← Chapters

မတိုက်ခိုက်ဘူးဆိုရင် ဘာများကွာခြားသွားမှာလဲ?

Vol. 40 Ch. 551

မတိုက်ခိုက်ဘူးဆိုရင် ဘာများကွာခြားသွားမှာလဲ?

Vol. 40 Ch. 551

Translator - Hsue Htet

“မင်းရူးနေလား?”

မင်းသားကြီးလန်လဲ့၏စကားကို နားထောင်ပြီးနောက်၌ စစ်ထူရှင်းသည် ရုတ်ချည်းထရပ်၍ လန်လဲ့အား တုန်လှုပ်စွာကြည့်လာလေသည်။ အသံနက်ဖြင့်လည်း အော်ဟစ်လိုက်သေး၏။

စစ်ထူရှင်း တကယ့်ကိုမလိုလားပါချေ။ စစ်ထူရှင်းသည် မိမိ၏သားနှင့် မျိုးနွယ်စုအကြီးအကဲငါးဦးကို သတ်ဖြတ်ခဲ့သည့် ရှန်ရှန့်ကျုံဂိုဏ်းကို အလွန်တရာမုန်းတီးပါ၏။ သို့သော် ကျားသားရေကိုဖြင့် သွားရှာသုံးစွဲမည် မဟုတ်ပါချေ။

ကောင်းကင်တာ့အိုမျိုးနွယ်စုနှင့် ပူးပေါင်းခြင်းသည် အောင်မြင်ခဲ့လျှင် မည်သည်မျှ ပိုမိုကောင်းမွန်လာမည်မဟုတ်၊ ကျရှုံးခဲ့လျှင် အခြားဟာကိုမတွေးထားဦးနှင့်၊ သေချာပေါက် ချန်ခွမ်းအထွတ်အမြတ်ဘုံတစ်ခုလုံး၏ ဖယ်ကြဉ်ခြင်းခံရပြီး ကန်ထုတ်ခံရမည်ပင်။

အမြဲလိုလို အမြော်အမြင်ကြီးတတ်ခဲ့သည့် မင်းသားကြီးသည် ဤသို့ရူးမိုက်သည့်ကိစ္စရပ်မျိုးကို လုပ်ဆောင်လိမ့်မည်ဟု စစ်ထူရှင်း မျှော်လင့်မထားမိပေ။

“ဒီမင်းသား မရူးပါဘူး”

“ဆန့်ကျင်ဘက်အနေနဲ့ ဒီမင်းသားက အရမ်းကိုမှ စိတ်တည်ငြိမ်နေပါတယ်”

လန်လဲ့သည် ခေါင်းတရမ်းရမ်းဖြင့် တည်ကြည်လေးနက်စွာ ပြော၏။

“ဒါဆို ဘယ်လိုလုပ်ပြီ…?”

စစ်ထူရှင်းသည် မျက်လုံးအိမ်များမှေးကျုံ့လျက် မယုံကြည်နိုင်စွာမေးလာ၏။

“ဘဝက ရှည်လျားပါတယ်။ ဒီမင်းသားက နေ့အချိန်ရောက်လာဖို့အတွက် တိုက်ခိုက်နေရုံပါပဲ”

“သူက ဒီမင်းသားကို ထီးနန်းမပေးမှတော့ ဒီမင်းသားက ကိုယ့်အားနဲ့ကိုယ် ယူဖို့ပဲတတ်နိုင်တယ်လေ”

လန်လဲ့သည် စစ်ထူရှင်း၏မေးခွန်းကို မဖြေဘဲ ထိုစကားကိုသာ အေးစက်စွာပြော၏။

ထိုစကားများကိုကြားသည်နှင့် စစ်ထူရှင်း၏တစ်ကိုယ်လုံးမှာ စိတ်ပျက်လက်ပျက်ဖြင့် ခြေကုန်လက်ပန်းကျသွားရသည်။ စစ်ထူရှင်းသည် စိုးထိတ်စွာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး သူတို့နှစ်ဦးတည်းသာရှိကြောင်း အတည်ပြုပြီးလိုက်မှသာ သက်ပြင်းချနိုင်တော့သည်။

“မင်းသားကြီး တချို့အရာတွေက ထုတ်ပြောလို့မသင့်ဘူးဗျ”

“ထုတ်ပြောပြီးသွားရင် ပြန်လှည့်ဖို့နေရာမရှိနိုင်တော့ဘူး”

