← Chapters

ထိပ်တန်းလျှို့ဝှက်ချက်ဖိုင်

Vol. 45 Ch. 661

ထိပ်တန်းလျှို့ဝှက်ချက်ဖိုင်

Vol. 45 Ch. 661

ဒုတိယဖိုင်မှာ ပိရမစ်များ၏ မှတ်တမ်း ဖြစ်သည်။

ပိရမစ်များ၏ တည်ရှိမှုက သာမန်အသိကို ဖီဆန်နေသည်။ အကြောင်းမှာ ထိုခေတ်အခါက နည်းပညာနှင့် ထိုသို့သော တည်ဆောက်ပုံမျိုး တည်ဆောက်ရန် မဖြစ်နိုင်သောကြောင့် ဖြစ်သည်။ နောက်ပိုင်း လူအများက ပိရမစ်များကို လေ့လာသောအခါ မယုံနိုင်စရာကောင်းသော အရာများ ဖြစ်ပေါ်လာသဖြင့် ဒဏ္ဍာရီများစွာ ပေါ်ပေါက်လာလေသည်။

ရဲ့လင်းချန် အချိန်ယူ၍ ဖတ်နေသည်။ ကောလာဟလများအရ ပိရမစ်များထဲသို့ ဝင်သွားသည့် လူများသည် ထူးခြားဆန်းကြယ်စွာ သေဆုံးသွားကြသည်။ တကယ်တမ်းတွင် သူတို့သည် ကျော်ကြားမှုအတွက် ပိရမစ်များထဲသို့ ဝင်သွားခြင်း မဟုတ်ဘဲ နိုင်ငံပေါင်းစုံမှ လေ့လာရေးအတွက် ပူးပေါင်းရွေ့ ရွေးချယ်ခံထားရသည့် ပညာရှင်များ ဖြစ်သည်။ သို့သော် အဆုံးသတ်၌ သူတို့ထဲက တစ်ယောက်မှ အသက်ရှင်လျက် ပြန်ထွက်မလာနိုင်ခဲ့ကြချေ။

*နိုင်ငံပေါင်းစုံက ပူးပေါင်းပြီး ရွေးချယ်ထားတဲ့ ပညာရှင်တွေတဲ့လား*

ရဲ့လင်းချန်က ထိုသတင်းအချက်အလက်ကို စိတ်ပါဝင်စားစွာ မှတ်သားနေသည်။ ဖိုင်နှစ်ခုလုံး၌ ပညာရှင်များကို ဖော်ပြထားကြပြီး သူ ခန့်မှန်းရသလောက်ဆိုလျင် ထိုသူများက စစ်သည်တော်များ ဖြစ်လောက်သည်။

ထိုသူ တစ်ဦးတစ်ယောက်ချင်းစီ၏ ခွန်အားက မနိမ့်ကျနိုင်လောက်ပေ။

ထိုသို့ဆိုလျင် ပိရမစ်သည် ဒုတိယ ငရဲတံခါး ဖြစ်နိုင်ပေသည်။

ပိရမစ် မှတ်တမ်းသည် မှန်းဆမှုအား ပို၍ လှုံ့ဆော်လာစေပြီး တတိယဖိုင်၌ အဖြေကို တွေ့ခဲ့ကြသည်။ ပိရမစ်များအား ကမ္ဘာဦး လူသားများက တည်ဆောက်ထားခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ ရည်ရွယ်ချက်မှာ ငရဲတံခါးကို ချိပ်ပိတ်ရန် ဖြစ်ပေသည်။

မာယာ လူမျိုး၊ အတ္တလန်တစ်မြို့တော် အစရှိသည့် ကမ္ဘာဦး လူ့အဖွဲ့အစည်း အများအပြား ရှိခဲ့ဖူးသည်။

ထိုကမ္ဘာဦး လူ့အဖွဲ့အစည်းများ ဖွဲ့ဖြိုးတိုးတက်ခဲ့ကြောင်း အမှတ်အသားများစွာ ရှိခဲ့သော်လည်း ဘာအကြောင်းရင်းမှ မရှိဘဲ ညတွင်းချင်း ပျောက်ဆုံးသွားခဲ့သည်။ ဒိုင်နိုဆောများ ခေတ်ကို ပြန်လေ့လာလျင် တောင်မှ ထိုခေတ်များ၏ ပျက်သုဉ်းခြင်းကို ရှာ၍ မရနိုင်သလို ပျက်သုဉ်းသွားသည့် လက္ခဏာများလည်း မတွေ့ချေ။

