သန်းခေါင်ယံထမင်းစားခန်းမ၏ဆိုင်ခွဲ
Vol. 53 Ch. 795
စာသင်နှစ်၏ ၁၅ပတ်မြောက် တနင်္ဂနွေနေ့သည် ဩဂုတ်လ ၆ရက်နေ့ဖြစ်သည်။
အထက်တန်းကျောင်း၏ နွေရာသီအားလပ်ရက်သည် လာမည့်အပတ် နောက်ဆုံးစာမေးပွဲများ ပြီးဆုံးပြီးနောက်တွင် စတင်မည် ဖြစ်သည်။
တကယ်တမ်းတွင် သာမန် အထက်တန်းကျောင်းများသည် အားလပ်ရက်များ ရရှိနေပြီ ဖြစ်သည်။
သို့ရာတွင် ကျင့်ကြံခြင်းအထက်တန်းကျောင်းများသည် ၎င်းတို့နှင့် မတူညီသော အချိန်ဇယားများ ရှိကြပြီး အားလပ်ရက်မှာ များသောအားဖြင့် ဩဂုတ်လ ၁၅ရက်မှ အောက်တိုဘာလ ၁၅ရက်အထိ ဖြစ်ကြသည်။
သာမန် အထက်တန်းကျောင်းများ ကဲ့သို့ပင် ကျင့်ကြံခြင်းအထက်တန်းကျောင်းများသည်လည်း နှစ်လကြာ နားရက်ရမည် ဖြစ်သည်။
ယခုတစ်ကြိမ် နောက်ဆုံးစာမေးပွဲအတွက် ဝမ်မင်က ပို၍ စိတ်အေးလက်အေး ရှိနေခဲ့ပြီး အလယ်တန်း စာမေးပွဲများကဲ့သို့ စိတ်ဖိစီးမှု မရှိခဲ့ပေ။
သူက ဤနွေရာသီစခန်းသွင်း လေ့လာရေး အတွင်း ကျောင်းစာကို တစ်ချိန်လုံး တိတ်တဆိတ် လေ့လာနေခဲ့သည်။
မေးခွန်းဟောင်းများကိုပါ စေ့စေ့စပ်စပ် လေ့လာခဲ့ပြီး စာပေကဗျာများအားလုံးကိုပါ ကျက်မှတ်ပြီးပြီ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ဝမ်လင်းအတွက် စာမေးပွဲများမှာ လွယ်ကူသောအရာ မဟုတ်ပေ။
ကောင်းမွန်စွာ ပြင်ဆင်ထားသရွေ့ သူလိုချင်သော ရမှတ်ကိုအလွယ်တကူ ချိန်ညှိနိုင်မည် ဖြစ်သည်။
ထိုကြောင့် သူက စာမေးပွဲခန်းအတွင်း မဝင်မီအထိ စာကို ဂရုတစိုက် လုပ်ဆောင်ခဲ့သည်။
သို့သော် လူတိုင်းက စာမေးပွဲ မဖြေဆိုခင်အထိ စာလေ့လာရသည်ကို နှစ်သက်ကြမည် မဟုတ်ပေ။
ဥပမာပြရလျှင် ချန်းချောင်နှင့် ကော်ဟောက်ကဲ့သို့ ဤဝတ္ထုကိုဖတ်ရှုနေသူ အများစုသည် စာမေးပွဲများ မဖြေဆိုမီ နှစ်ရက်ခန့်အလိုတွင် ခိုးချရန်ကိုသာ ရွေးချယ်ခဲ့ကြသည်။
သူတို့အတွက် စာမေးပွဲတွင် အမှတ်ကောင်းရရန် ခက်ခဲမှုမှာ ခိုးချနိုင်မည့် နည်းလမ်းများစွာ ရှိနေခြင်း ဖြစ်သည်။
ဝမ်လင်းက အိမ်ထဲမှထွက်လာသောအခါ ဖိုးဖိုးဝမ်က ပန်းပင်များကို ရေလောင်းနေသည်။
သူအမြင်မှောက်သွားလား မသိသော်လည်း ဖိုးဖိုးဝမ်၏ ကိုယ်လုံးကိုယ်ထည်က ပိုမိုကြံခိုင်ပုံ ပေါ်လာသည်ဟု တစ်နည်းနည်းဖြင့် ခံစားမိခဲ့သည်။
ယခုအခါတွင် ဖိုးဖိုးဝမ်သည် အေပရွန်နှင့် ဘောင်းဘီတို တစ်ထည်ကို ဝတ်ဆင်ထားသည်။
