← Chapters

တုရှန့်နည်းပညာကုမ္ပဏီ

Vol. 53 Ch. 794

တုရှန့်နည်းပညာကုမ္ပဏီ

Vol. 53 Ch. 794

အစိမ်းရောင်ဂိုဏ်း စီမံကိန်းရင်းနှီးမြှုပ်နှံမှု ကော်မတီသည် အသေးစားနှင့် အလတ်စား လုပ်ငန်းသစ်များစွာကို အသစ်တည်ထောင်ထားသည့် အလင်းအင်အားစု ဂိုဏ်းများနှင့် ချိတ်ဆက်ပေးပြီး ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို အကြံပေးသည့်အပြင် ဈေးကွက်ကို ခွဲခြမ်းစိတ်ဖြာကာ ပေါင်းကူးတံတားအဖြစ် ဖန်တီးပေးသော အဖွဲ့အစည်းဖြစ်သည်။

ဆိုရလျှင် ကြားခံပွဲစားကဲ့သို့ ဆောင်ရွက်ပေးသော အဖွဲ့အစည်း ဖြစ်သည်။

သိထားရမည်မှာ ငွေကြေးတောင့်တင်းသော လုပ်ငန်းစုများသည် ကြားခံအဖွဲ့အစည်းများကို အသုံးမပြုကြပေ။

ထို့ကြောင့် ကြားခံဆောင်ရွက်သော လုပ်ငန်းများအားလုံးသည် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသာ ဖြစ်ကြောင်း သတိပြုသင့်ပေသည်။

ယနေ့ခေတ် စီးပွားရေးလုပ်ငန်း အားလုံးသည် ရှယ်ယာထည့်ဝင်သည့်ပုံစံကို အထူးအာရုံစိုက်လာကြသည်။

ယင်းမှာ ရေတိုအတွင်း ကြီးမားသော အကျိုးဆက်များကို ရရှိစေခြင်းကြောင့် ဖြစ်၏။

အရင်းအနှီး လုံလောက်ခိုင်မာနေသရွေ့ အဖွဲ့အစည်း တစ်ခုသည် အနာဂတ်နှင့် ပတ်သက်သည့် မသေချာ မရေရာမှုများကို များစွာ လျှော့ချနိုင်မည် ဖြစ်သည်။

ထို့ကြောင့် အချို့သော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် ဂိုဏ်းအသစ်များတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လေ့ ရှိကြသည်။

၎င်းတို့က အလားအလာရှိသော ဂိုဏ်းများတွင် ရင်းနှီးမြှုပ်နှံကြပြီး ရှယ်ယာအရေအတွက်ကို ထိန်းချုပ်ထားမည် ဖြစ်သည်။

နောင်အနာဂတ်၌ ဤဂိုဏ်းသာ ဖြစ်ထွန်းလာခဲ့လျှင် ၎င်းတို့ကအမြတ်အစွန်းများ မြိုးမြိုးမြတ်မြတ် ရရှိမည် ဖြစ်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က ရင်းနှီးမြှုပ်နှံမှု ကော်မတီနှင့်ပတ်သက်၍ အနည်းငယ် လေ့လာထားခဲ့သည်။

အကယ်၍သာ သူတို့ဂိုဏ်းက သူဌေးများ၏ အာရုံကို ဆွဲဆောင်နိုင်လျှင် ရင်းနှီးမြှုပ်နှံမှု အဖြစ် တစ်ဘီလီယံ သို့မဟုတ် နှစ်ဘီလီယံကို ရရှိရန်မှာ အမှန်တကယ် မခက်ခဲပေ။

အချို့ချမ်းသာသော လုပ်ငန်းစုများဆိုလျှင် ဂိုဏ်းတစ်ခု၏ ကနဦးစတင်မှု၌ ဘီလီယံပေါင်းများစွာပင် ရင်းနှီးမြှုပ်နှံထားတတ်ကြသည်။

သို့သော် ထိုအရာအားလုံးသည် HNYနှင့်သာ ဖြစ်သည်။

ဤကဲ့သို့ အင်မော်တယ်ရွှေဖြင့် တိုက်ရိုက် ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းတစ်ခု အကြောင်းကို ဗုံးပစ်စီနီယာအင်မော်တယ်က ပထမဆုံးကြားဖူးခြင်း ဖြစ်သည်။

ဤသူဌေး၏ အိမ်တွင် ရတနာသိုက်တစ်ခု ရှိနေပါသလော။

“အင်မော်တယ်ရွှေ တစ်ဘီလီယံကို ရင်းနှီးမြှုပ်နှံဖို့ဆိုရင် ဒီလူက အင်မော်တယ်ရွှေ ဘီလီယံပေါင်းများစွာ ပိုင်ဆိုင်တဲ့လူပဲဖြစ်ရမယ်.. သေချာပါတယ်.. ဒီလူက လုံးဝ ရတနာသိုက်ပိုင်ရှင်ပဲ”

