← Chapters

ဉာဏ်အလင်းပွင့်ပန်း

Vol. 39 Ch. 548

ဉာဏ်အလင်းပွင့်ပန်း

Vol. 39 Ch. 548

Translator - Hsue Htet

ကြည့်ရသည်မှာ ဆေးဥယျာဉ်၏စွမ်းအင်များသည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အောက်ရှိ ကျင့်ကြံဆင့်များအတွက် ပိုမိုအကျိုးသက်ရောက်မှုရှိပုံရ၏။

ဝမ်ဖုန်း သက်ပြင်းတစ်ချက်ရှူထုတ်လိုက်မိသည်။ သူကြိုသိထားခဲ့ပါလျှင် လီရှောင်းယောင်၊ လီချင်းနှင့်အခြားသူများကိုလည်း ခေါ်လာခဲ့မည်ဖြစ်၏။

လင်းယုန်ဇာမဏီဧကရာဇ်သားရဲပင်လျှင် အဆင့်တက်လှမ်းသွားနိုင်ခဲ့လေရာ လီရှောင်းယောင်နှင့် အခြားသူများကို ခေါ်မလာမိခဲ့ခြင်းမှာ အလွန်နှမြောတသဖွယ်ကောင်းလှသည်။

“မဟုတ်သေးဘူး! လီရှောင်းယောင်တို့ ဒီမှာရှိမနေပေမယ့် ကမ္ဘာဝန်းက ငါနဲ့အတူရှိနေတာလေ”

ဝမ်ဖုန်း ရုတ်တရက် အတွေးရသွားသောကြောင့် မျက်လုံးများတောက်ပသွား၍ စိတ်ထဲမှရေရွတ်လိုက်သည်။

“ဒါပေမဲ့ ကမ္ဘာဝန်းထဲမှာရှိနေတဲ့သူက အများကြီးဆိုတော့ နည်းနည်းရှက်ဖို့ကောင်းနေမလား?”

ဝမ်ဖုန်း၏ အမေးစကားကိုကြားသောအခါ ယောင်ရွှမ်း ကြောင်အ,သွားသည်။ ယောင်ရွှမ်းသည် ပါးစပ်ဟ၍ တစ်စုံတစ်ရာပြောရန် ဟန်ပြင်လိုက်သည့်တိုင် စကားထွက်မလာခဲ့ဘဲ ကသိကအောက်နိုင်စွာသာ ပြုံးလိုက်လေသည်။

ဝမ်ဖုန်းသည် နတ်ဘုရား၏တမန်တော်ဖြစ်နေသောကြောင့်ပင် တော်သေးသည်။ ဝမ်ဖုန်းသာ သာမန်လူတစ်ယောက်ဖြစ်နေပါက ထိုသို့သောစကားကိုကြားသည်နှင့် ‌အသွေးအသားများ စိစိညက်ညက်ကြေအောင် ဖိချေသတ်ဖြတ်ပစ်ခဲ့ပြီးဖြစ်ပေမည်။ အရိုးတစ်စပင် အကောင်းတိုင်းမကျန်စေရ။

“အရှင်သခင်ဗျ.. ဒီဆေးဥယျာဉ်ထဲမှာ ဆေးစွမ်းအင်တွေ၊ ဧကရာဇ်ကျင့်စဉ်နဲ့ ဧကရာဇ်စွမ်းအင်တွေ အများကြီးလွှမ်းခြုံတည်ရှိနေတာ မှန်ပေမယ့် နယ်ပယ်က ပိုပြီးအဖိုးတန်လေလေ ဧကရာဇ်ဆေးဝါးအတွက် ပိုအသုံးဝင်လေဖြစ်ပြီး နတ်ဘုရားဆေးလုံးအတွက်တောင်မှ လက်လွတ်စပယ် အသုံးပြုမရနိုင်တာကို သိရပါမယ်”

ယောင်ရွှမ်းသည် ဝမ်ဖုန်းကို ထူးဆန်းစွာကြည့်လျက် ခါးသီးစွာပြောသည်။ ဤအရှင်သခင်သည် နည်းနည်းလောဘကြီးပေ၏!

