အံ့အားသင့်ဖွယ်ကံကောင်းမှုကြီး
Vol. 39 Ch. 546
Translator - Hsue Htet
လင်းယုန်ဇာမဏီဧကရာဇ်သားရဲကြီး၏ စကားအဆုံး၌ ဝမ်ဖုန်းတို့သည် အနည်းငယ် အံ့အားသင့်သွားကြသည်။ မျက်နှာအမူအရာတို့မှာ ပျော်ရွှင်ဝမ်းမြောက်မှု ခပ်ဖျော့ဖျော့ထင်ဟပ်နေကြ၏။
ဤသည်မှာ ဧကရာဇ်ဘိုးဘေးအဆင့်အထက်ရှိ ဧကရာဇ်သားရဲကြီးမှ တည်ထောင်ထားခြင်းဖြစ်ပြီး ဟုန်မန်နတ်ဘုရားနယ်ပယ်၏ စွမ်းအင်ပြည့်ဝသောဆေးဝါးများကို ထုတ်လုပ်ပေးနေသော ဆေးဥယျာဉ်ဖြစ်သည်။ ၎င်းဆေးဥယျာဉ်၏ မှော်ဆေးဝါးများနှင့် လက်နက်ဆေးဝါးများ၏စွမ်းအားသည် သူတို့စိတ်ကူးမှန်းဆနိုင်သည်ထက် များစွာကျော်လွန်နိုင်ပေသည်။
ဆေးဥယျာဉ်အတွင်းရှိ ဆေးပင်တစ်ပင်စီတိုင်းမှာ စိတ်ကူးမှန်းဆ၍မရနိုင်သော စွမ်းအင်များရှိကြပေလိမ့်မည်။
အထူးသဖြင့် ဇာမဏီစစ်နတ်ဘုရားသည် ၉၉ကြိမ်မြောက်ပြန်လည်ထမြောက်ခြင်းဖြစ်စဉ်သို့ ကျရောက်နေခြင်းဖြစ်ကြောင်း သိရှိနေသော ဝမ်ဖုန်းသည် မှော်ဆေးဝါးများနှင့် လက်နက်ဆေးဝါးများကို မိမိ၏အိပ်ကပ်ထဲသို့ ထည့်သွင်းနိုင်ခြင်းကို အလွန်အံ့အားသင့်နေပေသည်။
ဒါက ဘယ်လိုတောင် အံ့ချီးဖွယ်ဖန်တီးမှုကြီးများလဲ?
စနစ်ကိုပိုင်ဆိုင်ထားသည့် ဝမ်ဖုန်းပင်လျှင် သဘောကျနှစ်ခြိုက်မှုဖြင့် အလွန်တရာ အံ့အားသင့်နေခဲ့၏။
“ပြီးတော့ ဆေးဥယျာဉ်ထဲကို ပထမဆုံးအကြိမ်ဝင်ရောက်တဲ့အခါ အံ့အားသင့်ဖွယ်တွေရှိပါတယ်”
ဝမ်ဖုန်းတို့ ပျော်ရွှင်ဝမ်းမြောက်နေစဉ်၌ လမ်းပြနေသည့် လင်းယုန်ဇာမဏီဧကရာဇ်သားရဲကြီးမှ ပဟေဠိဆန်စွာ ပြောလာခဲ့သည်။ သူ၏မျက်လုံးများ၌ မျှော်လင့်စောင့်စားမှုများ တောက်ပနေသည်။
“အို? ဘယ်လိုအံ့အားသင့်ဖွယ်များလဲ?”
