မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးရဲ့ကြေးစားလူမိုက်တပ်ဖွဲ့
Vol. 53 Ch. 793
ငွေရောင်လေးက အကြောင်းတစ်ခုခုကြောင့် ဤအမည်ကအလွန် ယုံကြည်စိတ်ချရပုံ မပေါ်ဟု ခံစားခဲ့ရသည်။
“ဒီနာမည်က ရိုးလွန်းမနေဘူးလား”
ငွေရောင်လေးက ဗုံးပစ်စီနီယာ အင်မော်တယ်ကို မေးလိုက်သည်။
ဗုံးပစ်စီနီယာအင်မော်တယ်က မတတ်နိုင်ဟူသော အမူအရာဖြင့် ပုခုံးကိုတွန့်ကာ လက်နှစ်ဖက်ကို ဖြန့်လိုက်သည်။
“ပုံမှန်နာမည်တွေက ဂိုဏ်းဝင် အသစ်တွေကို ဆွဲဆောင်နိုင်မှာမဟုတ်ဘူး.. ညီနောင်ငွေရောင်လေးကို မေးပါရစေ.. ငါတို့ပတ်ဝန်းကျင်က လူတွေထဲမှာ ဘယ်သူ ခပ်ရိုးရိုးအမည်ပေးထားတာ ရှိလဲ”
ထိုမေးခွန်းကိုကြားလျှင် ငွေရောင်လေးက အမှန်တကယ် တုန်လှုပ်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဗုံးပစ်စီနီယာအင်မော်တယ် ဆိုသကဲ့သို့ပင် ၎င်း၏ ပတ်ဝန်းကျင်၌ သမာရိုးကျ အမည်တစ်ဦးမှ မရှိသောကြောင့်ပင်။
“အမှန်တိုင်းပြောရရင် ဂိုဏ်းရဲ့အမည်နဲ့ ပတ်သက်ပြီး အများကြီး စဉ်းစားပြီးမှ ဒီနာမည်ကို ပေးလိုက်တာပဲ.. ချိုက်လျန်ကတော့ ရိုးရိုးလေးနဲ့ ဆွဲဆောင်မှုရှိတယ် ဆိုပြီး ဒီနာမည်ကိုသဘောကျနေခဲ့တယ်”
ဗုံးပစ်စီနီယာ အင်မော်တယ်က ပြုံး၍ ပြောလိုက်သည်။
“ညီနောင်လောက ဝူကျီထီးကို ပြုပြင်ထိန်းသိမ်းမှု လုပ်ဆောင်နေတယ်.. အဲဒါပြီးရင် အစည်းအဝေး တက်ဖို့အတွက် ချိုက်လျန်၊ ညီနောင်ခွေးနဲ့ ဓမ္မရာဂျာတို့ကို ခေါ်လာဖို့ ဝူကျီကို ငါတာဝန်ပေးထားတယ်.. ညီနောင်ထုန်လည်း လာလိမ့်မယ်.. သူ့ဆီကနေ ခွန်ဗိုက်ထဲက မိန်းကလေးနဲ့ ပတ်သက်ပြီး တိုးတက်မှုတွေ ရှိတယ်လို့ ငါကြားသိရတယ်”
ငွေရောင်လေးက ဗုံးပစ်စီနီယာ အင်မော်တယ်၏ စကားကိုကြားသောအခါတွင် ချက်ချင်းပင် အံ့ဩသွားခဲ့သည်။
“အဲဒီမိန်းကလေးနိုးလာပြီလား.. ဒါဆိုရင်တော့ ကိစ္စကြီးပဲ.. ညီနောင်လင်းတို့ နွေရာသီစခန်းသွင်း လုပ်နေစဉ်က သူမရဲ့ခြေချောင်းတွေက အနည်းငယ် လှုပ်သွားခဲ့တယ်.. ဘာလို့လဲဆိုတော့ ညီနောင်ထုန်က ကုထုံးအသစ်တွေကို စမ်းသပ်ရင်း သူမရဲ့ ခြေဖဝါးတွေကို အပ်နဲ့ ထိုးစိုက်လိုက်လို့လေ”
ငွေရောင်လေး “……….”
