← Chapters

ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်သို့တက်လှမ်း

Vol. 39 Ch. 547

ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်သို့တက်လှမ်း

Vol. 39 Ch. 547

Translator - Hsue Htet

ကြီးကျယ်ခမ်းနားသောစွမ်းအင်များနှင့် ဧကရာဇ်နယ်ပယ်ကျင့်စဉ်များ စုပြုံရောက်ရှိလာခြင်းကြောင့် ဝမ်ဖုန်းတို့အားလုံး ထိတ်လန့်သွားကြသည်။ ခန္ဓာကိုယ်တွင်း အရိုးများမှ အသံများထွက်ပေါ်လျက် တစ်ကိုယ်လုံးမှာလည်း သလင်းကျောက်ကဲ့သို့ ကြည်စင်တောက်ပလာသည်။

ကြမ္မာဝိဉာဉ်၊ တစ်ဖက်လောကလျိုယင်းခန္ဓာ၊ လျိုယင်းနှလုံးသားတို့သည် သီးခြားရပ်တည်လှုပ်ရှားကြသည်။ ကြမ္မာဝိဉာဉ်သည် ဧကရာဇ်နယ်ပယ်ကျင့်စဉ်ကို သိမြင်နားလည်ပြီး တစ်ဖက်လောကလျိုယင်းရုပ်ခန္ဓာနှင့် လျိုယင်းနှလုံးတို့သည် ကြီးကျယ်ခမ်းနားသောစွမ်းအင်များကို စုပ်ယူကြသည်။

ခန္ဓာကိုယ်မှာ ရှေးဟောင်းဧကရာဇ်ကြီးကဲ့သို့ အထက်မှအောက်အဆုံး ဧကရာဇ်ကျင့်စဥ်စွမ်းအင်ပင်လယ်ထဲတွင် နစ်မြုပ်နေလေရာ မြင်ကွင်းမှာ အလွန်အံ့ချီးဖွယ်ကောင်းလှသည်။

ကနဦး၌ ရိုးဖြောင့်စွာပြုံးနေခဲ့သည့် ယောင်ရွှမ်းသည် ရုတ်တရက်တောင့်ခဲသွားကာ ဝမ်ဖုန်းကို သံသယဖြင့်ကြည့်လာ၏။ ဂရုတစိုက် စိစစ်အကဲခတ်ပြီးနောက် စိတ်နှလုံးမှာ အလွန်လေးလံသွားတော့သည်။

နတ်ဘုရား၏တမန်တော်ဟု မဆိုရပေ။ အထုံပါရမီသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။

ယောင်ရွှမ်း တုန်လှုပ်သွားသည်။ ဝမ်ဖုန်း၏ကျင့်ကြံဆင့်သည် သူ့အတွက် အချိန်မရွေး ဖိညှစ်သတ်ပစ်ရနိုင်သည့် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ မပြောပလောက်သော်ငြား ဝမ်ဖုန်း၏ခန္ဓာကိုယ်တွင်း ဖုံးကွယ်နေဟန်ရှိသော လျှို့ဝှက်ဆန်းကြယ်မှုသည် ဧကရာဇ်သားရဲဖြစ်သည့်ယောင်ရွှမ်းကို ထိတ်လန့်ကြောက်ရွံ့စေသည်။

ဝမ်ဖုန်းကဲ့သို့သောပုဂ္ဂိုလ်သည် ဟုန်မန်နတ်ဘုရားနယ်ပယ်သို့ရောက်ရှိရန်မှာ အချိန်ပြဿနာသာဖြစ်၏။

ဝမ်ဖုန်းသည် ယောင်ရွှမ်း၏တုန်လှုပ်နေမှုကို မသိပေ။ ထိုအချိန်၌ ဝမ်ဖုန်းသည် သူ၏သိစိတ်အတွင်းသို့ လုံးလုံးလျားလျား နစ်မြုပ်နေခဲ့ပြီး ခန္ဓာကိုယ်မှာ အရှိန်အဟုန်ဖြင့် ဖုံးလွှမ်းနေကာ ဝိဉာဉ်သည်လည်း အင်အားအကြီးမားဆုံးအဖြစ် ဖွဲ့စည်းတည်ရှိနေပြီး အမြင့်သို့တက်လှမ်းမည့်လက္ခဏာများ ခပ်ရေးရေးထွက်ပေါ်နေသည်။

ဆေးပင်များမှ စိမ့်ထွက်နေသောဧကရာဇ်စွမ်းအင်များသည် ဝမ်ဖုန်း၏ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်နေကြသည်မှာ စွမ်းအင်ပိုးအိမ်တစ်ခုကို ဖွဲ့စည်းနေသည်ဟု ထင်မှတ်ရသည်အထိ ဝမ်ဖုန်း၏ဘေးပတ်လည်၌ ဝန်းရံနေခဲ့သည်။

