← Chapters

ဂိုဏ်းသားအားလုံး အဆင့်တက်လှမ်း

Vol. 40 Ch. 549

ဂိုဏ်းသားအားလုံး အဆင့်တက်လှမ်း

Vol. 40 Ch. 549

Translator - Hsue Htet

“ကျေးဇူးပြုပြီး အရှင်သခင်ရဲ့လျှို့ဝှက်ဘုံဝင်ပေါက်ကို ဖွင့်ပေးပါ။ ဒီလူအိုကြီးက အရှင်သခင်အတွက် ဆေးစွမ်းအင်အချို့ ထပ်ဆောင်းပေးအပ်လိုပါတယ်”

ယောင်ရွှမ်းမှ ဝမ်ဖုန်းကို လက်ဟန်ဖြင့်အရိုအသေပြုပြောဆိုသည်။

ဝမ်ဖုန်းမှ ‌တုံ့ဆိုင်းတွေဝေခြင်းမရှိ ခေါင်းညိတ်၍ ကမ္ဘာဝန်းကို ချက်ချင်းဆင့်ခေါ်သည်။

ဘုန်း!

ဝမ်ဖုန်း၏နောက်ဘက်၌ ကမ္ဘာဝန်း၏ပုံရိပ်ကြီးထွက်ပေါ်လာသည်။ ကမ္ဘာဝန်းထွက်ပေါ်လာခြင်းနှင့်အတူ ဆေးဥယျာဉ်ကြီးတစ်ခုလုံးသည်လည်း တုန်ခါလာသည်။

ယောင်ရွှမ်းနှင့် လင်းယုန်ဇာမဏီဧကရာဇ်သားရဲသည်လည်း ဝမ်ဖုန်း၏နောက်ရှိ ကမ္ဘာဝန်းကြီးကိုကြည့်၍ အံ့အားမင်သက်ကုန်ကြ၏။

သူတို့တွေးထားခဲ့သည်မှာ ဝမ်ဖုန်းအနေဖြင့် လျှို့ဝှက်ဘုံတစ်ခု ပိုင်ဆိုင်ထားလျှင်သော်မှ သေးငယ်လွန်းသည့်လျှို့ဝှက်ဘုံတစ်ခုသာ ဖြစ်လိမ့်မည်ဟူ၍။ ခြုံငုံလိုက်ပါလျှင် သက်ရှိသတ္တဝါများကို ရှင်သန်နေထိုင်စေနိုင်သည့် လျှို့ဝှက်ဘုံအားလုံးသည် အလွန်တရာအဖိုးတန်လှသည်ဖြစ်၏။ ဟုန်မန်နတ်ဘုရားနယ်ပယ်ကျင့်ကြံသူသာလျှင် ထိုကဲ့‌သို့သောလျှို့ဝှက်ဘုံကို ဖန်တီးနိုင်ပြီး အလွန်တရာ အကုန်အကျများ၏။ ယောင်ရွှမ်းပင်လျှင် သတ္တဝါများ ရှင်သန်နေထိုင်နိုင်သည့် လျှို့ဝှက်ဘုံကို မဖန်တီးနိုင်ပေ။

ဝမ်ဖုန်း၏နောက်ရှိ ကမ္ဘာဝန်းကြီးကို မြင်တွေ့လိုက်မှသာလျှင် မိမိတို့မှာ မှားယွင်းသွားခဲ့ကြောင်း နားလည်သွားခဲ့ရသည်။ သေးငယ်တယ်? ဒါကြီးက ဘယ်နားက သေးငယ်ရမတုန်း?