စစ်ထူရှင်းမှ တည်ကြည်လေးနက်စွာပြောသည်။ မည်သို့ပင်ဖြစ်စေ မင်းသားကြီးသည် သူ၏သားမက်တော်ဖြစ်သည်လေ။ မင်းသားကြီးမှ ထီးနန်းရယူနိုင်ခဲ့လျှင် သူ၏စစ်ထူမျိုးနွယ်စုသည်လည်း အကျိုးမြတ်များမည်ဖြစ်၏။

သို့သော် ပုန်ကန်ထကြွ၍ ထီးနန်ရယူရန်မှာတော့ သေချာပေါက် မဖြစ်နိုင်ပေ။

စန်းရိမင်းဆက်ကြီးသည် ဖြတ်ကျော်၍မရနိုင်သော တောင်တန်းကြီးနှင့် အလားသဏ္ဍာန်တူသည်။ စန်းရိမင်းဆက်ကို ပုန်ကန်ထကြွခြင်းသည် ကောင်းကင်ဘုံသို့တက်လှမ်းခြင်းထက် ပိုမိုခက်ခဲ၏။

“လန်လင်းကို စန်းရိမင်းဆက်ရဲ့ ပထမဆုံးဧကရီအဖြစ် လေ့ကျင့်မယ်လို့ သူပြောလိုက်တဲ့အချိန်တည်းက ဒီမင်းသားမှာ နည်းလမ်းတကျ ထီးနန်းရယူဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး”

လန်လဲ့၏မျက်နှာထက်တွင် ခါးသီးမှုတို့ထင်ဟပ်လာလျက် စိတ်အလိုမကျစွာ ရေရွတ်၏။

ထိုခမည်းတော်ဧကရာဇ်သည် အဘယ်ကြောင့် လန်လင်းကို စိတ်ဝင်စားမှုများပြားနေသည်ကို သူနားမလည်နိုင်ပေ။

ထိုစကားကြောင့် စစ်ထူရှင်းသည် အချိန်ခဏမျှ တိတ်ဆိတ်သွား၏။ စန်းရိဧကရာဇ်သည် မင်းသမီးလန်လင်းကို အထူးတလည်နှစ်သက်တော်မူကြောင်းကို စန်းရိမင်းဆက်တစ်ခုလုံး သိထားကြသည်။ မင်းသမီးလန်လင်းကို ဧကရီအဖြစ် လေ့ကျင့်မည်ဟုပင် မိန့်ကြားခဲ့ဖူးသည်မှာလည်း အမှန်ဖြစ်၏။

ဧကရာဇ်သည် ထိုသဘောထားကို တရားဝင်အခမ်းအနားများ၌ မမိန့်ကြားခဲ့ဖူးသည်သာလျှင် ချွင်းချက်ဖြစ်ခဲ့သည်။

“အဲ့လိုဆိုရင်တောင်မှ ကောင်းကင်တာ့အိုမျိုးနွယ်စုနဲ့ ပူးပေါင်းလိုက်လို့မဖြစ်ဘူးလေ”

“ကောင်းကင်တာ့အိုမျိုးနွယ်စုနဲ့ ပူးပေါင်းလိုက်တာက မင်းသားကို တကယ်ပဲ အမြင့်ကိုတက်လှမ်းလို့ရနိုင်စေပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီ့နောက်မှာ စန်းရိမင်းဆက်က စန်းရိမင်းဆက်ပဲ ဆက်ဖြစ်နေပါဦးမလား?”

စစ်ထူရှင်းသည် ခါးသီးစွာဖြင့် မင်းသားကို ဖျောင်းဖျနေခဲ့သည်။

လန်လဲ့သည် သူ၏သားမက်မဟုတ်ခဲ့လျှင် စစ်ထူရှင်းသည် လန်လဲ့၏ သေခြင်း၊ရှင်ခြင်းကို ဂရုစိုက်နေမည်မဟုတ်ပေ။ သို့သော် လန်လဲ့သည် စစ်ထူမျိုးနွယ်စုနှင့် ချည်နှောင်မှုရှိထားပြီးဖြစ်ရာ လန်လဲ့၏လှုပ်ရှားမှုအချက်တိုင်းသည် စစ်ထူမျိုးနွယ်စုနှင့် ဆက်နွယ်နေပေသည်။

သို့သော် သူ၏ဤသားမက်တော်သည် စိတ်နှလုံးမည်းညစ်နေသည်မှာ သူ၏မိဘနှင့်သားတို့ကို ရှန်ရှန့်ကျုံဂိုဏ်း၏လက်ထဲတွင် ဆိုးဆိုးရွားရွားသေဆုံးသွားစေခဲ့သည်အထိပင်။

“ဒီမင်းသားက ကောင်းကင်တာ့အိုမျိုးနွယ်စုနဲ့ မပူးပေါင်းပါဘူး။ သူတို့ကို ရှန်ရှန့်ကျုံဂိုဏ်းနဲ့တိုက်ခိုက်ဖို့အတွက် ကူညီပေးရုံပါပဲ”

လန်လဲ့မှ ခေါင်းခါရမ်း၍ တည်ကြည်လေးနက်စွာပြောသည်။

“ဟမ်?”