ဤဆေးဥယျာဉ်သည် မည်မျှသက်တမ်းရှိခဲ့ပြီ မသိပေ။ မရေမတွက်နိုင်သော ဆေးပင်များနှင့် များပြားစုံလင်လှသော မှော်ဆေးပင်များလည်း ရှိသည်။ ထာဝရပိတ်ဆို့ထိန်းသိမ်းထားမှုအောက်၌ ဤဆေးဥယျာဉ်အတွင်း စု‌ပုံနေ‌ခဲ့သော ဧကရာဇ်စွမ်းအင်များသည် သာမန်လူများ မှန်းဆစိတ်ကူးနိုင်သည့်ပမာဏထက် များစွာကျော်လွန်သွားခဲ့လေသည်။

ဝမ်ဖုန်းနှင့်အခြားသူများသည် ၎င်းရှည်ကြာစွာထိန်းသိမ်းထားရှိသော ဆေးဉယျာဉ်၏ ပထမဆုံးအကျိုးအမြတ်ရရှိသူများ ဖြစ်ကြသည်။ သူတို့ရရှိခဲ့သည့် အကျိုးအမြတ်တို့မှာ အလွန်တရာအံ့ချီးဖွယ်ဖြစ်၏။

ဆေးဥယျာဉ်ထဲ၌ ဝမ်ဖုန်းတို့သည် မိမိတို့ကိုယ်ကို ကျင့်ကြံမှု၌နစ်မြုပ်ထားကြပြီး အပြင်ကမ္ဘာလောကနှင့် အခြားအရာအားလုံးကို မေ့လျော့သွားကြတော့သည်။ သူတို့၏စိတ်ထဲတွင် ဆန်းကြယ်လှစွာသော ဧကရာဇ်စွမ်းအင်သာလျှင် ကြီးစိုးနေပေသည်။

အချိန်မည်မျှကြာမြင့်သွားခဲ့ပြီ မသိတော့။ ဝမ်ဖုန်း၏ခန္ဓာကိုယ်သည် မှုန်မှိုင်းမှိုင်းမိုးကြိုးကဲ့သို့ ဟိန်းဟောက်သံကြီးမြည်ဟီးလာခဲ့သည်။ ကြမ္မာဝိဉာဉ်၊ တစ်ဖက်လောကလျိုယင်းရုပ်ခန္ဓာ၊ လျိုယင်းနှလုံးသားတို့သည် အထူးရုပ်ခန္ဓာအသစ်တစ်ခုအဖြစ် ‌ပြီးပြည့်စုံစွာ ပေါင်းစည်းသွားခဲ့သည်။

တစ်ကိုယ်လုံးရှိ အရိုးများတုန်ခါလာပြီး ဧကရာဇ်စွမ်းအင်များမှ ဖြစ်တည်လာသော အက္ခရာများသည် ဝမ်ဖုန်း၏အရိုးများထက်တွင် ခတ်နှိပ်ပြီးဖြစ်သွားသည်။ သို့ဖြင့် ဝမ်ဖုန်း၏ခန္ဓာကိုယ်နှင့် ဧကရာဇ်ရုပ်ခန္ဓာတို့ အချိုးကျရောစပ်သွားသည်။

ထိုအခိုက်အတန့်၌ ဝမ်ဖုန်းမှ ဖြစ်တည်လာသောမြင်ကွင်းမှာ အလွန်တရာ လျှို့ဝှက်းဆန်းကြယ်၍ အံ့ချီးဖွယ်ကောင်းလှသည်။ ဝမ်ဖုန်း၏အထက်၌ ဆေးပင်များ၏ပုံရိပ်ယောင်များ ထင်ဟပ်နေကြသည့်မြင်ကွင်းမှာလည်း ထာဝရနတ်ဘုရားဧကရာဇ်တစ်ပါးအလား ထင်မှတ်ရပေသည်။

“ပျက်သုဉ်းခြင်းဧကရာဇ်အဆင့်ကို တက်လှမ်းရုံလေးတောင်မှ ဒီလိုမြင်ကွင်းမျိုး ဖြစ်ပေါ်စေတယ်တဲ့။ အရှင်သခင်က တကယ်ကို အံ့မခန်းပါပဲ!”

