← Chapters

နွားရိုင်းကင်ခြင်း

Vol. 45 Ch. 662

နွားရိုင်းကင်ခြင်း

Vol. 45 Ch. 662

“စစ်သည်တော်ဌာန၊ ဂျပန်နိုင်ငံရဲ့ ကမ္ဘာမြေရဲ့ ဂိတ်တံခါးနဲ့ အခြား တူညီတဲ့ အဖွဲ့အစည်းတွေက တစ်ချိန်တည်း နီးပါးလောက် ဖွဲ့စည်းခဲ့တယ်၊ ပြီးတော့ အဲ့ဒါက ငရဲတံခါး ပေါ်လာတာနဲ့ တိုက်ဆိုင်နေတယ်”

ရဲ့လင်းချန် သုံးသပ်ကာ တစ်ယောက်တည်း တီးတိုးရေရွတ်နေလေသည်။

“ငါတို့ သာမန်လူတွေ ဘယ်လိုလုပ် အသက်ရှင်နိုင်တော့မှာလဲ”

ရှောင်လီသည် ကူကယ်ရာမဲ့ဟန်နှင့် အားနည်းစွာ စောဒကတက်သည်။

“ငါ မင်းတို့ကို ကြောက်ဖို့အတွက် ဒါကို ပြောတာ မဟုတ်ဘူး၊ ပြင်ဆင်ထားဖို့ ပြောတာ”

“ပြင်ဆင်ထားဖို့ ဟုတ်လား၊ ဘာအတွက်လဲ”

ရဲ့လင်းချန်၏စကားကြောင့် သူတို့ ခေါင်းမော့လာသည်။

“မင်းတို့အားလုံး ငါ့ဒီဇိုင်းကို မြင်ဖူးကြတယ် မဟုတ်လား”

ရဲ့လင်းချန် ပြုံးနေသည်။

“မြင်ဖူးတာပေါ့၊ ကြီးကျယ်ပင်မယ့် အရမ်း ရှုပ်ထွေးလွန်းတယ်”

ဟောင်ယွင် မျက်မှောင်ကြုတ်နေသည်။

“အစတုန်းက ရှင့်ရဲ့ကျွန်းက တော်တော်လေး ကြီးနေတာကို ဘာလို့ မြေအောက်ဥမင်တွေ အများကြီး လိုတာလဲလို့ မေးဖို့ တွေးနေတာ၊ ပြီးတော့ ဒီဇိုင်းက တော်တော်လေး ရှုပ်ထွေးပြီးတော့ ဒုက္ခများတယ်”

ထို့နောက် ချက်ချင်းဆိုသလိုပင် ဟောင်ယွင်၏ မျက်လုံးများ ပြူးကျယ်လာသည်။

“ဥမင်တွေလုပ်တာက အန္တရာယ်ရှိလာရင် ကျွန်မတို့ ပုန်းနိုင်အောင်လို့လား”

“ငါ ပုန်းနေမယ်လို့ ဘယ်သူ ပြောလဲ”

ရဲ့လင်းချန်က ဟောင်ယွင်ကို အသာအယာ ခေါင်းခေါက်လိုက်သည်။

“ဒီဒီဇိုင်းတွေက ငါတို့ရဲ့ အနာဂတ် လျှို့ဝှက်စခန်းအတွက် ပြင်ဆင်ထားတာ၊ မင်း အဲ့ဒါကို စူပါတွေလို့ တွေးလို့ရတယ်၊ မာဗယ်လ် ယူနီဗာ့စ်ထဲက ironman ကိုပဲ ကြည့်လေ၊ အချိန်တန်ရင် ငါတို့ အဲ့လိုအရာမျိုးတွေကို ဖန်တီးနိုင်လောက်တယ်”

“Ironman လား”

အိုးရန်ချင်း ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။ သူမတွင် အဆင့်မြင့် နည်းပညာ ဗဟုသုတရှိသဖြင့် နည်းပညာအပေါ် လေးစားစိတ် ကြီးမားသည်။ သူမက ချက်ချင်း ခေါင်းခါသည်။

“ငါတို့ ရုပ်ရှင်ရိုက်နေတယ်လို့ နင် ထင်နေလား၊ ဒါ မဖြစ်နိုင်ဘူး၊ ironman သုံးတဲ့ သတ္တုနဲ့ စွမ်းအင် အရင်းအမြင်က သာမန် ပစ္စည်းတွေ မဟုတ်ဘူး”

“မင်းသူဌေးရဲ့ အရည်အချင်းကို သံသယ မဝင်နဲ့လေ”

ရဲ့လင်းချန်က အိုးရန်ချင်းကို စေ့စေ့ကြည့်သည်။

“ငါ့အတွက် အားလုံးက ဖြစ်နိုင်တယ်၊ ငါတို့ရဲ့ ဌာနချုပ်ကို ဆောက်ပြီးသွားရင် မင်းကိုယ်မင်း ကာကွယ်နိုင်တဲ့ အင်အားမျိုး ရလာလိမ့်မယ်”