“ကောင်းကင်တာ့အိုမျိုးနွယ်စုက ရှန်ရှန့်ကျုံဂိုဏ်းနဲ့ တိုက်ခိုက်ချင်တာလား?”

စစ်ထူရှင်းသည် အံ့အားသင့်သွားပြီးနောက် မျက်လုံးများ တောက်ပလာ၍ လေးနက်စွာမေးမြန်း၏။

စစ်ထူရှင်း သိထားသည်မှာ ရှန်ရှန့်ကျုံဂိုဏ်းသည် ရုတ်တရက် ကျော်ကြားလာခဲ့ခြင်းဖြစ်သည်ဟူ၍။ သို့သော် ဤမျှအချိန်တိုလေးအတွင်း၌ အဘယ်သို့များ ကောင်းကင်တာ့အိုမျိုးနွယ်စုနှင့် ရန်ငြိုးရှိသွားခဲ့ရသနည်း။ နတ်ဘုရားသတ်ဖြတ်ခြင်းစံအိမ်သည်တော့ အကြောင်းရင်းရှိပေသည်။ သို့သော် အဘယ်‌ေကြာင့်များ ကောင်းကင်တာ့အိုမျိုးနွယ်စုသည် ထိုလျှို့ဝှက်ဆန်းကြယ်သည့် ရှန်ရှန့်ကျုံဂိုဏ်းနှင့် အကြောင်းရင်းမရှိ တိုက်ခိုက်လိုရသနည်း။

“ကောင်းပြီ”

“ကောင်းကင်တာ့အိုမျိုးနွယ်စုက ဘာလို့ ရှန်ရှန့်ကျုံဂိုဏ်းကို တိုက်ခိုက်ချင်ရသလဲဆိုတာ ဒီမင်းသားလည်းမသိဘူး။ ဒါပေမဲ့ သူတို့က ရှန်ရှန့်ကျုံဂိုဏ်းကို ဖျက်စီးပစ်ဖို့ဆုံးဖြတ်ချက်ချထားတာ သေချာတယ်”

“ပြီးတော့ အဲဒီ့မျိုးနွယ်စုသုံးစုက အရင်ဆုံး ရှန်ရှန့်ကျုံဂိုဏ်းတပည့်တွေကို သတ်ဖို့ လူလွှတ်လိမ့်မယ်”

လန်လဲ့၏မျက်လုံးအစုံသည် တောက်ပနေ၏။

ထိုစကားအဆုံး၌ စစ်ထူရှင်းသည် လန်လဲ့ကို အဓိပ္ပာယ်ပါသည့်အကြည့်တို့ဖြင့် ကြည့်လာခဲ့သည်။ မင်းသားကြီးသည် ကောင်းကင်တာ့အိုမျိုးနွယ်စုနှင့် မပူးပေါင်း‌ပါဟု ပြောခဲ့သည့်တိုင် စစ်ထူရှင်းသည် မင်းသားကြီးနှင့် ကောင်းကင်တာ့အိုမျိုးနွယ်စုတို့ လျှို့ဝှက်ပူးပေါင်းနေကြမည်ကို စိုးထိတ်နေဆဲပင်။ သို့မဟုတ်ပါက မင်းသားကြီးသည် အဘယ်သို့များ ကောင်းကင်တာ့အိုမျိုးနွယ်စုများ၏ အစီအစဉ်ကို သိနေပါမည်နည်း။

“မင်းသားကြီးက ဒီလူအိုကြီးကို ဘာလုပ်စေချင်တာလဲ?”

စစ်ထူရှင်းသည် လန်လဲ့ကို ချက်ချင်းသဘောမတူဘဲ မေးမြန်းလိုက်သည်။

“ရှန်ရှန့်ကျုံဂိုဏ်းတပည့်တွေကို ကောင်းကင်တာ့အိုမျိုးနွယ်စု၊ မရဏမျိုးနွယ်စုတွေက ကိုင်တွယ်လိမ့်မယ်။ စစ်ထူမျိုးနွယ်စုခေါင်းဆောင်က ဘာမှလုပ်‌ပေးဖို့မလိုပါဘူး”