ဆေးဥယျာဉ် စတင်ဖြစ်တည်ခဲ့ချိန်မှစ၍ နတ်ဘုရားမှ လာရောက်ကြည့်ရှုခြင်း မရှိခဲ့သည်မှာ အမှန်ဖြစ်ပါ၏။ သို့ဖြစ်စေ ဤဆေးဥယျာဉ်သည် နတ်ဘုရားကို အလုပ်အကျွေးပြုရန်အတွက် တည်ရှိ‌ေနခြင်းဖြစ်ပေသည်။ ဆေးဥယျာဉ်အတွင်းရှိ လက်နက်ဆေးပင်များနှင့် မှော်ဆေးပင်များသည် နတ်ဘုရားဘုံလောက၏ နက်ရှိုင်းလှစွာသောအတွင်းထဲမှ ရှေးဟောင်းသတ္တဝါကြီးများအတွက်မှအပ အခြားသူများ သုံးစွဲရန် အရည်အချင်းမပြည့်မီပေ။

ဝမ်ဖုန်းကို နတ်ဘုရား၏တမန်တော်ဟု ထင်မှားနေခြင်းကြောင့်မဟုတ်ခဲ့လျှင် ဆေးဥယျာဉ်အတွင်း ခြေချရန်ပင် အရည်အချင်းပြည့်မီခဲ့မည် မဟုတ်ချေ။

ယောင်ရွှမ်း၏စကားအဆုံး၌ ဝမ်ဖုန်း၏မျက်နှာအမူအရာမှာ အနည်းငယ်စိတ်ပျက်သွား၏။ ဝမ်ဖုန်းသည် ကမ္ဘာဝန်းထဲရှိ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများနှင့် ဂိုဏ်းတပည့်များကိုလည်း တိုးတက်စေချင်သည်။

“ဒါပေမဲ့ ဒီလူအိုကြီးက သင့်တော်သလို နည်းနည်းလောက်ယူပေးနိုင်ပါတယ်”

“အရှင်သခင်ရဲ့သဘောက သတ္တဝါတွေရှင်သန်နိုင်ဖို့ လျှို့ဝှက်ဘုံတစ်ခုရှိတာပဲ မဟုတ်ပါလား။ ဒီလူအိုကြီးက အရှင်သခင်ရဲ့ လျှို့ဝှက်ဘုံထဲကို ဆေးပင်စွမ်းအင်နဲ့ ဧကရာဇ်စွမ်းအင်အချို့ကို တိုက်ရိုက်လောင်းထည့်ပေးနိုင်ပါတယ်”

ဝမ်ဖုန်းမှ စိတ်ပျက်သွားစဉ်တွင် ယောင်ရွှမ်း၏အသံထပ်မံထွက်ပေါ်လာခဲ့သောကြောင့် ဝမ်ဖုန်း အံ့အားသင့်သွားရသည်။

“‌ယောင်လောင်ကို ကျေးဇူးတင်ပါတယ်”

ဝမ်ဖုန်း အလျင်အမြန် လက်ဟန်ဖြင့်အရိုအသေပြု ကျေးဇူးတင်လိုက်သည်။

“အရှင်သခင် ယဉ်ကျေးလွန်းနေပါပြီ”

ဝမ်ဖုန်း၏အပြုအမူကြောင့် ယောင်ရွှမ်းသည် သူ၏ကိုယ်ကို ချက်ချင်းဘေး‌ဘက်သို့ ရွှေ့ပြောင်းလိုက်သည်။ ဝမ်ဖုန်း၏အရိုအသေပြုခြင်းကို သူလက်မခံဝံ့ပါချေ။ ထို့ကြောင့် လက်ကိုဝှေ့ယမ်းလျက် ခပ်ဖျော့ဖျော့အပြုံးဖြင့် တုံ့ပြန်ပြောလိုက်သည်။

“ဒါနဲ့ အရှင်သခင်.. ဆေးဥယျာဉ်ရဲ့စွမ်းအင်နဲ့ ဧကရာဇ်ကျင့်စဉ်တွေက အရှင်သခင်ရဲ့‌လျှို့ဝှက်ဘုံ‌ကို ပိုပြီး ပြီးပြည့်စုံသွားစေပါလိမ့်မယ်။ အရှင်သခင်‌အနေနဲ့ ဒီလူအိုကြီးက အရှင်သခင်ရဲ့ လျှို့ဝှက်ဘုံထဲမှာ ဆေးပင်တချို့စိုက်ပျိုးပေးဖို့ကို ခွင့်ပြုပေးနိုင်မလား?”

