လင်းယုန်ဇာမဏီဧကရာဇ်သားရဲကြီး
Vol. 39 Ch. 544
Translator - Hsue Htet
ဇာမဏီစစ်နတ်ဘုရား၏ နတ်ဘုရားဘုံလောက၌ အထွတ်အမြတ်သောအရှိန်အဝါများ စိမ့်ဝင်ပျံ့နှံ့နေကာ စူးရှတောက်ပသော အလင်းတန်းသည် မှိတ်တုတ်မှိတ်တုတ်လင်းဖြာနေလျက် အလွန်တရာ မွန်မြတ်သန့်စင်ပေသည်။
ဝမ်ဖုန်းတို့သည် သဘာဝပေါက်ပင်များ ထူထပ်သိပ်သည်းစွာဝန်းရံနေသည့် ကုန်းမြင့်ပေါ်၌ ရပ်နေကြသည်။ သစ်ပင်များသည် အလွန်တရာမြင့်မားသည်ဖြစ်ရာ တောအုပ်ကြီးတစ်ခုထဲသို့ ရောက်ရှိသွားသည့်အလားပင်။
“နတ်ဘုရားဘုံလောကလို့ မဆိုရဘူး!”
ဝမ်ဖုန်း မျက်စိတဆုံးလှမ်းမျှော်ကြည့်၍ မထိန်းချုပ်နိုင်စွာ ချီးမွမ်းလိုက်သည်။
နတ်ဘုရားဘုံလောကအတွင်းတွင် လေအနည်းငယ်မျှ ရှူသွင်းလိုက်ရခြင်းသည်ပင် လူကိုလန်းဆန်းသွားစေပြီး ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်သို့ တက်လှမ်းနိုင်တော့မည်ကဲ့သို့သော ခံစားချက်ရေးရေးကိုပါ ထွက်ပေါ်စေသည်။ ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအင်များသည် ယေဘုယျနယ်မြေ၏စွမ်းအင်ကဲ့သို့သော ခံစားချက်ကိုလည်း ဖြစ်ပေါ်နေစေ၏။
၎င်းနိယာမစွမ်းအင်များကို မဟန့်တားနိုင်ေချ။ မိမိတို့မှာ တမင်ရည်ရွယ်၍ စုပ်ယူခြင်းမပြုလျှင်သော်မှ ၎င်းနိယာမစွမ်းအင်များသည် မိမိတို့၏ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် စီးဝင်နေပေသည်။ အချိန်ခဏလေးအတွင်း၌ပင် ကျင့်ကြံမှုအခြေခံအနိမ့်ဆုံးဖြစ်သော ကုချိုး၊ကုကန်းချိုး ညီအစ်ကိုနှစ်ဦးသည် ချန်ခွမ်းယွမ်မှ ချန်ခွမ်းဥပေက္ခာအဖြစ်သို့ တက်လှမ်းသွားခဲ့သည်။
ချန်ခွမ်းသူတော်စင်ကျင့်ကြံသူများအတွက်မူ ဤဇာမဏီစစ်နတ်ဘုရား၏ နတ်ဘုရားဘုံလောကသည် ကောင်းမွန်သောကံကြမ္မာကို ဆောင်ကြဉ်းပေးနိုင်သည့် နေရာတစ်ခုဟု ဆိုနိုင်ပေသည်။ ဤနေရာ၌ တစ်နှစ်ပတ်လုံးကျင့်ကြံလျှင် ဝက်တစ်ကောင်သော်မှ ကျင့်ကြံမှုတိုးတက်နိုင်ကောင်း၏။
ဇာမဏီစစ်နတ်ဘုရားသည် ဇာမဏီဥအဖြစ်သို့ ပြောင်းလဲသွားခဲ့သောကြောင့် ဇာမဏီစစ်နတ်ဘုရား၏ နတ်ဘုရားဘုံလောကသည် ဘုံလောကိုထိန်သိမ်းရန်အတွက် ဟုန်မန်နတ်ဘုရားနယ်ပယ်စွမ်းအင်မရှိပေ။ သို့မဟုတ်ပါက ဝမ်ဖုန်းတို့ နတ်ဘုရားဘုံလောကအတွင်းသို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် ဝမ်ဖုန်းတို့အားလုံးမှာ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်သို့ ရုတ်ချည်းတက်လှမ်းသွားနိုင်မည်ဖြစ်သည်။
ဝုန်း!!
