနှင့် မတူသည့်အချက်မှာ ယနေ့ခေတ် တပည့်များသည် ကျောထောက်နောက်ခံ အတွက်သာမက ငွေရှာရန်နှင့် နာမည်တစ်ခုရရန် အတွက်ပါ ဂိုဏ်းများထံ ဝင်ရောက်ကြခြင်းဖြစ်သည်။
ငွေရောင်လေးက ယနေ့ခေတ် ဂိုဏ်းတည်ထောင်ခြင်းအကြောင်းနှင့် ပတ်သက်၍ ယခင်က လေ့လာခဲ့ဖူးသည်။
ရှင်းလင်းစွာပြောရလျှင် ခေတ်မီဂိုဏ်းများသည် စိမံခန့်ခွဲသည့် ကုမ္ပဏီများကဲ့သို့ အလုပ်လုပ်ကြသည်။
ဂိုဏ်းများနှင့် စာချုပ်ချုပ်ဆိုထားသော ဂိုဏ်းဝင်တပည့်များသည် တကယ်တမ်းတွင် ဖျော်ဖြေရေးကုမ္ပဏီများရှိ သင်တန်းသားများနှင့် ဆင်တူသည်။
ဂိုဏ်း၏ဖွဲ့စည်းပုံအရ အတွင်းစည်းတပည့်၊ အပြင်စည်းတပည့်နှင့် အမာခံအဖွဲ့ဝင်များဟူ၍ ရှိနေဆဲဖြစ်သည်။
ဂိုဏ်းတစ်ဂိုဏ်းတွင် ကြယ်ပွင့်တပည့်များ ရှိရန်မှာ အလွန်အရေးကြီးသည်။
နိုင်ငံကျော် ကြယ်ပွင့်တစ်ဦးသည် ဂိုဏ်းအတွက်အမြတ်အစွန်းများစွာကို ရိတ်သိမ်းပေးနိုင်ပြီး ဂိုဏ်း၏ ကျော်ကြားမှုကို မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။
ယနေ့ခေတ်တွင် ရုပ်ရည်ထက် အရည်အချင်းက ပို၍အရေးပါသည်။
အကြေင်းအရင်းမှာ ယနေ့ခေတ် ကျင့်ကြံခြင်း လူ့အဖွဲ့အစည်းတွင် ရုပ်ရည်ချောမောသူများ ဒါဇင်မက ရှိနေပြီ ဖြစ်သောကြောင့်ပင်။
မှော်ပညာနှင့် ခေတ်မီကျင့်ကြံခြင်း နည်းစနစ်များစွာကြောင့် ကြက်ဥပုပ်လို မျက်နှာမျိုးဖြင့် မွေးဖွားလာသူ တစ်ဦးပင် ပြစ်မျိုးမှဲ့မထင် ချောမောသူအဖြစ် ပြောင်းလဲနိုင်နေပြီ ဖြစ်သည်။
“ဆရာလေးလင်းကို ဒီအကြောင်း ပြောပြီးပြီလား”
ငွေရောင်လေးက သူ့လက်ကို ဆုပ်လိုက်ဖွလိုက် လုပ်ရင်း မေးလိုက်သည်။
ဤသည်က ငွေရောင်လေး၏ အကျင့်တစ်ခုဖြစ်သည်။
တစ်ခါတစ်ရံတွင် သူ၏ လက်သည်းရှည်များကြောင့် အရေပြားများ ပေါက်ပြဲသွားသည်အထိပင်။
သို့သော် သူတော်စင်သားရဲ၏ ကြောက်မက်ဖွယ် မိမိကိုယ်ကို ကုသနိုင်စွမ်းကြောင့် ပေါက်ပြဲသွားသော အရေပြားသည် စက္ကန့်ပိုင်းအတွင်း ပြန်လည် ကောင်းမွန်လာမည် ဖြစ်၏။
“အင်း.. ညီနောင်လင်း နဲ့ ကိစ္စတချို့ ဆွေးနွေးဖို့ရှိသေးတယ်.. သူ့ကို ဂုဏ်ထူးဆောင် ဂိုဏ်းခေါင်းဆောင် ဒါမှမဟုတ် ဒုခေါင်းဆောင် နေရာအတွက် အရင်က တွေးခဲ့ဖူးတယ်.. ဒါပေမဲ့သူ့ရဲ့ ပင်ကိုစရိုက်အရ သူလက်ခံမှာမဟုတ်ဘူး”
“ဟုတ်တယ်.. ဆရာလေးလင်းက အမြဲသိုသိုသိပ်သိပ်ပဲ နေရတာ သဘောကျတယ်”