“ဒါပေမဲ့ ဥက္ကဋ္ဌရဲ့၊ ဖိုင်တွေထဲမှာ နည်းပညာက ငရဲတံခါးထဲမှာ အသုံးမဝင်ဘူးလို့ ပြောထားတာ မဟုတ်ဘူးလား”

ရှောင်လီက စိုးရိမ်သောအသံဖြင့် မေးလိုက်သည်။

“မင်းက ဘာလို့ ငရဲတံခါးကို သွားချင်တာလား”

ရဲ့လင်းချန်က သူ့ကို နားဝေတိမ်တောင်ဖြင့် ကြည့်လာသည်။

“မင်းလို သာမန်လူက အပြင်မှာနေပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရင်ပဲ ကံကောင်းပြီလို့ ပြောရမှာ၊ မင်းက အထဲကို ဝင်ချင်နေတာလား”

“မဟုတ်ပါဘူး၊ ကျွန်တော် မလုပ်ရဲပါဘူး”

ရှောင်လီက အသည်းအသန် ခေါင်းခါသည်။

“ဒါဆိုရင် ကျွန်မအဘိုးကို မနက်ဖြန် ဒီပရောဂျက်ကို မြန်မြန်လုပ်ဖို့ ပြောလိုက်မယ်၊ ကျွန်မတို့ ဒါကို မြန်မြန် ပြီးဖို့ လိုတယ်”

ဟောင်ယွင်က ကြောက်လန့်စွာ ခေါင်းညိတ်လေသည်။

“ကဲ … အားလုံး စိတ်ငြိမ်ငြိမ်ထားပါ၊ မိုးပြိုရင် ထိန်းပေးမယ့်သူတော့ ရှိမှာပဲ၊ ငါတို့ ညစာကို အရင် စဉ်းစားသင့်တယ်”

ရဲ့လင်းချန်က ပြောလိုက်သည်နှင့် အစောပိုင်းက စိတ်နစ်နေရာမှ ယခု ဆာလောင်စိတ်ကို ခံစားမိလာသည်။ ယခု သူတို့ သတိဝင်လာသောအခါ သူတို့အစာအိမ်များက တဂွီဂွီ မြည်လာသည်။

“ဒီနေ့ ငါ မင်းတို့ကို နွားရိုင်းကင်စစ်စစ်ကို မြည်းစမ်းခိုင်းမယ်”

ရဲ့လင်းချန်က ကျွမ်းကျင်စွာ မီးမွှေး၍ ဓားမြောင်တစ်လက်ကို ထုတ်လိုက်သည်။ သူသည် ဓားချက်အနည်းငယ်မျှနှင့် နွားရိုင်းအား သပ်ရပ်စွာ ပိုင်းဖြတ်ပြီးသွားသည်။

၎င်းသည် ရက်စက်သော အပြုအမူ ဖြစ်သော်လည်း စိတ်ဝင်စားစရာ ကောင်းလှသည်။

“ဒါက ဒဏ္ဍာရီလာ သားသတ်သမားပေါင်ရဲ့ သားသတ်စွမ်းရည်မလား”

ရဲ့လင်းချန်၏ လှုပ်ရှားမှုကို ကြည့်နေသော မိန်းကလေးများထဲမှ တစ်ယောက်က တအံ့တဩ ပြောလာသည်။

“နင်တို့ ဥက္ကဋ္ဌရဲ့ရဲ့ အချက်အပြုတ်က တကယ် အရသာရှိတာ၊ နင်တို့ ဒီနေ့ တကယ် ကံကောင်းတယ်”

ဟောင်ယွင်က ပါးစပ်ထောင့်မှ သွားရည်ကို သုတ်၍ ဘေးမှ စိတ်အားထက်သန်စွာ စောင့်နေ၏။

“တကယ်လား၊ သူ ချက်တာကို ကြည့်နေတာနဲ့တင် ငါတို့ စိတ်လှုပ်ရှားနေပြီ”

“အသား၊ ခေါင်း၊ အမြီး၊ ခွာနဲ့ ခြေထောက်တွေ၊ စုစုပေါင်း ၁၆ ပိုင်း ရှိတယ်”

ရဲ့လင်းချန်က နွားရိုင်းကို အသားပေါ်ရင်း ရှင်းပြနေသည်။

“ရှောင်ချင်နဲ့ ရှောင်ဟွေ၊ မင်းတို့ ပန်းကန်သွားယူ”