ထို့ကြောင့် ဝမ်လင်းက ဖိုးဖိုးဝမ်၏ ကြီးမားတောင့်တင်းသောကြွက်သားများကို အတိုင်းသား တွေ့လိုက်ရသည်။
ဖိုးဖိုးဝမ်က မီးဖိုချောင်သုံးဓားဂိုဏ်း၏ ခေါင်းဆောင် ကျန်းဟိုင်ဖူနှင့် ယှဉ်ပြိုင်ရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု သူသိခဲ့ရသည်။
သို့သော် သူအိမ်ပြန်မရောက်သေးသည့် တစ်ပတ်အတွင်း ဖိုးဖိုးဝမ်သည် မည်သည့်အရာများ ကြုံတွေ့ခဲ့ရပါသနည်း။
“လင်းလေး.. မင်းအပြင်သွားမလို့လား.. မင်းသိအောင် ပြောရဦးမယ်.. ငါကျန်းဟိုင်ဖူကို ဩဂုတ်လ ၁၆ရက်နေ့ကျရင် ယှဉ်ပြိုင်ဖို့အတွက် ဖိတ်ခေါ်ခဲ့တယ်”
ဖိုးဖိုးဝမ်က ဝမ်လင်းကို ပြုံး၍ကြည့်ကာ ပြောလိုက်သည်။
“ဟုတ်”
ဝမ်လင်းက ခေါင်းညိတ်၍ ပြောလိုက်သည်။
သူက မနေ့ထဲကပင် ၌အကြောင်းကို သိထားပြီ ဖြစ်သည်။
ပြိုင်ပွဲရက်က နွေရာသီကျောင်းပိတ်ရက်၏ ပထမဆုံးနေ့ရက်ဖြစ်ပြီး သူ၏ နေအိမ်မှာပင် ကျင်းပမည် ဖြစ်သည်။
ထိုနေ့တွင် ဖေဖေဝမ်သည် ဒိုင်တစ်ဦးအနေဖြင့် အိမ်တွင်ရှိရမည်ဟု ဖိုးဖိုးဝမ်ကပြောခဲ့သည်။
ထို့အပြင် ကျန်းဟိုင်ဖူကလည်း သူ၏ သားဖြစ်သူ ကျန်းပိုင်ကို သူနှင့်အတူ ခေါ်ဆောင်လာမည် ဖြစ်သည်။
ဝမ်လင်းတွင် သာမန်အတန်းမှ ကျောင်းသားတစ်ဦး ဖြစ်သည့် ကျန်းပိုင်နှင့် ပတ်သက်၍ အတွေးတချို့ ရှိနေသည်။
ထိုအချိန်က ကျောင်းသားအားကစားပွဲတွင် ကျန်းပိုင်သည်သူ၏ ခန္ဓာကိုယ်ကောက်ကြောင်း ခြေရာခံ မြှားပစ်နည်းစနစ်ကို သရုပ်ပြခဲ့သည်။
သူက ကျန်းပိုင်၏ စိတ်ဒဏ်ရာကို ကျော်လွှားနိုင်ရန် နောက်ကွယ်ကနေ တိတ်တဆိတ် ကူညီပေးခဲ့သည်ကို အမှတ်ရမိသည်။
ဝမ်လင်းက ကျန်းပိုင်ကို မှတ်မိနေသော်လည်း မဟာအကာအကွယ် တာအိုအရ သူမည်သူမည်ဝါ ဖြစ်သည်ကို မေ့လျော့နေသူ အများအပြား ဤကမ္ဘာပေါ်တွင် ရှိနေသည်။
ဝမ်လင်း ယနေ့အပြင်ထွက်လာခြင်းသည် ဗုံးပစ်စီနီယာအင်မော်တယ်၏ ဖိတ်ကြားချက်အရ ရင်းနှီးမြှုပ်နှံသူနှင့် တွေ့ဆုံရာတွင် ကူညီပေးရန် ဖြစ်သည်။
ဗုံးပစ်စီနီယာအင်မော်တယ်က ဂိုဏ်းအသစ် တည်ထောင်လိုကြောင်း သတင်းရရှိပြီးနောက်တွင် ကျိုးရီ ပထမဆုံးလုပ်ခဲ့သည့်အရာမှာ ဝမ်လင်းကို ပြောပြခြင်း ဖြစ်သည်။
ထို့အပြင် ဗုံးပစ်စီနီယာအင်မော်တယ်က ဝမ်လင်းကိုဂုဏ်ထူးဆောင်အဖြစ် ဖိတ်ကြားရန် စီစဉ်ထားသည်ကိုလည်း ကျိုးရီက အရိပ်အမြွက် ပြောကြားခဲ့သည်။
သို့ရာတွင် ဝမ်လင်းက ထိုစကားကိုကြားသည်နှင့် ခေါင်းခါယမ်းလိုက်သည်။