ယောင်ရွှမ်း၏တောက်ပနေသော မျက်လုံးအစုံ၌ မနာလိုအားကျခြင်းများ မထိန်းချုပ်နိုင်စွာ လင်းလက်နေပေသည်။ ဆေးဉယျာဉ်၏ ကြီးကြပ်သူအနေဖြင့် ယောင်ရွှမ်းသည် ဤဆေးဥယျာဉ်ထဲ၌ တစ်နှစ်ပတ်လုံး ရှိနေခဲ့ရသည်ဖြစ်ရာ ဤဆေးပင်များမှ ထုတ်လွှတ်သော ဧကရာဇ်စွမ်းအင်နှင့် ကျင့်သားရနေခဲ့လေပြီ။

ပိုမိုမြင့်မားသော နတ်ဘုရားကျင့်စဉ်များကိုလည်း သိမြင်နားလည်ပြီးသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်၏။ သို့တိုင် အနည်းငယ်မျှသော တိုးတက်မှုလေးပင် မရှိခဲ့ချေ။ ယခု၌ ဝမ်ဖုန်းမှ အဆင့်တက်လှမ်းသွားသည်ကို မျက်မြင်တွေ့လိုက်ရရာ ယောင်ရွှမ်းမှာ စိတ်ခံစားချက်များ ပြည့်နှက်နေတော့သည်။

ဝမ်ဖုန်းသည် ဆေးပင်များ၏ ဧကရာဇ်စွမ်းအင်များထဲတွင် နစ်မြုပ်နေပြီး ဝိဉာဉ်သည် အနည်းငယ်ရူးသွပ်နေ၏။ ဤသည်မှာ အသစ်အဆန်းဖြစ်သော ကံကောင်းမှုကြီးဖြစ်သည်။

သာမန်လူများသည် အဘယ်သို့များ အဆုံးအစမဲ့သော ဧကရာဇ်စွမ်းအင်ပင်လယ်အတွင်းသို့ ရောက်ရှိနိုင်ပြီး ဧကရာဇ်ကျင့်စဉ်ကို နားလည်လက်ခံနိုင်ပါအံ့နည်း။ ဤသည်မှာ အဘယ်သို့မျှ တောင်းဆို၍မရနိုင်သောအရာဖြစ်သည်။

အရေးအကြီးဆုံးအချက်မှာ ဤဆေးပင်များ၏ ဧကရာဇ်ကျင့်စဥ်စွမ်းအင်များသည် ဝမ်ဖုန်း၏စိတိနှလုံးတွင်းသို့ ဖြေးဖြေးချင်း ပျံ့နှံ့စိမ့်ဝင်နေခြင်းမဟုတ်။ ဝမ်ဖုန်း၏စိတ်နှလုံးထဲ၌ သိမ်မွေ့စွာ ဆင့်ကဲဖွဲ့စည်းနေခြင်းဖြစ်သည်။ သို့ဖြင့် ဝမ်ဖုန်းသည် ဧကရာဇ်ကျင့်စဉ်ကို တိုက်ရိုက်ကူးယူမာည့်အစား မိမိကိုယ်တိုင်၏ ဧကရာဇ်ကျင့်စဉ်ကို သိမြင်နားလည်နိုင်ပေလိမ့်မည်။

ဤနည်းလမ်းသည်လည်း ဝမ်ဖုန်းအတွက် အသစ်အဆန်းဖြစ်သော အကျိုးအမြတ်ဖြစ်ပေသည်။

ဘယ်ပျက်သုဉ်းခြင်းအဆင့်ကျင့်ကြံသူကများ ဆင့်ကဲတိုးတက်နေချိန်မှာ ဧကရာဇ်ကျင့်စဉ်တွေ တစ်ခုထက်ပိုရှိနိုင်မှာတဲ့လဲ?

ဧကရာဇ်ကျင့်စဉ်စွမ်းအင် ဆင့်ကဲတိုးတက်မှုသည် ဝမ်ဖုန်းကို သိမြင်နားလည်မှုအသစ် ဖြစ်ပေါ်စေခဲ့သည်။

ဝမ်ဖုန်းမှာ ပန်းတစ်ပွင့်အဖြစ်သို့ ပြောင်းလဲသွားသည့်အလား ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းခြင်းနှင့် ဧကရာဇ်ကျင့်စဉ် ဆင့်ကဲပြောင်းလဲခြင်းတို့ကို မျက်မြင်ကြုံ‌တွေ့ခဲ့ရသည်။ ဝမ်ဖုန်းသည် မိမိမှာ အဆုံးအစမဲ့သော ပန်းပင်လယ်ပြင်ထဲသို့ ရောက်ရှိနေသည့်ပန်းတစ်ပွင့်ကဲ့သို့ ပန်းပွင့်ထောင်သောင်းချီ၏ ဆင့်ကဲပွင့်လန်းမှုကို မြင်တွေ့ခဲ့ရလေသည်။