ရဲ့လင်းချန်က အချက်ပြပြီးမှ ဆက်သင်သည်။

“ဒါကို စားဖို့ အကောင်းဆုံးနည်းကို ရွေးရမယ်ဆိုရင် ကင်တာနဲ့ နှပ်တာပဲ၊ ဘာလို့လဲဆိုတော့ အဲ့ဒီချက်နည်းတွေက အသားကို ပိုနူးညံ့စေလို့ပဲ”

“ဒါပေမဲ့ မင်းတို့အတွက် အမဲကင် လုပ်တာအပြင် နွားရိုင်းသားကင်ပါ လုပ်ပ‌ေးမယ်၊ ငါ နောက်ခြေထောက်က အသားနဲ့ ကင်ပေးမယ်၊ အဲ့အသားက ကျစ်ပြီးတော့ ဝါးရခက်တယ် …”

သူသည် ရှင်းပြနေချိန်တွင် အသားအား ကင်နေပြီ ဖြစ်သည်။ အခြားနည်းများနှင့် ယှဉ်လိုက်လျင် အသားကင်ခြင်းက ပို၍ လွယ်ကူသည်။ ရဲ့လင်းချန်သည် အသားကင်သည့်ချိတ်ကို မပြီး အသားကို ဓားဖြင့် အနည်းငယ် လှီး၍ ဟင်းခတ်အမွှေးအကြိုင် ဖြူးထည့်လိုက်သည်။ ထို့နောက်တွင်မူ လုပ်စရာဟူ၍ မီးအပူချိန်ကို ထိန်းရန်သာ ရှိတော့သည်။

ရဲ့လင်းချန်သည် မြန်ဆန်ပြီး သူ၏ လှုပ်ရှားမှုများကို သူတို့ မနည်း လိုက်ကြည့်ရသည်။ သူ ပြီးသွားချိန်တွင် ရှောင်ချင်နှင့် ရှောင်ဟွေတို့က သံပန်းကန်ကို ကိုက်ချီ၍ စိတ်လှုပ်ရှားစွာ အပြေးရောက်လာကြသည်။

ဝံပုလွေအုပ်မှ ဝံပုလွေများအားလုံးသည် သွားရည်တတောက်တောက်ကျကာ ရဲ့လင်းချန်အား ဆာလောင်နေသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

သူတို့သည် ဗိုက်ဆာနေသော်လည်း ရဲ့လင်းချန် အလုပ်များနေချိန်၌ ပတ်ဝန်းကျင်ကို စောင့်ကြပ်ပေးနေကြသည်။ ရဲ့လင်းချန်က စားစရာ ပေးတော့မည်ကို မြင်သောအခါ သူတို့သည် ဆာလောင်စွာ လူးလှိမ့်ကြလေသည်။

“အီ …”

ရှောင်ချင်နှင့် ရှောင်ဟွေတို့က နှာခေါင်းဖြင့် အသာတွန်း၍ မြန်မြန်လုပ်ရန် တိုက်တွန်းနေကြသည်။

“အေးပါ၊ နည်းနည်းပဲ လိုတော့တာ၊ နွားရိုင်းအသားက ကျက်ဖို့ နည်းနည်း မာနေတယ်”

ရဲ့လင်းချန်က ပြန်ပြောပြီး ကျောရိုးတစ်လျှောက် အသားကို ဖြတ်တောက်လိုက်သည်။

“ကျောရိုးတစ်လျှောက် အသားက အနူးညံ့ဆုံး အသားပဲ၊ အဲ့ဒါက အဆီလဲ နည်းတယ်၊ အသားက နူးညံ့လွန်းလို့ ရှားပါး၊ အလယ်အလတ် ရှားပါး၊ ဒါမှမဟုတ် အဆင့်မြင့် ရှားပါးအဆင့်ဆိုပြီး ချက်လို့ရတယ်၊ ဘယ်သူ ကျောရိုးနားက နွင်ထားတဲ့အသားကို လိုချင်လဲ”

“ကျွန်မ”

ဟောင်ယွင်က ထအော်လာသည်။ သူမသည် ရဲ့လင်းချန်လက်ထဲက အသားတုံးကို ကြည့်၍ တံတွေး မျိုချလိုက်သည။

“ဟို … ငါ အလယ်အလတ် ရှားပါးအဆင့် လိုချင်တယ်”

“နံသားမျက်လုံး အမဲသားက နံရိုးအစွန်နားက အပိုင်းကို လှီးထားတဲ့အသားပဲ၊ ဒီအပိုင်းက အသားက အရည်ရွှမ်းပြီး အစင်းသားတွေ ပါတယ်၊ မျက်လုံးဆိုတဲ့ စကားက မျက်လုံးနဲ့ ဘာမှမဆိုင်ဘူး၊ အလယ်မှာ အဝိုင်းပုံ ရှိနေတာကို ခေါ်လိုက်တာ၊ ဒီအပိုင်းက ကြွက်သားတွေကို အသုံးပြုခဲတော့ အသားက တော်တော်လေး နူးညံ့၊ အရည်ရွှမ်း ပြီးတော့ စင်းနေတာ၊ အဆီနည်းတဲ့အတွက် ဒီအပိုင်းကို မီးကင်လိုက်တာနဲ့ သိပ်စားကောင်းသွားရော၊ ဘယ်သူ လိုချင်လဲ”

