← Chapters

နတ်ဘုရားဘုံလောက၏နယ်မြေကြီး‌လေးခု

Vol. 39 Ch. 545

နတ်ဘုရားဘုံလောက၏နယ်မြေကြီး‌လေးခု

Vol. 39 Ch. 545

စူးရှတောက်ပသော အနီရောင်အလင်းတန်းသည် ဝမ်ဖုန်း၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ဇာမဏီနတ်ဓားသည် ဝမ်ဖုန်း၏လက်ဖဝါးမှ ထွက်ခွာကာ လေဟာပြင်၌လွင့်မြောနေ၏။

ကနဦး၌ ရက်စက်ကြမ်းကြုတ်သော လင်းယုန်ဇာမဏီဧကရာဇ်သားရဲကြီးသည် ဇာမဏီနတ်ဓားကိုမြင်သောအခါ စူးရဲသောမျက်လုံးအစုံ၌ ကြောက်ရွံ့မှုအချို့တောက်ပသွားပြီး မြင့်သွန်း‌သောခန္ဓာကိုယ်ကြီးသည် တုန်ယင်လာလေသည်။

ရိုက်ပုတ်ပစ်ရန် ဦးတည်လာနေခဲ့သော ဧရာမလက်ကြီးတစ်စုံသည် ရုတ်ချည်းပင် လက်နှစ်ဖက်ယှက်သည့်ဟန်သို့ ပြောင်းလဲသွားသောကြောင့် လက်သီးဖြင့်အရိုအသေပြုဟန် ဖြစ်သွား၏။ ခြေအစုံသည်လည်းကွေးညွတ်သွားကာ ဒူးထောက်ကျသွားလေသည်။

ပြင်းထန်သောအရှိန်ကြောင့် မြေပြင်၌ တွင်းနက်ကြီးဖြစ်သွား၏။ လင်းယုန်ဇာမဏီဧကရာဇ်သားရဲကြီး၏ ယခုပုံစံမှာ ဝမ်ဖုန်းအား ဂါရဝပြုရန် မစောင့်ဆိုင်းနိုင်တော့သည့်အလားပင်။

“အရှင်.. အရှင်သခင်ကို ဂါရဝပြုပါတယ်!”

လင်းယုန်ဇာမဏီဧကရာဇ်သားရဲကြီးသည် ဝမ်ဖုန်း၏ရှေ့၌ တုန်ယင်စွာဖြင့် ဒူးထောက်အရိုအသေပြု၏။

၎င်း၏ရှည်သွယ်ကျဉ်းမြောင်းသော မျက်လုံးအစုံ၌ ကြမ်းကြုတ်ခက်ထန်ခြင်းများ မရှိတော့ပေ။ လိမ္မာရေးခြားရှိသော ကြောင်တစ်ကောင်ကဲ့သို့ အလွန်ကျိုးနွံလှသည်။

တိတ်ဆိတ်ငြိမ်သက်‌သွား၏!

သုသာန်တစပြင်အလား တိတ်ဆိတ်ငြိမ်သက်သွားခဲဲ့သည်!

ဤအပြောင်းအလဲသည် ကြီးမားလွန်းသောကြောင့် ကုညီအစ်ကိုနှင့် စစ်ထူကျုံးတို့မှာ ပါးစပ်အဟောင်းသားဖြင့် လွန်ခဲ့သည့်စက္ကန့်အနည်းကပင် အလွန်တရာ ရက်စက်ကြမ်းကြုတ်သည့်သားရဲကြီး ဖြစ်နေခဲ့ရာမှ လိမ္မာသည့်ကလေးလေးအဖြစ်သို့ ပြောင်းလဲသွားသည့် လင်းယုန်ဇာမဏီဧကရာဇ်သားရဲကြီးကို ကြောင်အ,စွာ ကြည့်နေကြလေသည်။

အဲ့လောက်တောင် ချဲ့ကားတာလား?!

