← Chapters

တစ္ဆေနှင့်နတ်ဘုရားအကာအကွယ်

Vol. 40 Ch. 552

တစ္ဆေနှင့်နတ်ဘုရားအကာအကွယ်

Vol. 40 Ch. 552

Translator - Hsue Htet

မြေအောက်ကမ္ဘာ၌ တောအုပ်ထဲတွင် ပုန်းလျှိုးကွယ်လျှိုးပုံရိပ်တစ်ခု ဖြတ်သန်းသွားသည်။ ၎င်းပုံရိပ်၏ ချောမောခန့်ညားသော မျက်နှာထက်တွင် သတိကြီးစွာ‌ထားနေသော အရိပ်အယောင်များ ထင်ဟပ်နေပေသည်။

ထိုပုံရိပ်သည် အသက်နှစ်ဆယ်ဝန်းကျင် လူငယ်တစ်ဦးဖြစ်သည်။ ခန္ဓာကိုယ်သည် ရှည်သွယ်ဖြောင့်တန်း၍ မျက်နှာသွင်ပြင်မှာ ထက်ရှသည့်ဓားသွားကဲ့သို့ ထင်ရှားပြတ်သားသည်။ သို့သော် သူ၏ကိုယ်မှ ထုတ်လွှတ်နေသောအရှိန်အဝါသည် သူ၏ချောမောခန့်ညားသောပုံရိပ်နှင့် လိုက်ဖက်မှုမရှိချေ။

“ချန်ခွမ်းအထွတ်အမြတ်ဘုံမှာ မြေအောက်ကမ္ဘာကြီးတစ်ခု ပုန်းကွယ်တည်ရှိနေမယ်လို့ လုံးဝထင်မထားခဲ့ဘူး။ ကံကောင်းထောက်မစွာနဲ့ သခင်လေးက ဉာဏ်ထက်မြက်ပြီး ‌ဆော့ကစားဖို့ တိတ်တိတ်လေးထွက်လာတာကြောင့်သာပေါ့။ မဟုတ်လို့ကတော့ ကျုပ်ရွှမ်းယွမ်နဲ့ သက်ဆိုင်တဲ့အခွင့်အရေးတစ်ခုကို လက်လွတ်သွားရမယ်မဟုတ်ပေလား”

လူငယ်လေးသည် မျက်လုံးတောက်တောက်များဖြင့် သူ၏ဘေးပတ်လည်ရှိ မြင့်သွန်းသော‌သစ်ပင်အိုကြီးများကိုကြည့်ရှုလျက် ခပ်ဖျော့ဖျော့ရေရွတ်သည်။

“အဲဒီ့သေသင့်တဲ့ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်က အခု ပွက်ပွက်ဆူနေတဲ့အိုးလိုပဲ အချိန်မရွေးပေါက်ကွဲနိုင်တယ်။ အဲဒါကြောင့် ဒီသခင်လေးမှာ အုတ်ဂူသင်္ချိုင်းတစ်ခုတူးဖော်ဖို့ အခွင့်အရေးမရှိလိုက်ဘူး”

ရွှမ်းယွမ်သည် စိတ်ပျက်နေဟန်ဖြင့် ပါးစပ်မှလည်း တရစပ်ကျိန်ဆဲနေလေသည်။ မျက်နှာမှာလည်း အလွန်မသာမယာဖြင့်။

“ဒီနေရာက ဒီသခင်ငယ်လေးကို စိတ်ကျေနပ်စေဖို့မျှော်လင့်ပါရဲ့”

“သင်္ချိုင်းဟာ ကျုပ်ရဲ့အိမ်ဖြစ်ပြီး မြှုပ်နှံခြင်းဟာလည်း ကျုပ်ရဲ့ထိန်းချုပ်မှုအောက်မှာပဲ။ မျက်ကန်းအဖြစ် သေဆုံးချင်ရင် ဒီကိုကြွခဲ့ရုံပါပဲ”

ရွှမ်းယွမ်သည် မြင့်သွန်းသောတောင်တန်းဆီသို့ လျှောက်လှမ်းနေရင်း ဩဇာပြည့်ဝသော ဆောင်ပုဒ်တစ်ခုကိုရွတ်ဆိုနေသည်။ လူတစ်ကိုယ်လုံးမှာ ‌အရှိန်အဝါတောက်ပနေ၏။