ဝမ်ဖုန်း သင်္ကာမကင်းဖြစ်သွားကာ မေးမြန်းလိုက်သည်။
ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်အဆင့် လင်းယုန်ဇာမဏီဧကရာဇ်သားရဲကြီးကို ဤမျှမျှော်လင့်တကြီးဖြစ်စေလေရာ ၎င်းအံ့အားသင့်ဖွယ်ဟူသည် ပေါ့သေးသေး မဟုတ်နိုင်ပေ။
“ဆေးဥယျာဉ်ကြီးတစ်ခုလုံးနီးပါးက ထာဝရပိတ်ဆို့မှုအောက်မှာ ရှိနေတာပါ။ ဆေးဥယျာဉ်ကို စောင့်ရှောက်နေတဲ့ ဧကရာဇ်သားရဲတွေနဲ့ ရှေးဟောင်းတည်ရှိမှုကြီးတွေရဲ့ မိန့်ကြားခံရသူတွေ၊ နတ်ဘုရားရဲ့အမိန့်တော်ကို လက်ခံရရှိထားသူတွေကလွဲရင် ကျန်တဲ့သတ္တဝါတွေက ဆေးဥယျာဉ်ထဲကို ဝင်ရောက်ဖို့မဖြစ်နိုင်ပါဘူး”
“ဆေးဥယျာဉ်ထဲမှာ အဆင့်အနိမ့်ဆုံးဖြစ်တဲ့ လက်နက်ဆေးဝါးတွေအပြင် မှော်ဆေးဝါးတွေလည်း အများကြီးရှိနေတယ်။ ထာဝရပိတ်ဆို့မှုအောက်မှာ အဲဒီ့လက်နက်ဆေးဝါးတွေနဲ့ မှော်ဆေးဝါးတွေရဲ့ ဆေးအာနိသင်စွမ်းအင်တွေက ဆေးဥယျာဉ်ကြီးတစ်ခုလုံးနီးပါးမှာ ပြည့်နှက်နေတာပါ”
ထိုသို့ပြောပြီးနောက် လင်းယုန်ဇာမဏီဧကရာဇ်သားရဲကြီး ရပ်တန့်သွား၏။ သို့သော် ဝမ်ဖုန်းတို့သည် လင်းယုန်ဇာမဏီဧကရာဇ်သားရဲကြီး၏ ဆိုလိုရင်းကို ချက်ချင်းနားလည်လိုက်သည်။ ထို့နောက် ဝမ်းမြောက်ပျော်ရွှင်သွားကြသည်။
ထိုကဲ့သို့သော ကြောက်မက်ဖွယ် ဆေးအာနိသင်စွမ်းအင်များသည် ပထမဆုံးအကြိမ်ဝင်ရောက်သူများအတွက် စိတ်ကူးမှန်းဆ၍မရနိုင်သော အကျိုးသက်ရောက်မှုများကို ပေးစွမ်းနိုင်သည်။ အထူးသဖြင့် ပျက်သုဉ်းခြင်းဧကရာဇ်အဆင့်သို့ မရောက်ရှိသေးသော ကျင့်ကြံသူများအတွက် အံ့ချီးဖွယ်သောတိုးတက်မှုကို ဖြစ်စေနိုင်သည်။
ထိုသိူ့အတွေးဖြင့် ဝမ်ဖုန်းနှင့်အခြားသူများသည် ဆေးဥယျာဉ်အပေါ် မျှော်မှန်းချက်ပို၍မြင့်မားလာခဲ့သည်။
ဝမ်ဖုန်းတို့မှာ အချိန်မည်မျှလျှောက်လှမ်းခဲ့ရပြီး ဧကရာဇ်သားရဲများ မည်မျှတွေ့ဆုံခဲ့ရပြီးသည် မသိတော့ချေ။ ထို့နောက်တွင်တော့ လင်းယုန်ဇာမဏီဧကရာဇ်သားရဲကြီးသည် ဝမ်ဖုန်းတို့ကို ခမ်းနားကြီးကျယ်သော တောင်ကြားတစ်ခုသို့ ခေါ်ဆောင်လာခဲ့သည်။
တောင်ကြား၏အရှေ့၌ တမူထူးခြားသော မီတာတစ်ထောင်ခန့်အမြင့်ရှိ ဂိတ်တံခါးဝကြီးရှိ၏။ တိမ်စိုင်များအကြား၌ ဆေးဥယျာဉ်ကို စောင့်ကြပ်ေနသည့်အလား မတ်စောက်စွာတည်ရှိနေသည်။
၎င်းဂိတ်တံခါးဝ၌ ‘’ဆေးဥယျာဉ်'ဟု ထွင်းထုရေးသားထား၏။ တစ်ချက်ကြည့်ရုံဖြင့်ပင် ဝမ်ဖုန်းတို့ကို ဝိဉာဉ်ထိတိုင် တုန်လှုပ်စေသည်ဖြစ်ရာ ထပ်မံ မဖတ်ဝံ့တော့ပေ။
ဝမ်ဖုန်းတို့မှာ အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။ သူတို့၏စိတ်နှလုံး၌လည်း ‘ဆေးဥယျာဉ်'ဟူသော စာလုံးကို ခပ်နှိပ်ခဲ့ပြီးဖြစ်လေသည်။ သူတို့မှာ မိမိတို့လက်လှမ်းမီနိုင်သည့် အတိုင်းအတာထက် ကျော်လွန်နေခဲ့လေပြီဖြစ်ရာ ကြောက်ခမန်းလိလိသော တည်ရှိမှုကြီးကိုမြင်တွေ့နေရသည်ကဲ့သို့ သေမင်းတံခါးဝသို့ ရောက်ရှိနေရသည်ကဲ့သို့ ခံစားနေကြရပေသည်။
ရှပ်!
