← Chapters

စစ်ထူ၏အမုန်းတရား

Vol. 40 Ch. 550

စစ်ထူ၏အမုန်းတရား

Vol. 40 Ch. 550

Translator - Hsue Htet

ကြီးမြတ်ခမ်းနားသောဆေးစွမ်းအင်များနှင့်ဘဧကရာဇ်ကျင့်စဉ်စွမ်းအင်များသည် ကမ္ဘာဝန်းတစ်ခွင်၌ လွှမ်းခြုံပြည့်နှက်နေသည်။

ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများနှင့် ဂိုဏ်းတပည့်များအတွက်မူ ဤသည်မှာ ကောင်းကင်ကိုဆန့်ကျင်ထိုးဖောက်သော အခွင့်အရေးကြီးဖြစ်၏။ ဂိုဏ်းတပည့်များစွာတို့သည် ချန်ခွမ်းယွမ်အဆင့်သို့ပင် မရောက်ရှိကြသေးပေ။ သို့ဖြင့် ဆေးစွမ်းအင်များကြောင့် ကျင့်ကြံဆင့်များ အလျင်အမြန်မြင့်တက်ကုန်ကြလေသည်။

ဆေးဥယျာဉ်ထဲ၌ ဝမ်ဖုန်းသည် ကမ္ဘာဝန်း၏ပုံရိပ်ယောင်ကို ဖျောက်ပစ်လိုက်ပြီးဖြစ်သည်။ ဆေးစွမ်းအင်များ၊ ဆေးပင်၅၀နှင့် မှော်ဆေးပင်တစ်ပင်တို့ကို ကမ္ဘာဝန်းထဲတွင် စိုက်ပျိုးပြီးနောက်၌ ကမ္ဘာဝန်း၏အခြေအနေ များစွာပြောင်းလဲသွားခဲ့သည်ကို ဝမ်ဖုန်း ခံစားမိ၏။

ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများနှင့် ဂိုဏ်းတပည့်များ အဆင့်တက်လှမ်းနေသည်ကို ခံစားမိသောကြောင့် ဝမ်ဖုန်း စိတ်ကျေနပ်စွာ ခေါင်းတညိတ်ညိတ်လုပ်နေမိသည်။ ထို့နောက် ယောင်ရွှမ်းအား လက်ဟန်ပြအရိုအသေပြု၍ ပြော၏။

“ကိစ္စပြီးဆုံးသွားပြီဆိုတော့ ကျုပ်သွားလိုက်ပါဦးမယ်”

ဝမ်ဖုန်း၌ ဆေးဥယျာဉ်ကို ဆက်လက်လေ့‌လာကြည့်ရှုနေရန် အစီအစဉ်မရှိပေ။ ထိုမှော်ဆေးပင်များသည် မြင်တွေ့နေရသော်ငြား ရယူနိုင်သည့်အရာမဟုတ်။ ထို့ကြောင့် ဆက်လက်ကြည့်နေရန် အဆင်မပြေပေ။

“ဖြေးဖြေးသွားပါ အရှင်သခင်”

ယောင်ရွှမ်းမှ အပြုံးဖြင့် အရိုအသေပြုနှုတ်ဆက်သည်။

ထို့နောက် ဆေးဥယျာဉ်ဂိတ်တံခါး တစ်ဖန်ပြန်ပွင့်လာကာ ဝမ်ဖုန်းတို့သည် ဆေးဥယျာဉ်မှ ထွက်ခွာလာခဲ့ကြသည်။ ထို့နောက် တောနက်အတွင်းသို့ ဆက်လျှောက်သွားကြသည်။ လင်းယုန်ဇာမဏီဧကရာဇ်သားရဲသည် ဝမ်ဖုန်းတို့၏လမ်းပြဖြစ်သွားခဲ့လေပြီ။

ဤတစ်ကြိမ်အကျိုးအမြတ်သည် ဝမ်ဖုန်းအတွက်မူ ကြီးမားသည်မဟုတ်လှပေ။ ဝမ်ဖုန်းနှင့် စစ်ထူကျုံးသည် ပျက်သုဉ်းခြင်းဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြသည်။ ဂိုဏ်းတပည့်နှစ်ဦးဖြစ်သော ကုညီအစ်ကိုသည် ချန်ခွမ်းသူတော်စင်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိခဲ့ကြပြီး ချန်ခွမ်းနယ်ပယ်အတွင်း အင်အားအကြီးမားဆုံးအဆင့်သို့ ရောက်ရှိခဲ့ကြသည်။