အရှင်သခင်ဝမ်ဖုန်း၏ လျှို့ဝှက်ဘုံ‌လောကသည် အစစ်အမှန်ကမ္ဘာများထက် မသေးငယ်သည့်အပြင် ပို၍ကြီးမား၏။ အချို့သော အဆင့်နိမ့်ဟုန်မန်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူများပင်လျှင် ဤအရှင်သခင်၏ လျှို့ဝှက်ဘုံလောကနှင့် မယှဉ်နိုင်ချေ။

ဝမ်ဖုန်းသည် လက်ရှိ၌ ပျက်သုဉ်းခြင်းဧကရာဇ်အထွတ်အထိပ်သို့ ရောက်ရှိပြီး နတ်ဘုရားဘုံလောကအတွင်းသို့ ခြေချနိုင်သည်ဖြစ်ရာ ဝမ်ဖုန်းမှ မိမိကိုယ်တိုင်နှင့် သူ၏လျှို့ဝှက်ဘုံလောကကို ပေါင်းစည်း၍ သူ၏ကိုယ်ပိုင်နတ်ဘုရားနယ်ပယ်အဖြစ်သို့ ပြောင်းလဲသွားလျှင် ဟုန်မန်နတ်ဘုရားနယ်ပယ်သို့ ချက်ချင်းတက်လှမ်းသွားပေလိမ့်မည်ပင်။

အချိန်တစ်ခုအထိ ယောင်ရွှမ်းနှင့် လင်းယုန်ဇာမဏီဧကရာဇ်သားရဲတို့မှာ စိတ်နှလုံးတုန်လှုပ်နေကြကာ ဝမ်ဖုန်းအပေါ် သူတို့၏အပြုအမူသည်လည်း ပို၍ပို၍လေးစားရိုကျိုးလာကြသည်။

ကနဦး၌ သူတို့သည် ဝမ်ဖုန်း၏သရုပ်မှန်အဆင့်အတန်းကြောင့် ရိုသေလေးစားခဲ့ကြခြင်းဖြစ်သည်။ သို့သော် လက်ရှိတွင်တော့ ဝမ်ဖုန်း၏ စွမ်းဆောင်ရည်၊ အလားအလာနှင့် လျှို့ဝှက်ဆန်းကြယ်မှုတို့ကြောင့် ရိုသေလေးစားကြရလေသည်။

ရှပ်!

ဝမ်ဖုန်း၏အလင်းပြမှုဖြင့် ဝမ်ဖုန်း၏နောက်၌ မြင့်သွန်းသည့်ဝင်ပေါက်တစ်ခု ထွက်ပေါ်လာခဲ့သည်။ မြင့်သွန်းသည့်ဝင်ပေါက်ကြီးထွက်ပေါ်လာသောအခါ ဆေးဥယျာဉ်ကြီးထဲတွင် စုပုံနေသော ဆေးစွမ်းအင်များသည် ထွက်ပေါက်ရှာဖွေတွေ့ရှိသွားသကဲ့သို့ ဖြာထွက်လာကြကာ ဝင်ပေါက်ထဲသို့ တစ်ဟုန်ထိုးဝင်ရောက်လိုဟန် ပြင်းပြနေကြသည်။

“အနာဂတ်မှာ ကောင်းမွန်တဲ့ကံကြမ္မာရောက်လာမှာပါ။ ဂိုဏ်းသားတို့ လေ့ကျင့်ဖိူ့ စောင့်ဆိုင်းကြပါ”

တစ်ပြိုင်နက်တည်းပင် ကမ္ဘာဝန်းကြီး၌ ဝမ်ဖုန်း၏အသံ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။ ရုတ်တရက်ထွက်ပေါ်လာသော ဝမ်ဖုန်း၏အသံကြောင့် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများနှင့် ဂိုဏ်းတပည့်များအားလုံး လန့်သွားကြ၏။ အားလုံးသည် မိမိတို့၏အခန်းအသီးသီးမှ ထွက်လာကြ၍ ကမ္ဘာဝန်း၏ကောင်းကင်ကို ဦးမော့ကြည့်ရှုကြသည်။ သူတို့အားလုံး၏အကြည့်များ၌ စိတ်ပါဝင်စားခြင်းများ တောက်ပနေပေသည်။

ရှန်ရှန့်ကျုံဂိုဏ်းအတွက်မူ ဝမ်ဖုန်းသည် နတ်ဘုရားဖြစ်သည်။

ဂိုဏ်းချုပ်ဝမ်ဖုန်းက ကောင်းမွန်တဲ့ကံကြမ္မာလို့ ထုတ်ပြောရစေတဲ့အရာက ဘယ်လိုအရာမျိုးများလဲ?