ထိုအခိုက်အတန့်၌ မနီးမဝေးရှိ တောအုပ်ထဲမှ သားရဲတစ်ကောင်၏ နားကွဲလုမတတ်သောဟိန်းဟောက်သံကြီး ထွက်ပေါ်လာခဲ့သည်။ ထိုအသံကြောင့် ဝမ်ဖုန်းတို့မှာ အသက်ဘေးအန္တရာယ်ကျရောက်တော့မည်ဟူသောအတွေးဖြင့် စိတ်နှလုံးတုန်လှုပ်သွားရ၏။
ရုတ်တရက်ဆန်သောပြောင်းလဲမှုကြောင့် ဝမ်ဖုန်းတို့၏မျက်နှာများမှာ တည်တံ့သွားကြကာ ခန္ဓာကိုယ်တွင်းစွမ်းအင်များကိုလည်း တိတ်တဆိတ်လည်ပတ်စီးဆင်းစေလိုက်သည်။ မျက်လုံးအစုံတို့သည်တော့ အသံလာရာတောအုပ်ကို မလွှဲတမ်းကြည့်နေကြသည်။
၎င်းတောအုပ်အတွင်း၌ အမဲလိုက်နေသည့် ဧရာမသတ္တဝါကြီးတစ်ကောင် ရှိနေသည်။
၎င်းသတ္တဝါကြီး၏ ပုံပန်းသဏ္ဍာန်မှာ အလွန်ထူးဆန်း၏။ ၎င်းသတ္တဝါကြီး၌ စူးရှတောက်ကသော အနီရောင်တောင်ပံတစ်စုံရှိ၏။ လူသားခန္ဓာနှင့် ပုံစံဆင်တူသော်ငြား မီတာ၁၀မြင့်မားသည်။ မြင်ရသူအပေါင်းကို ကျောချမ်းစေသော ပုံပန်းသဏ္ဍာန်ဖြစ်၏။
ခန္ဓာကိုယ်တစ်ခုလုံး၌ နက်မှောင်တောက်ပနေသော အနက်ရောင်ကြေးခွံများ ဖုံးလွှမ်းနေလေရာ တစ်ချက်မြင်တွေ့လိုက်ရရုံဖြင့်ပင် တုန်လှုပ်ချောက်ချားစေနိုင်သည်။
၎င်းထူးဆန်းသည့်သတ္တဝါကြီးထံမှ ထုတ်လွှတ်နေသောစွမ်းအင်သည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့်ဖြစ်သောကြောင့် ဝမ်ဖုန်းတို့အားလုံးမှာ ပို၍ထိတ်လန့်သွားရသည်။ ၎င်းသည် စင်စစ်ေသာ ဧကရာဇ်သားရဲကြီးဖြစ်လေသည်။
ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်သို့ ရောက်ရှိပြီးသည့် သားရဲကြီးများကို ဧကရာဇ်သားရဲဟု ခေါ်ဆိုကြသည်။
ဧကရာဇ်သားရဲကြီး၏ ထိတ်လန့်ချောက်ချားဖွယ်ရုပ်ခန္ဓာသည် လူသားများ၏ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ထက် များစွာသာလွန်သည်။ ၎င်း၏တိုက်ခိုက်ချေမှုန်းစွမ်းရည်သည်လည်း သာမန်ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကျင့်ကြံသူများထက် များစွာသာလွန်၏။
၎င်းထူးဆန်းသည့်သားရဲကြီးမှ ထုတ်လွှတ်နေသည့်အရှိန်အဝါသည် ဘုံနန်းရှင်ဧကရာဇ်အဆင့်ဖြစ်နိုင်ပေသည်။ သူ၏အင်အားကြီးမားသော ရုပ်ခန္ဓာကြီးနှင့်ပေါင်းစည်းလိုက်သောအခါ လီပိုင်ပင်လျှင် ၎င်းသားရဲကြီး၏ ပြိုင်ဘက်မဟုတ်နိုင်ေတာ့ပေ။
“စနစ် အဲဒီ့ထူးဆန်းတဲ့သားရဲကြီးကို စစ်ဆေးပေး”