“ကျွန်မ”

တုန်းမြောင်မြောင်က သူများဆီ မပါသွားစေချင်သဖြင့် ခပ်သွက်သွက် ပြောလိုက်သည်။

“အမဲ ခါးဆစ်သားက ခါးရိုးအပြင်ပိုင်းက အသားပဲ၊ အဲ့ဒီမှာ အဆီ အတိုင်းအတာတစ်ခုအထိ ပါတယ်၊ အသားရဲ့ အပြင်ပိုင်းကို ငွေရောင်အရေပြား တစ်လွှာက အုပ်ထားတယ်၊ အရသာကို ခြုံပြောရရင် နည်းနည်းလေး ကြမ်းပြီးတော့ ဝါးရလွယ်တယ်၊ လူငယ်တွေနဲ့ သွားကောင်းတဲ့ လူတွေအတွက် သင့်တော်တယ်”

“T ပုံစံ အမဲသားက ခါးကအပိုင်းပဲ၊ Tပုံစံ ဘေးတစ်ဖက်ဆီက အသားတွေက မညီဘူး၊ အကြီးဆုံး အပိုင်းက နံသားမျက်လုံး၊ သေးတဲ့အပိုင်းက အရိုးနည်းတယ်”

ရဲ့လင်းချန်က အမဲသားနှင့်ပတ်သက်၍ သူတို့အား သင်ခန်းစာ အကုန် ပို့ချနေသည်။ သို့သော် ၎င်း၏ အကျိုးကျေးဇူး အနေဖြင့် သူတို့၏ အာရုံကို လွှဲလိုက်နိုင်ပြီး ဆာလောင်စိတ်ကို လျော့သွားစေခဲ့သည်။

သူ သင်ခန်းစာ ပို့ချနေစဉ် မွှေးရနံ့က ပျံ့လွင့်လာပြီး ကီလိုမီတာများစွာအထိ လွှမ်းမိုးသွားသည်။

သူသည် ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ်စွမ်းအင်ကို တိတ်တဆိတ် အသုံးပြု၍ မီးအားကို ထိန်းချုပ်ကာ ချက်ပြုတ်ခြင်း လုပ်ငန်းစဉ်ကို မြန်ဆန်အောင် ပြုလုပ်လိုက်သည်။

“ရှဲရှဲ”

သံပြားပေါ်၌ အသားပေါ် အဆီများက တတောက်တောက် ကျနေသည်။ မီးကင်သဖြင့် တရှဲရှဲ မြည်နေချိန်တွင် အသားက အနည်းငယ် လှုပ်ခါလာသည်။ အသားက တဖြည်းဖြည်း ကျက်လာသည်နှင့်အမျှ အသားရောင်က ပို၍ ရင့်လာပြီး မျက်နှာပြင်က တဖြည်းဖြည်း သိသာလာကာ အမဲသား၏ မွှေးရနံ့က ချက်ချင်း တိုးလာ၏။

“ဂလု”

အိုးရန်ချင်းနှင့် ကျန်လူများသာမက ဝံပုလွေ တစ်အုပ်လုံးတောင်မှ တံတွေးကို မနည်းမျိုချနေရသည်။

ထိုအတောအတွင်း ဝံပုလွေများအားလုံးက လိမ္မာသော ကလေးများကဲ့သို့ ပြုမူ၍ မတ်မတ်ထိုင်ကာ လည်ပင်းကို ဆန့်ထားပြီး သူတို့၏ သွားရည်များ ကျမလာအောင် ကြိုးစားနေကြသည်။

“ဂျွတ်”

အသားအပြင် ကင်ထားသော နွားရိုင်းခြေထောက်မှလည်း တဂျွတ်ဂျွတ် အသံများ ထွက်နေသည်။ ၎င်း၏ အနီရောင်က ပို၍ ရင့်လာပြီး အသားနှင့် မတူညီသော မွှေးရနံ့ကို ပေးစွမ်းလာသည်။ သို့သော် ၎င်းသည် အသားနှင့် ထပ်တူ စွဲမက်ဖွယ် ကောင်းနေလေသည်။ မွှေးရနံ့နှစ်ခု ပေါင်းစပ်သွားသောအခါ လူအုပ်ကြီးသည် သူတို့၏ နှလုံးသားက ကြောင်ကုတ်ခံလိုက်ရသကဲ့သို့ အသည်းတယားယား ဖြစ်သွားကြသည်။

All Chapters