ကုညီအစ်ကိုနှင့်အခြားသူများသည် တစ်ဖန်မျက်နှာအမူအရာပြောင်းလဲသွားကြ၍ ဝမ်ဖုန်း၏ရှေ့ လေဟာပြင်တွင် မျောလွင့်နေသာ ဇာမဏီနတ်ဓားကို အံ့အားခြင်းကြီးစွာ ကြည့်နေကြပြန်သည်။ သူတို့၏နှလုံးအိမ်တို့မှာ အလွန်အမင်းတုန်လှုပ်နေကြ၏။

တကယ်တမ်းတွင် ဝမ်ဖုန်းကိုယ်တိုင်သည်လည်း အံ့အားသင့်နေခဲ့သည်။ ဤဓားကျိုးသည် ဇာမဏီစစ်နတ်ဘုရား၏ဓားဖြစ်သည်ကို သိရှိထားသည့်တိုင် ဇာမဏီစစ်နတ်ဘုရား ပျောက်ကွယ်သွားခဲ့ပြီးသည်မှာ အလွန်ကြာမြင့်ခဲ့ပြီးဖြစ်သောကြောင့် နတ်ဘုရားဘုံလောကအတွင်းရှိ သတ္တဝါများသည် ဇာမဏီစစ်နတ်ဘုရား၏ဓားကျိုးကိုပင် ဤမျှရိုသေကျိုးနွံကြလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

ဤတစ်ချက်ဖြင့်ပင် နတ်ဘုရားဘုံလောကအတွင်းရှိ သတ္တဝါများသည် ဇာမဏီစစ်နတ်ဘုရားကို မည်မျှရိုသေလေးစားကျိုးနွံကြသည်ကို သိရှိနိုင်ပေသည်။

လင်းယုန်ဇာမဏီဧကရာဇ်သားရဲကြီးသည် ဝမ်ဖုန်းကို မဝံ့မရဲကြည့်နေသည်။ ဝမ်ဖုန်းသည် မျက်နှာတည်တံ့စွာဖြင့် တိတ်ဆိတ်နေသည်ကို မြင်သောအခါ သူ၏နှလုံးအိမ်အတွင်းရှိ တင်းကြပ်နေမှုမှာ ပိုမိုဆိုးရွားလာခဲ့ပြီး သူ၏မြင့်သွန်းသော ခန္ဓာကိုယ်ကြီးမှာ ပို၍ပြင်းပြင်းထန်ထန်တုန်ယင်လာတော့သည်။ ၎င်းသားရဲကြီးသည် လက်နှစ်ဖက်ကိုယှက်၍ အလွန်ကျိုးနွံနှိမ့်ချစွာဖြင့် ပြောဆို၏။

“ကျွန်ုပ်သားရဲလေးက အရှင်သခင်ရောက်လာတာကို မသိဘဲနဲ့ အရှင်သခင်ကို အနှောင့်အယှက်ပြုမိပါတယ်။ ကျေးဇူးပြုပြီး ဒီအပြစ်သားကို ခွင့်လွှတ်ပေးတော်မူပါ”

သားရဲကြီး၏ ရိုသေကျိုးနွံစွာသောအသံကြောင့် ဝမ်ဖုန်း အသိပြန်ဝင်လာခဲ့သည်။ လိမ္မာသည့်ကလေးလေးကဲ့သို့‌ ပြုမူနေသော လင်းယုန်ဇာမဏီဧကရာဇ်သားရဲကြီးကိုကြည့်၍ ဝမ်ဖုန်း ကသိကအောက်ဖြစ်စွာ လက်ကိုဝှေ့ယမ်းလိုက်ပြီး နူးညံ့စွာရေရွတ်လိုက်သည်။

“ကိစ္စမရှိပါဘူး”

ထိုစကားတွင် လင်းယုန်ဇာမဏီဧကရာဇ်သားရဲကြီးသည် အံ့အားသင့်သွားဟန်ဖြင့် အပြုအမူမှာ ပို၍‌‌ရိုသေကျိုးနွံသွားကာ ခယပြောဆိုလေသည်။

“အရှင်သခင်က နတ်ဘုရားရဲ့အမိန့်နဲ့ နတ်ဘုရားဘုံလောကကို စစ်ဆေးဖို့ရောက်လာခဲ့တာပါလား?”

