အဆင့်မြင့်အဆင့် အရဟာ လက်သီးစွမ်းအင်၏ အင်အား
Vol. 45 Ch. 663
“ဥက္ကဋ္ဌရဲ့၊ ပြီးပြီလား”
တုန်းမြောင်မြောင်က နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။
အခြားသူများသည်လည်း ရဲ့လင်းချန်အား မျှော်လင့်တကြီး ကြည့်နေကြပြီး သူတို့၏ အကြည့်က အသားတုံးများ အပေါ် ဝေ့ဝဲနေသည်။ အိုးရန်ချင်းတောင်မှ တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ချေ။
ရနံ့က စွဲမက်ဖွယ်ကောင်းလွန်းလှသည်။
“အာဝူး…”
ဝံပုလွေအုပ်သည် ထပ်၍ မအောင့်အီးနိုင်တော့သဖြင့် အူလာကြသည်။ သူတို့ထဲမှ အချို့ဆိုလျင် မြေကြီးကို ကုပ်၍ သူတို့ကိုယ်သူတို့ တည်ငြိမ်အောင် ကြိုးစားနေကြလေသည်။
“အားးးး ဘာလို့ မပြီးသေးတာလဲ၊ ငါ စားချင်နေပြီ”
“သခင်၊ ရပြီလားဟင်၊ ကျွန်တော် တကယ် မစောင့်နိုင်တော့ဘူး”
“သခင် ဒီတစ်ခေါက် ငါတို့ကို ဘယ်လောက်များများ ခွဲပေးမလဲ မသိဘူး၊ အား … ငါ ဗိုက်အရမ်း ဆာနေပြီ”
“အစ်ကိုကြီးနဲ့ ဒုတိယ အစ်ကိုက ငါတို့ကို ပိုကောင်းတဲ့ဘဝရအောင် တကယ် ဦးဆောင်နိုင်တာပဲ၊ ဒီလိုသခင်မျိုး ရတာ တကယ် အံ့ဩဖို့ကောင်းတယ်”
ထိုစဉ် ရှောင်ချင်နှင့် ရှောင်ဟွေက ခပ်ကြမ်းကြမ်း မာန်ဖီလိုက်သည်။
“ငြိမ်ငြိမ်ထိုင်နေ၊ မင်းတို့ရဲ့ ဆိုးရွားတဲ့ အပြုအမူကြောင့် ငါတို့ အသားတွေ မရရင် ငါ မင်းတို့ကို တစ်စစီ ကိုက်ဖြဲ ပစ်မယ်”
ဝံပုလွေအုပ်က ချက်ချင်း ငြိမ်ကျသွားသည်။ ထို့နောက်တွင်မူ ရှောင်ချင်နှင့် ရှောင်ဟွေတို့က ဣန္ဒြေမဆယ် နိုင်တော့ဘဲ ကိုယ်ကိုကိုင်း၍ ရဲ့လင်းချန်၏ ခြေထောက်နား၌ အရှက်မဲ့စွာ လူးလိမ့်၍ အီကာ ရဲ့လင်းချန်အား ခွေးပေါက်မျက်လုံးများဖြင့် သနားစဖွယ် ကြည့်ကြသည်။
“ဒယ်ဒီ ကျွန်တော် စားချင်တယ်၊ ကျွန်တော်လဲ စားချင်တယ်လို့”
ရှောင်ပိုင်ကလည်း ညည်းညူ၍ နွားရိုင်းကင်အား ဖြူစင်စွာ ကြည့်နေသည်။
“တော်လောက်ပြီ၊ ငါ မင်းတို့ဝေစုကို မမေ့ပါဘူး”
ရဲ့လင်းချန် ပြုံးလိုက်ပြီးနောက် ခြေထောက်မှ အသား၏ ရှစ်ဆယ်ရာခိုင်နှုန်းကို ဖြတ်တောက်၍ ရှောင်ချင်နှင့် ရှောင်ဟွေကို ပေးလိုက်သည်။
“သူတို့နဲ့ အတူတူ မျှစားလိုက်”
“ဝှစ်”