“အစ်ကိုရေ ကောင်းကောင်းမကျင့်ကြံနိုင်ရင် မျက်လုံးရှေ့မှာရှိနေတဲ့ရတနာကိုတောင်မှ ‌ဆုပ်ကိုင်နိုင်မှာမဟုတ်ဘူးနော်။ ဘယ်လောက်တောင် အဆင်မပြေဖြစ်လိုက်ရသလဲ”

နောက်မှလိုက်ပါလာရင်းဖြင့် ကုချိုးမှ စိတ်မကျေနပ်စွာ ရေရွတ်လေသည်။

ဆေးဥယျာဉ်အတွင်းမှ ဆေးပင်များကိုမြင်လိုက်ရချိန်တွင် သူမည်မျှ မနာလိုအားကျမိရသည်ကို ဘုရားသခင်သာလျှင် သိပါလိမ့်မည်။ သို့သော် ယောင်ရွှမ်းသည် ပေရာချီမြင့်သွန်းသောတောင်ကြီးကဲ့သို့ ကုချိုး၏စိတ်အားထက်သန်နေသောစိတ်နှလုံးကို ဖိနှိပ်နေလေရာ အတွေးတစ်စဖြင့်ပင် မပြစ်မှားဝံ့ရဲဖြစ်စေသည်။

ကျင့်ကြံမှုသာ လုံလောက်ခဲ့လျှင် ကုချိုးသည် ထိုဆေးဥယျာဉ်တစ်ခုလုံးကို ယူဆောင်ပစ်ခဲ့မည်ဖြစ်၏။ ယောင်ရွှမ်းမှ သူ့ကိုတားရဲလျှင် ဖက်ထုပ်လုံးကဲ့သို့ ဆောင့်ကန်ထုတ်ပစ်လိုက်ပေမည်။

ဆေးဥယျာဉ်ထဲရှိ ထိုဆေးပင်များသည် ဖုန်မှုန့်များဖုံးလွှမ်းနေသော ပုလဲရတနာများကဲ့သို့ဖြစ်၏။ မိမိကဲ့သို့ တောက်ပလင်းလက်စေမည့် အရှင်သခင်မရှိလေရာ ထိုဆေးပင်များမှာ အသုံးမဝင်သည့် အမှိုက်များအလား ဖြစ်နေရလေသည်။

ကုကန်းချိုး၏ မျက်နှာအမူအရာသည်လည်း မကောင်းလှပေ။ သူသည်လည်း ခေါင်းခါရမ်း၍ ရေရွတ်လာ၏။

“ညီလေးရေ ရောင့်ရဲတင်းတိမ်စမ်းပါကွာ။ ဒီလောက်တိုးတက်မှုဆိုရင်ပဲ ငါတို့အတွက် အရမ်းကောင်းလွန်းနေပါပြီ”

“ဒါနဲ့ ငါတို့ရဲ့ အရင်အလုပ်ဟောင်းကို မလုပ်ဖြစ်တာတောင် အချိန်အတော်ကြာပြီနော်။ ငါ့အရည်အချင်းတွေ နည်းနည်းတောင် သံချေးတက်လာသလိုပဲ”

ကုကန်းချိုး၏စကားအဆုံး၌ ကုချိုးမှ ခေါင်းညိတ်ထောက်ခံ၍ ရေရွတ်၏။

“ကြည့်ရတာ ငါတို့ထွက်သွားပြီးရင် အစ်ကိုကြီးမှာ အစီအစဉ်အကြီးကြီးရှိတယ်ထင်တယ်?”