ထို့နောက်တွင် ဝမ်ဖုန်းမှာ မြက်တစ်ပင်အဖြစ် ပြောင်းလဲသွားသည်ကဲ့သို့ ခံစားရသည်။ မြေဆီလွှာထဲတွင် ခက်ခက်ခဲခဲဖြင့် မြေဆီလွှာကို ခွဲထွက်လျက် ဆူးပင်ဆူးခက်များကို ဖြတ်ကျော်၍ ကပ်ဘေးမျိုးစုံမှ ရှင်သန်ခဲ့သည်။ ခိုင်ကြည်သောစိတ်ဆန္ဒဖြင့် ခိုင်ကြည်သောဧကရာဇ်ကျင့်စဉ်ကို ပေါင်းစည်းခဲ့သည်။

ဆေးပင်မျိုးစုံတို့မှာ ဝမ်ဖုန်းကြောင့် ဆင့်ကဲပြောင်းလဲကုန်သည်။ ဤဆေးပင်များ၏ ဧကရာဇ်စွမ်းအင်ကို ဝမ်ဖုန်း စွဲလမ်းသွားခဲ့ပြီး ဧကရာဇ်ကျင့်စဉ်ကိုလည်း ဆင့်ကဲတိုးတက်စေခဲ့သည်။

ကောင်းကင်ဘုံ၏နာမတော်ဖြင့် ဧကရာဇ်သည် အရာအားလုံးကို မေ့လျော့နိုင်စွမ်း၏။ ဧကရာဇ်သည် ကမ္ဘာလောက၏ လေးစားရိုသေမှုကို ခံယူရာ၏!

ဧကရာဇ်သည် ကမ္ဘာမြေထက်တွင် မြင့်မြတ်၍ ကမ္ဘာလောက၏ လေးစာရိုသေမှုကို ခံယူသည်။ အလားအလာသည် အဆုံးမဲ့၏!

ပျက်သုဉ်းခြင်းဧကရာဇ်ကို သဘောပေါက်နားလည်မှုသည် ဝမ်ဖုန်း၏ စိတ်နှလုံးတွင်း မျောလွင့်နေပြီး ထို့နောက်တွင် ကိုယ်ပိုင်ဧကရာဇ်ကျင့်စဉ်ကို ဖန်တီးရန်အတွက် စိတ်နှလုံးတွင်း စုပ်ယူခြင်းခံရသည်။

သူ၏ခန္ဓာကိုယ်တွင်းရှိ ကြမ္မာဝိဉာဉ်သည် ဧကရာဇ်ကြမ္မာအဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားပြီး ဝမ်ဖုန်း၏ ကံကြမ္မာအပေါ် သိမြင်နားလည်မှုသည် မြင့်မားသည့်အဆင့်သို့ တက်လှမ်းသွားသည်။ တစ်ဖက်လောကလျိုယင်းရုပ်ခန္ဓာသည် ဧကရာဇ်တစ်ဖက်လောကလျိုယင်းရုပ်ခန္ဓာအဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားသည်။

၎င်းဧကရာဇ်စွမ်းအင်သုံးခုသည် ဝမ်ဖုန်း၏ခန္ဓာကိုယ်ထဲတွင် ရောယှက်ဆက်နွယ်သွားကြသည်။ အနည်းငယ်ထူးဆန်းသည်ထင်ရသော်ငြား ပြီးပြည့်စုံသည့်ခံစားချက်လည်းရ၏။

ဘုန်း!

ဝမ်ဖုန်းထံမှ ကြောက်ခမန်းလိလိသောစွမ်းအင်များ ဖြာထွက်လာ၍ ပတ်ဝန်းကျင်မှာလည်း တုန်ခါလာသည်။ ဝမ်ဖုန်းကိုဝန်းရံနေသော များစွာသော ဆေးပင်ပုံရိပ်ယောင်များသည်လည်း ဝမ်ဖုန်း၏အမြင့်သို့တက်လှမ်းမှုကို ဂုဏ်ပြုနေသည့်အလားပင်။

ဝမ်ဖုန်းသည် ချန်ခွမ်းသူတော်စင်အထွတ်အထိပ်မှ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ် မူလဧကရာဇ်အထွတ်အထိပ်အဆင့်သို့ တိုက်ရိုက်တက်လှမ်းသွားသည့်အပြင် ဆက်လက်တက်လှမ်းနေဆဲဖြစ်သည်။

ဝမ်ဖုန်းသည် ဆေးပင်များကို စားသုံးခြင်းမရှိသည့်တိုင် ဆေးဥယျာဉ်အတွင်း နှစ်ပေါင်းများစွာစုပုံနေခဲ့သော ဆေးစွမ်းအင်များသည်ပင် ဝမ်ဖုန်းကို များစွာတိုးတက်စေသည်။

ဧကရာဇ်နှလုံးသားကနဦးအဆင့်…

ဧကရာဇ်နှလုံးသားအလယ်အလတ်အဆင့်…

ဘုန်း!