ဂိတ်တံခါးကြီး ရုတ်တရက်တုန်ခါလာ၍ တံခါးအတွင်းဘက်မှ ပုံရိပ်တစ်ခု ထွက်လာသည်။ ဝမ်ဖုန်းတို့သည်လည်း အကြည့်မလွှဲတမ်း ကြည့်ရှုနေကြသည်။
၎င်းမှာ ကြိုးကြာဆံပင်ပုံစံ၊ ငယ်ရွယ်နုပျိုသောမျက်နှာ၊ လွန်ေလခဲ့ပြီးသောရှေးခေတ်ဟန်ပန် ရိုးရှင်းသောဝတ်ရုံဖြင့် လူအိုကြီးတစ်ဦးဖြစ်သည်။ သူ၏ပုံပန်းသွင်ပြင်၌ ရှည်ကြာလွန်းစွာသော အချိန်ကာလ၏ ခြေရာလက်ရာများဖြင့် ပြည့်နှက်နေကာ ခါးစပ်ထိရှည်လျားသော နှင်းကဲ့သို့ဖြူဆွတ်သောမုတ်ဆိတ်များဖြင့် အလွန်တရာ ကြည်သာဖော်ရွေဟန်ရှိပေသည်။
သို့သော် ထိုလူအိုကြီးကို ဝမ်ဖုန်းတို့ ထိတ်လန့်နေကြသည်။ လူအိုကြီး၏ခန္ဓာကိုယ်မှ စွမ်းအင်များသည် ဝမ်ဖုန်းတို့ကို ထိန်းချုပ်နိုင်စွမ်းမရှိဘဲ သိမ်ငယ်သေးနုပ်သွားစေ၏။
ဤလူအိုကြီးသည်လည်း ဧကရာဇ်သားရဲတစ်ကောင်ပင် ဖြစ်ပေလိမ့်မည်။ သို့သော် အလွန်တရာ မှန်းဆရန်နက်နဲ၏။ ထိုလူအိုကြီး၏ နက်ရှိုင်းသောမျက်လုံးအစုံမှာ ကျယ်ပြောသော ကြယ်ထွန်းလင်းသည့်ကောင်းကင်ယံကြီးကဲ့သို့ဖြင့် ထိုလူအိုကြီးထံမှ အကြည့်တစ်ချက်သည် အကြည်ခံရသူကို အလွန်မွန်းကြပ်စေသည်။
ဤလူအိုကြီးသည် ဝမ်ဖုန်းတို့ လမ်းတစ်လျှောက်တွေ့မြင်လာခဲ့ရသည့် ဧကရာဇ်သားရဲကြီးများထဲတွင် အင်အားအကြီးမားဆုံးသော ဧကရာဇ်သားရဲကြီးဖြစ်၏။ ကျင့်ကြံဆင့်မှာ ဟုန်မန်နတ်ဘုရားနယ်ပယ်သို့ တက်လှမ်းနိုင်ရန်ပင် နီးစပ်နေမည်စိုးရသည်။
“ယောင်လောင်ကို ဂါရဝပြုပါတယ်!”