“အင်း.. ဒီအကြောင်းကို ငါတို့မိသားစုဝင်မိန်းကလေးနှစ်ယောက်ကို ပေးသိလို့ရတယ်”

ကုကန်းချိုး၏စကားကို ကုချိုးမှလည်း သဘောတူထောက်ခံသည်။

…

လီချင်းနှင့်အခြားတပည့်များ မွန်မြတ်ခြင်းခုနစ်ပါးစေတီကို ဖြတ်ကျော်ပြီးနောက်တွင် စန်းရိမင်းဆက်ထဲ၌ ကိစ္စကြီးကြီးမားမားမရှိလာခဲ့တော့ပေ။ အတိတ်ကာလများ၏ ငြိမ်သက်အေးချမ်းမှုသည် ပြန်လည်ရောက်ရှိလာခဲ့၏။

တည်းခိုခန်းများထဲတွင် ရှန်ရှန့်ကျုံဂိုဏ်းတပည့်များအကြောင်း ဆွေးနွေးကြသည်ကိုဖြင့် ရံဖန်ရံခါကြားရတတ်၏။ မင်းသားကြီးသည် ဗြောင်‌ဝတ်ရုံကိုဝတ်ဆင်လျက် လမ်းသွယ်တစ်ခုထဲတွင် တစ်ဦးတည်း အထီးကျန်ဆန်စွာ စိတ်လွင့်နေဟန် လမ်းလျှောက်နေသည်။

သူ၏အကြည့်များသည် အေးစက်နေလျက် စန်းရိမြို့တော်ကြီးကို ကြည့်ရှုနေ၏။ စန်းရိမြို့တော်၏ စည်ပင်ထွန်းကားမှုကို ရှုစားရင်းဖြင့် စိတ်နှလုံးတွင်းမှ ရည်မှန်းချက်သည် အားကောင်းသထက် ပိုမိုအားကောင်းလာသည်။

ဤစန်းရိမင်းဆက်ကြီး ပိုမိုစည်ပင်ထွန်းကား၍ ပိုမိုအားကောင်းစေရန်အတွက် မိမိကိုယ်တိုင် အုပ်စိုးမှဖြစ်ပေမည်။

အတွေးလွင့်နေရင်းဖြင့် မင်းသားကြီးသည် စန်းရိမြို့‌ေတာ်၏ မျိုးနွယ်စုကြီးလေးစုထဲမှ စစ်ထူမျိုးနွယ်၏စံအိမ်တော်သို့ လျှောက်သွားခဲ့သည်။

သူ၏ မူလရည်ရွယ်ချက်သည်လည်း စစ်ထူမျိုးနွယ်စု ဖြစ်နိုင်ကောင်းပါသည်။

စံအိမ်တော်၏ ခန်းမဆောင်ထဲ၌ စစ်ထူမျိုးနွယ်စုခေါင်းဆောင် စစ်ထူရှင်းသည် မှိန်ပျပျအလင်းရောင်ကိုသာ ထွန်းညှိထားလျက် ထိုင်းမှိုင်းစွာ ထိုင်နေလေသည်။

စစ်ထူကျယ့်၏သေဆုံးမှုကို သူသိရှိပြီးဖြစ်၏။ သို့သော် မည်သည့်အဖွဲ့အစည်းဖြစ်စေ သူ့မှာ ပြစ်မှားရန် မတတ်နိုင်ပေ။

စစ်ထူမျိုးနွယ်စုသည် စန်းရိမြို့တော်၏ မျိုးနွယ်စုကြီးလေးမှ မျိုးနွယ်စုကြီးတစ်ခုအဖြစ် ကျော်ကြားပြီး အံ့ချီးဖွယ်အင်အားကြီးမားသော်ငြား စစ်မှန်သည့်အင်အားကြီးမားသူ၏ ရှေ့မှောက်၌မူ ပုရွက်ဆိတ်မျှသာ ဖြစ်ပေသည်။

လျှို့ဝှက်ဆန်းကြယ်၍ မှန်းဆရန်နက်နဲ‌သော ရှန်ရှန့်ကျုံဂိုဏ်းသည် ၎င်း၏အင်အားကို ရေခဲတောင်ထိပ်ဖျားမျှသာ ထုတ်ဖော်ပြသခဲ့သည့်တိုင် မိမိတို့မှာ တုန်လှုပ်ကြရလေသည်။ နောက်ကွယ်ရှိ မင်းသားကြီးသည်လည်း စစ်ထူမျိုးနွယ်စုမှ ခုခံနိုင်သည့်အရာ မဟုတ်ပေ။

သို့ဖြစ်ရာ စစ်ထူရှင်းမှာ အလွန်တရာ စိတ်နှလုံးနာကျင်နေရပေသည်။ မိမိ၏ မိဘနှင့်သားဖြစ်သူတို့ အသတ်ခံလိုက်ရသည့်တိုင် မိမိသည် လက်စားမချေဝံ့ခဲ့။ မျိုးနွယ်စုခေါင်းဆောင်မိမိမှာ အလွန်အရှက်ရမိပါ၏!

