← Chapters

ပူးပေါင်းလာရောက်ကြ

Vol. 40 Ch. 553

ပူးပေါင်းလာရောက်ကြ

Vol. 40 Ch. 553

Translator - Hsue Htet

ပျက်သုဉ်းခြင်းဧကရာဇ်အဆင်တန်ဆာများ၊ နယ်ပယ်အဆင့်မသိရှိရသော တစ္ဆေနှင့်နတ်ဘုရားအကာအကွယ်တို့ဖြင့် ရွှမ်းယွမ်သည် ‌လမ်းတစ်လျှောက် အဆင်ပြေချောမွေ့စွာ ဆက်လျှောက်သွားခဲ့သည်။ ယခင်က ပြင်းထန်လှသောဖိအားကြီးသည် သူ့အပေါ် စိုးစဉ်းမျှ သက်ရောက်မှုမရှိသည့်အလား ခြေလှမ်းများသည် အလွန်တရာ သွက်လက်နေပေသည်။

တစ်နာရီခန့်ကြာမြင့်ပြီးနောက်၍ ရွှမ်းယွမ်သည် တောင်ထိပ်ပေါ်သို့ အောင်မြင်စွာတက်နိုင်ခဲ့၍ တောင်တစ်ခုလုံးကို ပတ်ကြည့်ရန် မစောင့်ဆိုင်းနိုင်တော့ပေ။

တစ်ချက်ကြည့်ပြီးနောက် ရွှမ်းယွမ် နေရာ၌မင်သက်သွားသည်။ ဖော်ပြ၍မရနိုင်သော ပီတိများ စိတ်နှလုံးတွင်း ဖိတ်လျှံကျလာသောကြောင့် ခန္ဓာကိုယ်ပင် တုန်ရီလာရသည် ။

သွေးနီရောင်ဇာမဏီနှလုံးသားမီးလျံသစ်ပင်သည် တိတ်ဆိတ်စွာတည်ရှိနေပြီး သိပ်သည်းသောသစ်ရွက်များသည် လေအဝှေ့တွင် လှုပ်ယိမ်းနေကြသည်။ ဝေးကွာ‌သော်ငြား သွေးကြောများကဲ့သို့သော မျဉ်းကြောင်းများဖုံးလွှမ်းနေသည့် သွေးနီရောင်သစ်ရွက်များကို ရှင်းရှင်းလင်းလင်းမြင်နိုင်ပေသည်။ မမြင်တွေ့နိုင်သော ပူပြင်းသည့်အရှိန်အဝါများသည်လည်း တောင်ထိပ်တစ်ခွင် ပြည့်နှက်ဖုံးလွှမ်းနေ၏။

ရွှမ်းယွမ်၌ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ် အဆင်တန်ဆာများနှင့် တစ္ဆေနှင့်နတ်ဘုရားအကာအကွယ် ရှိနေသောကြောင့်သာ ‌တော်သေးသည်။ သို့မဟုတ်ပါက ထိုပူပြင်းသည့်အရှိန်အဝါကြောင့် ရွှမ်းယွမ်မှာ သေချာပေါက် အဆင်‌မပြေ ဖြစ်ရလိမ့်မည်ပင်။

ကနဦး၌ ဝမ်ဖုန်းတို့အုပ်စုသည် စနစ်၏ကာကွယ်မှုကြောင့် မဟုတ်ခဲ့လျှင် ဇာမဏီနှလုံးသားမီးလျံသစ်ပင်မှ ထုတ်လွှတ်နေသော ပူပြင်းသည့်အရှိန်အဝါကို ခံနိုင်ရည်ရှိခဲ့မည်မဟုတ်ပေ။

ထို့အပြင် ဇာမဏီနှလုံးသားမီးလျံသစ်ပင်၏ရှေ့ မဝေးလှသည့်နေရာ၌ လျှို့ဝှက်ဆန်းကြယ်နက်နဲသော မျဉ်းကြောင်းများ ဖုံးလွှမ်းနေသည့် ရွှေနီရောင်ဇာမဏီဥတစ်လုံး မျောလွင့်နေ၏။ ရွှမ်းယွမ်ပင်လျှင် ထိုဇာမဏီဥကို ကြည့်ရှုပြီးနောက် အနည်းငယ်မူးဝေသွားရသည်။

“ဒါက… ဒါက ဇာမဏီနတ်သားရဲဥတော့ မဟုတ်ဘူးမလား?”