ဆေးဥယျာဉ်ရှိ ယောင်ရွှမ်းသည် စိတ်နှလုံးတုန်လှုပ်နေရာမှ ပြန်လည်ကောင်းမွန်လာသည်။ မျက်လုံးအစုံကိုမှေးကျုံ့လျက် လက်ကို ကြိမ်ဖန်များစွာ‌ ဝှေ့ယမ်း၍ ဆေးစွမ်းအင်ကြိုးမျှင်များကို စုဝေးကာ အလင်းစအဖြစ်သို့ ‌စုဝေးဖြစ်တည်စေသည်။

ယောင်ရွှမ်း ဝမ်ဖုန်းကို ခေါင်းညိတ်အချက်ပြ၏။ ဝမ်ဖုန်းမှ ဝင်ပေါက်ကိုဖွင့်လှစ်ပေးရန် အချက်ပြခြင်းပင်။ ဝမ်ဖုန်းသည်လည်း တုံ့ဆိုင်းတွေဝေခြင်းမရှိ ကမ္ဘာဝန်း၏ဝင်ပေါက်ကို ချက်ချင်းဖွင့်ပေးလိုက်သည်။

ဘုန်း!

ဝင်ပေါက်ပွင့်သွားသည်နှင့်တစ်ပြိုင်နက် ယောင်ရွှမ်းသည် ကြီးကျယ်ခမ်းနားလှသော ဆေးစွမ်းအင်များကို ကမ္ဘာဝန်းထဲသို့ ဝင်ရောက်စေသည်။ စွမ်းအင်များ ဝင်ရောက်သွားခြင်းနှင့်အတူ ကမ္ဘာဝန်းသည်လည်း အလင်းဖြာလာသည်။

ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများနှင့် ဂိုဏ်းတပည့်များသည် ထျန်းဟယ့်မြစ်ကြီး စီးဆင်းလာသည့်အလား ဝင်ရောက်လာသည့် အလွန်တရာ ကြီးကျယ်ခမ်းနားလှစွာသောစွမ်းအင်များကို ကြည့်ရှုနေကြသည်။

ထိုအခိုက်အတန့်၌ ကမ္ဘာဝန်းတစ်ခုလုံးမှာ တိမ်ထူထပ်သွား၏။ ထိုတိမ်တိုက်များမှာ ကြီးကျယ်ခမ်းနားသောစွမ်းအင်များမှ ဖွဲ့စည်းဖြစ်တည်နေခြင်းပင်။ ‌အင်အားကြီးမားလွန်းသောကြောင့် ၎င်းဆေးစွမ်းအင်များသည် မိုးစက်မိုးပေါက်များအဖြစ် ပြောင်းလဲသွားတော့မည်ဟု ထင်မှတ်ရပေသည်။

“စုပ်ယူကြ!”

ခဏကြာ အံ့အားသင့်နေကြပြီးနောက် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများသည် အသိပြန်ဝင်လာကြ၏။ ထို့နောက် ကြောင်အ,နေဆဲ ဂိုဏ်းတပည့်များကို ကျယ်လောင်စွာ အော်ပြော‌လိုက်သည်။

အကြီးအကဲများ၏ လှုံ့ဆော်မှုကြောင့် ရှန်ရှန့်ကျုံဂိုဏ်းတပည့်များသည် အသိပြန်ဝင်လာကြကာ နေရာ၌ပင် တင်ပျဉ်ခွေ‌ထိုင်၍ ကြောက်မက်ဖွယ်ဆေးစွမ်းအင်များကို စုပ်ယူကြသည်။