မိမိသည် မျိုးနွယ်စုခေါင်းဆောင်မဟုတ်ခဲ့လျှင် စစ်ထူရှင်းသည် မည်သည်ကိုမျှဂရုမစိုက်ဘဲ ရှန်ရှန့်ကျုံဂိုဏ်းကို လက်စားသွားချေမည်ဖြစ်သည်။ သို့သော်ငြား မျိုးနွယ်စုခေါင်းဆောင်တစ်ဦးအဖြစ် သူ၏စကားနှင့်အပြုအမူများသည် စစ်ထူမျိုးနွယ်စုတစ်ခုလုံးကို ကိုယ်စားပြုနေသည်မဟုတ်ပါလော။

ပို၍ဆိုးရွားသည်မှာ စစ်ထူကျယ့်၏ သေဆုံးမှုသာမက စစ်ထူမျိုးနွယ်စု၏အကြီးအကဲငါးဦးပါ အသတ်ခံလိုက်ရခြင်းပင်။ ၎င်းကိုကြည့်ခြင်းဖြင့် ရှန်ရှန့်ကျုံဂိုဏ်းသည် မည်မျှအင်အားကြီးမားကြောင်းကို သိရှိနိုင်ပေသည်။

ဧကရာဇ်အဆင့်အကြီးအကဲငါးဦးဖြစ်၏!

ထိုစွမ်းအားမြင့်ပုဂ္ဂိုလ်၏ ကျင့်ကြံမှုအခြေခံသည် ချန်ခွမ်းသူတော်စင်အထွတ်အထိပ်သို့ မရောက်ရှိသည့်တိုင် တစ်ဖက်ကိုဟန့်တားနိုင်ခဲ့သည်။ သို့သော် အဆုံးသတ်တွင်တော့ သေဆုံးသွားခဲ့ပြီး စစ်ထူမျိုးနွယ်စုကို ဆုံးရှုံးမှုကြီးမားစေခဲ့သည်။

ဤအခြေအနေများအောက်၌ စစ်ထူရှင်းမှ စစ်ထူကျယ့်နှင့်အကြီးအကဲများအတွက် လက်စားချေဝံ့လျှင် သေချာပေါက်ပင် စစ်ထူမျိုးနွယ်စုကြီးတစ်ခုလုံးကို ပြန်လမ်းမရှိသည့်နေရာသို့ ပို့ဆောင်လိုက်ပြီးဖြစ်ပေလိမ့်မည်။

သို့သော် ကံစီမံရာပဲဟု စစ်ထူရှင်း လက်မခံနိုင်ပါ!

မိမိမှာ စစ်ထူမျိုးနွယ်စုခေါင်းဆောင် ဖြစ်လာပြီးသည့်အချိန်မှစ၍ ဤမျှအရှက်ရမှုမျိုးကို မကြုံတွေ့ခဲ့ဖူးချေ။ ကိုယ့်ရဲ့ မိဘနဲ့ကလေး အသတ်ခံရတာတောင် ငါက လက်စားမချေရဲဘူးတဲ့လား?!

“မင်းသားက ဒီမှာဘာလုပ်နေတာပါလဲ?”

ထိုအခိုက်အတန့်၌ စစ်ထူရှင်းသည် တံခါးအပြင်ဘက်မှ လန်လဲ့၏ဝဖိုင့်ဖိုင့်ပုံရိပ်ကို မြင်လိုက်ရသည်။ စစ်ထူရှင်း၏မျက်နှာအမူအရာ အေးစက်သွား၍ အသံနက်ဖြင့်အော်ပြောလိုက်သည်။

မင်းသားကြီးကို ချက်ချင်းနှင်မထုတ်လိုက်ခြင်းသည် အတတ်နိုင်ဆုံး မျက်နှာသာပေးထားခြင်းဖြစ်၏!

“‌စစ်ထူမျိုးနွယ်စုခေါင်းဆောင်က ဒီလိုပဲ မြိုသိပ်ထားလိုက်တော့မလို့လား?”