ဂုဏ်ထူးဆောင် ဂိုဏ်းခေါင်းဆောင်မပြောနှင့်၊ ဌာနခွဲဂိုဏ်းခေါင်းဆောင်ပင် လူအများ၏ မျက်စိကို ဖမ်းစားနိုင်မည် ဖြစ်သောကြောင့် သူ့အနေဖြင့် ဤမေးခွန်းကို လုံးဝ မေ့ပစ်လိုက်ရမည် ဖြစ်သည်။
သို့ရာတွင် ကျိုးရီ နောက်ထပ်ပြောမည့်စကားများက ဝမ်လင်း၏ မျက်လုံးများကို တောက်ပစေခဲ့သည်။
အကြောင်းအရင်းမှာ ဗုံးပစ်စီနီယာ အင်မော်တယ်က အပန်းဖြေ ခန်းမဖွင့်ရန် စီစဉ်ထားသောကြောင့် ဖြစ်သည်။
ထို့ပြင် ထိုအပန်းဖြေခန်းမ၌ ကုန်စုံဆိုင် တစ်ဆိုင်ကိုပါ ထည့်သွင်းမည် ဖြစ်၏။
ထိုကုန်စုံဆိုင်တွင် ဝမ်လင်းအကြိုက်ဆုံး ခေါက်ဆွဲခြောက်ကြွပ်ကြော်များ ရောင်းချမည်ဖြစ်ရာ ဝမ်လင်းအနေဖြင့် ပယ်ချစရာ အကြောင်း လုံးဝမရှိတော့ပေ။
ထို့ကြောင့် ဝမ်လင်းက အပန်းဖြေခန်းမတွင် ကုန်စုံဆိုင်ဖွင့်မည့်အစီအစဉ်ကို လှိုက်လှိုက်လှဲလှဲပင် သဘောတူခဲ့သည်။
ဗုံးပစ်စီနီယာအင်မော်တယ်က ဝမ်လင်း မရောက်ဖူးသေးသောနေရာတွင် ရင်းနှီးမြှုပ်နှံသူနှင့် တွေ့ဆုံရန် စီစဉ်ခဲ့သည်။
ထိုနေရာမှာ သူဌေးထန်၏ ညီဖြစ်သူ ထန်ချမ့် ဦးစီးသော သန်းခေါင်ယံထမင်းစားခန်းမ၏ ဆိုင်ခွဲ ဖြစ်သည်။
ထန်ချမ့်က အင်မော်တယ်စံအိမ်မှ ထွက်လာပြီးနောက်တွင် စားသောက်ဆိုင်ကို အလျင်အမြန် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
ဤဆိုင်ခွဲက ဝမ်မိသားစုနေအိမ်နှင့် အတော်လေး နီးသည်ဟု ဆိုရမည်။
ထို့ကြောင့် ဖေဖေဝမ်က လောင်ထန်ဂေါ်ဖီချဉ် အမဲသားခေါက်ဆွဲကို စားချင်သောအခါတွင် အဝေးကြီး သွားစရာမလိုတော့ပေ။
အွန်လိုင်းမှ မှာယူလျှင်ပင် အလွန်ဆုံး၁၀-၁၅ မိနစ်လောက်သာ ကြာမြင့်မည် ဖြစ်သည်။
ဝမ်လင်း ရောက်ရှိလာသည်နှင့် ထန်ချမ့်က လှိုက်လှိုက်လှဲလှဲပင် ကြိုဆိုခဲ့သည်။
စားသောက်ဆိုင်ထဲတွင် ဗုံးပစ်စီနီယာအင်မော်တယ် ရောက်နေပြီ ဖြစ်ကြောင်း သူတွေ့လိုက်ရသည်။
ထန်ချမ့်သည် ထိုအချိန်က အင်မော်တယ်စံအိမ်၏ စေခိုင်းမှုဖြင့် ဝမ်မိသားစု အိမ်ငယ်လေးကို တိုက်ခိုက်ခဲ့သည်။
ထိုအချိန်တွင် ဝမ်လင်းအိမ်မှာမရှိသောကြော့င် ကျင့်ခယ်ကထန်ချမ့်ကို ရိုက်နှက် ဆုံးမပစ်ခဲ့သည်။
ထိုအချိန်က ထန်ချမ့်သည် ဖန်းဝူအင်မော်တယ် ကျင့်စဉ်ကို ကျင့်ကြံခဲ့သည်။
ထိုကျင့်စဉ်သည် သူ၏ ကိုယ်လုံးကိုယ်ထည်ကို သိသိသာသာပြောင်းလဲစေခဲ့ပြီး လူကောင်ကို အဆမတန် ကြီးမားလာစေခဲ့သည်။