ဆေးဥယျာဉ်၏ယောင်ရွှမ်းသည် ဆေးစွမ်းအင်များကို ကမ္ဘာဝန်းထဲသို့ ဆက်လက်ထည့်သွင်းပေးနေသည်။ လက်နက်ဆေးပင်၅၀ကို ကျပန်းရွေးချယ်၍ ကမ္ဘာဝန်းထဲရှိ ရှန်ရှန့်ကျုံဂိုဏ်း အတွင်းပိုင်းထဲသို့ ပြောင်းရွှေ့စိုက်ပျိုးလိုက်သည်။

ဆေးပင်၅၀ကိုစိုက်ပျိုးလိုက်သည်တွင် ကမ္ဘာဝန်းကြီးသည် အာဟာရပြည့်ဝသွားသည့်အလား.. မြေပြင်မှ မြူခိုးထုတစ်လွှာ ဝဲတက်လာနေသည်မှာ နတ်ဘုံလောကတစ်ခုအလားပင်။

များစွာသော ဆေးစွမ်းအင်နှင့် ဧကရာဇ်ကျင့်စဉ်စွမ်းအင်များ ဝင်ရောက်လာခြင်းသည်လည်း ကမ္ဘာဝန်း၏ အရွယ်အစားကို နှစ်ဆခန့် ပိုကြီးသွားစေသည်။

“အကြီးအကဲတို့ ရှန်ရှန့်ကျုံဂိုဏ်းအတွင်းပိုင်းထဲကိုသွားပြီး ကျင့်ကြံကြပါ”

ကမ္ဘာဝန်း၏ပြောင်းလဲမှုကိုမြင်သောအခါ ဝမ်ဖုန်း၏မျက်လုံးများ တောက်ပသွား၍ လေးနက်ကျယ်လောင်စွာ ပြောလိုက်သည်။ ဝမ်ဖုန်း၏အသံသည် ရှန်ရှန့်ကျုံအကြီးအကဲများ၏ နားစည်အတွင်း ပဲ့တင်ထပ်သွားပြီး ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများသည် ရုတ်ချည်းထရပ်၍ ‌ထွက်ခွာသွားကြသည်။

ကျန်းစန်ဖုန်းနှင့် အခြားအကြီးအကဲများ ရှန်ရှန့်ကျုံဂိုဏ်းအတွင်းပိုင်းသို့ ရောက်ရှိကြသောအခါ ဆေးပင်များကို မြင်တွေ့လိုက်ရသည်။ ထိုမြင်ကွင်းကြောင့် အကြီးအကဲများမှာ စိတ်လှုပ်ရှားမှုနှင့်အတူ ဆွဲဆောင်ခံလိုက်ရ၏။ သူတို့သည် ဝမ်ဖုန်း၏ရည်ရွယ်ချက်ကို နားလည်ကြသည်ဖြစ်ရာ လျစ်လျူမရှုဝံ့ဘဲ ချက်ချင်း စတင်ကျင့်ကြံကြသည်။

ဆေးပင်၅၀သည် ဧကရာဇ်ကျင့်စဉ်စွမ်းအင်များဖြင့် စိုက်ပျိုးထားခြင်းဖြစ်ပြီး ကမ္ဘာဝန်းထဲတွင်လည်း ဧကရာဇ်ကျင့်စဉ်စွမ်းအင်များ မျောလွင့်နေသေးလေရာ ကျန်းစန်ဖုန်းနှင့် အကြီးအကဲများမှာ စိတ်နှလုံးလှုပ်ခတ်သွားရသည်။

ဘုန်း!

ထိုအခိုက်အတန့်၌ ကမ္ဘာဝန်းကြီးတစ်ခုလုံး တုန်ခါသွားပြီး ဉာဏ်အလင်းပွင့်ပန်း ရောက်ရှိလာသည်။

ဉာဏ်အလင်းပွင့်ပန်းရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ဆေးပင်၅၀သည် ဂါရဝပြုအရိုအသေပေးနေကြသည်ကဲ့သို့ အကိုင်းအခက်များ ကွေးညွှတ်၍ တုန်ခါလာကြသည်။