ဝမ်ဖုန်း၏မျက်နှာအမူအရာ မည်းမှောင်သွား၍ စိတ်ထဲမှပြောလိုက်သည်။ နတ်ဘုရားဘုံလောကသို့ ဝင်ရောက်ပြီးသည်နှင့် ချက်ချင်းပင် ထိတ်လန့်ချောက်ချားဖွယ်သားရဲကြီးနှင့် ရင်ဆိုင်ရလိမ့်မည်ဟု ဝမ်ဖုန်းမျှော်လင့်မထားခဲ့ပေ။
ဤသို့ သားရဲကြီးများရှိနေခြင်းမှာလည်း ဇာမဏီစစ်နတ်ဘုရားသည် အမှန်တကယ် မသေဆုံးခဲ့သောကြောင့် ဖြစ်ပေသည်။ ထို့ကြောင့်သာ ဇာမဏီစစ်နတ်ဘုရား၏ နတ်ဘုရားဘုံလောကအတွင်း မွေးဖွားခဲ့သော သားရဲကြီးများသည် ယခုအချိန်ထိတိုင် ဆက်လက်ရှင်သန်နေနိုင်ခြင်းဖြစ်သည်။
ပုံမှန်အားဖြင့် ဟုန်မန်နတ်ဘုရားနယ်ပယ်ကျင့်ကြံသူ သေဆုံးသွားခဲ့လျှင် ၎င်းကျင့်ကြံသူ၏ နတ်ဘုရားဘုံလောကအတွင်းရှိ သတ္တဝါများသည်လည်း လိုက်ပါသေဆုံးသွားကြမည်ဖြစ်သည်။ ထို့နောက်တွင် နတ်ဘုရားဘုံလောကသည် ရင်းမြစ်လောကတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ၎င်းသတ္တဝါများသည်လည်း တစ်ဖန်ပြန်လည်မွေးဖွားလာကြပေမည်။
“ဒင်! စုံစမ်းစစ်ဆေးရန်အတွက် ဂိုဏ်းအမှတ်၅၀ဘီလီယံကို အသုံးပြုလိုက်ပါပြီ”
“အဲဒီ့ထူးဆန်းတဲ့သားရဲကြီးက ဇာမဏီစစ်နတ်ဘုရားရဲ့ နတ်ဘုရားဘုံလောကအတွင်းမှာ အောက်ခြေအဆင့်သားရဲတစ်မျိုးဖြစ်တဲ့
လင်းယုန်ဇာမဏီဧကရာဇ်သားရဲကြီးဖြစ်ပါတယ်။ သူ့ရဲ့ရုပ်ခန္ဓာမှာ တောင်ပံပြာလင်းယုန်နက်ရဲ့ဇာစ်မြစ်နဲ့ ဇာမဏီနတ်သားရဲကြီးရဲ့ သွေးမျိုးဆက်တွေ ပါဝင်ပါတယ်။ စွမ်းရည်အကန့်အသတ်ရှိတဲ့ မျိုးစပ်ဧကရာဇ်သားရဲလို့ ခြုံငုံသုံးသပ်နိုင်ပါတယ်”
စိတ်ထဲမှထွက်ပေါ်လာသော စနစ်၏အသံကြောင့် ဝမ်ဖုန်း၏နှုတ်ခမ်းတို့ သိသိသာသာကွေးညွတ်သွားသည်။ ဘုံနန်းရှင်ဧကရာဇ်အဆင့် သားရဲကြီးသည်ပင် ဤနတ်ဘုရားဘုံလောကအတွင်း၌ အဆင့်နိမ့်သားရဲတစ်ကောင်သာ ဖြစ်လေသည်။ ဇာမဏီစစ်နတ်ဘုရား၏ နတ်ဘုရားဘုံလောကဟု မဆိုရပေ။ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။
မိမိတို့မှာ အဆင့်နိမ့်သားရဲတစ်ကောင်နှင့် ဆန့်ကျင်တိုက်ခိုက်ရန်ပင် ခက်ခဲလွန်းသည့်အေခြအနေဖြစ်ရာ ဝမ်ဖုန်းမှာ အသက်ရှူကြပ်သွားရလေသည်။
ဤလင်းယုန်ဇာမဏီဧကရာဇ်သားရဲကို သူတို့အားလုံး အတင်းကာရော တိုက်ခိုက်လျှင် တိုက်ခိုက်နိုင်သည်။ သို့သော် ရှေ့ဆက်သွားနိုင်ပါမည်လော။ နောက်ထပ် ဒီထက်ပိုအင်အားကြီးမားသည့် သားရဲကြီးများအပြင် နတ်သားရဲကြီးများဖြင့်ပင် ကြုံတွေ့နိုင်သေးသည်။ ထိုအချိန်တွင်သော မည်မျှအားကုန်သုံးသည်ဖြစ်စေ မိမိတို့၏အင်အားလေးသည် လုံလောက်လိမ့်မည်မဟုတ်ပေ။
“ဂိုဏ်း… ဂိုဏ်းချုပ်!”