တောင်နှင့်နီးကပ်လာသည်နှင့် ရွှမ်းယွမ်၏အပြုံးသည် မှေးမှိန်လာရပြီး ဂုဏ်သရေကြီးမြတ်ခြင်းအရှိန်အဝါများ အစားထိုးဝင်ရောက်လာသည်။

“ဒီနေရာက တကယ်ပဲဘာများလဲ? ဒီသခင်ငယ်လေးကိုတောင် ဖိနှိပ်နိုင်တယ်?”

ရွှမ်းယွမ်မှ အံ့အားသင့်စွာ ရေရွတ်၏။ မ‌နီးမဝေးရှိ တောင်တန်းကိုကြည့်ရှုရင်းဖြင့် သူ၏မျက်လုံးအစုံ၌ လျှို့ဝှက်ဆန်းကြယ်သော ရွှေရောင်အလင်းတို့ တောက်ပသွားသည်။

ရှပ်!

အချိန်အတော်ကြာ စေ့စေ့စပ်စပ်ကြည့်ရှု‌စစ်ဆေးပြီးနောက် ရွှမ်းယွမ်သည် ပို၍အံ့အားသင့်သွားရကာ မျက်လုံးအိမ်များ မှေးကျုံ့လျက် အသက်ပြင်းပြင်းရှူသွင်းမိလိုက်ရသည်။

“ဒါက.. ဒါက နတ်ဘုရားဘုံ‌ေလာကလား?”

ရွှမ်းယွမ် တုန်လှုပ်စွာ ရေရွတ်လိုက်၏။ ချန်ခွမ်းအထွတ်အမြတ်ဘုံ၌ ဤသို့နယ်မြေကြီး တည်ရှိနေလိမ့်မည်ဟု သူလုံးဝ ထင်မထားခဲ့ပါချေ။ ဤနတ်ဘုရားဘုံလောကဟူသည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ဖြစ်လျှင်သော်မှ ထွက်ပေါ်လာစေရန် ခက်ခဲလွန်းသည်မဟုတ်ပါလော။

ဤနတ်ဘုရားဘုံလောကသည် ဟုန်မန်နတ်ဘုရားနယ်ပယ်ကျင့်ကြံသူ သေဆုံးသွားခဲ့သည့်အရပ် ဖြစ်သည်။

ဟုန်မန်နတ်ဘုရားနယ်ပယ်ကျင့်ကြံသူဟူသည် အလွန်တရာ ကြီးမြတ်တော်မူ၍ ထိုကျင့်ကြံသူ၏အသက်အဆင့်ကို သာမန်နယ်ပယ်များမှ မယှဉ်နိုင်ပေ။ ထိုသို့သော ကျင့်ကြံသူသည် ဟုန်မန်နတ်ဘုရားနယ်ပယ်အတွင်း သေဆုံးခဲ့လျှင် ကိစ္စမရှိပေ။ သို့သော် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်နှင့် ချန်ခွမ်းအထွတ်အမြတ်ဘုံတို့တွင် သေဆုံးခဲ့ပါက ထိုနယ်ပယ်အတွင်းရှိ ကောင်းကင်ဘုံနှင့်ပထဝီမြေကြီး၏ စည်းမျဉ်းများကို ပြောင်းလဲစေနိုင်သည်။

ဥပမာဆိုရသော် ဤမြေအောက်ကမ္ဘာတွင် ကောင်းကင်ဘုံနှင့်ပထဝီမြေကြီး၏စည်းမျဉ်းများသည် ဟုန်မန်နတ်ဘုရားနယ်ပယ်၏ တိတ်တဆိတ်ပြောင်းလဲခြင်းကို ခံခဲ့ရပြီးလေပြီ။ ဤမြေအောက်ကမ္ဘာသည် ပျက်သုဉ်းခြင်းနယ်ပယ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်၏။