ယောင်ရွှမ်း ရုတ်တရက်စဉ်းစားမိလာသည့်အတွေးကို ထပ်မံပြောဆိုလိုက်သည်။

“ကောင်းပါပြီ”

“ဒါဆို ယောင်လောင်ကပဲ ဒီအရှင်သခင်အတွက် ဆေးပင်အချို့ရွေးချယ်ပြီး စိုက်ပျိုးပေးပါဦး”

ဝမ်ဖုန်း ခဏမျှတွေးတောလိုက်ပြီးနောက် ခေါင်းညိတ်သဘောတူလိုက်သည်။

တောင်တန်းနှင့်လွင်ပြင်တစ်‌ခွင်လုံး‌တွင် ရှိနေသောဆေးပင်များသည် အနည်းဆုံး ရာထောင်ချီပမာဏရှိ၏။ သို့ဖြစ်ရာ ဆယ်ဂဏန်းခန့်မျှ ယူဆောင်ခြင်းသည် မလွန်ကျူးဘူးမဟုတ်လား?

ဤနတ်ဘုရားဘုံလောကကြောင့် မဟုတ်ခဲ့လျှင် ဇာမဏီစစ်နတ်ဘုရားသည် ကြောက်မက်ဖွယ်အခြေအနေထဲ၌ ရှိနေ‌ဆဲဖြစ်ပေလိမ့်မည်။ ၉၉ကြိမ်မြောက်ပြန်လည်ထမြောက်ခြင်းဖြစ်စဉ်အတွင်းသို့ ကျရောက်နေသည့်တိုင် အောင်မြင်စွာပြန်လည်ရှင်သန်ထမြောက်နိုင်ရန်မှာ မသေချာပေ။ ဝမ်ဖုန်းသည်လည်း ဤသို့ ရဲတင်းလွန်းခဲ့မည်မဟုတ်ပေ။ သို့မဟုတ်ပါက အဘယ်သို့များ သူ၏ကမ္ဘာဝန်းကို နတ်ဘုရားဘုံလောကထဲတွင် ခေါ်ယူထုတ်ဖော်ဝံ့ပါမည်နည်း။

ယောင်ရွှမ်း ပြုံး၍ခေါင်းညိတ်လိုက်သည်။ ဤဆေးဥယျာဉ်အတွင်းရှိ ‌ဆေးပင်ပမာဏသည် ရေခဲတောင်ကြီး၏ ထိပ်ဖျားမျှသာဖြစ်ပေသည်။

နတ်ဘုရား၏တမန်တော်အဖြစ် ဝမ်ဖုန်း၏အဆင့်အတန်းသည် ‌ဇာမဏီစစ်နတ်ဘုရား၏ နတ်ဘုရားဘုံလောကတစ်ခုလုံးကို ‌မဝံ့မရဲဖြစ်စေသည်။ ဤနတ်ဘုရားဘုံလောက၏ နက်ရှိုင်းသည့်အတွင်းပိုင်းထဲတွင် အိပ်ပျော်နေကြသော သတ္တဝါကြီးများပင်လျှင် ဝမ်ဖုန်းကိုမြင်တွေ့လျှင် ရိုကျိုးကြပေလိမ့်မည်။

ဒီလိုအဆင့်အတန်းနဲ့ငါ့ကို ဆေးပင်နည်းနည်းလောက်ပေးလိုက်ရတာ အဲဒီ့ရှေးဟောင်းသတ္တဝါ‌တွေလည်း အပြစ်မမြင်လောက်ပါဘူး။

“ဒါက…!”

ယောင်ရွှမ်း၏အသံတွင် ဝမ်ဖုန်း၏မျက်လုံးအိမ်တို့ မှေးကျုံ့သွားပြီး ကြီးမားလှသောအံ့အားသင့်ဖွယ်ကြီးကြောင့် ဝမ်ဖုန်းမှာ အနည်းငယ်မူးဝေသွားရသည်။

မှော်ဆေးပင်ဖြစ်၏။ ဤနတ်ဘုရားဘုံလောကအတွင်း ရောက်ရှိပြီးသည်မှာ အချိန်ကြာမြင့်ခဲ့ပြီဖြစ်သော်ငြား မှော်ဆေးပင်ကို ဝမ်ဖုန်း မတွေ့မြင်ဖူးသေးပေ။