နတ်ဘုရားဘုံလောကအတွင်းရှိ သတ္တဝါများအတွက်မူ ဇာမဏီစစ်နတ်ဘုရားသည် စိတ်ကူးမှန်းဆ၍မရနိုင်စွမ်းသော၊ သူတို့လက်လှမ်းမမီနိုင်သော အထွတ်အမြတ်ထားအပ်သော တည်ရှိမှုကြီးဖြစ်သည်။

သူတို့သည် ဤနတ်ဘုရားဘုံလောကထဲတွင် ဇာမဏီစစ်နတ်ဘုရားကို အမှီပြု၍ နေထိုင်ကြခြင်းဖြစ်သည်။ ဇာမဏီစစ်နတ်ဘုရား၏ အတွေးတစ်စသည်ပင် သူတို့၏ခန္ဓာကိုယ်များကို အစိတ်စိတ်အမွှာမွှာ ကြေမွသွားစေနိုင်ပေသည်။

ထို့ကြောင့်ပင် ဇာမဏီစစ်နတ်ဘုရား၏ နတ်ဘုရားဘုံလောကအတွင်းရှိ သတ္တဝါများသည် ဇာမဏီစစ်နတ်ဘုရားသည် ၉၉ကြိမ်မြောက်ပြန်လည်ထမြောက်ခြင်းဖြစ်စဉ်သို့ ရောက်ရှိနေခဲ့ပြီး ပြန်လည်ထမြောက်ခြင်းဖြစ်စဉ် အောင်မြင်ခြင်း၊မအောင်မြင်ခြင်းမှာ မသေချာသည့်အကြောင်းတို့ကို မသိကြချေ။

ဝမ်ဖုန်း စကားမဆိုပေ။ သို့သော် ဝမ်ဖုန်း၏ ထိုသို့မှန်းဆရန်နက်နဲသောအမူအရာသည် လင်းယုန်ဇာမဏီဧကရာဇ်သားရဲကြီး၏အမြင်တွင် ဝမ်ဖုန်းမှာ နတ်ဘုရား၏အမိန့်တော်ဖြင့် နတ်ဘုရားဘုံလောကသို့ စစ်ဆေးရန်အတွက် လာရောက်ခြင်းဖြစ်သည်ဟု ပိုမိုသေချာသွားစေခဲ့သည်။

ဝမ်ဖုန်း၏ခန္ဓာကိုယ်မှာ ထုတ်လွှတ်နေသောအရှိန်အဝါသည် လင်းယုန်ဇာမဏီဧကရာဇ်သားရဲကြီးအတွက် ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်နေသည့်တိုင် ဇာမဏီနတ်ဓား၏တည်ရှိမှုသည် လင်းယုန်ဇာမဏီဧကရာဇ်သားရဲကြီးကို မဝံ့မရဲဖြစ်စေသည်။

ဇာမဏီစစ်နတ်ဘုရား၏ လက်စွဲတော်နတ်ဓားဖြစ်ရာ ကျိုးပဲ့‌နေသောဇာမဏီနတ်ဓားဖြစ်လျှင်သော်မှ နတ်ဘုရားဘုံလောက၏ သတ္တဝါများအပေါ် ခြိမ်းခြောက်မှုဖြစ်စေသည်။ အသက်ရှူငွေ့လေးသည်ပင် သတ္တဝါအားလုံးကို ဦးညွတ်စေနိုင်၏။

“ဒီသားရဲငယ်က အရှင်သခင်တို့ကို လမ်းပြပေးလိုပါတယ်”