ထိုစကားကို ပြောပြီးနောက် ငွေရောင်လေးက ခေါင်းကုတ်ကာခဏမျှစဉ်းစားပြီးမှ ပြောလိုက်သည်။
“သူက အဲဒီရာထူးတွေကိုတော့ သဘောတူမှာမဟုတ်ဘူး.. ဒါပေမဲ့ ဧည့်အကြီးအကဲအနေနဲ့ ဆိုရင်တော့ သဘောတူမယ်လို့ ထင်တယ်”
“ညီနောင်ငွေရောင်လေးရဲ့ အကြံက အကြံကောင်းပဲ.. ဒီကိစ္စကိုညီနောင်လင်းနဲ့ သေချာဆွေးနွေးရမယ်.. သူ မငြင်းရင်တော့ အကောင်းဆုံးပဲပေါ့.. ဒါနဲ့ ဒုတိယ ဂိုဏ်းခေါင်းဆောင်နဲ့ပတ်သက်ပြီးတော့ ငါ့စိတ်ထဲမှာ သင့်တော်တယ်ထင်တဲ့ လူတစ်ယောက်ရှိတယ်”
ထိုစကားကို ပြောနေသည့် ဗုံးပစ်စီနီယာ အင်မော်တယ်၏ အမူအရာသည် အနည်းငယ် စိတ်လှုပ်ရှားပုံ ပေါက်နေသည်။
“ညီနောင်ငွေရောင်လေး.. ညီနောင်ကျိုးရီ ဆိုရင်ရော မင်းဘယ်လိုမြင်လဲ”
“သခင်လေးလား”
ငွေရောင်လေးက မှင်တက်သွားသည်။
“သခင်လေးက သူ့ရဲ့ ရာထူးရာခံကြောင့် ဒုတိယဂိုဏ်းခေါင်းဆောင်ဖြစ်ဖို့ အရည်အချင်း ပြည့်မှီပါတယ်.. ဒါပေမဲ့ သူက ရွှေအမြုတေအဆင့်မှာပဲ ရှိတဲ့အတွက် ဂိုဏ်းဝင်အသစ်တွေကို စည်းရုံးရာမှာတော့ အထောက်အကူ ဖြစ်မှာမဟုတ်ဘူး.. ဒါ့အပြင် သူက အစိုးရအရာရှိ တစ်ယောက်လည်း ဖြစ်တယ်.. သူ့မှာက ရာထူးရာခံရှိပြီးသား ဆိုတော့ သူလက်ခံပါ့မလား”
ဗုံးပစ်စီနီယာအင်မော်တယ်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
“အဲဒီအတွက်တော့ စိုးရိမ်စရာမလိုဘူး.. ဘာလို့လဲဆိုတော့ ငါတို့ဂိုဏ်းက အစိုးရနဲ့ နီးနီးကပ်ကပ် လက်တွဲဆောင်ရွက်မယ့် အလင်းအင်အားစု ဖြစ်လာမှာမို့လို့ပဲ”
“အစိုးရနဲ့ အလုပ်တွဲလုပ်မလို့လား”
“ဟုတ်တယ်.. ဒါနဲ့ ဒီဂိုဏ်းကို တည်ထောင်ရတဲ့ မူလရည်ရွယ်ချက်အကြောင်း ညီနောင်ငွေရောင်လေးကို မပြောရသေးဘူး.. ဒီနေ့ခေတ်မှာ ဂိုဏ်းအများစုက စီမံခန့်ခွဲရေးကုမ္ပဏီတွေရဲ့ လမ်းကြောင်းအတိုင်း သွားနေကြတယ်.. အပြင်စည်းဂိုဏ်းဝင်တွေကို ထရိန်နင် ပေးကြတယ်.. အတွင်းစည်းဂိုဏ်းဝင်တွေကိုတော့ မျက်နှာသစ် အဖြစ် ပွဲထုတ်ကြတယ်.. အမာခံတပည့်တွေကို ကျတော့ အိုင်ဒေါတွေလို သဘောထားလာကြတယ်.. ဒါပေမဲ့ ဒီလိုဂိုဏ်းဖွဲ့စည်းပုံမျိုးက အနာဂတ်မှာသေချာပေါက် ပြင်ဆင်ဖို့ လိုအပ်လာလိမ့်မယ်”
“ဒါဆို ငါတို့ဂိုဏ်းကရော”