လီပိုင်နှင့် အခြားသူများသည်လည်း ပျော်ရွှင်ဝမ်းမြောက်ကြသည်။ ဟုန်မန်နတ်ဘုရားနယ်ပယ် မှော်ဆေးပင်ကို ပိုင်ဆိုင်နိုင်ခဲ့လျှင် ရှန်ရှန့်ကျုံဂိုဏ်း၏ နက်ရှိုင်းသောအခြေခံအုတ်မြစ်အတွက် လုံလောက်ပေလိမ့်မည်။ အခြားဆေးပင်များ မပါလျှင်သော်မှ နတ်ဆေးပင်ကို ကမ္ဘာဝန်းထဲတွင် စိုက်ပျိုးနိုင်လျှင် လုံလောက်လေပြီ။ ကမ္ဘာဝန်းသည် အံ့ဩတုန်လှုပ်ဖွယ်အပြောင်းအလဲများကို ကြုံတွေ့ခဲ့ရပြီးဖြစ်ရာ ကမ္ဘာဝန်း၏ ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကြီး၏စွမ်းအင်များသည် နတ်ဘုရားဘုံလောကထက် မသာလွန်သည့်တိုင် ပို၍ပြင်းထန်တင်းကျပ်ပေလိမ့်မည်။

‌ဟုန်မန်နတ်ဘုရားနယ်ပယ် မှော်ဆေးပင်တစ်ပင်သည် ကမ္ဘာလောကတစ်ခုကို ပြောင်းလဲပစ်ရန် လုံလောက်သည်။

လင်းယုန်ဇာမဏီဧကရာဇ်သားရဲ၏ ရှည်သွယ်ကျဉ်းမြောင်းသော မျက်လုံးများ၌ မနာလိုအားကျမှုများ ထင်ဟပ်နေသည်။ ‌‌ေမှာ်ဆေးပင်ကို သူရရှိနိုင်ခဲ့လျှင် ကျင့်ကြံမှုရင်းမြစ်များအတွက် စိုးရိမ်ရန်မလိုအပ်တော့ဘဲ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်၏ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။

သေချာပေါက်ပင် အရမ်းကြီး မနာလိုအားကျနေခြင်းလည်း မဟုတ်ပါချေ။ မိမိ၏ လက်ရှိတက်လှမ်းထားနိုင်သည့် နိယာမဧကရာဇ်အဆင့်ကိုလည်း သူကျေနပ်ပါ၏။ ဤကျင့်ကြံဆင့်သည် ဝမ်ဖုန်းကို မှီခို၍ရရှိခဲ့ခြင်း မဟုတ်ပါလော။ သူ၏ယခင်အဆင့်အတန်းသည် ဤဆေးဥယျာဉ်သို့‌ ခြေချရန်ပင် မတတ်နိုင်သည်လေ။

ယောင်ရွှမ်းမှ လက်ကိုဆန့်ထုတ်လိုက်ရာ ဆေးဥယျာဉ်အတွင်းပိုင်းမှ အလင်းစီးကြောင်းတစ်ခု ရုတ်ချည်းထွက်ပေါ်လာသည်။ မျက်တောင်တစ်ခတ်မျှသော အချိန်အတွင်း၌ ၎င်းသည် ယောင်ရွှမ်း၏ရှေ့လေဟာပြင်သို့ ရောက်ရှိရပ်တန့်သွားပြီး ရနံ့ပြင်းပြင်းတစ်ခုသည် နှာခေါင်းဝသို့ ရုတ်တရက်တိုးဝင်လာ‌သောကြောင့် ဝမ်ဖုန်းတို့မှာ အကြည့်ချင်းစုံလိုက်မိကြသည်။

၎င်းသည် ‌စူးရှတောက်ပသော ပန်းတစ်ပွင့်ဖြစ်ပြီး ၎င်းပန်းပွင့်မှ ဆေးရနံ့ပြင်းပြင်းတို့ ထွက်လာနေခြင်းဖြစ်သည်။ တစ်ချက်ရှူသွင်းလိုက်ရုံဖြင့် ဝမ်ဖုန်းတို့အားလုံးမှာ စိတ်အေးသက်သာစွာ ပျော်ရွှင်လာရသည်။ မိမိတို့၏ဝိဉာဉ်ထိတိုင် နူးညံ့သိမ်မွေ့သွားသည်ဟု ခံစားရပေသည်။

ပွင့်ဖတ်များ၏အထက်တွင် ‌ဧကရာဇ်စွမ်းအင်များ လွှမ်းမိုးတောက်ပနေသည်။ ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကြီး၏စွမ်းအင်တို့သည် အကိုင်းအခက်ပေါ်တွင် ရစ်ဝဲနေသည့်ပုံရိပ်မှာ အလွန်ထူးခြားဆန်းကြယ်လှ၏။

ပန်းပွင့်၏အလယ်ဗဟိုရှိ တင်ပျဉ်ခွေထိုင်နေသည့် ပုံရိပ်‌တစ်ခုကြောင့် ဝမ်ဖုန်းတို့မှာ ပို၍အံ့ဩသွားရသည်။