လင်းယုန်ဇာမဏီဧကရာဇ်သားရဲကြီး၏ စကားအဆုံး၌ ဝမ်ဖုန်း၏မျက်လုံးများ တောက်ပသွား၍ ခေါင်းညိတ်လိုက်သည်။

နတ်ဘုရားဘုံလောက၏ သတ္တဝါတစ်ဦးမှ လမ်းပြပေးခြင်းထက် ပိုကောင်းသည့်အရာ မရှိနိုင်တော့ပေ။

ဝမ်ဖုန်း၏သဘာတူညီမှုကို ရရှိပြီးနောက်တွင် လင်းယုန်ဇာမဏီဧကရာဇ်သားရဲကြီးသည် ပျော်ရွှင်ဝမ်းမြောက်သွားကာ ရိုသေကျိုးနွံစွာဖြင့် ကျယ်လောင်စွာပြောသည်။

“အရှင်သခင် ကျေးဇူးပြုပြီးလိုက်ခဲ့ပါ”

ဝမ်ဖုန်းနှင့်အခြားသူများသည်လည်း တွေဝေတုံ့ဆိုင်းမှုမရှိ လင်းယုန်ဇာမဏီဧကရာဇ်သားရဲကြီး၏နောက်သို့ လိုက်သွားကြသည်။

“နတ်ဘုရားဘုံလောကကို အကြမ်းအားဖြင့် ဆေးဥယျာဉ်၊ လက်နက်တိုက်၊ ကျင်းကယ့်၊ ရှန်းကျန်းဆိုပြီး နယ်မြေကြီးလေးခုခွဲခြားထားပါတယ်”

“ဆေးဥယျာဉ်၊ လက်နက်တိုက်နဲ့ ကျင်းကယ့်တို့က နတ်ဘုရားဘုံလောကရဲ့ အင်အားကြီးမားတဲ့တည်ရှိမှုတွေပါ။ သူတို့က နတ်ဘုရားကို ပိုကောင်းမွန်စွာခစားနိုင်ဖို့အတွက် သီးသန့်ရပ်တည်ခဲ့ကြပါတယ်”

ဝမ်ဖုန်းတို့ကို လမ်းပြပေးရင်းဖြင့် လင်းယုန်ဇာမဏီဧကရာဇ်သားရဲကြီးမှ ပြောသည်။

လင်းယုန်ဇာမဏီဧကရာဇ်သားရဲကြီးသည် ရှန်းကျန်းကို ထည့်မပြောခဲ့သော်ငြား ၎င်းရှန်းကျန်းသည် ဇာမဏီစစ်နတ်ဘုရား၏ သူ၏ကိုယ်ပိုင်နတ်ဘုရားဘုံလောကမှ ရရှိသည့် ရတနာများကို ထည့်သွင်းသိမ်းဆည်းသည့် သိုလှောင်လက်စွပ်နှင့်ညီမျှသည်ကို ဝမ်ဖုန်းသိထားပါ၏။

သေချာပေါက်ပင် ၎င်းသည်လည်း ဟုန်မန်နတ်ဘုရားနယ်ပယ်ကျင့်ကြံသူများ၏ အလေ့အကျင့်ဖြစ်သည်။ မိမိ၏ကိုယ်ပိုင်နတ်ဘုရားဘုံလောကထက် ပိုမိုလုံခြုံသည့် သိုလှောင်လက်စွပ် မရှိနိုင်ပေ။