ဝမ်ဖုန်း၏ခန္ဓာကိုယ်အတွင်း၌ မိုးခြိမ်းသံကြီးပေါက်ကွဲသွားခြင်းနှင့်အတူ ဝမ်ဖုန်း၏ကျင့်ကြံဆင့်သည် ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားသည်။ ထို့နောက် ရပ်တန့်သွားသည်။ အဘယ်ကြောင့်ဆိုသော် ဝမ်ဖုန်းသည် သူ၏အင်အားအများစုကို ဧကရာဇ်ကျင့်စဉ်နှင့် ရုပ်ခန္ဓာဖွဲ့စည်းပေါင်းစပ်ရန်အတွက် အသုံးပြုလိုက်ခြင်းကြောင့်ဖြစ်သည်။ သို့မဟုတ်ပါက ဝမ်ဖုန်း၏ကျင့်ကြံဆင့်သည် လက်ရှိထက် များစွာပို၍ တိုးတက်လိမ့်ဦးမည်ဖြစ်၏။

“ဒင်! ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်အဆင့်ကို ရောက်ရှိခြင်းအတွက် သခင့်ကိုဂုဏ်ပြုပါတယ်။ သခင့်ရဲ့ကျင့်ကြံဆင့်က ဆေးဥယျာဉ်ရဲ့အကူအညီနဲ့ ဇာမဏီစစ်နတ်ဘုရားရဲ့ တိုးတက်သွားခြင်းဖြစ်တာကြောင့် သခင့်ရဲ့ကျင့်ကြံဆင့်တိုးတက်မှုဟာ ထီလက်မှတ်နဲ့ အစောင့်အရှောက်တွေနဲ့ နတ်သားရဲတွေအတွက် အကျုံးမဝင်ပါဘူး”

ဝမ်ဖုန်း မျက်လုံးဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် စနစ်၏အသံထွက်ပေါ်လာခဲ့သည်။ ဝမ်ဖုန်း စနစ်ကို လျစ်လျူရှုလိုက်သည်။

ဝမ်ဖုန်းသည် စနစ်၏ ကပ်သီးကပ်သပ်နိုင်မှုကို သိထားပြီးဖြစ်ရာ အံ့ဩမနေတော့ပေ။ မတ်တပ်ထရပ်၍ လီပိုင်နှင့်အခြားသူများကို ကြည့်လိုက်သည်။

တစ်ချက်ကြည့်လိုက်ပြီးနောက် ဝမ်ဖုန်း၏မျက်လုံးအိမ်တို့ ကျဉ်းကျုံ့သွားပြီး ပျော်ရွှင်ဝမ်းမြောက်ခြင်းတို့ မျက်နှာထက်တွင် ထင်ဟပ်သွား၏။ လီပိုင်သည်လည်း ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်အဆင့်သို့ တက်လှမ်းသွားပြီး အစောင့်အရှောက်၂ ရှီကန်တန့်နှင့် ကျင့်ကြံဆင့်တူညီသွားခဲ့သည်။ စစ်ထူကျုံးသည်လည်း ဧကရာဇ်နှလုံးသားအထွတ်အထိပ်အဆင့်သို့ ‌ရောက်ရှိသွား၏။

ကုညီအစ်ကိုနှစ်ဦးသည်တော့ အဆင့်များစွာပို၍တက်လှမ်းသွားခဲ့ပေသည်။ ချန်ခွမ်းယွမ်အဆင့်မှ အဆင့်များစွာကိုကျော်ဖြတ်၍ ချန်ခွမ်းဧကရာဇ်အဆင့်သို့ ‌‌တက်လှမ်းနိုင်ခဲ့သည်။

ဤမျှကြောက်မက်ဖွယ်အဆင့်တက်လှမ်းမှုကြီးသာ အပြင်လောကသို့ ပျံ့နှံ့သွားပါလျှင် ချန်ခွမ်းအထွတ်အမြတ်ဘုံကြီးတစ်ခုလုံး ပွက်လောရိုက်သွားနိုင်‌ပေသည်။

All Chapters