ရွှမ်းယွမ်သည် အသံတုန်တုန်ယင်ယင်ဖြင့် အံ့အားသင့်စွာ ပြောမိလေသည်။

ဤနေရာ၌ ဇာမဏီဥရှိနေမည်ဟု ရွှမ်းယွမ် မျှော်လင့်မထားခဲ့ပေ။ ၎င်းမှာ ဇာမဏီနတ်သားရဲဥဖြစ်၏။ ၎င်းဥမှ ပေါက်ဖွားလာသည်မှာ ဇာမဏီနတ်သားရဲ‌တစ်ကောင် ဖြစ်လိမ့်မည်။ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကို တစ်ဟုန်ထိုးတက်စေမှာမဟုတ်ဘူးလား?

ဒီသခင်လေးရဲ့ကံကောင်းမှုကတော့ တားဆီးလို့ကို မရနိုင်ဘူးပဲ!

ရွှမ်းယွမ်သည် စိတ်လှုပ်ရှားတက်ကြွလွန်းသောကြောင့် တစ်ကိုယ်လုံး တွန့်လိမ်နေတော့သည်။ သူ၏ချမ်းသာကြွယ်ဝမှုသည် အံ့ချီးဖွယ်ဖြစ်ပြီး နောက်ခံသည် သာလွန်ထူးကဲကာ ဗဟုသုတကြွယ်ဝသူဖြစ်သည့်တိုင် ဇာမဏီဥကြောင့် မင်သက်သွားခဲ့ရလေသည်။

“ငါ့အပိုင်ပဲ ဒါတွေအားလုံးက ငါ့အပိုင်ပဲ!”

ရွှမ်းယွမ်သည် လေဟာပြင်တွင်မျောလွင့်နေသော ဇာမဏီဥကို မျက်လုံးတောက်တောက်များဖြင့် အငမ်းမရကြည့်ရှုနေသည်။ သူ၏လက်အစုံသည်တော့ ဇာမဏီဥကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်လိုသည့်အလား ရင်ကို လှစ်ဟဆန့်တန်းနေ၏။

သွေးနီကန်ကို ခြေလှမ်းတစ်ချက်ခြင်းစီ ဖြတ်လျှောက်ရင်း တစ်ကိုယ်လုံးလည်း တုန်ယင်နေသည်။ သူ၏မျက်လုံးအစုံသည်တော့ ဇာမဏီဥထံမှ လုံးဝ အကြည့်မလွှဲခဲ့။

…..

တစ်ချိန်တည်း၌ စန်းရိမြို့တော်အပြင်ဘက်တွင်ဖြစ်သည်။

ပုံရိပ်ဒါဇင်ကျော်ခန့်သည် လေဟာပြင်မှ ထွက်ပေါ်လာကြ၍ လက်နှစ်ဖက်ကိုနောက်ပစ်ရပ်လျက် စန်းရိမြို့တော်ကြီးကို အေးစက်သည့်မျက်လုံးများဖြင့် ကြည့်နေကြသည်။

ထိုသူများကို ဦးဆောင်လာသူမှာ မရဏမျိုးနွယ်စုခေါင်းဆောင် မင်ကုန်း၊ ရွှမ်းဟိုင်မျိုးနွယ်စုခေါင်းဆောင် ရွှမ်းယောင်၊ ဖျက်စီးခြင်းမျိုးနွယ်စုခေါင်းဆောင် ကျစ်ရှောင်းနှင့် နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်တို့ ဖြစ်ကြသည်။

သူတို့နောက်မှ လိုက်ပါလာသူများမှာ မျိုးဆက်သစ်လူငယ်များဖြစ်ကြ၏။

မျိုးဆက်သစ်လူငယ်လေးများသည် ကောင်းကင်တာ့အိုမျိုးနွယ်စုများထဲမှ မျိုးနွယ်စုသုံးခု၏ မျိုးဆက်သစ်များဖြစ်ကြသည်။ မျိုးနွယ်စုတစ်ခုစီမှ ချန်ခွမ်းကပ်ဘေးအဆင့်ပါရမီရှင်၃ဦးစီ စေလွှတ်လိုက်ကြသည်။ မြင့်သွန်းသောပုံရိပ်ကြီးများအထက်၌ ကြောက်မက်ထိတ်လန့်ဖွယ်အရှိန်အဝါများ ထွက်ပေါ်နေသောကြောင့် လေဟာပြင်သည်လည်း သာမန်မျက်လုံးဖြင့် မြင်‌တွေ့နိုင်သည်အထိ တွန့်လိမ်ပုံပျက်နေတော့သည်။