လင်းယုန်ဇာမဏီဧကရာဇ်သားရဲကြီး၏ ရှင်းပြချက်များကို နားထောင်ပြီးနောက် ကုညီအစ်ကိုနှင့်အခြားသူများသည် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြရာ အချင်းချင်း၏မျက်လုံးများထဲ၌ အလင်းစတို့ကို မြင်တွေ့လိုက်ရသည်။ ဤသည်မှာ ဟုန်မန်နတ်ဘုရားနယ်ပယ်၏ ရတနာဖြစ်သည်။ ဆေးဥယျာဉ်နှင့် အခြားနယ်မြေများကို နတ်ဘုရားဘုံလောက၏ စွမ်းအားမြင့်သတ္တဝါများမှ ဖန်တီးထားခဲ့ခြင်းဖြစ်သည့်တိုင် ထိုရတနာများကို တစ်ခုတစ်လေမျှ ရယူ‌နိုင်လျှင်ပင် စိတ်ကူးမှန်းဆ၍မရနိုင်လောက်သော အကျိုးအမြတ်ကို ရရှိနိုင်ပေသည်။

တောအုပ်အနက်ပိုင်းသို့ ရောက်လာသည်နှင့်အမျှ ဝမ်ဖုန်းတို့သည် များစွာသော စွမ်းအားကြီးသားရဲများကို မြင်တွေ့ခဲ့ရသည်။ သားရဲတစ်ကောင်ချင်းစီမှာ တစ်ကောင်ထက်တစ်ကောင် ပို၍ကြောက်မက်ဖွယ်ကောင်းကြလေသည်။ လင်းယုန်ဇာမဏီဧကရာဇ်သားရဲကြီးထက်လည်း ပို၍အင်းအားကြီးကြသည်။ သို့သော် လင်းယုန်ဇာမဏီဧကရာဇ်သားရဲကြီးသည် စိုးစဉ်းသော်မျှ ကြောက်ရွံ့ထိတ်လန့်ဟန် မရှိပေ။

အတိတ်ကာလ၌ လင်းယုန်ဇာမဏီဧကရာဇ်သားရဲကြီးသည် ဤနတ်ဘုရားဘုံလောကတွင် အဆင့်နိမ့်အဆွယ်အပွားလေးသာ ဖြစ်ခဲ့သည်။ ယခု‌တွင်တော့ ကံကောင်းမှုကြီးနှင့် ပက်ပင်းတိုး၍ နတ်ဘုရား၏တမန်တော်နှင့် ဆုံတွေ့ခဲ့ရသည်ဖြစ်ရာ ဤအခွင့်အရေးတွင် အလိုအလျောက် မျက်နှာသာရနိုင်မည်ဖြစ်သည်။

“အရှင်သခင်ကို ဂါရဝပြုပါတယ်!”

လမ်းတစ်လျှောက်၌ ရိုသေကျိုးနွံသောအသံများကို ဆက်တိုက်ကြားခဲ့ရသည်။ မည်သို့သော အင်အားကြီးမားသည့် တည်ရှိမှုကြီးဖြစ်စေ ဝမ်ဖုန်း၏ဘေး လေဟာပြင်တွင်မျောလွင့်နေသော ဇာမဏီနတ်ဓားကိုမြင်သည်နှင့် အားလုံးသည် ဒူးထောက်ဦးညွတ် အရိုအသေပြုကြလေသည်။

ဤမျှအချိန်တိုလေးအတွင်း၌ ဝမ်ဖုန်းတို့သည် ဧကရာဇ်ဘိုးဘေးအဆင့် ဧကရာဇ်သားရဲကြီး ဒါဇင်ကျော်မျှကို မြင်တွေ့ခဲ့ပြီးလေပြီ။ ဧကရာဇ်ဘိုးဘေးအဆင့်ကို ကျော်လွန်သည့် ဧကရာဇ်သားရဲအချို့ကိုပင် မြင်တွေ့ခဲ့ရသည်။

“နတ်ဘုရားက အရင်က တမန်တော်စေလွှတ်ခဲ့ဖူးလား?”