“ငါတို့ဂိုဏ်းကတော့ ဂိုဏ်းဝင်တပည့်တွေကို အိမ်လိုမျိုး ခံစားရအောင်လုပ်မယ်.. အေးချမ်းသာယာပြီး ကြီးမားတဲ့ မိသားစုကြီး တစ်ခုလိုပေါ့.. ငါတို့ရဲ့ ဂိုဏ်းဝင်တပည့်တွေကို ကျင့်ကြံခြင်းအဆင့်တွေပေါ် မူတည်ပြီးတော့ အတန်းအစား ခွဲခြားတဲ့စနစ်ရှိမှာမဟုတ်ဘူး.. ဂိုဏ်းဝင်တပည့်အားလုံးက တန်းတူညီတူရှိပြီး အခြေခံအကျိုးခံစားခွင့်တွေ အားလုံး အတူတူပဲဖြစ်ရမယ်"
" ရာထူးတိုးလိုတဲ့ သူတွေက ဂိုဏ်းမစ်ရှင်တွေကို ပြီးမြောက်အောင် ဆောင်ရွက်ပြီး အမှတ်တွေ စုဆောင်းရမယ်.. အမှတ်တွေ လုံလောက်နေသရွေ့တော့ အခြေခံတည်ထောင်ခြင်းအဆင့် တပည့် ဖြစ်နေရင်တောင် အတွင်းစည်း ဒါမှမဟုတ် အပြင်စည်းရဲ့ ဌာနခွဲခေါင်းဆောင် တစ်ဦးဖြစ်ဖို့ အခွင့်အရေး ရှိလာမှာ ဖြစ်တယ်"
"ဒါ့အပြင် ငါတို့ဂိုဏ်းမှာ တခြားဂိုဏ်းတွေနဲ့ လုံးဝမတူတဲ့ အိပ်မက်များအောင်မြင်ရေး အစီအစဉ်လည်း ရှိလိမ့်မယ်.. ဒီအစီအစဉ်ကတော့ ကျင့်ကြံခြင်းမှာ အားနည်းပေမဲ့ ဂိုဏ်းအတွက် အလှူငွေ ကြီးကြီးမားမားထည့်ဝင်ထားတဲ့ ဂိုဏ်းဝင်တပည့်တွေ အတွက်ပဲ.. ငါတို့က သူတို့ကို ပြုစုပျိုးထောင်ပေးပြီး သူတို့ရဲ့ ကျင့်ကြံခြင်းအိပ်မက်တွေကို အကောင်အထည် ဖော်နိုင်ဖို့ ကူညီပေးမယ်.. မဖြစ်နိုင်ဘူးဆိုတဲ့ အရာတွေကို ဖြစ်နိုင်အောင် လုပ်ပေးမယ်"
"ဒီအစီအစဉ်ကြောင့် အချိန်ကျလာတဲ့အခါ အစိုးရနဲ့ ချိတ်ဆက်ပြီး ကြီးကြပ်ကွပ်ကဲမှုနဲ့ စုံစမ်းစစ်ဆေးရေးရုံးကို အထူးဖွဲ့စည်းမှာဖြစ်တယ်.. အဲဒီအခါကျရင်ညီနောင်ကျိုးက ဒုတိယဂိုဏ်းခေါင်းဆောင် အဖြစ်နဲ့ရော အဲဒီအဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ်ပါ တာဝန်ထမ်းဆောင်နိုင်တယ်.. ဒါက ညီနောင်ကျိုးအတွက် ဆိုရင် လုံးဝပြဿနာရှိမှာ မဟုတ်ဘူး.. ဒါ့အပြင် ညီနောင်ကျိုးက လွန်ခဲ့တဲ့လအနည်းငယ် အတွင်း လူထုကြားမှာ ရေပန်းစားနေခဲ့တယ်.. သူသာ ငါတို့နဲ့ ပူးပေါင်းမယ်ဆိုရင် အချိန်တိုအတွင်းမှာ ငါတို့ဂိုဏ်းရဲ့ နာမည်ကျော်ကြားမှုကို ချဲ့ထွင်နိုင်မှာ ဖြစ်တယ်”
ဗုံးပစ်စီနီယာအင်မော်တယ်က ပြောလိုက်သည်။
ထိုစကားက မှန်ကန်သည်ဟု ထင်ကာ ငွေရောင်လေးက ခေါင်းညိတ်လိုက်သည်။
သခင်လေးက သန်မာခြင်းမရှိသော်လည်း ကောင်းကင်ဘုံ၏ ကောင်းချီးကို ရထားသည်မှာ ထင်ရှားသည်။
လွန်ခဲ့သည့် လအနည်းငယ်အတွင်း သခင်လေးက အဓိကပွဲတိုင်းလိုလိုတွင် ပါဝင်ခဲ့သည်။
ဆိုရလျှင် ကျိုးရီသည် စုန့်ဟိုင်ထောင်ရှိ မာကျောက်တပ်ဖွဲ့ကိုတည်ထောင်ရာတွင် အဓိကတာဝန်ရှိသူ ဖြစ်သည်။