စတုတ္ထမြောက်ဖိုင်အား ဆက်၍ဖွင့်ကြည့်သောအခါ ၎င်းသည် ဘာမြူဒါတြိဂံအတွင်းမှ သင်္ဘောများနှင့် လေယာဉ်များ၏ ရှင်းမပြနိုင်သော မတော်တဆမှုများ၏ မှတ်တမ်းများ ဖြစ်သည်။

ပဥ္စမမြောက်ဖိုင်မှာ မတူညီသော ရေမိစ္ဆာများ၏ ကောလာဟလများ ဖြစ်သည်။ သို့သော် ထိုကောလာဟလမားက အချက်အလက် ဖြစ်လာပြီး ထိုရေမိစ္ဆာများ၏ ဓာတ်ပုံများကိုပါ ပူးတွဲမှတ်တမ်းတင်ထားလေသည်။

ဆဋ္ဌမြောက်ဖိုင်မှာ လူရိုင်းများ၏ ကောလာဟလများနှင့် ပတ်သက်၍ ပြောထားသည်။

သတ္တမမြောက်မှာ ဧရိယာ XX မှ သံသယရှိဖွယ် ဂြိုဟ်သား သတ္တဝါများနှင့် ပတ်သက်သော အချက်အလက်များ ဖြစ်သည်။ အပြင်လောကက ယင်းအား ကောလာဟလသက်သက်ဟု ထင်မြင်ကြသော်လည်း ဖိုင်ထဲတွင် မြေအောက်ထဲမှ ထွက်လာသော အမည်မသိ သတ္တဝါများဟု မှတ်တမ်းတင်ထားလေသည်။

….

ရဲ့လင်းချန်သည် ဖိုင်များအား တစ်ခုပြီးတစ်ခု လေ့လာပြီးနောက် သူ၏ အမူအရာက ပိုပို၍ လေးနက်လာသည်။ အတိတ်ကာလက ငြင်းဆိုထားခဲ့သော ကောလာဟလများစွာကို ဤနေရာ၌ မှတ်တမ်းတင်ထားလေသည်။ အဖြစ်အပျက်များ၏ အချိန်ကာလကို သုံးသပ်ကြည့်ရမည်ဆိုလျင် ထိုထူးဆန်းသော အဖြစ်အပျက်များ၏ ဖြစ်ပွားကြိမ်နှုန်းက ပိုပို၍ မြင့်တက်လာ၏။

*တစ်ခုခုတော့ တစ်ခုခုပဲ*

ရဲ့လင်းချန်၏ မျက်လုံးများ မသိမသာ ကျဉ်းမြောင်းကုန်သည်။

အတားအဆီး ပိတ်ဆို့မှုများကို ကျော်ဖြတ်နိုင်သည့်သူများက သိုင်းပညာရှင်များတင် မကသည့်ပုံပင်။ တိရစ္ဆာန်များတောင်မှ သက်ရောက်မှု ရှိခဲ့သည်။ လိပ်အိုကြီးနှင့် ဧရာမ စပါးအုံးမြွေကြီးတို့က ဥပမာကောင်းပင်။ သူတို့ တည်ရှိနေခြင်းကပင် ပုံမှန်အသိပညာကို လုံးလုံးလျားလျား ဆန့်ကျင်နေ၏။

ထိုပြောင်းလဲမှုများက အစသာ ရှိသေးပုံရပြီး အဆုံးသတ်၌ မည်သို့ ဆင့်ကဲပြောင်းလဲသွားမလဲ ဆိုသည်ကိုတော့ မသိနိုင်သေးပေ။

*မဟုတ်မှလွဲရော … စိတ်ဝိညာဉ်စွမ်းအင် ပြန်လည် ရှင်သန်လာတာလား*

ရဲ့လင်းချန် မထိန်းနိုင်ဘဲ ရယ်လိုက်မိသည်။

*သေစမ်း … ဝတ္ထုတွေထဲမှာ ရေးတဲ့ အကြောင်းအရာက တကယ် ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ၊ နိုင်ငံတွေက ဒီအရာတွေအားလုံးကို ဖုံးကွယ်ထားပြီးတော့ လူသိအောင်လုပ်ဖို့ အသင့် မဖြစ်သေးဘူး*