ထိုကျင့်စဉ်နည်းစနစ်၏ ချို့ယွင်းချက်မှာ အလွန်ပင် ရှင်းလင်းသည်။
၎င်းက လူတစ်ဦး၏ကျင့်စဉ်အဆင့်ကို အချိန်တိုအတွင်း မြှင့်တင်နိုင်သော်လည်း သက်တမ်းကို တိုစေလိမ့်မည် ဖြစ်သည်။
အကယ်၍ ထိုအချိန်က ဝမ်လင်းသာ မကယ်တင်ခဲ့လျှင် ထန်ချမ့်သည် မီတာဒါဇင်ပေါင်းများစွာ ကြီးမားသည့် သားရဲတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။
“ညီနောင်လင်း.. ငါဒီမှာ”
ဗုံးပစ်စီနီယာ အင်မော်တယ်က ဝမ်လင်းကို လက်ပြ၍ နှုတ်ဆက်လိုက်သည်။
ထန်ချမ့်၏ မျက်နှာပေါ်တွင် ဝမ်လင်းကို လေးလေးနက်နက် ကြည်ညိုလေးစားသော အရိပ်အယောင်များ ရှိနေခဲ့သည်။
“ကျေးဇူးရှင်.. ကျွန်တော့်ရဲ့ နိမ့်ကျတဲ့ဆိုင်လေးကို လာရောက်ဂုဏ်ပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. ကျေးဇူးရှင်ထိုင်ပါ”
ဝမ်လင်းက သူ့အသက်ကို ကယ်တင်ခဲ့သူ ဖြစ်၍ ထန်ချမ့်အနေဖြင့် ကျေးဇူးရှင်ဟု ခေါ်သည်မှာ လုံးဝမမှားပေ။
“ကျေးဇူးရှင်နဲ့ စီနီယာအင်မော်တယ်က ဒီမှာစီးပွားရေး ဆွေးနွေးဖို့လာမယ် ဆိုတော့ ကျွန်တော်ဆိုင်ကို ကြိုပြီးပိတ်ထားခဲ့တယ်.. ကျေးဇူးရှင်တို့ ဆွေးနွေးပြီးမှပဲ ဆိုင်ကိုပြန်ဖွင့်တော့မယ်.. ကျွန်တော့ရဲ့ဆိုင်မှာရှိတဲ့ အစားအသောက်တွေအားလုံးက ကျေးဇူးရှင်နဲ့ စီနီယာအင်မော်တယ် အတွက် အခမဲ့ပါ”
“အင်း”
ဝမ်လင်းက ခေါင်းညိတ်လိုက်ပြီး ဗုံးပစ်စီနီယာ အင်မော်တယ်နံဘေးရှိ ကုလားထိုင်တွင် ဝင်ထိုင်လိုက်သည်။
မကြာမီမှာပင် ထန်ချမ့်က ဝမ်လင်း ကြိုက်နှစ်သက်မည့် အလန်းစား အချိုပွဲတစ်ခုကို ယူလာသည်။
“ချိုချဉ်စပ်ခေါက်ဆွဲခြောက်အရသာ ရေခဲမုန့်အချိုပွဲ”
ဗန်းအလယ်တွင် တောင်ငယ်တစ်ခုကဲ့သို့ မို့မောက်နေသော အပြင်အဆင်ကိုမြင်လျှင် ဝမ်လင်း၏ မျက်လုံးများက တောက်ပလာသည်။
[ဒီညီနောင်က ကတိတည်သားပဲ.. လူသားဆိုတာ အမှားနဲ့မကင်းဘူးလေ.. ချောက်ကမ်းပါးစွန်းကနေ နောက်ပြန်ဆုတ်သွားတဲ့ လူငယ်တစ်ယောက် အတွက် အချိန်မနှောင်းသေးပါဘူး]
ဝမ်လင်းက အချိုပွဲကို ခပ်လိုက်သည်နှင့် ဆိုင်အဝင်ဝတွင် အရိပ်တစ်ခု ပေါ်လာသည်။
ဝမ်လင်း၏ အမူအရာက ရုတ်ခြည်းပင် လေးနက်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဤအော်ရာက အလွန်ရင်းနှီးသလိုခံစားရသောကြောင့်ပင်။
ထိုထက် ပိုအရေးကြီးသည်မှာ ထိုအော်ရာသည် ဝမ်လင်းနှင့်ဆင်တူနေသည်။
အပိုင်း(၇၉၅) ပြီး၏