စာသင်နှစ်၏ ၁၅ပတ်မြောက် စနေနေ့သည် ဩဂုတ်လ ၅ရက်နေ့ဖြစ်သည်။
ဗုံးပစ်စီနီယာအင်မော်တယ်က ဂိုဏ်းပရောဂျက်ကို အပြည့်အဝ လုပ်ဆောင်နေခဲ့သည်။
ယနေ့ သူ၏ ဝမ်ရှန်းဥယျာဉ်အိမ်ရာတွင် ချက်ဂရုမှ လူများ စုဝေးနေကြပြီ ဖြစ်သည်။
ကျိုးရီ၊ ဓမ္မရာဂျာ၊ ချိုက်လန်၊ ဖန့်ရှင်း၊ ဖက်တီးလောနှင့် ညီနောင်ခွေး…
၎င်းတို့က မဟာဗျူဟာလှည့်ဖျားမှုအထွေထွေရုံး၏ ပင်မအဖွဲ့ဝင်များ ဖြစ်လာမည်ဖြစ်ပြီး ဌာနတစ်ခုစီကို ခေါင်းဆောင်ရမည် ဖြစ်သည်။
ဌာနတစ်ခုစီ၏ ခေါင်းဆောင်မှုအောက်တွင် ဌာနခွဲ ၁ ဌာနခွဲ ၂ စသည်ဖြင့် ဌာနခွဲများစွာကိုလည်း ဖန်တီးမည် ဖြစ်၏။
ထို့ကြောင့် နောင်အခါတွင် ဂိုဏ်းဝင် တပည့်များသည် ဂိုဏ်းကို ကြီးကြီးမားမား ပံ့ပိုးပေးနိုင်မည်ဆိုလျှင် ဂိုဏ်းခွဲခေါင်းဆောင်များ ဖြစ်လာနိုင်မည် ဖြစ်သည်။
သူတို့၏ အခွင့်အာဏာက ပင်မဌာနမှူးများကဲ့သို့ မရှိသော်လည်း တစ်ပြေးညီ ဆက်ဆံခံရမည် ဖြစ်သည်။
“ငါတို့ရဲ့ဂိုဏ်းကို မေတ္တာတရား ကြီးမားတဲ့ မိသားစုတစ်ခုလို ဖွဲ့စည်းရမယ်.. ဒါက ငါတို့ဂိုဏ်းရဲ့ အခြေခံသဘောထားပဲ.. အဲဒါနဲ့ ပတ်သက်ပြီး မင်းတို့မှာ ဘာအကြံပေးစရာမှ မရှိဘူးဆိုရင် ဒီမှာရှိနေတဲ့ အဖွဲ့ဝင်တစ်ဦးစီရဲ့ အခန်းကဏ္ဍကို ငါရှင်းပြမယ်”
ထိုစကားကို ပြောပြီးသည်နှင့် သူကြိုတင် ပြင်ဆင်ထားသည့် ဂိုဏ်းပရောဂျက် အသေးစိတ် ရေးထားသည့် စာအုပ်တစ်အုပ်စီကို တစ်ယောက်ချင်းစီအား ပေးလိုက်သည်။
“ငါအစကတော့ ညီနောင်လင်းကို လက်ထောက် ခေါင်းဆောင် ဒါမှမဟုတ် ဂုဏ်ထူးဆောင် အကြီးအကဲအဖြစ် တွေးထားပေမဲ့ ညီနောင်လင်းရဲ့ ပင်ကိုစရိုက်အရ သူက ငါ့ရဲ့ဆန္ဒကို သဘောတူလိမ့်မယ်လို့ မထင်ဘူး.. ဒါကြောင့် မထင်မှတ်တာတွေ ဘာမှဖြစ်မလာဘူးဆိုရင် ညီနောင်ကျိုးက မဟာဗျူဟာလှည့်စားမှုအထွေထွေရုံးရဲ့ လက်ထောက်ခေါင်းဆောင် အဖြစ် တာဝန်ယူရမယ်.. ဒါ့အပြင် ကြီးကြပ်ရေးနဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ခေါင်းဆောင်၊ ကြားဝင်ခံသူ အဖွဲ့ခေါင်းဆောင် အဖြစ်လည်း တာဝန်ယူရမယ်.. ညီနောင်ဓမ္မရာဂျာကတော့ ငါတို့ဂိုဏ်းရဲ့ ပြုပြင်ထိန်းသိမ်းရေးနဲ့ ယေဘုယျအပြင်အဆင်တွေ အတွက် အဓိက တာဝန်ယူရမယ့် ထောက်ပံ့ရေးအဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူရမယ်.. ချိုက်လျန်နဲ့ အစ်ကိုထုန်ရာကတော့ ဆေးအဖွဲ့ကို တာဝန်ယူမှာဖြစ်တယ်.. ဒီအဖွဲ့မှာ ချိုက်လျန်က ဒုတိယခေါင်းဆောင်ဖြစ်ပြီး ညီနောင်ထုန်ရာက ခေါင်းဆောင်ဖြစ်တယ်.. ညီနောင်လောကတော့ မှော်ရတနာအဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူရလိမ့်မယ်.. ညီနောင်ခွေးကတော့ ဝိညာဉ်သားရဲ အဖွဲ့ခေါင်းဆောင် အဖြစ် တာဝန်ယူရမယ်.. ညီနောင်ဖန့်ရှင်းကတော့ ကြေးစားလူမိုက်တပ်ဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူရမယ်”