ဝံပုလွေအုပ်က သူတို့အနား၌ လျင်မြန်စွာ စုဝေးလာပြီး နွားရိုင်းခြေထောက်အား မက်မောစွာ ကြည့်၍ ရှောင်ချင်နှင့် ရှောင်ဟွေ ခွဲပေးသည်ကို စောင့်နေကြသည်။
“လာ ညီလေး၊ ဒီအပိုင်းက မင်းဟာပဲ”
ရှောင်ချင်က အသားကို ကိုက်ဖြဲ၍ ရှောင်ပိုင်အား ပေးလိုက်သည်။ ရှောင်ပိုင်က ငယ်နေသေးသဖြင့် များများ မစားနိုင်ပေ။ ထိုပမာဏက သူ့အတွက် လုံလောက်ပေလိမ့်မည်။
“အခု နာမည်ခေါ်ရင် ထွက်လာကြ”
ရှောင်ချင်နှင့် ရှောင်ဟွေက ဝံပုလွေအုပ်အား စနစ်တကျ စီမံနေသည်ကို မြင်သောအခါ ရဲ့လင်းချန် ရယ်လိုက် မိသည်။
*ငါ့မှာ အဆင့်မြင့်အဆင့် သားရဲယဉ်ပါးခြင်း စွမ်းရည် ရှိပြီဆိုတော့ ငါ မှော်သားရဲတွေကို လေ့ကျင့်နိုင်လောက် မလား၊ အဲ့ဒါက ငါတို့ ငရဲတံခါးကို ရင်ဆိုင်တဲ့အခါ ခံစစ်အတွက် အခွင့်အရေး ပိုရသွားလောက်တယ်*
သူ တစ်ကိုယ်တည်း တွေးနေမိသည်။
ထို့အပြင် ရှောင်ချင်နှင့် ရှောင်ဟွေ၏ ဝံပုလွေအုပ်ကို လေ့ကျင့်ပေးခြင်းက အလွန် စေ့စပ်သည်။ သူ၏ ခွေးဘာသာ စကားက အလယ်အလတ်အဆင့်သို့ ရောက်သွားသောကြောင့် သူတို့နှင့် သူ တိုက်ရိုက် ဆက်သွယ်နိုင်သည်။ ယင်းက ခက်ခဲသော တာဝန် မဟုတ်တော့ချေ။
ထိုအတွေးက ဖျပ်ခနဲ ဝင်လာပြီး ပျောက်သွားလေသည်။ ထို့နောက် ရဲ့လင်းချန်က စားစရာအား ကျန်လူများကို ခွဲဝေပေးလိုက်သည်။
နွားရိုင်း၏ အသားက ကြီးမားသောကြောင့် ရှစ်ဆယ်ရာခိုင်နှုန်းကို ဝံပုလွေအုပ်အား ပေးလိုက်သော်လည်း သူတို့အတွက် စားသောက်ရန် လုံလောက်နေသေးသည်။
“အား … အရမ်း ပူတယ်”
ဟောင်ယွင်သည် နွားရိုင်းသားကင်အား ရသည်နှင့် စိတ်မရှည်စွာ ကိုက်လိုက်သဖြင့် ချက်ချင်း အပူလောင် သွားလေသည်။ သို့သော် သူမက ပါးစပ်ကို အလျင်အမြန် အုပ်၍ နောက်တစ်ခေါက် ကိုက်လိုက်သည်။
“သိပ်အရသာ ရှိတာပဲ၊ ဒါ တကယ်ကို အရသာ ရှိတယ်၊ ရဲ့နတ်ဘုရား၊ ရှင့်စားစရာကို စားရတာက ကျွန်မအတွက် အမြဲတမ်း ကံအကောင်းဆုံး အရာပဲ”
“ဟုတ်တယ်၊ တခြားအရာတွေအားလုံး ရုတ်တရက်ကြီး ဆွဲဆောင်မှု မရှိတော့သလိုပဲ”
တုန်းမြောင်မြောင်က ဝင်ပြောလာသည်။