သို့သော် တရုတ်နိုင်ငံက အများပြည်သူအား ထိုပုံမှန်မဟုတ်သော အဖြစ်အပျက်များထဲမှ အချို့ကို သိမြင်လာအောင် တဖြည်းဖြည်း ခွင့်ပြုလာသည်ကို ရဲ့လင်းချန် သတိထားမိသည်။

ကမ္ဘာကြီး ပြောင်းလဲလာသည်နှင့်အမျှ ၎င်းကို ဖုံးကွယ်ရန် မဖြစ်နိုင်သဖြင့် ကြိုတင်၍ ပြင်ဆင်မှုများ ပြုလုပ်ထားသည်က အကောင်းဆုံးပင်။

ရဲ့လင်းချန် နောက်ဆုံးဖိုင်ကို နှိပ်လိုက်သည်။

ထိုဖိုင်၏ အမည်မှာ ‘တင်းကြပ်စွာ လျှို့ဝှက်ထားရန်’

[တည်နေရာ: Buff Island၊ အိဂျစ် ပိရမစ်များ၊ အမေဇုန်မိုးသစ်တော၊ ဘာမြူဒါ တြိဂံ၊ ရှန်းနုန်ကျား၊ ပက်တူတောင် သို့မဟုတ် ဘဲ့ဒူတောင် (မြောက်ကိုရီးယားနှင့် တရုတ်နယ်စပ်ကြားမှ မီးတောင်) … ]

အင်္ဂါရပ်များ : ယခုအချိန်အထိ မည်သည့်လက္ခဏာကိုမှ ရှာဖွေတွေ့ရှိခြင်း မရှိသေးပါ။ နည်းပညာ ကိရိယာများနှင့် အပူဓာတ်ရှိသော ကိရိယာများသည် ငရဲတံခါးအတွင်း ဝင်ရောက်ပြီးနောက် အလုပ်လုပ်ခြင်း မရှိတော့ပါ။ သေနတ်များက အမည်မသိ သတ္တဝါများအပေါ် အကန့်အသတ်နှင့်သာ သေစေနိုင်စွမ်း ရှိသည်။ သေဆုံးပြီးနောက် ၎င်းတို့၏ အလောင်းများက အရည်ပျော်သွားသည်။ ကမ္ဘာပေါ်ရှိ အမည်မသိ ပြောင်းလဲမှုများက ဗီဇပြောင်း သတ္တဝါများ အရေအတွက် တိုးလာခြင်းနှင့် ပတ်သက်လိမ့်မည်ဟု သံသယ ရှိသည်။

ထိန်းချုပ်ရန် တာဝန်ရှိသူများ : စစ်သည်တော်များ၊ အာရှမှ အများဆုံး စေလွှတ်ပြီး လေ့ကျင့်ယူထားသော ကျင့်ကြံခြင်းအပေါ် မှီခိုကြသည်။ ထူးကဲသာလွန်သူများ၊ အနောက်ဘက်တိုက်များမှ စေလွှတ်ပြီး၊ အများစုမှ နိုးထလာသူများ ဖြစ်သည်။

ယင်းသည် စဦး အကြောင်းရာများ ဖြစ်ပြီး နောက်ပိုင်း၌ တည်နေရာများစွာကို အနီဖြင့် ဝိုင်းထားသည့် မြေပုံတစ်ခုကို တွေ့ရသည်။ ထို့အပြင် စစ်သည်တော်အချို့နှင့် ထူးခြားသော စွမ်းအားများကို မိတ်ဆက်ထား သော်လည်း အသေးစိတ် မပါဝင်ပေ။

“လခွမ်း … ဒါ တကယ်ကြီးလား”

ရှောင်လီ၏ မျက်နှာတွင် မယုံနိုင်သော အမူအရာ ဖြစ်ပေါ်နေသည်။

“ဒီလိုသာဆိုရင် ငါတို့ အန္တရာယ် ရှိနေပြီမလား”

ဟောင်ယွင်ကလည်း မေးလာသည်။

ရဲ့လင်းချန် ဖိုင်ထဲမှ ထွက်၍ ပြောလိုက်သည်။

“ဒါ အမှန် ဟုတ်၊ မဟုတ် ဘယ်သူကမှ ဒါကို ပြောလို့မရဘူး”

“ဒါက ဘယ်လောက် အရေးကြီးတယ်ဆိုတာ ကျွန်မတို့ သိပါတယ်၊ ဒါပေမဲ့ ကျွန်မတို့ ပြောခဲ့ရင်တောင် တစ်ယောက်ယောက်က အရင် ယူဦးမှလေ”