ချိုက်လျန်နှင့် အခြားသူများကလည်း ဤပမာဏကြောင့် အံ့အားသင့်နေကြသည်။

“ဒါက ပိုပြီးသတိထားသင့်တယ်လို့ ငါထင်တယ်”

ထွင်ထျန်းဟာက ပြောလိုက်သည်။

“ညီနောင်ခွေးပြောတာ အဓိပ္ပါယ်ရှိတယ်”

ဗုံးပစ်စီနီယာအင်မော်တယ်က ခေါင်းညိတ်လိုက်သည်။

ဂိုဏ်းတစ်ခုအနေဖြင့် သူ၏ဂိုဏ်းက ရင်းနှီးမြှုပ်နှံမှုကို မျှော်လင့်ခဲ့သော်လည်း အင်မော်တယ်ရွှေ တစ်ဘီလီယံသည် အမှန်တကယ်ပင် ချဲ့ကားလွန်းပြီး တမင်တကာ ငါးစာချထားသကဲ့သို့ ခံစားခဲ့ရသည်။

“ဒီကုမ္ပဏီနဲ့ ပတ်သက်တဲ့ အချက်အလက်တွေရော စစ်ဆေးပြီးပြီလား”

ဗုံးပစ်စီနီယာအင်မော်တယ်က ကျီုးရီကို မေးလိုက်သည်။

သူက ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ကိစ္စရပ်များနှင့်ပတ်သက်၍ တာဝန်ယူဆောင်ရွက်ပေးရန် ကျိုးရီအား တောင်းဆိုခဲ့သည်။

ကျိုးရီ၏ ကျောင်းပေါင်း၁၀၀ အထွေထွေညွှန်ချုပ် ရာထူးကြောင့် အခြားဌာနရှိ လုပ်ဖော်ကိုင်ဖက်များကို စုံစမ်းစစ်ဆေးမေးမြန်းရာတွင် လွယ်ကူမည် ဖြစ်၏။

သို့မဟုတ်လျှင် လုပ်ငန်းစဉ်က ပိုမို ကြာမြင့်သွားမည် ဖြစ်၏။

“ရင်းနှီးမြှုပ်နှံမှုထည့်ဝင်မယ့် ကုမ္ပဏီတွေအားလုံးကို အစိမ်းရောင်ဂိုဏ်း စီမံကိန်းရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီက အသေအချာ စစ်ဆေးခဲ့တယ်.. ဒီလုပ်ငန်းက နိုင်ငံတွင်းနဲ့ နိုင်ငံတကာမှာ လက်ခွဲများစွာရှိတဲ့ တုရှန်းနည်းပညာ ကုမ္ပဏီပဲ.. ဒီကုမ္ပဏီရဲ့အဓိကလုပ်ငန်းက ကလေးတွေကို ကျင့်ကြံခြင်းမှာ စိတ်ဝင်စားမှု မြင့်တက်လာစေဖို့ပဲ”

“ကလေးတွေကို ကျင့်ကြံခြင်းမှာ စိတ်ဝင်စားအောင်လုပ်ဖို့ ဟုတ်လား”

“ဒါက လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်ကစပြီး ခေတ်စားလာတဲ့ လုပ်ငန်းတစ်ခုပါ.. လုပ်ငန်းစဉ်အရ နယ်ပယ်အသီးသီးကို ကင်းထောက်ပြီး ကျင့်ကြံခြင်းမှာ ပါရမီပါတဲ့ ကလေးတွေကို ကျင့်ကြံခြင်းအပေါ် စိတ်ပါဝင်စားလာအောင် လုပ်ဖို့ပဲ.. ဒါ့ပြင်တုရှန်းနည်းပညာကုမ္ပဏီက ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို နည်းပြခြင်း အပြင် မူကြိုကလေးတွေကို အခြေခံအုတ်မြစ် တည်ဆောက်ရာမှာ ပံ့ပိုးကူညီမှုတွေ ပြုလုပ်ပေးခဲ့တယ်”

ကျိုးရီက ရှင်းပြလိုက်သည်။

စိတ်ပိုင်းဆိုင်ရာ နည်းပြပေးသည့် ရည်ရွယ်ချက်မှာ ကျင့်ကြံခြင်းကို လုံးဝ စိတ်မဝင်စားသော ကလေးသူငယ်များကို ပိုမို၍ စိတ်အားထက်သန်လာစေရန် လမ်းညွှန်ပေးရန် အတွက် ဖြစ်သည်။