ကုချိုး၏ တုန်ရီနေသောအသံကြောင့် ဝမ်ဖုန်း တွေးတောနေရာမှ အသိပြန်ဝင်လာသည်။
လင်းယုန်ဇာမဏီဧကရာဇ်သားရဲကြီးသည် သူတို့ကို စိုက်ကြည့်နေ၏။
ဂါးးးး!
၎င်းသားရဲကြီးထံမှ မိုးခြိမ်းသံကဲ့သို့သော ဟိန်းဟောက်သံကြီးထွက်ပေါ်လာသည်။ လိမ့်တက်လာသည့်အသံလှိုင်းများကြောင့် အနီးဝန်းကျင်ရှိ သစ်ပင်ကြီးများမှာ အစိတ်စိတ်အမွှာမွှာ ကျိုးပဲ့ပျက်စီးသွားရလေသည်။
ဟိန်းဟောက်လိုက်သောအသံလှိုင်းလေးသည်ပင် ဝမ်ဖုန်းတို့၏နားစည်များကို နာကျင်စေ၍ ဦးခေါင်းတစ်ခုလုံးမှာ တူဖြင့်ထုချေခံရသည်ကဲ့သို့ မူးနောက်စေသောနာကျင်မှုကို ခံစားရစေလေသည်။
“နတ်ဘုရားဘုံလောကထဲကို ကျူးကျော်ရဲတယ်! သေဖို့သာပြင်ထားကြတော့!!”
အသံလှိုင်းများ ထပ်မံရိုက်ခတ်သွားပြီး လင်းယုန်ဇာမဏီဧကရာဇ်သားရဲကြီး၏ ရှည်သွယ်ကျဉ်းမြောင်းသောမျက်လုံးအစုံ၌ အံ့ချီးဖွယ်သော သတ်ဖြတ်ခြင်းအငွေ့အသက်များ တောက်ပသွားသည်။ မြင့်မားသောခန္ဓာကိုယ်ကြီးထက်၌ မှိန်ဖျော့ဖျော့အလင်းများ ဖြာထွက်လာကာ မွန်းကြယ်စေသောစွမ်းအင်သည် အထက်ကောင်းကင်သို့ ထိုးတက်သွားသည်မှာ သေဆုံးပြီးဝိဉာဉ်များကိုပင် ကြောက်ရွံ့တုန်လှုပ်စေနိုင်၏။
အသံဆုံးသည်နှင့်တစ်ပြိုင်နက် ဝမ်ဖုန်းတို့ထံသို့ ရုတ်ချည်းတိုက်ခိုက်လာသည်။ သူ၏ခန္ဓာကိုယ်ကြီးကြောင့် သစ်ပင်အိုကြီးများမှာ အစိတ်စိတ်အမွှာမွှာကြေမွကုန်ကြသည်။ တောအုပ်အစွန်ရှိ နယ်နိမိတ်ခြားကျောက်ဆောင်သည်ပင် ကြေမွသွားရသည်။
၎င်းသားရဲကြီးသည် ခန္ဓာကိုယ်မြင့်မားသည့်တိုင် အလွန်လျင်မြန်သည်။ သူ၏အနီရဲရဲတောင်ပံကြီးများကို တဖျပ်ဖျပ်ခတ်၍ ဝမ်ဖုန်းတို့၏ရှေ့သို့ မျက်တောင်တစ်ခတ်မျှအချိန်အတွင်း ရောက်ရှိလာသည်။ ထို့နောက် ဧရာမလက်ကြီးတစ်စုံဖြင့် ဝမ်ဖုန်းတို့ကို အရှိန်ပြင်းစွာ ရိုက်ပုတ်သည်။