ရှန်ရှန့်ကျုံဂိုဏ်းအတွင်းပိုင်းထဲ၌ လျှို့ဝှက်ဆန်းကြယ်သောနယ်ပယ်တစ်ခု ဝန်းရံဖြစ်တည်လာလေရာ ကျင့်ကြံနေကြသည့် ကျန်းစန်ဖုန်းနှင့် အခြားအကြီးအကဲများမှာ အံ့အားထိတ်လန့်ကုန်ရ၏။

သူတို့၏ သိမြင်နားလည်နိုင်စွမ်းရည် တိုးတက်လာသည်ကို ခံစားမိလိုက်ရပြီးနောက် အမျိုးမျိုးသော ဉာဏ်အလင်းပွင့်စွမ်းရည်များ သူတို့၏အသိစိတ်ထဲသို့ ဝင်ရောက်လာကာ ဆန်းကြယ်‌ကြီးမြတ်သော ဧကရာဇ်ကျင့်စဉ်စွမ်းအင်သည်လည်း ပိုမိုရှင်းလင်းလာသည်။

ဘုန်း!

နယ်ပယ်တက်လှမ်းသွားသည့်အသံ ရုတ်တရက်မြည်ဟီးလာသည်။ ၎င်းအသံသည် မဟာနတ်ဆိုးရွှမ်ရှ၏ခန္ဓာကိုယ်မှ မြည်ဟီးလာခြင်းဖြစ်သည်။ မဟာနတ်ဆိုးရွှမ်ရှသည် မူလဧကရာဇ်အဆင့်သို့ တက်လှမ်းသွားခဲ့၏။ သို့သော် ရပ်တန့်မသွားဘဲ ဆေးစွမ်းအင်နှင့် ဧကရာဇ်ကျင့်စဉ်စွမ်းအင်များကို ဆက်လက်စုပ်ယူသည်။

ပထမဦးဆုံး အဆင့်တက်လှမ်းသွားသော မဟာနတ်ဆိုးရွှမ်ရှမှ စုပ်ယူသည့်စွမ်းအင်သည် အဆင့်တက်လှမ်းခြင်းမရှိသေးသော အခြားသူများထက် ပိုမိုများပြားသည်။ မဟာနတ်ဆိုးရွှမ်ရှသည် စွမ်းအင်များကို ဝေလငါးကြီးတစ်ကောင်ကဲ့သို့ စုပ်ယူနေခြင်းဖြစ်သည်။

ဆေးဥယျာဉ်အတွင်း၌ နှစ်ပေါင်းများစွာ စုပုံတည်ရှိနေခဲ့သော ဆေးစွမ်းအင်များသည် မည်မျှကြောက်မက်ဖွယ်အင်အားကြီးမားသည်ကို မည်သူမျှ မသိကြပေ။ ဆေးဥယျာဉ်၏စောင့်ရှောက်သူဖြစ်သော ယောင်ရွှမ်းပင်လျှင် မသိရှိပါချေ။

ဘန်း! ဘန်း!

ဘုန်း!

ရှန်ရှန့်ကျုံဂိုဏ်းတစ်ခွင်၌ အဆင့်တက်လှမ်းသည့်အသံများ တစ်ကြိမ်ပြီးတစ်ကြိမ် ဆက်တိုက်ပေါ်ထွက်လာသည်။ အထူးသဖြင့် ကျင့်ကြံဆင့်နိမ့်သော ရှန်ရှန့်ကျုံဂိုဏ်းတပည့်များသည် အဆင့်တက်လှမ်းမှု အလျင်မြန်ကြဆုံးဖြစ်သည်။ ကျင့်ကြံဆင့်မှာ ဒုံးပျံယာဥ်လွှတ်တင်လိုက်သည့်အလား ရူးသွပ်လောက်အောင် တက်လှမ်းကုန်ကြသည်။

ရှန်ရှန့်ကျုံဂိုဏ်းအတွင်းပိုင်းထဲရှိ အကြီးအကဲများသည်လည်း မဟာနတ်ဆိုးရွှမ်ရှ အဆင့်တက်လှမ်းသွားပြီးနောက် အဆင့်တက်လှမ်းခဲ့ကြသည်။

All Chapters