လန်လဲ့သည် စစ်ထူမျိုးနွယ်စုခေါင်းဆောင်၏ သဘောထားကို ဂရုမစိုက်ချေ။ ခန်းမဆောင်ထဲရှိ ထိုင်ခုံတစ်ခုသို့ လျှောက်သွားပြီးထိုင်ချကာ လေသံဖျော့ဖျော့ဖြင့်ပြောလာသည်။

“ဘာရယ်? မင်းသားကြီးက ကျုပ်ရဲ့သားကို အန္တရာယ်ပြုခဲ့ပြီးပါပြီ။ အခု ကျုပ်ရဲ့ စစ်ထူမျိုးနွယ်စုတစ်ခုလုံးကိုလည်း ထပ်ပြီးအန္တရာယ်ပြုချင်သေးလို့လား?”

လန်လဲ့၏စကားကြောင့် စစ်ထူရှင်း လှောင်ရယ်လိုက်၏။ ထို့နောက် အေးစက်စွာပြောလိုက်သည်။

“စစ်ထူကျယ့်ရဲ့သေဆုံးမှုမှာ ဒီမင်းသားရဲ့တာဝန် ဘယ်လိုမှမလွတ်ကင်းပါဘူး။ ဒါပေမဲ့ စစ်ထူမျိုးနွယ်စုခေါင်းဆောင် ကျေးဇူးပြုပြီး တကယ့်ရန်သူက ဘယ်သူလဲဆိုတာကို သေချာစဉ်းစားရှာဖွေပါဦး”

လန်လဲ့သည် မျက်မှောင်ကြုတ်သွားကာ စစ်ထူရှင်းအား အေးစက်စွာပြောသည်။

ထိုစကားကြောင့် စစ်ထူရှင်းသည် အချိန်ခဏမျှတိတ်ဆိတ်သွား၏။ လန်လဲ့ကိုကြည့်နေလျက် စကားမပြောလာချေ။

“ရှန်ရှန့်ကျုံဂိုဏ်းက လျှို့ဝှက်ဆန်းကြယ်ပြီး မှန်းဆဖို့နက်နဲလွန်းတယ်။ စစ်ထူမျိုးနွယ်စုခေါင်းဆောင်ကိုပဲ မှီခိုပြီး စစ်ထူကျယ့်အတွက် လက်စားချေပေးတာက မဖြစ်နိုင်တဲ့အရာပဲ”

“ဒီမင်းသားရဲ့ဘက်တော်သားလုပ်ပါ။ ဒီမင်းသားက စစ်ထူကျယ့်အတွက် လက်စားချေပေးမယ်လို့ ကတိပေးတယ်”

စစ်ထူရှင်း အနည်းငယ်စိတ်တည်ငြိမ်သွား‌သည်ကို မြင်သောအခါ လန်လဲ့မှ ဆက်ပြောသည်။

“အဲ့တော့ မင်းကိုပဲမှီခိုရမှာလား မင်းသားကြီး? မင်းသားကြီးက အင်အားကြီးမားတယ်ဆိုတာ ငြင်းဆန်လို့မရနိုင်တာ အမှန်ပါပဲ။ ဒါပေမဲ့ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ရှေ့မှာဆိုရင်တော့ မင်းသားကြီးရဲ့အင်အားက နည်းနည်းနိမ့်ပါးတယ် မထင်မိဘူးလား? အဲဒီ့ရှန်ရှန့်ကျုံဂိုဏ်းမှာ အကြီးအကဲတစ်ယောက်ကတောင် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့်ရှိတယ်။ မင်းသားကို မှီခိုတာက အသုံးဝင်ပါ့မလား?”

“တကယ့်ကိုပဲ! ဒီမင်းသားကြီးရဲ့အင်အားဆိုတာက ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ရှေ့မှာတော့ ဘာမှကိုဟုတ်မနေပါဘူး!”

“ဒါပေမဲ့ မရဏမျိုးနွယ်စုနဲ့ ရွှမ်းဟိုင်မျိုးနွယ်စု၊ ဖျက်စီးခြင်းမျိုးနွယ်စု၊ နတ်ဘုရားသတ်ဖြတ်ခြင်းစံအိမ်‌တွေကိုပါ ပေါင်းထည့်လိုက်ရင်ရော?”

All Chapters