၎င်းဧရာမလက်ကြီးများရှိ လက်သည်းကြီးများသည် အေးစက်စွာတောက်ပနေလေရာ ဝမ်ဖုန်းတို့မှာ မြင်ရုံဖြင့်ပင် စပ်ဖျဉ်းဖျဉ်းခံစားလိုက်ရသည်။
လီပိုင်၏မျက်နှာအမူအရာ ပြောင်းလဲသွား၏။ ဧကရာဇ်နှလုံးသားအဆင့်စွမ်းအင်များ အင်တိုက်အားတိုက် ဖြာထွက်လာခဲ့ရာ ကြီးကျယ်ခမ်းနားသောစွမ်းအင်များသည် ကျယ်ပြောသောပင်လယ်ပြင်ကြီးအလား ထင်မှတ်ရလေသည်။ သူ၏ခါးထက်ရှိ ထက်ရှသောဓားရှည်သည်လည်း ဓားအိမ်မှ ထွက်လာခဲ့၍ ရုတ်ချည်းခုတ်ပိုင်း၏။
ဘုန်း!
ရွှေနှင့်သံမဏိတို့ ထိခတ်သွားသည်ကဲ့သို့ လီပိုင်၏ စူးရှပြင်းထန်သောဓားသွားသည် လင်းယုန်ဇာမဏီဧကရာဇ်သားရဲ၏လက်အစုံကို ခုတ်ပိုင်းလိုက်ရာ ထိခိုက်မှုတစ်စုံတစ်ရာ မဖြစ်စေခဲ့ဘဲ အလင်းမှုန်စများသာ ဖြာထွက်သွားခဲ့သည်။
ဖိနှိပ်ညှင်းပန်းနိုင်စွမ်းအားပြင်းထန်သော အင်အားကြီးဖြင့် ထိခတ်သွားရာ လီပိုင်၏တစ်ကိုယ်လုံး ယိမ်းယိုင်သွားရပြီး ခြေအစုံမှာ အက်ကွဲကြောင်းမှတစ်ဆင့် အောက်သို့ချော်ကျသွားတော့သည်။
လင်းယုန်ဇာမဏီဧကရာဇ်သားရဲကြီးသည် လီပိုင်ကို ကန်ထုတ်၍ ဝမ်ဖုန်းတို့သို့ အကြည့်ပို့လာ၏။ ထိုအကြည့်များမှာ သူ၏သားကောင်ကို ကြည့်ရှုနေသည့်အလား လိုချင်တပ်မက်စိတ်များ တောက်ပနေပေသည်။
ဝုန်း!
အသံကျယ်တစ်ခုထပ်မံထွက်ပေါ်လာပြီး ကြောင်အ,နေသည့်ဝမ်ဖုန်းတို့ အသိပြန်ဝင်လာကြချိန်တွင် လင်းယုန်ဇာမဏီဧကရာဇ်သားရဲကြီးမှာ သူတို့၏ရှေ့သို့ ရောက်ရှိနေခဲ့လေပြီ။
ဝှစ်!
ဝမ်ဖုန်း၏မျက်နှာအမူအရာ သိသိသာသာ ပျက်ယွင်းသွား၍ ရှီကန်တန့်ကို ဆင့်ခေါ်တော့မည်အပြု၌ ဝမ်ဖုန်း၏လက်ထဲရှိ ဇာမဏီနတ်ဓားသည် ရုတ်တရက်တုန်ခါလာကာ အလွန်တရာ စူးရှတောက်ပသော အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့လေသည်။