ထိုမာကျောက်တပ်ဖွဲ့က ဗိုလ်ချုပ်ပိုင်နှင့် အတူ ဤတစ်ကြိမ်တွင် ကျူးကျော်လာသည့် နိုင်ငံခြားတပ်ဖွဲ့များကို ကောင်းစွာ တုံ့ပြန်နိုင်ခဲ့သည်ဟု ငွေရောင်လေး ကြားသိခဲ့ရသည်။
ဤလူတွေက သေဒဏ်ပေးသင့်သူများ ဖြစ်သော်လည်း လူထုကောင်းကျိုးကို ဆောင်ရွက်နေသရွေ့ ပြစ်ဒဏ်လျှော့ပေါ့ပေးလို့ ရနိုင်ပေသည်။
အကယ်၍သာ တရားရုံက အမိန့်ချခဲ့လျှင် ထိုမာကျောက်တပ်ဖွဲ့မှ လူများသည် အနိမ့်ဆုံး နှစ်တစ်ထောင်ကျော် အကျဉ်းချ ခံရနိုင်ပေသည်။
သို့သော်ပြဿနာမှာ ၎င်းတို့သည် ထောင်ထဲ၌ နှစ်ထောင်ပေါင်းများစွာ နေနိုင်မည်လား ဆိုသည့်အချက်ပင်။
ထို့ကြောင့် မာကျောက်တပ်ဖွဲ့သည် အကျဉ်းကျနေစဉ်အတွင်း တာဝန်အမျိုးမျိုးကို လုပ်ဆောင်နေခဲ့ခြင်း ဖြစ်သည်။
ဤအစီအစဉ်က မည်သို့လုပ်ဆောင်မည်ကို ငွေရောင်လေးမသိသော်လည်း ၎င်းမှာ ပြည်သူများအတွက် အကျိုးရှိစေမည့် ပရောဂျက်တစ်ခု ဖြစ်၍ အစိုးရက စိတ်ဝင်စားမည်မှာ သေချာသည်။
“ဒီအစီအစဉ်က အံ့ဩစရာ ဖြစ်လာလိမ့်မယ်”
ဗုံးပစ်စီနီယာ အင်မော်တယ်က ရယ်မောလိုက်သည်။
“တကယ်တော့ ဒီအိပ်မက်များအောင်မြင်ခြင်း အစီအစဉ်မှာ အခြားအမည် တစ်ခုရှိသေးတယ်.. အဲဒါက 'ပရောဂျက်ကျိုးရီကိုယ်စားကြားဝင်ခံသူ' ဆိုတဲ့အမည်ပဲ”
စင်စစ် ဤအစီအစဉ်က ဝမ်လင်းကို ဆွဲဆောင်ရန်အတွက် ဗုံးပစ်စီနီယာအင်မော်တယ် အထူးရေးဆွဲထားသည့် အစီအစဉ်ဖြစ်သည်။
ဂိုဏ်းကို တည်ထောင်ပြီးပါက ကိုယ်စားကြားဝင်ခံသူ အဖွဲ့ကိုပါ ဖွဲ့စည်းမည် ဖြစ်သည်။
ထိုအဖွဲ့ကို ကျိုးရီက ခေါင်းဆောင်လိမ့်မည် ဖြစ်၏။
“ဒါနဲ့ ဂိုဏ်းနာမည်ကရော ဘယ်လိုပေးထားလဲ”
ငွေရောင်လေးက မေးလိုက်သည်။
“ဂိုဏ်းနာမည်ကိုတော့ မှတ်ပုံတင်ပြီးပြီ.. တိတိကျကျ ပြောရရင် လွန်ခဲ့တဲ့ ၅နှစ်ကတည်းက ဂိုဏ်းရဲ့အမည်ကို စာရင်းသွင်းထားပြီးပြီ”
ဗုံးပစ်စီနီယာအင်မော်တယ်က ရယ်မော၍ ပြောလိုက်သည်။
စာရင်းသွင်းပြီးသည့် အချိန်ကတည်းကပင် ဗုံးပစ်စီနီယာ အင်မော်တယ်သည် သူ၏ ကိုယ်ပိုင်ဂိုဏ်းကို တည်ထောင်ရန်အတွက် အစီအစဉ်များကို ဖြည်းဖြည်းချင်း လုပ်ဆောင်လာခဲ့သည်။
ထို့နောက် ငွေရောင်လေးက ဂိုဏ်းအမည်ကို တစ်ချက်ကြည့်လိုက်ရာ ထိတ်လန့်လုနီးပါး ဖြစ်သွားရသည်။
“မဟာဗျူဟာလှည့်ဖျားမှုအထွေထွေရုံးတဲ့လား”
အပိုင်း(၇၉၂) ပြီး၏