သူမသည် ပန်းဝတ်ဆံထက်တွင် တင်ပျဉ်ခွေထိုင်နေကာ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ သလင်းကျောက်ကဲ့သို့ကြည်စင်၍ ဧကရာဇ်ကျင့်စဉ်စွမ်းအင်များဖြင့် သိပ်သည်းစွာ ဝန်းရံထုပ်ပိုးခံထားရသည်။ ၎င်းစွမ်းအင်ဖြင့်ပင် လှပသောဝတ်စုံ‌ကို ရက်လုပ်ဆင်မြန်းထားလေရာ ကြွေရုပ်လေးကဲ့သို့ အလွန်ချစ်စဖွယ်ကောင်းလှသည်။

“အရှင်သခင်ရဲ့ အထုံပါရမီက သာမန်ထက်ထူးကဲပါတယ်။ တိုးတက်မှုအတွက် တခြားအရာတွေကို တကူးတကသုံးစွဲနေဖို့ မလိုအပ်ဘဲ ဉာဏ်အလင်းပွင့်ပန်းကို ရွေးချယ်နိုင်ခဲ့တယ်”

“ဉာဏ်အလင်းပွင့်ပန်းရဲ့အနီးမှာ ကျင့်ကြံခြင်းက ကျင့်ကြံသူတွေရဲ့ သိမြင်နားလည်မှုကို တိုးတက်စေနိုင်ပြီး ကျင့်ကြံဆင့် လျင်မြန်စွာတိုးတက်နိုင်ပါတယ်”

ယောင်ရွှမ်းသည် မှော်ဆေးပင်ကို လက်ညှိုးညွှန်လျက် ပြောသည်။

“ကျေးဇူးပါပဲ”

ယောင်ရွှမ်း၏ ရှင်းပြချက်အဆုံး၌ ဝမ်ဖုန်း ပျော်ရွှင်ဝမ်းမြောက်သွားကာ အလျင်အမြန် ကျေးဇူးတင်စကားဆိုလိုက်သည်။

ဉာဏ်အလင်းပွင့်ပန်း၏ အကျိုးသက်ရောက်မှုသည် သာမန်မှော်ဆေးပင်များထက် များစွာပို၍ကောင်းမွန်သည်။ အခြားမှော်ဆေးပင်များသည် မည်မျှအာနိသင်ရှိသည်ဖြစ်စေ တစ်ဦးတည်းသာ အသုံးပြုနိုင်သည်။ သို့သော် ဤဉာဏ်အလင်းပွင့်ပန်းသည်တော့ ရှန်ရှန့်ကျုံဂိုဏ်းတစ်ခုလုံး အသုံးပြုနိုင်၏။

“စားသုံးလိုက်ရင်တော့ သိမြင်နားလည်မှုစွမ်းရည် ထာဝရအတွက် တိုးတက်ပါလိမ့်မယ်”

ယောင်ရွှမ်းသည် ခန္ဓာကိုယ်ကို ဘေးဘက်သို့ကပ်၍ ဆက်ပြောသည်။

သို့သော် စကားဆုံးသည်နှင့်တစ်ပြိုင်နက် ပန်းဝတ်ဆံထက်ရှိ ပုံရိပ်သေးသေးလေးတုန်ခါသွားသည်ကို ဝမ်ဖုန်းတို့အားလုံး ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။ တင့်တယ်လှ‌ပသော မျက်နှာသေးသေးလေးသည် သနားချင့်စဖွယ်ထင်ရ၏။

ဝမ်ဖုန်း ပြုံးလိုက်၍ ခေါင်းခါရမ်းလိုက်သည်။ ထို့‌‌ေနာက် ပန်းပွင့်ထဲမှ ပုံရိပ်လေးကိုကြည့်၍ ပြော၏။

“မစိုးရိမ်ပါနဲ့ ငါမင်းကို ခေါ်မထုတ်ပါဘူး”

ဝမ်ဖုန်း၏စကားသံဆုံးသည်နှင့် ပုံရိပ်လေးသည် ပြုံးသွား၏။ မျက်လုံးလေးများသည် လခြမ်းကွေးလေးများကဲ့သို့ ကွေးညွတ်သွားကာ ဝမ်ဖုန်းကိုကြည့်လာသည့် အကြည့်များမှာ နူးညံ့မှုတို့ဖြင့် ပြည့်ရွှမ်းနေပေသည်။

All Chapters