အိုးရန်ချင်းနှင့် အခြားသူများသည် ယခင်က ရဲ့လင်းချန်၏ လက်ရာကို မစားဖူးသော်လည်း အနံ့နှင့်တင် သူတို့၏ သွားရည်ကျလာကြသည်။ အနည်းငယ်မျှ စားကြည့်ပြီးနောက် သူတို့၏ မျက်လုံးများက ချက်ချင်း ဝင်းလက် သွားသည်။ သူတို့သည် သူတို့၏ ပုံစံကိုပင် ထိန်းမနေတော့ဘဲ အားပါးတရ စားကြတော့သည်။
*အရသာရှိတယ်၊ တကယ်ကို အရသာက တိုင်းတာလို့တောင် မရဘူး*
*ဥက္ကဋ္ဌရဲ့က တကယ်ကို ပါရမီရှင်ပဲ၊ သူက ဘယ်လိုလုပ် အားလုံးကို သိနေတာလဲ၊ ပြီးတော့ သူက အားလုံးမှာ တော်နေရော*
လူတိုင်းက စားကောင်းသောက်ဖွယ်ထဲ၌ စိတ်နေနေပြီး သူတို့၏ နှလုံးသားထဲ၌ ပြောမပြတတ်သော ပျော်ရွှင်မှုကို ခံစားနေရသည်။ ငရဲတံခါးနှင့် ပတ်သက်၍ သူတို့၏ စိုးရိမ်စရာများပင် ပျောက်ကွယ်သွားလေသည်။
သို့သော် ရဲ့လင်းချန်အတွက်က ထိုသို့မဟုတ်ချေ။ သူသည် အမှောင်ထု လွှမ်းမိုးနေသော ခပ်ဝေးဝေးမှ ပင်လယ်ပြင်ကို နက်နက်နဲနဲ စိုက်ကြည့်၍ ငရဲတံခါးနှင့် ပတ်သက်၍ သူ သိလိုက်ရသည့် အချက်အလက်များကို စဉ်းစားနေသည်။
ကိုရီးယားနိုင်ငံတောင်မှ အတွင်းကျကျ သိပ်မသိတာက စိတ်မကောင်းစရာပင်။ သတင်းအချက်အလက်က အကန့်အသတ်နှင့် ဖြစ်နေသောကြောင့် သူသည် သိသလောက်နှင့် အကြမ်းဖျင်း သုံးသပ်ရုံသာ တတ်နိုင်လေသည်။ ကမ္ဘာကြီးက ပြောင်းလဲနေပြီး သိုင်းပညာရှင်များက မြင့်မားလာသည်။ တိရစ္ဆာန်များတောင်မှ ဆင့်ကဲပြောင်းလဲခြင်း ဖြစ်ပေါ်နေ၏။ လက်ရှိတွင် ငရဲတံခါးအတွင်း၌ သန်မာသော အမည်မသိ သက်ရှိများစွာကို တွေ့ရှိခဲ့သည်။
အမည်မသိ သတ္တဝါများက ဘယ်လိုပုံစံ ရှိသလဲ။ သူတို့က ဘယ်လောက် သန်မာသလဲ။ အဲ့ဒီမှာ လူသားများ ရှိသလား။ သူတို့၏ အသွင်အပြင်က ဘယ်လိုလဲ။ လက်ရှိအခြေအနေက ဘာလဲ။ သူ့တွင် အသုံးဝင်သော အချက်အလက် မရှိချေ။
*ဪ ဟုတ်သားပဲ၊ အနောက်ဥရောပက နိုးထလာသူတွေအကြောင်း ပြောခဲ့တာပဲ၊ သူတို့က သိုင်းပညာရှင်တွေနဲ့ ဘယ်လို ကွာသလဲဆိုတာကို မပြောထားဘူး*
အဘယ်ကြောင့် ကမ္ဘာကြီးက ရုတ်တရက် ပုံမှန်မဟုတ်တော့သကဲ့သို့ ဖြစ်လာရသနည်း။ ကံကောင်း ထောက်မစွာဖြင့် သူ့တွင် စနစ် ရှိနေသည်။ သို့မဟုတ်ပါက သူ ဘယ်လို သေသွားမလဲပင် မသိနိုင်ပါ။