ဗုံးပစ်စီနီယာအင်မော်တယ်၏ စကားကိုကြားလျှင် ဓမ္မရာဂျာက ချက်ချင်းပင် မှင်တက်သွားသည်။
“ကြေးစားလူမိုက်တပ်ဖွဲ့ ဆိုတာက ဘာကြီးလဲ”
“ဒီလိုလေ.. ငါတို့ဂိုဏ်းက အကြင်နာတရား ကြီးမားတဲ့ မိသားစုဂိုဏ်းတစ်ဂိုဏ်း မဟုတ်လား.. တကယ်တော့ ဒီအဖွဲ့က ဂိုဏ်းရဲ့ လုံခြုံရေးကို တာဝန်ယူရတဲ့ လုံခြုံရေး အဖွဲ့အစည်းတစ်ခုပါပဲ”
ထိုအခါမှပင် လူတိုင်းက နားလည်သွားခဲ့သည်။
ထိုခဏတွင် ဖက်တီးလောသည် အလွန်အပြုသဘောဆောင်သော အကြံဉာဏ်တစ်ခုကို ပေးခဲ့သည်။
“ဒါဆို ကြေးစားလူမိုက်အဖွဲ့မှာ မှော်လက်နက် အပြည့်အစုံ တပ်ဆင်ထားဖို့ လိုမယ်လို့ ငါထင်တယ်.. အဖွဲ့ဝင်တွေမှာအဆင့်မြင့် တာအိုဝတ်စုံတစ်စုံစီ ရှိရင် ပိုပြီး ကြည့်ကောင်းသွားလိမ့်မယ်.. ဒါပေမဲ့ အဲဒီအတွက် ငါတို့မှာ ရန်ပုံငွေလိုအပ်တယ်”
“ရန်ပုံငွေအတွက်တော့ စိတ်မပူပါနဲ့.. ငါတို့ဂိုဏ်းမှာ အရင်းအနှီးတွေ အများကြီးရှိပါတယ်”
ဗုံးပစ်စီနီယာအင်မော်တယ်က ပြောလိုက်သည်။
“ညီနောင်လော ပေးတဲ့အကြံက အရမ်းကောင်းတယ်.. ဝတ်စုံဒီဇိုင်းက အရမ်းကြီး ရှုပ်ထွေးမနေဘဲ ရိုးရိုးရှင်းရှင်း ဆိုရင် ပိုကောင်းလိမ့်မယ်”
ထိုအချိန်တွင် ဖန့်ရှင်းက မေးစေ့ကို ပွတ်သပ်ရင်း မေးခွန်းထုတ်လိုက်သည်။
“တစ်စုံတစ်ယောက်က ရန်စလာရင် ငါတို့က ဘယ်လောက်အတိုင်းအတာထိ သမလို့ရလဲ”
“ညီနောင်ဖန့်ရှင်းက လက်စွဲစာအုပ်ကို သေချာ မကြည့်ရသေးဘူးကိုး.. အဲဒီမေးခွန်းရဲ့ အဖြေက စာမျက်နှာ၆၈မှာ ရှိတယ်”
ဗုံးပစ်စီနီယာအင်မော်တယ်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။
လူတိုင်းက စာမျက်နှာ ၆၈သို့ လှန်ကြည့်လိုက်သောအခါ ၎င်းတို့၏ မျက်နှာထက်တွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာသည်။
“တကယ်ကြီး ပါးပဲရိုက်ရမှာလား”
“လူတိုင်းကြည့်ပြီးပြီ မဟုတ်လား.. မေတ္တာတရား ကြီးမားတဲ့ မိသားစုကြီးအနေနဲ့ မဟာဗျူဟာလှည့်ဖျားမှုရုံးက ဘယ်သောအခါမှ ဒေါသတကြီးပြုမူမှာ မဟုတ်ဘူး”
“ပါးပဲရိုက်လို့ရမယ် ဆိုတော့ မထိနဲ့လို့ ဆိုလိုတာနဲ့ အတူတူပဲ ဖြစ်မနေဘူးလား”
“ဟုတ်တယ်.. ငါတို့အဖွဲ့က ပါးရိုက်ဖို့ပဲ ခွင့်ပြုထားတယ်”
လူတိုင်း “……….”