ကောင်းကင်တာ့အိုမျိုးနွယ်စုများ၏ မျိုးဆက်သစ်ကျင့်ကြံသူ၉ဦးနှ့င် နှိုင်းစာလျှင် နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမ၏ မျိုးဆက်သစ်ကျင့်ကြံသူ၃ဦးမှာ အတော်လေး သာမန်ဆန်ပေသည်။ အရှိန်အဝါအနည်းငယ်သော််မျှ ထုတ်လွှတ်ခြင်းမရှိဘဲ သေမျိုးလူသားများအလား ‌လမ်းတစ်လျှောက်တွင် မည်သူတစ်ဦး‌တစ်ယောက်၏ အာရုံကိုမျှ မဆွဲဆောင်ခဲ့ပေ။

သို့သော် သူတို့၏နက်ရှိုင်းသော မျက်ဝန်းအစုံသည် ရံဖန်ရံခါ စူးရဲစွာတောက်ပသွားတတ်ကြသည်။

လူသတ်သမားများဖြစ်ကြသောကြောင့် တိုက်ခိုက်ချိန်၌သာ အရှိန်အဝါကို တစ်ချက်တည်း ထုတ်လွှတ်လေ့ရှိကြသည်။ မထိခဲ့ပါက နောက်ပြန်ဆုတ်ကြမည်ဖြစ်၏။

၎င်းမှာ လူသတ်သမားများ၏ စည်းမျဉ်းစည်းကမ်းပင်!

သူတို့သည် အလွန်တရာ အထုံပါရမီထူးကဲ၍ အင်အားကြီးမားသည့်တိုင် အချိန်ကြာမြင့်စွာ တိုက်ခိုက်ရာ၌ မကျွမ်းကျင်ကြပေ။ ထိုအစား အချိန်ခဏအတွင်း အင်အားကုန်ပေါက်ကွဲတိုက်ခိုက်ခြင်း၌သာ ကျွမ်းကျင်ကြသည်။

“တာ့အိုမိတ်ဆွေတို့က ဘာကြောင့်များ စန်းရိ‌မြို့တော်ကို ရောက်လာကြတာပါလဲ?”

မရဏမျိုးနွယ်စုနှင့် အခြားသူများ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် စန်းရိမြို့တော်ကောင်းကင်ထက်မှ ခမ်းနားထည်ဝါသောအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းအသံ၏အရှိန်အဝါသည် ကမ္ဘာလောကတစ်ခုလုံးကို တုန်လှုပ်စေနိုင်စွမ်း၏။ ကောင်းကင်ဘုံ၏မိန့်ကြားသံကဲ့သို့ ကမ္ဘာလောကကြီးမှာ မှိန်ဖျော့သွားလေသည်။

ထို့နောက် ချက်ချင်းပင် စန်းရိမြို့တော်အထက်ကောင်းကင်တွင် ထွားကြိုင်းသည့်ပုံရိပ်တစ်ခု အရှိန်အဝါကြီးစွာ ထွက်ပေါ်လာသည်။ ချက်ချင်းပင် ကမ္ဘာလောကကြီးမှာ ထိုသူ၏အရှိန်အဝါကို ကြောက်ရွံ့သည့်အလား တိမ်စိုင်မည်းများသည် နေလုံးကြီးကို ဖုံးအုပ်သွားခဲ့သည်။