ဤမြေအောက်ကမ္ဘာ၌ ဟုန်မန်နတ်ဘုရားနယ်ပယ်အဆင့်အောက် ကျင့်ကြံသူများသည် ဖိနှိပ်ခံရမည်ဖြစ်သည်။ ရွှမ်းယွမ်ကဲ့သို့ပင် အနည်းငယ်‌သော မီတာထောင်ချီခန့်ကိုသာ လေ့လာစူးစမ်းနိုင်ပြီး ကောင်းကင်ထက် လျှောက်လှမ်းရန်အတွက်မူ အလွန်တရာခက်ခဲမည်ဖြစ်၏။

ထို့အပြင် နတ်ဘုရားဘုံလောကသည် ကြီးမားလှသည့်အန္တရာယ်အသွယ်သွယ်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ အချို့အန္တရာယ်များသည် လူကို မည်သို့သေဆုံးသွားခဲ့ရသည်ပင် မသိလိုက်စေဘဲ သေဆုံးသွားစေနိုင်သည်။ အလွန်ကျောချမ်းဖွယ်သော ကြောက်ရွံ့ထိတ်လန့်ဖွယ်အန္တရာယ်များဖြစ်၏။

အချိန်အတန်ကြာ အံ့ဩထိတ်လန့်နေပြီးနောက်၌ ‌ရွှမ်း‌ယွမ် ပြန်လည်တည်ငြိမ်သွားသည်။ ထို့နောက် အဓိပ္ပာယ်တစ်မျိုးဖော်ဆောင်သော အပြုံးတစ်ခုဖြစ်တည်လာကာ ခပ်ဖျော့ဖျော့ရေရွတ်၏။

“စိတ်ဝင်စားစရာပဲ.. ဒီသခင်လေးက နတ်ဘုရားဂူသင်္ချိုင်းကို တစ်ခါမှ မတူးဖော်ခဲ့ဖူးဘူး။ ဒါပေမဲ့ နတ်ဘုရားရဲ့ဂူသင်္ချိုင်းက ဘယ်လောက်ကြောက်မက်ဖွယ်ကောင်းလဲဆိုတာ သိချင်မိသားပဲ”

“စဉ်းစားကြည့်ရုံနဲ့တင် အရမ်းစိတ်လှုပ်ရှားဖို့ကောင်းနေပြီ!”

ရွှမ်းယွမ်သည် မှုန်မှိုင်းစွာရယ်မောလာ၏။ ထို့နောက် လက်ကိုဆန့်ထုတ်၍ ဝှေ့ယမ်းလိုက်ရာ အလင်းရတနာများ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။

အလင်းရတနာများ ပျောက်ကွယ်သွားပြီးနောက်တွင် ရွှမ်းယွမ်၏ခန္ဓာကိုယ်သည် များစွာပြောင်းလဲသွားခဲ့သည်။

ယခု၌ ရွမ်းယွမ်သည် နဂါးသဏ္ဍာန်ထိုးထွင်းထားသည့် တာ့အိုဝတ်ရုံကို ပြောင်းလဲဝတ်ဆင်ထား၏။ ၎င်းဝတ်ရုံထက်တွင် စီးဆင်းနေသည့်အလင်းတို့မှာ အလွန်တရာဆန်းကြယ်ကာ လက်တစ်ဖက်တွင်တော့ မည်းနက်သောသံမဏိတုတ်ကို ကိုင်ဆောင်ထားသည်။ ၎င်းသံမဏိတုတ်သည် မီတာဝက်ခန့်သာရှည်လျားပြီး ‌လက်ရာ‌ေမြာက်ထွင်းထုထား၏။ ၎င်းသံမဏိတုတ်ထက်တွင် ထွင်းထု‌ပုံဖော်ထားသော ထူးခြားနက်နဲသောမျဉ်းကြောင်းသဏ္ဍာန်များကို ကြာကြာကြည့်ရှုမိပါက လူကို မူးဝေ‌စေသည်။

ခါးထက်တွင်လည်း နဂါးကြေးခွံခါးပတ်တန်ဆာကို ဝတ်ဆင်ထားပြီး ခြေတွင် ဇာမဏီငှက်သဏ္ဍာန်ထွင်းဖိနပ်၊ လည်တိုင်တွင် ကျောက်စိမ်းဆွဲပြား၊ လက်အစုံတွင် ရွှေလက်အိတ်တစ်စုံကို ဝတ်ဆင်ထား‌သည်။

၎င်းအဝတ်တန်ဆာများမှ ထုတ်လွှတ်နေသောအရှိန်အဝါများသည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ် အရှိန်အဝါဖြစ်၏။

၎င်းတာ့အိုဝတ်ရုံဖြစ်စေ၊ သံမဏိတုတ်ချောင်းဖြစ်စေ၊ ခါးပတ်တန်ဆာဖြစ်စေ၊ အဆင်တန်ဆာအားလုံးမှာ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့်ဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။

“လုပ်လိုက်ကြတာပေါ့!”