စနစ်အကြောင်း တွေးမိပြီးနောက် ရဲ့လင်းချန်သည် သူ၏ ရေပန်းစားမှုအမှတ်များကို မနေနိုင်ဘဲ ကြည့်လိုက်သည်။ ဟက်ကာ တိုက်ပွဲအပြီး၌ သူ၏ ရေပန်းစားမှုအမှတ်များက ၅ မီလီယံမှ ၁၁.၃၈ မီလီယံကျော်သို့ ရောက်ရှိ သွားခဲ့သည်။
ကိုရီးယားနိုင်ငံက သူ့အား အသည်းအသန် ဆဲဆိုနေဆဲဖြစ်ပြီး အလွန်အမင်း မုန်းတီးနေကြသည်။ ယင်းက သူ၏ ရေပန်းစားမှုအမှတ်များ၏ အကြောင်းရင်းခံ မဟုတ်ချေ။ ကမ္ဘာပေါ်မှ လူအများစုသည် ဤဟက်ကာ အဖြစ်အပျက်ကို အာရုံစိုက်မည် မဟုတ်လောက်ပါ။ ထပ်တိုးလာသော ၆ မီလီယံကျော်က တရုတ်နိုင်ငံရှိ လူများထံမှ ဖြစ်ပေသည်။
ရဲ့လင်းချန် အကြမ်းဖျင်း အဖြေထုတ်နိုင်သွားသည်။ ရေပန်းစားမှုအမှတ်များသည် သူ၏ ကျော်ကြားမှုတွင် မမူတည်ဘဲ သူ့တွင် အားပေးထောက်ခံသူ မည်မျှ ရှိသလဲပေါ်တွင်သာ မူတည်လေသည်။ သူတို့က သူ့အား ရင်ထဲမှ နက်ရှိုင်းစွာ လေးစားချိန်တွင်သာ ထည့်တွက်နိုင်ပေသည်။
ထို့နောက် သူသည် အဆင့်မြှင့်ရန် စောင့်နေသော ရှည်လျားလှသည့် စွမ်းရည်စာရင်းကို ကြည့်လိုက်သည်။ သူ မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။
*ခက်လိုက်တာ*
နောက်သုံးရက်တွင် ရဲ့လင်းချန်သည် ဆန်းကြယ်ကျွန်းတွင် နေ၍ ကျွန်း၏ တိုးတက်မှုလုပ်ငန်းစဉ်၌ လူတိုင်းနှင့်အတူ ရှိနေခဲ့သည်။ သူသည် ဝံပုလွေအုပ်စုကိုပင် ကူညီစေခဲ့သည်။ အရေးအကြီးဆုံးမှာ သူ၏ သိုင်းပညာကို စတင် လေ့ကျင့်ခဲ့ခြင်းပင်။
အစက သူသည် သူ့ကိုယ်သူ သန်မာသည်ဟု ထင်ခဲ့သည်။ သို့သော် ငရဲတံခါး ရှိနေသည်ကို သိလိုက်ရပြီးနောက် သူ အနည်းငယ် စိုးရိမ်ပူပန်လာမိသည်။ ထို့အပြင် သူ့တွင် သိုင်းပညာများစွာ ရှိနေသည်။ အရဟာ လက်သီးစွမ်းအင်၊ ရှစ်ဆ ပြင်းထန် သားရဲ လေ့ကျင့်ရေးနှင့် လျင်မြန်စွာ ပြေးခြင်းတို့သည် အဆင့်မြင့်အဆင့်များ ဖြစ်ပြီး လေ့ကျင့်ရေး ခက်ခဲမှုက မြင့်တက်လာ၏။ ထို့အပြင် သူသည် နှလုံးဖျက် လက်ဝါးနှင့် လေခွင်းကန်ချက်တို့ကို သင်ယူခဲ့ရသည်။ စွမ်းရည်အမြင့်ဆုံးများမှာ စာတွေ့ဗဟုသုတများသာ ဖြစ်သည်။ သူ့ကိုယ်သူ လေ့ကျင့်ရန် လိုနေသေးသည်။