တုန်းမြောင်မြောင်က ပြောလိုက်ပြီးနောက် တစ်ခဏမျှ ရပ်သွားပြီးမှ ဆက်ပြောလေသည်။

“ဥက္ကဋ္ဌရဲ့၊ ဒါက တကယ်လို့ ရှင် ထင်လား”

လူတိုင်း ရဲ့လင်းချန်ကို ကြည့်လာသည်။ ယင်းသည် သူတို့၏ အတွေးအမြင်ကို ဖျက်ဆီးသွားသည့် အရာဖြစ်ပြီး ရဲ့လင်းချန်က ယင်းကို အသည်းအသန် ဖုံးဖိနေလျင် ၎င်းနှင့် ပတ်သက်၍ ပြောခွင့်ရှိသည့် တစ်ဦးတည်းသောသူမှာ သူသာလျင် ဖြစ်သည်။

ရဲ့လင်းချန်က တစ်ခဏမျှ စဉ်းစားနေပြီးမှ ပြုံး၍ ပြောလိုက်သည်။

“ငါက အမှန်ပဲလို့ပြောရင် မင်းတို့က ယုံမှာလား”

“ကျွန်မ ရှင့်ကို ယုံတယ်”

တုန်းမြောင်မြောင်နှင့် အိုးရန်ချင်းက ပြိုင်တူ ခေါင်းညိတ်လာသည်။ သူတို့သည် ရဲ့လင်းချန်၏ အပြုအမူများကို မြင်ဖူးပြီးသား ဖြစ်ကာ ယင်းနှင့် အသားကျနေလေသည်။

ရဲ့လင်းချန် ဘာမှမပြောချေ။ ရဲ့လင်းချန်က လက်တစ်ဖက်ကိုမြှောက်၍ သူ့အရှေ့မှ လေဟာနယ်ကို ရိုက်လိုက်သည်။

သူသည် ထိုအပြုအမူက ရုတ်တရက် လုပ်လိုက်သည်ဟု ထင်ရသော်လည်း ဖြစ်ပေါ်လာသည့် အခြေအနေက သူတို့၏ မျက်လုံးများကို ပြူးကျယ်သွားစေသည်။

သူ့လက်မှနေ၍ ရှင်းမပြတတ်သော လေပြင်းတစ်ခု ထွက်ပေါ်လာပြီးနောက် ဗလုံးဗထွေးအသံတစ်သံ ထွက်ပေါ်လာသည်။ ဆယ်မီတာအကွာရှိ သစ်ပင်တစ်ပင်၌ အပေါက်တစ်ပေါက် ဖြစ်ပေါ်သွားကာ မြေကြီးပေါ် ဝုန်းခနဲ လဲကျသွားသည်။

“ဒါ … ဒါ …”

စိတ်ကို ပြင်ဆင်ထားခဲ့သော်လည်း တုန်းမြောင်မြောင်နှင့် အိုးရန်ချင်းတို့သည် ထိတ်လန့်နေဆဲ ဖြစ်သည်။

“ငါက စစ်သည်တော်တစ်ယောက်ပဲ”

ရဲ့လင်းချန်က လူအုပ်ကိုကြည့်၍ တည်ငြိမ်သော်လည်း ဟန်ထုတ်သည့် အမူအရာနှင့် ပြောလိုက်သည်။

ဤလူများနှင့် သူနှင့် အချိန်အတော်ကြာ ရှိနေခဲ့ပြီး သူတို့အား တချို့သော အရာများကို ကြိုပြောထားသင့်ပေသည်။ ရဲ့လင်းချန်သည် သာမန်လူများကို မထိန်းချုပ်နိုင်သော်လည်း သူ့လူများအား စိတ်ပိုင်းဆိုင်ရာ ကြိုပြင်ဆင် ထားနိုင်အောင် လုပ်ရပေမည်။

ထိုကိုရီးယားနိုင်ငံ၏ ဖိုင်က တစ်ရာရာခိုင်နှုန်း မှန်ကန်ပေသည်။

အကြောင်းအရာက အလွန် အသေးစိတ်မကျသဖြင့် ထိုအချိန်က အသေးစိတ် အကြောင်းအရာကို ရဲ့လင်းချန် မသိနိုင်သည်က စိတ်မကောင်းစရာပင်။ သို့သော်လည်း ၎င်းက ကောင်းမွန်သော အခြေအနေ မဟုတ်ပေ။