သိပ္ပံနည်းကျ အချက်အလက်များအရ ကလေးများသည်ကျင့်ကြံခြင်းတွင် ထူးချွန်ခြင်း မရှိလျှင်ပင် ငယ်စဉ်ကတည်းက ကျင့်ကြံခြင်းတွင် ပျင်းပြသော စိတ်ဆန္ဒရှိနေလျှင် ဘဝနှောင်းပိုင်း၌ ၎င်းတို့အတွက် များစွာ အကျိုးရှိစေမည်ဟု ဖော်ပြထားသည်။

မူကြိုကလေးများ၏ အခြေခံအုတ်မြစ်များ တည်ဆောက်ရာတွင် ကူညီပံ့ပိုးပေးသည်မှာ တုရှန်းနည်းပညာ ကုမ္ပဏီ၏ အခြားသော လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။

အဓိကအားဖြင့် မူကြိုကလေးများတွင် အခြေခံတည်ထောင်ခြင်းအဆင့်သို့ မရောက်ရှိမီ ခိုင်မာသော အခြေခံအုတ်မြစ်ကို တည်ဆောက်ရန်နှင့် အခြေခံအုတ်မြစ် မတည်မငြိမ် ဖြစ်ခြင်းအား ကာကွယ်ရန်ဖြစ်သည်။

မတည်ငြိမ်သော အခြေခံအုတ်မြစ်သည် လူတစ်ဦးအားအဆင့်၉ ချီဖွဲ့စည်းခြင်း အဆင့်ကနေ အခြေခံတည်ထောင်ခြင်းအဆင့်သို့ ဖြတ်ကျော်သောအခါ၌ အချိန်အတော်ကြာ ပိတ်ဆို့နေစေမည် ဖြစ်သည်။

အခြေခံတည်ထောင်ခြင်း အဆင့်ကို တက်လှမ်းပြီး နောက်မှာပင် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်များသည် လျော့ကျသွားနိုင်ပေသည်။

တုရှန်းနည်းပညာ ကုမ္ပဏီသည် ကလေးများ အခြေခံအုတ်မြစ်ချရာတွင် ကူညီရန်အတွက် အမျိုးမျိုးသောထုတ်ကုန်များနှင့် ဆက်စပ် သင်တန်းများကို ဖန်တီးခဲ့ပြီး မိဘများထံမှ တခဲနက် ထောက်ခံမှုကို ရရှိခဲ့သည်။

“တုရှန်းနည်းပညာ ကုမ္ပဏီက သူတို့ရဲ့ အောင်မြင်မှုတွေကိုအသုံးပြုပြီး ပြည်တွင်းပြည်ပမှာ ဘဏ်ခွဲတွေတောင် တည်ထောင်ခဲ့တယ်.. ဒါ့အပြင် ကုမ္ပဏီပေါင်း များစွာကို ငွေကြေးထောက်ပံ့ခဲ့ပြီး အဆုံးသတ်မှာ ဟွာရှို့နိုင်ငံရဲ့ ထိပ်တန်းစာရင်းဝင် ကုမ္ပဏီတစ်ခု ဖြစ်လာတယ်.. ဒီကုမ္ပဏီက သက်တမ်း သိပ်မကြာသေးတဲ့ အတွက် ဟွာကောရေတံခွန်လုပ်ငန်းစုလောက်တော့ လူသိ မများသေးဘူး.. ဒါပေမဲ့ နှစ်စဉ်အမြတ်စွန်းချင်း ယှဉ်ကြည့်မယ် ဆိုရင်တော့ သူတို့ကုမ္ပဏီက ဟွာကော ရေတံခွန်လုပ်ငန်းစုကို ကောင်းကောင်း ယှဉ်နိုင်တယ်”

"ဒါဆို ဒီတုရှန်းနည်းပညာ ကုမ္ပဏီက တော်တော်လေး ယုံကြည်စိတ်ချရပုံပဲ”

တုရှန်းနည်းပညာ ကုမ္ပဏီအကြောင်း ကျိုးရီ၏ ပြောပြချက်ကိုနားထောင်ရင်း သူတို့ တစ်ဦးစီတိုင်းက တောက်ပသော အမူအရာများ ဖြစ်ပေါ်လာသည်။

“ဒီကုမ္ပဏီက လိုင်စင်ရကုမ္ပဏီ ဖြစ်လို့ ဘာပြဿနာမှတော့ ရှိမယ် မထင်ရဘူး.. ဒါပေမဲ့ သူတို့ရင်းနှီးမြှုပ်နှံလိုတဲ့ ပမာဏက တကယ် ဆန်းကြယ်နေတယ်”

ကျိုးရီက သုံးသပ်ပြောဆိုလိုက်သည်။

ဤကုမ္ပဏီက အရာအားလုံး ပြီးပြည့်စုံနေသော်လည်း ကျိုးရီက အကြောင်းတစ်ခုခုကြောင့် ဆိုးရွားသော ခံစားချက်တစ်ခုကို ရရှိနေသည်။