လန်လဲ့မှ ‌လက်နှစ်ဖက်ယှက်အရိုအသေပြု၍ ပြော၏။

လန်လဲ့၏အပြုအမူကြောင့် စစ်ထူရှင်း၏မျက်နှာမှာ နည်းနည်းလေးမှ ‌အသွေးအရောင်မရှိတော့ပေ။ ပျော်ရွှင်ဝမ်းမြောက်ခြင်း အလျင်းမရှိဘဲ ပို၍ပို၍တည်ကြည်လေးနက်လာ၏။ မင်းသားကြီးမှ ဤမျှနှိမ့်ချနေလေရာ မိမိကို ကောင်းကင်ဘုံကိုဆန့်ကျင်သည့်ကိစ္စရပ်မျိုးအား ခိုင်းစေတော့မည်ထင်၏။

“ကြင်ယာတော်ရှစ်ပါးထဲမှာ စစ်ထူယန်က ခမည်းတော်နဲ့ အနီးကပ်ဆုံးဖြစ်ပြီး ခမည်းတော်ကိုတိုက်ခိုက်ဖို့လည်း အသင့်တော်ဆုံးပါပဲ”

“ခမည်းတော်ရှိနေသ၍ ပုန်းကွယ်နေတဲ့ဘိုးဘေးတွေက လှုပ်ရှားမှာမဟုတ်ဘူး”

“အဆုံးသတ်မှာ ဘိုးဘေးတွေအတွက်တော့ ‌ အင်အားကြီးမားတဲ့သူကသာ ထီးနန်းပလ္လင်ပေါ်ထိုင်ရတာပဲ မဟုတ်ဘူးလား?”

“သူတို့က ရလဒ်ကိုပဲကြည့်တာလေ”

သေချာပေါက်ပင် လန်လဲ့သည် စစ်ထူရှင်းမှ မည်သည့်စကားမျှ မေးခွန်းမထုတ်နိုင်ပါဘဲ စိတ်နှလုံးတုန်လှုပ်သွားစေနိုင်ခဲ့သည်။

“မင်း မင်း….!”

စစ်ထူရှင်းသည် လက်ညှိုးတထိုးထိုးဖြင့် တုန်လှုပ်နေ၏။ မျက်လုံးအစုံသည် လန်လဲ့ကို မလွှဲတမ်းကြည့်နေကာ ပါးစပ်ပွင့်ဟလျက် တစ်စုံတစ်ရာပြောလိုသော်ငြား မည်သည့်စကားလုံးမျှ ထွက်အံကျမလာခဲ့ချေ။

စစ်ထူရှင်းသည် တုနှိုင်းမဲ့လောက်အောင် အေးစက်ခက်ထန်သော မင်းသားကြီးလန်လဲ့ကိုကြည့်နေရင်းဖြင့် နှလုံးအိမ်သည်လည်း မထိန်းချုပ်နိုင်စွာ အေးစက်တုန်ယင်နေတော့သည်။ အတိတ်ကာလများ၏ ဉာဏ်ပညာအမြော်အမြင်ကြီးမားသော မင်းသားကြီးသည် ဤသို့ ဆာလောင်ကြီးသည့်ဝံပုလွေတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု စစ်ထူရှင်း မျှော်လင့်မထားခဲ့ပေ။

“ဒီမင်းသားက နေ့အချိန်အတွက် တိုက်ခိုက်နေရုံပါပဲလို့ ပြောခဲ့တယ်လေ။ သူမပေးမှတော့ ကိုယ့်အတွက်ကိုယ် တိုက်ယူရမှာပဲပေါ့”

“စစ်ထူမျိုးနွယ်စုခေါင်းဆောင်‌ဗျ ခင်ဗျားမြေပြင်ပေါ်မှာရပ်နေတာ.. မတိုက်ခိုက်ဘူးဆိုရင် ခင်ဗျားက အမှိုက်တစ်စနဲ့ ဘာများကွာခြားဦးမှာတဲ့လဲ?”

“စစ်ထူမျိုးနွယ်စုခေါင်းဆောင် စိတ်ဆန္ဒကိုသေချာစဉ်းစားဖြည့်ဆည်းဖို့ ‌မျှော်လင့်ပါတယ်”

မင်းသားကြီးသည် လက်နှစ်ဖက်ကိုနောက်ပစ်၍ အေးစက်စွာရပ်နေသည်။ မင်းသားကြီးသည် စစ်ထူရှင်းကို အကြည့်မလွှဲတမ်းကြည့်နေလျက် ပြောဆိုသည့်အသံမှာလည်း ဆုံးဖြတ်ချက်ပြတ်သားကြောင်း ထင်ရှားလှပေသည်။

ဘုန်း!