ထို့အပြင် သူသည် ကမ္ဘာမှ မှတ်တမ်းတင်ထားသည့် ပေါက်ကွဲမှုကြီးအချို့ကို သတိရလိုက်သည်။

ဥပမာပြောရလျင် ၁၉၀၈ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ မနက် ၇:၁၇ တွင် ဖြစ်ပွားခဲ့သော တုံဂူစကာ ပေါက်ကွဲမှုက လူတိုင်းကို ယနေ့အထိ ထိတ်လန့်စေခဲ့သည်။ ထိုပေါက်ကွဲမှုသည် တုံဂူစကာမြစ် အနီး ပိုင်ကယ်လ်ကန်၏ အနောက်မြောက်ဘက် ကီလိုမီတာ ၈၀၀၊ မြောက်ဘက် လတ္တီကျု ၆၀.၅၅ ဒီဂရီနှင့် အရှေ့ လောင်ဂျီကျု ၁၀၁.၅၇ ဒီဂရီအတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ပေါက်ကွဲအားသည် နျူကလီးယား တန်သန်းနှစ်ဆယ်နှင့် ညီမျှပြီး စတုရန်း ကီလိုမီတာ ၂,၁၅၀ အတွင်းမှ သစ်ပင်သန်းရှစ်ဆယ်ကို လောင်ကျွမ်းစေခဲ့သည်။

(ဘာသာပြန်သူ မှတ်ချက်။ ။ ဒီပေါက်ကွဲမှုက ၁၉၀၈ ခုနှစ် ရုရှားနိုင်ငံက တုံဂူစကာမြစ်နားမှာ တကယ် ဖြစ်ပွားခဲ့တာ၊ အသေးစိတ်ကို google မှာ လေ့လာဖတ်ရှုလို့ ရပါတယ်)

မှတ်တမ်းများအရ ပေါက်ကွဲမှုမှ ဖြစ်ပေါ်လာသော အလင်းသည် နေ၏ တောက်ပမှုကိုပင် ကျော်လွန်လုနီးပါး ဖြစ်ခဲ့သည်။ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော လှိုင်းက ကီလိုမီတာ ၆၅၀ အတွင်းမှ ပြတင်းပေါက်များကို ကွဲသွားစေခဲ့ပြီး အလွန် ကြီးမားပြင်းထန်သော မှိုသဏ္ဌာန် တိမ်များ ဖြစ်ပေါ်စေခဲ့လေသည်။ ထိုအဖြစ်အပျက်အပြီး ရက်အနည်းငယ် ကြာသည်အထိ အာရှနှင့် ဥရောပတို့၏ ညကောင်းကင်ယံက နီရဲနေခဲ့သည်။

ထိုသို့ ပြင်းထန်သော ပေါက်ကွဲမှုက ထိုခေတ်အခါက ရှိခဲ့သော နည်းပညာထက် သာလွန်နေခဲ့ပြီး ယင်းအဖြစ်က ယခုအထိ ဖြေရှင်းမရသော ဆန်းကြယ်မှုတစ်ခု ဖြစ်နေသည်။ SS အဆင့် မှတ်တမ်း၌ ထိုပေါက်ကွဲမှုကို မှတ်တမ်းမတင်ထားသည်က စိတ်မကောင်းစရာပင်။

ထို့အပြင် အဏုမြူဗုံး ပေါက်ကွဲမှုများစွာ ရှိခဲ့ပြီး အပေါ်ယံ၌ ၎င်းသည် စစ်ကြောင့် ဖြစ်သည်ဟု ထင်ရသည်။ သို့သော် ယင်းက ငရဲတံခါးကို ဖြေရှင်းရန် ဖြစ်နိုင်လောက်သည်ဟု ရဲ့လင်းချန် ရုတ်တရက် သတိပြုမိသွားသည်။

ထိုနယ်မြေကို ဖျက်ဆီးရန်နှင့် အမည်မသိသော သတ္တဝါများကို ဖျက်ဆီးရန် ထိုသို့ သေစေနိုင်စွမ်း ပြင်းသော လက်နက်ကို မတတ်သာဘဲ အသုံးပြုခဲ့ရပေမည်။

ထိုအမျိုးအမည်မသိသော သတ္တဝါတစ်ကောင်သာ သာမန်လူများအကြား၌ ပေါ်လာပါက သတ်ဖြတ်ခံရမှုများ မလွဲမသွေ ဆက်တိုက် ပေါ်လာလောက်သည်။

All Chapters