အဆင်တန်‌ဆာအားလုံးကို ဝတ်ဆင်ပြီးနောက်တွင် ရွှမ်းယွမ်သည် လက်ထဲရှိ သံမဏိတုတ်ကို ဝှေ့ယမ်းလိုက်ပြီး တောင်တန်းဆီသို့ စိတ်လှုပ်ရှားတက်ကြွစွာ လျှောက်လှမ်းသွားခဲ့သည်။

ဘုန်း!

ရွှမ်းယွမ် တောင်ခြေသို့ရောက်ရှိသောအခါ တောင်တစ်လုံးမျှသောဖိအားကြီး မိမိထံသို့ ဦးတည်လာနေသည်ကို ခံစားလိုက်ရသည်။ သို့ဖြင့် ခန္ဓာကိုယ်မှာ ဖိနှိပ်မှုအတွင်း နစ်မြုပ်လာရပြီး ချက်ချင်းပင် သူဝတ်ဆင်ထားသော ‌တာ့အိုဝတ်ရုံသည် တဖျပ်ဖျပ်လင်းလက်လာသည်။ ထို့နောက် ၎င်းဖိအားကြီးသည် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားတော့သည်။

ရွှမ်းယွမ်သည် ‌တုံ့ဆိုင်းတွေဝေသွားခြင်း အလျဉ်းမရှိဘဲ ခပ်ဟဟပြုံးရယ်လိုက်ပြီး ဆက်လက်လျှောက်သွား၏။

လမ်းကြောင်းထက်သို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် ရွှမ်းယွမ် အံ့ဩတုန်လှုပ်သွားရသည်။ လမ်းတစ်ဖက်တစ်ချက်ရှိ သွေး‌နီရောင်သစ်ပင်များသည် သူ့စိတ်နှလုံးကို တုန်လှုပ်သွားစေ၏။ ရွှမ်းယွမ် မျက်မှောင်ကြုတ်သွား၍ သွေးနီရောင်သစ်ပင်များကို အကဲခတ်ကြည့်ရှုလိုက်သည်။ ထို့နောက် တစ်စုံတစ်ခု စဉ်းစားမိသွားပုံရကာ မျက်လုံးများတောက်ပသွား၏။

“ကောင်းရော ဒီတစ်ကြိမ်တော့ ပိုကြီးမားတာနဲ့ကြုံရပြီ!”

“ဇာမဏီနှလုံးသားမီးလျံသစ်ပင် ရှိနေတာပဲ!”

“အဲဒါဆို ဒီနေရာမှာ သေဆုံးသွားခဲ့တဲ့ ဟုန်မန်နတ်ဘုရားနယ်ပယ်ကျင့်ကြံသူက ဇာမဏီနတ်သားရဲများလား?”

ရွှမ်းယွမ် အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ ရွှမ်းယွမ်သည် သွေးနီရောင်သစ်ပင်ကို ကြည့်မနေတော့ဘဲ လမ်းကြောင်းအတိုင်း ဆက်လျှောက်သည်။ သူ၏ခြေလှမ်းတို့မှာ လျင်မြန်သော်ငြား ခြေလှမ်းတစ်ချက်တိုင်း၌ အလွန်သတိကြီး၏။

“ကံကောင်းမှုကြီးက မျက်လုံးရှေ့တင်ပဲကို ရပ်တန့်နိုင်ပါ့မလားလေ”

“ရှောင်ယဲ့က ဂူသင်္ချိုင်းတူးဖော်တာမှာ ၅နှစ်ကျော်ပါဝင်ခဲ့ပြီးပြီ။ ဒီတစ်ကြိမ်က ရှောင်ယဲ့လုပ်ဆောင်ခဲ့ဖူးသမျှထဲ အကြီးမားဆုံးလုပ်ဆောင်မှုကြီးဖြစ်‌မှာ စိုးရွံ့မိပါရဲ့!”