ဝမ်ဖုန်းသည် ရိုသေကျိုးနွံစွာသော သားရဲကြီးများကိုကြည့်၍ အချိန်ခဏမျှတွေးတောပြီးနောက် ကျယ်လောင်စွာမေးမြန်းလိုက်သည်။

“ဒီသားရဲငယ် အသိစိတ်ရလာခဲ့ပြီးတဲ့အချိန်တည်းက နတ်ဘုရားရဲ့တမန်တော်ကို တစ်ခါမှ မမြင်တွေ့ခဲ့ဖူးပါဘူး။ အရှင်သခင်က ပထမဆုံးပါပဲ”

“နတ်ဘုရားဘုံလောကထဲမှာ သတ္တဝါတွေအများကြီးက နတ်ဘုရားရဲ့အငွေ့အသက်ကိုတောင် မခံစားဖူးကြပါဘူး။ နတ်ဘုရားဘုံလောကရဲ့ အနက်ပိုင်းထဲမှာ အိပ်ပျော်နေကြတဲ့ ရှေးဟောင်းသတ္တဝါကြီးအနည်းငယ်ပဲ နတ်ဘုရားရဲ့အမိန့်‌ေတာ်ကို ကိုယ်တိုင်ကိုယ်ကျ ကြားသိဖူးပါတယ်တဲ့”

လင်းယုန်ဇာမဏီဧကရာဇ်သားရဲကြီးကို ကြားသောအခါ ဝမ်ဖုန်း ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ ဝမ်ဖုန်း မှန်းဆထားသည့်အတိုင်းပင်ဖြစ်၏။

ပုံမှန်အားဖြင့် နတ်ဘုရားဘုံလောကဟူသည် ဟုန်မန်နတ်ဘုရားနယ်ပယ်ကျင့်ကြံသူမှ ဖန်ဆင်းခြင်းဖြစ်ပြီး ၎င်းကျင့်ကြံသူ၏ ခန္ဓာကိုယ်အသွေးအသားအတွင်း ဖြစ်တည်နေခြင်းဖြစ်သည်။ သို့သော် ၎င်းကျင့်ကြံသူသည် သူ၏နတ်ဘုရားဘုံလောက၏ တိုးတက်မှုကို အနှောင့်အယှက်မပြုချေ။ ဘေးမှ ရပ်ကြည့်သူအဖြစ်သာ ပြုမူ၍ သတ္တဝါများ၏ ဆင့်ကဲတိုးတက်မှုများကို စောင့်ကြည့်ခြင်းဖြင့် သူ၏နတ်ဘုရားဘုံလောကအတွင်းရှိ ၎င်းတို့၏ ရှင်ခြင်းသေခြင်းသဘာဝများကို နားလည်သဘောပေါက်စေသည်။

ဤနည်းဖြင့် မိမိ၏ နတ်ဘုရားဘုံလောကအကြောင်းကို ပိုမိုနက်နဲစွာ သိမြင်နားလည်လာနိုင်ပြီး ပို၍အဆင့်မြင့်မားသည်အထိ တိုးတက်စေနိုင်ပေသည်။

“ငါတို့ဘယ်ကိုသွားနေတာလဲ?”

ဝမ်ဖုန်း၏အမေးစကားကို လင်းယုန်ဇာမဏီဧကရာဇ်သားရဲကြီးသည် ရိုသေကျိုးနွံစွာ ဦးညွှတ်၍ ကျယ်လောင်စွာဖြေကြားသည်။

“ဒီနေရာက ဆေးဥယျာဉ်နဲ့ အနီးဆုံးပါပဲ။ ဒါကြောင့် ဒီသားရဲငယ်က အရှင်သခင်တို့ကို ဆေးဥယျာဉ်‌ဆီ စစ်ဆေးဖို့ခေါ်သွားပေးပါမယ်”

“အရှင်သခင်အနေနဲ့ မှော်ဆေးဝါး၊ လက်နက်ဆေးဝါးတစ်ခုခုကို ‌ကြိုက်နှစ်သက်ခဲ့ရင် ဆန္ဒရှိသလို ယူဆောင်နိုင်ပါတယ်။ အဲဒီ့ဆေးဝါးတွေက အစတည်းက နတ်ဘုရားအတွက် ပြင်ဆင်ထားတာပါ”

All Chapters