တုရှန်းနည်းပညာ ကုမ္ပဏီ၏ အင်မော်တယ်ရွှေ တစ်ဘီလီယံရင်းနှီးမြှုပ်နှံမှုသည် မဟာဗျူဟာလှည့်စားမှု အထွေထွေရုံးချုပ်၏ ရှယ်ယာ အကြမ်းဖျင်း ၇၀မှ ၈၀%အထိ ပိုင်ဆိုင်သွားမည် ဖြစ်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်၏ ဂိုဏ်းစတင် တည်ထောင်သည့် အရင်းအနှီးက မသေးလှသော်လည်း ၎င်းသည် အင်မော်တယ် ရွှေတစ်ဘီလီယံနှင့်ယှဉ်လျှင် အလွန်ပင် အလှမ်းကွာဝေးနေပါသေးသည်။

ဆိုရလျှင် အင်မော်တယ်ရွှေ တစ်ဘီလီယံသည် သူ၏ဂိုဏ်းကဲ့သို့ ဂိုဏ်း ၇ခု၈ခုကို တည်ထောင်နိုင်ပေသည်။

“ဘာပဲဖြစ်ဖြစ် သတိထားဖို့ လိုမယ်ထင်တယ်.. မင်းတို့အားလုံးရော ဘယ်လိုထင်ကြလဲ”

ဗုံးပစ်စီနီယာအင်မော်တယ်က မေးလိုက်သည်။

“ဒီအဆိုကို ငါလည်းသဘောတူတယ်”

ချိုက်လျန်က ခေါင်းညိတ်လိုက်သည်။

ရင်းနှီးမြှုပ်နှံမှုက ကောင်းတဲ့အရာ ဖြစ်ပေမဲ့ တစ်ခါတစ်ရံမှာစွန့်စားရတတ်တယ်.. အခုချိန်ထိ သူတို့က ငါတို့နဲ့အစိမ်းသက်သက် ဖြစ်နေတုန်းပဲ.. သူတို့က ငါတို့ဂိုဏ်းကို စိတ်ဝင်စားတယ် ဆိုရင်တောင်မှ ဒီလောက် ပမာဏအများကြီးကို တစ်ကြိမ်တည်း ထည့်ဝင်တာက မူမမှန်ဘူးလို့ ငါထင်တယ်.. ဘာပဲဖြစ်ဖြစ် သတိထားတာ အကောင်းဆုံးပေါ့”

ဓမ္မရာဂျာက‌ ပြောလိုက်သည်။

“ကောင်းပြီလေ.. ညီနောင်ကျိုး.. ဒီရင်းနှီးမြှုပ်နှံသူနဲ့ တွေ့ဖို့ မင်းရဲ့ လုပ်ဖော်ကိုင်ဖက်ကို စီစဉ်ခိုင်းလို့ရမလား”

ဗုံးပစ်စီနီယာအင်မော်တယ်က ခဏလောက် စဉ်းစားပြီးမှ ကျိုးရီကို ပြောလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လုပ်ငန်းစု၏ ရင်းနှီးမြှုပ်နှံမှုကို တိုက်ရိုက် ငြင်းဆိုလိုက်ခြင်းက သင့်လျော်မည်မဟုတ်ပေ။

တုရှန်းကုမ္ပဏီက ကုမ္ပဏီကြီး တစ်ခုဟု ယူဆနိုင်ပေသည်။

၎င်းတို့က ဂိုဏ်းအသစ်တစ်ခုတွင် ရင်းနှီးမြှုပ်နှံရန် အကြောင်းတစ်ခုခုကြောင့် စိတ်အားထက်သန်နေပုံရသည်။

မည်သို့ပင်ဆိုစေကာမူ သူ့အနေဖြင့် ထိုကုမ္ပဏီမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံရန် လိုအပ်ပေသည်။

အနည်းဆုံးတော့ တစ်ဖက်သား၏ရည်ရွယ်ချက်ကို သိရမည်မဟုတ်ပါလော။

“ဘယ်တော့တွေ့ချင်လဲ”

ကျိုးရီကမေးလိုက်သည်။

“မနက်ဖြန်မနက်ပဲ ချိန်းလိုက်ရအောင်”

ဗုံးပစ်စီနီယာအင်မော်တယ်က ပြန်ဖြေလိုက်သည်။

သူက မနက်ဖြန်တွင် အခြေအနေကို အတူတူ စစ်ဆေးရန်အတွက် ဝမ်လင်းကို ခေါ်သွားရန် တွေးထားခဲ့သည်။

အပိုင်း(၇၉၄) ပြီး၏

All Chapters