စစ်ထူရှင်းသည် ထိုင်ခုံပေါ်သို့ ထိုင်ကျသွားခဲ့ပြီး အချိန်တစ်ခုကြာ တိတ်ဆိတ်နေတော့သည်။ စစ်ထူရှင်းမှ သဘောမတူလျှင်သော်မှ လန်လဲ့သည် အခြားတစ်ယောက်ကို သွားရှာစေခိုင်းလိမ့်မည်ဖြစ်၏။ စစ်ထူရှင်းမှ ပါဝင်ပတ်သက်သည်ဖြစ်စေ၊ ပါဝင်ပတ်သက်မှု မရှိသည်ဖြစ်စေ သူ၏စစ်ထူမျိုးနွယ်စုနှင့် လန်လဲ့၏ ပတ်သက်ဆက်နွယ်မှုသည် နက်ရှိုင်းနေခဲ့ပြီးလေပြီ။ စစ်ထူမျိုးနွယ်စုသည် မည်သို့မျှ လွတ်မြောက်နိုင်လိမ့်မည်မဟုတ်!

“ဒါက ဒီမင်းသား နတ်ဘုရားသတ်ဖြတ်ခြင်းစံအိမ်က ရှာရလာခဲ့တဲ့ ဉက္ကာဧကရာဇ်ဆေးလုံးပဲ”

လန်လဲ့ စစ်ထူရှင်းကို တစ်ချက်အကဲခတ်ကြည့်၏။ ထို့နောက် ကျောက်စိမ်းပုလင်းတစ်ခုကို ထုတ်ယူ၍ စားပွဲပေါ်သို့တင်လိုက်ပြီး ခပ်ဖျော့ဖျော့ပြောသည်။

“ကိစ္စကို လုပ်ဆောင်မယ်၊ မလုပ်ဆောင်ဘူးဆိုတာက ဒီသားမက်တော်ရဲ့ဆန္ဒအပေါ်ပဲ မူတည်ပါတယ်”

“ဒီမင်းသား ကတိပေးတယ်။ ငါမင်းသား အထက်ကိုတက်လှမ်းနိုင်ခဲ့ရင် ဒီနေ့ယောက္ခမတော်က ဘယ်လိုဆုံးဖြတ်ချက်ပဲချမှတ်ပါစေ ယန်အာနဲ့ဆက်ဆံရေးရှိနေတာကြောင့် စန်းရိမင်းဆက်နဲ့အတူ စစ်ထူမျိုးနွယ်စုဟာလည်း အမြင့်ကိုရောက်ရှိစေရမယ်!”

စစ်ထူရှင်းမှ စကားမပြောမီ၌ လန်လဲ့မှ ဆက်ပြောသည်။

စကားအဆုံး၌ စစ်ထူရှင်းကို တစ်ချက်အကဲခတ်ကြည့်၍ ခန်းမဆောင်ထဲမှ လှည့်ထွက်သွား‌ေတာ့သည်။

စစ်ထူရှင်းတစ်ဦးတည်းသာလျှင် ခန်းမဆောင်၏ ထိုင်ခုံထက်တွင် ထိုင်လျက်သားကျန်ရစ်ခဲ့၏။

စစ်ထူရှင်းသည် စားပွဲပေါ်ရှိကျောက်စိမ်းပုလင်းကို ကြောင်အ,စွာကြည့်နေပြီးနောက် ပုလင်းကိုကောက်ယူလိုက်သည်။ သူ၏မျက်လုံးအစုံမှာ နီမြန်းတောက်ပနေလျက် ထို့နောက်တွင် ခန်းမဆောင်ထဲမှ ထွက်သွားလေသည်။ ခန်းမဆောင်ထဲ၌ တီးတိုးစကားသံတစ်ခုသာလျှင် ဝဲလွင့်ကျန်ရစ်ခဲ့၏။

“ဘဝဟာ ရှင်သန်နေရမှာပဲ။ မတိုက်ခိုက်ဘူးဆိုရင် အမှိုက်တစ်စနဲ့ ဘာများကွာခြားတော့မလဲ?”

“ဒီနေ့ စစ်ထူမျိုးနွယ်စုက တိုက်ခိုက်မယ်!”

“အဆုံးသတ်မှာ ကျုပ်ဟာ ကောင်းကင်နဲ့အတူ အိုမင်းသွားပြီး တိုင်းပြည်နဲ့အတူ အနားယူရလိမ့်မယ်!”

“ရှုံးနိမ့်ခဲ့ရင် မျိုးနွယ်စုနဲ့အတူ မြှုပ်နှံခံရလိမ့်မယ်!”

All Chapters