ရွှမ်းယွမ်သည် ဖိအားကိုဆန့်ကျင်လျှောက်လှမ်းရင်းဖြင့် ပျော်ရွှင်ဝမ်းမြောက်စွာ ရေရွတ်နေ၏။

ဘုန်း!

တောင်၏တစ်ဝက်ခန့်သို့ရောက်သောအခါ ဖိအားသည်လည်း ပို၍များပြားပြင်းထန်လာသည်။ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ် အဆင်တန်‌ဆာများကို ဝတ်ဆင်ထားသည့်တိုင် ရွှမ်းယွမ်မှာ ချွေးစေးများစီးကျ၍ မောဟိုက်ပင်ပန်းနေရမြဲပင်။

“တကယ့်ကို နတ်ဘုရားဘုံလောကလို့ မဆိုရဘူး.. အထောက်အကူစွမ်းရည်အချို့မှ ရှိမနေရင် ဒီဖိအားကို လုံးဝ ခံနိုင်ရည်ရှိလိမ့်မှာမဟုတ်ဘူး”

ရွှမ်းယွမ် မျက်မှောင်ကြုတ်၍ ခပ်ဖျော့ဖျော့ရေရွတ်လိုက်သည်။

ထို့နောက် လက်ကိုဆန့်ထုတ်ဝှေ့ယမ်းလိုက်ရာ အလင်းတန်းတစ်ခု သူ၏ရှေ့တွင် ပေါ်ထွက်လာသည်။ ၎င်းမှာ စတုရန်းသဏ္ဍာန်အကာအကွယ်တစ်ခုဖြစ်သည်။

အကာအကွယ်ကိုယ်ထည်သည် သွေးနီရောင်ဖြစ်ပြီး ရှေးဟောင်းသားရဲတစ်မျိုး၏ ပုံသဏ္ဍာန်ကို ထောင့်လေးထောင့်၌ ထွင်းထုထားသည်။ အလယ်ဗဟိုသည် မြင့်သွန်း၍ နဂါးသဏ္ဍာန်ကဲ့သို့သော ရုပ်တုတစ်ခုရှိသည်။ ၎င်းလေးထောင့်အကာအကွယ်ထက်တွင် ထူးခြားနက်နဲသောမျဉ်းကြောင်းများကိုလည်း လက်ရာမြောက်ထွင်းထုထားသည်။

၎င်းလေးထောင့်အကာအကွယ်၏ အောက်ခြေ၌ ‘တစ္ဆေနှင့်နတ်ဘုရားများပင် ရှောင်ကြဉ်ကြ'ဟူသော အက္ခရာကြီးလေးလုံးရှိသည်။

“အဆုံးမှာတော့ မင်းအပေါ်ပဲမူတည်သွားပြီ ‌တစ္ဆေနှင့်နတ်ဘုရားအကာအကွယ်စည်းရေ!”

ရွှမ်းယွမ်သည် လက်ဖြင့် အကာအကွယ်ကိုဆုပ်ကိုင်၍ ကြီးမြတ်သော ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်များကို ‌တစ္ဆေနှင့်နတ်ဘုရားအကာအကွယ်ထဲသို့ ထည့်သွင်း‌၍ တစ္ဆေနှင့်နတ်ဘုရားအကာအကွယ်ကြီးသည် စူးရှတောက်ပသော အနီရောင်အလင်းတန်းများဖြင့် လှိုင်းဂယက်ထသွားတော့သည်။

၎င်းအနီရောင်အလင်းတန်းများ ရွှမ်းယွမ်၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီးနောက် သူ၏ခန္ဓာကိုယ်ရှိ ကြီးမြတ်ခမ်းနားသောအရှိန်အဝါများ ရုတ်ချည်းပျောက်ကွယ်သွားပြီး တောင်ထိပ်သို့ ဆက်လက်လျှောက်သွားခဲ့သည်။

All Chapters