“အရှင်သခင် ဒါက ဆေးဥယျာဉ်ရဲ့ကြီးကြပ်သူ ယောင်လောင်ပါ။ ဆေးဥယျာဉ်နဲ့ နှီးနွှယ်ပြီးမွေးဖွားလာတဲ့ ယောင်ရွှမ်းဧကရာဇ်သားရဲပါ။ ယောင်လောင်ပျိုးထောင်ထားတဲ့ လက်နက်ဆေးဝါးရဲ့အရည်အသွေးက သဘာဝအလျောက်ပေါက်ဖွားကြီးပြင်းတဲ့ ဆေးပင်တွေထက် ပိုပြီးသာလွန်ပါတယ်”
လူအိုကြီးကိုမြင်သောအခါ လင်းယုန်ဇာမဏီဧကရာဇ်သားရဲသည် လျစ်လျူမရှုဝံ့စွာ ထိုလူအိုကြီးကို ဦးစွာအရိုအသေပြုသည်။ ထို့နောက် ဝမ်ဖုန်းတို့ကို ရှင်းပြသည်။
“ယောင်ရွှမ်း အရှင်သခင်ကို ဂါရဝပြုပါတယ်”
လင်းယုန်ဇာမဏီဧကရာဇ်သားရဲမှ မိတ်ဆက်ပေးပြီးနောက်တွင် ကြင်နာဟန်သောလူအိုကြီးသည် ဝမ်ဖုန်းသို့ ရိုသေကျိုးနွံစွာ အရိုအသေပြု၏။ သူ၏အကြည့်များသည်တော့ ဝမ်ဖုန်း၏ဘေးရှိ ဇာမဏီနတ်ဓားကျိုးထံသို့ ကျရောက်နေသည်။
လင်းယုန်ဇာမဏီဧကရာဇ်သားရဲမှ ဝမ်ဖုန်းတို့ကို ဤတောနက်အတွင်းသို့ ခေါ်ဆောင်လာခဲ့သည့် လမ်းတစ်လျှောက်လုံး၌ တွေ့တွေ့သမျှ ဧကရာဇ်သားရဲအားလုံးသည် နတ်ဘုရား၏တမန်တော် ရောက်ရှိလာသည့်သတင်းကို သိရှိနေပြီးကြလေပြီ။ ထို့ကြောင့်ပင် ယောင်ရွှမ်းသည်လည်း ဝမ်ဖုန်းတို့ကို စောင့်ဆိုင်းနေခြင်းဖြစ်လိမ့်မည်။
“ယဉ်ကျေးမနေဖို့မလိုပါဘူး”
ဝမ်ဖုန်း လက်ဝှေ့ယမ်းလျက် ခပ်ဖျော့ဖျော့ရယ်မောလိုက်သည်။
ဝမ်ဖုန်းမှာ အများကြီးဂရုမစိုက်နိုင်ပါချေ။ ဝမ်ဖုန်းအနေဖြင့် ဤနတ်ဘုရားဘုံလောကအတွင်း အတားအဆီးမရှိသွားလာနိုင်သည့် အကြောင်းရင်းအများစုမှာ သူ၏ဘေးရှိ ဇာမဏီနတ်ဓားကျိုးကြောင့်ဖြစ်ကြောင်း ဝမ်ဖုန်း သေချာသိသည်။ ဝမ်ဖုန်းမှ ဆေးဥယျာဉ်အတွင်းသို့ မဝင်ရောက်နိုင်လျှင် ဤတောနက်ကြီးထဲမှ ဧကရာဇ်သားရဲကြီးများ၏ တစ်စစီဆုတ်ဖြဲခြင်းကို ခံရပေလိမ့်မည်။
“အရှင်သခင် ကြွပါ”
ယောင်ရွှမ်းသည် ကိုယ်ကိုမတ်၍ လက်ကိုဆန့်ထုတ်ကာ ဝမ်ဖုန်းတို့ကို ရှေ့မှဦးဆောင်သွားလျက် ပြောသည်။
ဝမ်ဖုန်း ခေါင်းညိတ်လိုက်ပြီး လီပိုင်နှင့်အခြားသူများကို ဦးဆောင်၍ ယောင်ရွှမ်း၏နောက်သို့ လိုက်သွားခဲ့သည်။ ဘေးရှိ လင်းယုန်ဇာမဏီဧကရာဇ်သားရဲသည်လည်း ဝမ်းမြောက်ပျော်ရွှင်သွား၍ နောက်မှ အလျင်အမြန်လိုက်၏။
ထိုအမူအရာကြောင့် ယောင်ရွှမ်းသည် လင်းယုန်ဇာမဏီဧကရာဇ်သားရဲကို တစ်ချက်မျှအကြည့်ပို့လိုက်ပြီးနောက် လျစ်လျူရှုလိုက်သည်။
နတ်ဘုရား၏တမန်တော်ကို ပထမဆုံးခံစားခွင့်ရသည့် ဧကရာဇ်သားရဲဖြစ်ရာ နတ်ဘုရား၏တမန်တော်မှ ညွှန်ကြားမှုတစ်စုံတစ်ရာမရှိသ၍ လင်းယုန်ဇာမဏီဧကရာဇ်သားရဲကို ဟန့်တားကြလိမ့်မည်မဟုတ်ပေ။
ရှပ်!