ခဏအကြာတွင် ဓမ္မရာဂျာက အသက်ကို ခပ်ပြင်းပြင်းရှူ၍ မေးခွန်းထုတ်လိုက်သည်။
“ဒါပေမဲ့ ဒီလိုအရေးယူမှုမျိုးက အမှန်တကယ် ထိရောက်မှုရော ရှိမှာလား.. ကြေးစားလူမိုက်အဖွဲ့က တကယ်ရော လိုအပ်လို့လားလို့ ငါသံသယဝင်မိတယ်”
“ညီနောင်ဓမ္မရာဂျာ.. ကြေးစားလူမိုက်အဖွဲ့က မရှိမဖြစ် လိုအပ်တယ်.. ဒီနေ့ခေတ်မှာ ဂိုဏ်းအချင်းချင်းကြား ပြင်းထန်တဲ့ပဋိပက္ခတွေ မရှိဘူးဆိုပေမဲ့ ပြဿနာကို ကာကွယ်ဖို့အတွက် လုံခြုံရေးအဖွဲ့တွေကိုတော့ တည်ထောင်ထားဖို့ လိုအပ်တယ်.. နောက်ပြီး ပါးရိုက်တယ် ဆိုတာကလည်း အလွယ်ကူဆုံးနဲ့အယဉ်ကျေးဆုံး ရုပ်ပိုင်းဆိုင်ရာဆန္ဒပြမှု ဖြစ်တယ်.. ပါးရိုက်တာကို လွယ်လွယ်လေးလို့ မထင်လိုက်နဲ့.. တိကျမှု မြန်ဆန်မှု ပြတ်သားမှု ရှိဖို့လည်းလိုအပ်တယ်.. ဒီအချက်နဲ့ ပတ်သက်ပြီးတော့ ပါးရိုက်ဘုရင်ကြီး ညီနောင်လင်းက နောက်ပိုင်းမှာ သူ့ရဲ့ အတွေ့အကြုံတွေကို ကြေးစားလူမိုက်အဖွဲ့ဆီ မျှဝေပေးပါလိမ့်မယ်”
ဗုံးပစ်စီနီယာအင်မော်တယ်က ပြုံး၍ ပြောလိုက်သည်။
“ဒီထက်ပိုပြီး ပါးရိုက်ခြင်းရဲ့ အကျိုးသက်ရောက်မှုကို ပြောရရင် စုန့်ဟိုင်အကျဉ်းထောင်ကို ရောက်နေတဲ့ ရာဇဝင်လူဆိုး ၃ယောက်က ညီနောင်လင်းရဲ့ ပါးရိုက်မှုကြောင့် အဲဒီကိုရောက်နေတာပဲ”
လူတိုင်း “……….”
ထိုအချိန်တွင် ကျိုးရီက ရုတ်တရက် ပြောလိုက်သည်။
“ဒီလိုပါ.. အစိမ်းရောင်ဂိုဏ်း စီမံကိန်းရင်းနှီးမြှုပ်နှံမှု ကော်မတီကို တင်ပြထားတဲ့ စီနီယာအင်မော်တယ်ရဲ့ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကို သူတို့ဘက်က တုံ့ပြန်လာပါတယ်”
အစိမ်းရောင်ဂိုဏ်း စီမံကိန်းရင်းနှီးမြှုပ်နှံမှု ကော်မတီသည် အသစ် ဖွဲ့စည်းထားသော အလင်းအင်အားစုများကို ပံ့ပိုးရန်အတွက် လွန်ခဲ့သော ဆယ်စုနှစ်ကျော်က ဟွာရှို့နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးဌာနမှ တည်ထောင်ထားသည့် ဖောင်ဒေးရှင်း အဖွဲ့အစည်း တစ်ခု ဖြစ်သည်။
၎င်း၏ရည်ရွယ်ချက်က လုပ်ထုံးလုပ်နည်းများကို လိုက်နာရန်နှင့် တရားဝင်လုပ်ငန်းပါမစ်များ လျှောက်ထားသည့် ဂိုဏ်းများကို ပိုမိုအားပေးရန် ရည်ရွယ်သည်။
“သတင်းကောင်းပဲ ညီနောင်ကျိူး.. အဲဒီသူဌေးက ဘယ်လောက်ထိ ရင်းနှီးမြှုပ်နှံချင်တာလဲ”
စီနီယာအင်မော်တယ်က မေးလိုက်သည်။
သူ့တွင် ဂိုဏ်းစတင်တည်ထောင်ရန် အတွက် အရင်းအနှီးများစွာ ရှိသော်လည်း ဂိုဏ်း၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုကို အကျိုးပြုမည့် ရင်းနှီးမြှုပ်နှံမှုများကို လက်ခံရမည် ဖြစ်သည်။
ကျိုးရီ “ဂိုဏ်းက တည်နေရာကောင်းတစ်ခုကို ရွေးချယ်မယ်ဆိုရင် တစ်ဘီလီယံ ရင်းနှီးမြှုပ်နှံမယ်လို့ အဲဒီသူဌေးက ပြောတယ်”
“တစ်ဘီလီယံတောင်လား”
“တစ်ဘီလီယံ.. ဒါပေမဲ့ အင်မော်တယ်ရွှေ တစ်ဘီလီယံ”
“အိုးး.. လခွမ်း”
အပိုင်း(၇၉၃) ပြီး၏