လက်ရှိတွင် ဆန်းကြယ်ကျွန်းရှိ ကျောက်ဆောင်ကြီး၏ ထိပ်၌ ရဲ့လင်းချန်သည် လက်များအား အားအပြည့်ဖြင့် ရှေ့သို့ ထိုးနှက်လိုက်သည်။ ထိုအခိုက်မှာပင် လေထုထဲတွင် သားရဲမာန်ဖီသံ ထွက်ပေါ်လာသည်ဟု ထင်မှတ် ရသည်။ ယင်းမှာ လေပြင်းတိုက်သံသာ ဖြစ်သည်။ လေထုပင် တုန်ခါသွားသည်ကို သိသိသာသာ ခံစားမိနိုင်သ်ည။ သူ၏ ဘေးပတ်လည်၌ လေထုသည် ဝဲတစ်ခုအသွင် ပြောင်းလဲသွားသည်ဟု ထင်မှတ်ရပြီး အရာအားလုံးအား ရဲ့လင်းချန်၏ လက်သီးထံသို့ အလျင်အမြန် ဆွဲယူလာ၏။
“ဝုန်း
ကျယ်လောင်သော ပေါက်ကွဲသံက ငှက်များအား ထပျံပြေးစေသည်။ ထို့နောက် တောထဲမှ သားရဲများ အလန့်တကြား မာန်ဖီလာကြသည်။
ခပ်ဝေးဝေးမှ ကျောက်ဆောင်တစ်ခု ပေါက်ကွဲသွားသည်။ ပေါက်ကွဲမှုကြောင့် မီတာဝက်မျှနက်သော အပေါက် တစ်ပေါက် ဖြစ်ပေါ်နေ၏။ ထိုအပေါက်က နက်မှောင်နေပြီး မီးလောင်ထားသည်ဟု ထင်ရလေသည်။
*ဒါက အဆင့်မြင့်အဆင့် အရဟာ လက်သီးစွမ်းအင်ရဲ့ စွမ်းအင်လား*
ရဲ့လင်းချန်၏ အကြည့်များ လေးနက်လာသည်။ ယင်းအား ကမ္ဘာတုန်ခြင်းဟုပင် ဆိုနိုင်ပေသည်။ ထိုကျောက် ဆောင်သည် မသေးပေ။ ၎င်းသည် ၁.၅ မီတာ မြင့်ပြီး အလွန် ကျစ်လျစ် သိပ်သည်းသည်။ ၎င်းက ကျောက် ဆောင်ကြီး တစ်ခုပင်။
အရဟာ လက်သီးစွမ်းအင် အခြေခံအဆင့်၌ သူသည် ကျောက်တုံးအား အားအပြည့်ဖြင့် ထိုးခွင်းနိုင်ခဲ့သည်။ သူသည် ကျောက်တုံးကို ခွင်း၍ စနိုက်ပါသမားတစ်ယောက်ကို သတ်ခဲ့ဖူးသည်။ အရဟာ လက်သီးစွမ်းအင် အလယ် အလတ်အဆင့်၌ သစ်ပင်များစွာကို ထိုးခွင်းနိုင်ပြီး အားအပြည့်ဖြင့် သံမဏိကို ဖျက်ဆီးနိုင်ခဲ့သည်။ ဟော်ရှန်နှင့် တိုက်ပွဲ၌ သူ ထိုသိုင်းကို အသုံးပြုခဲ့သည်။ သို့သော် လက်ရှိ၌ သူသည် လက်သီးတစ်ချက်တည်းဖြင့် ကျောက်ဆောင်ကြီး တစ်ခုကို ဖျက်ဆီးနိုင်ခဲ့လေပြီ။ ထို့အပြင် အရဟာ လက်သီးစွမ်းအင် သက်ရောက်သော ဧရိယာကလည်း တိုးလာ၏။ ကျောက်ဆောင်၏ ပတ်ဝန်းကျင်၌ မီးလောင်သော သက်ရောက်မှုမျိုး ဖြစ်ပေါ်နေပုံ ရသည်။ ဘေးပတ်ဝန်းကျင်တောင်မှ ဗုံးဒဏ်ထိထားသကဲ့သို့ ဖြစ်နေလေ၏။
အဓိကမှာ သူသည် အရဟာ လက်သီးစွမ်းအင်ကို ရက်အနည်းမျှသာ လေ့ကျင့်ပြီးခဲ့ပြီး ကနဦးအဆင့်၌သာ ရှိသေးလေသည်။ သူသာ အပြည့်အစုံ လေ့ကျင့်ပြီးပါက သူ၏ လက်သီးက တိကျသော ဗုံးတစ်လုံးနှင့်ပင် ယှဉ်နိုင်လောက်ပြီး အိမ်တစ်လုံးကိုပင် ဖျက်ဆီးနိုင်လောက်သည်။