ဂိတ်တံခါးဝကို ဖြတ်သန်းချိန်၌ ဝမ်ဖုန်းတို့သည် မိမိတို့စတစ်ကိုယ်လုံးကို တုန်လှုပ်ချောက်ချားဖွယ်သောအသိတစ်ခုဖြင့် လွှမ်းခြုံခံနေရလေသည်။ သို့သော် ဇာမဏီနတ်ဓားကျိုးအနီးသို့ ကပ်လိုက်ချိန်တွင်တော့ ၎င်းခံစားချက်များအားလုံး ပျောက်ဆုံးသွားခဲ့သည်။
၎င်းတုန်လှုပ်ချောက်ချားဖွယ်အသိကြောင့် ဝမ်ဖုန်းတို့မှာ တုန်လှုပ်သွားကြရသည်။ ဤအသိကို ဖုံးလွှမ်းဖြစ်ပေါ်စေသူသည် ဟုန်မန်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိပြီးဖြစ်လောက်ပေမည်။ အချိန်ခဏလေးမျှသာ ဖြစ်သည့်တိုင် ဝမ်ဖုန်းတို့ကို ခုခံနိုင်စွမ်း စိုးစဉ်းမျှပင်မရှိဘဲ ဖိနှိပ်ခံလိုက်ရစေခဲ့သည်။
ဝမ်ဖုန်းတို့သည် လက်တွေ့စစ်မှန်သောခံစားချက်တစ်မျိုးကို ခံစားလိုက်ရသောကြောင့် အပေါ်သို့မော့ကြည့်လိုက်ရာ နေရာ၌ပင် အံ့ဩမင်သက်သွားရလေသည်။
ဆေးဥယျာဉ်ကြီးတစ်ခုလုံးသည် တောက်ပနေသည်။ ကြီးမားသောတောင်ကြားတစ်ခွင်လုံး၌ ဆေးပင်များဖြင့် ပြည့်နှက်နေသည်။ တောင်ကြားထဲတွင် မရေမတွက်နိုင်သော ပုံရိပ်များထွက်ပေါ်လာနေသည်မှာ အိပ်မက်တစ်ခုအလား လက်တွေ့မဆန်လှပေ။
ဤတောင်ကြားအတွင်း၌ ပေါက်ရောက်နေကြသော သာမန်မြက်ပင်များ၊ သစ်ပင်များပင်လျှင် သလင်းကျောက်ကဲ့သို့ ကြည်စင်တောက်ပနေကြသည်။
ရနံ့သင်းသင်းများ နှခေါင်းဝသို့ တိုးဝင်လာကြသည်။ တစ်ချက်ရှူရှိုက်လိုက်သည်နှင့် ဝမ်ဖုန်းတို့၏ခန္ဓာကိုယ်တွင်းသို့ ကြီးကျယ်ခမ်းနားလှစွာသောစွမ်းအင်များ ဝင်ရောက်လာကြ၏။ ထို့ကြောင့် အလိုအလျောက်ပင် တင်ပျဉ်ခွေထိုင်လိုက်ကြကာ အားကုန်သုံး၍ ဝင်ရောက်လာသောစွမ်းအင်များကို သန့်စင်ကျင့်ကြံကြလေသည်။
လင်းယုန်ဇာမဏီဧကရာဇ်သားရဲနှင့် လီပိုင်သည်လည်း ချွင်းချက်မဟုတ်ပါချေ။
ဧကရာဇ်အရှိန်အဝါစွမ်းအင်များသည် တန်ဖိုးမရှိသည့်အရာအလား ဆေးပင်များထံမှ နေရာအနှံ့အပြားသို့ စိမ့်ထွက်နေကြသည်။ ၎င်းစွမ်းအင်များသည် ဝမ်ဖုန်းတို့ထံသို့ တစ်လုံးတစ်ခဲ ဝင်ရောက်လာကြလေရာ ဝမ်ဖုန်းတို့မှာ စွမ်းအင်ရင်းမြစ်၌ မွေးဖွားလာခဲ့သည့်အလား ဉာဏ်အလင်းပွင့်လာကြသည်။
ကျင့်ကြံဆင့်အနိမ့်ဆုံးဖြစ်သော ကုညီအစ်ကို၏ကျင့်ကြံဆင့်သည် အမြန်ဆန်ဆုံးတိုးတက်၏။ မျက်တောင်တစ်ခတ်မျှသောအချိန်အတွင်း၌ပင် ဒုံးပျံယာဉ်စီးသည့်အလျင်ဖြင့် နယ်ပယ်တစ်ခုကို ဖြတ်ကျော်တက်လှမ်းသွားပေသည်။