ထိုထွားကြိုင်သည့်ပုံရိပ်သည် စန်းရိမင်းဆက်ဧကရာဇ်ဖြစ်သည်။

တစ်ပြိုင်နက်တည်း၌ စန်းရိမြို့တော်ကြီးတွင် စူးရှတောက်ပသောအလင်းတန်းများ ‌‌တောက်ပလာသည်။ ထိုစူးရှတောက်ပသောအလင်းတန်းများအတွင်း နက်နဲသောအက္ခရာပုံသဏ္ဍာန်များ ထွက်ပေါ်လာပြီး စန်းရိမြို့တော်ကြီးကိုဖုံးလွှမ်းကာ စန်းရိမြို့တော်မင်းဆက်၏ မဏ္ဍိုင်၉ခုကို ထောက်ပံ့ပေးသည်။ တစ်ပြိုင်နက်တည်း၌ ၎င်မဏ္ဍိုင်၉ခုတွင်းလည်း ကျောက်ထွင်းအက္ခရာတန်းများ ထွက်ပေါ်လာခဲ့သည်။

စန်းရိဧကရာဇ်သည် မျက်နှာအမူအရာ မည်းမှောင်နေလျက် မင်ကုန်းတို့အုပ်စုအား ကြည့်နေ၏။ အင်အားစုကြီးများဖြစ်သော မင်ကုန်း၊ ရွှမ်းယောင်၊ ကျစ်ရှောင်းနှင့် နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်တို့ အင်အားပူးပေါင်းကြမည်ဟု စန်းရိဧကရာဇ် မျှော်လင့်မထားခဲ့ချေ။

စန်းရိဧကရာဇ်ကို ထိုးဖောက်ကျူးကျော်ရန်မှာ မလွယ်ကူနေခြင်းသာ ရှိ၏။ စန်းရိဧကရာဇ်ကို ထိပါးလိုပါက တန်ကြေးကြီးကြီး ပေးဆပ်ရပေမည်။

“ကျုပ်တို့တွေ မတွေ့ဖြစ်တာ နှစ်အနည်းငယ်ကြာခဲ့ပြီကို စန်းရိဧကရာဇ်ကတော့ အရင်အတိုင်းပဲ‌ဗျာ”

စန်းရိဧကရာဇ်ကိုမြင်သောအခါ မင်ကုန်းမှ အပြုံးမမည်သောအပြုံးဖြင့်ပြောလာသည်။

ရွှမ်းယောင်နှင့်အခြားသူများသည်လည်း ခပ်သဲ့သဲ့အပြုံး၊ အဓိပ္ပာယ်မ‌ဖော်နိုင်သော မျက်နှာအမူအရာတို့ဖြင့် စန်းရိဧကရာဇ်ကို ကြည့်နေကြသည်။

“ကြီးမြတ်တဲ့ နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်ကလည်း ကောင်းကင်တာ့အိုမျိုးနွယ်စုတွေနဲ့ ပူးပေါင်းလိမ့်မယ်လို့ ငါကိုယ်တော် မျှော်လင့်မထားမိဘူးပဲ”

စန်းရိဧကရာဇ်သည် မင်ကုန်းကို ခွန်းတုံ့မပြန်ဘဲ နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်ကိုကြည့်လျက် ခံစားချကင်းမဲ့စွာသောအသံဖြင့် အေးစက်စွာပြောသည်။ ၎င်းအရှိန်အဝါသည် လူကို မထိန်းချုပ်နိုင်လောက်အောင် တုန်လှုပ်စေသည်။

ထိုစကားတွင် နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်သည် စန်းရိဧကရာဇ်ကို တစ်ချက်ပြန်ကြည့်လာခဲ့ပြီးနောက် စကားမဆိုချေ။

“မင်းတို့ရဲ့ရည်ရွယ်ချက်က ဘာများလဲ?”

စန်းရိဧကရာဇ်သည် ထိုအပြုအမူကို ဆက်လက်လှောင်ပြောင်မနေတော့ဘဲ မင်ကုန်းနှင့်အခြားသူများကိုအကြည့်ပို့၍ အသံနက်ဖြင့် ကျယ်လောင်စွာပြောသည်။

ဧကရာဇ်ဟာ လောကကြီးရဲ့ မျောလွင့်နေတဲ့တိမ်စိုင်တွေကို စောင့်ကြည့်ပြီး ကမ္ဘာလောကရဲ့ သက်ရှိသတ္တဝါအားလုံးကို ထိန်းချုပ်တော်မူတယ်!

မင်ကုန်းနှင့်အခြားသူများသည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ဖြစ်လျှင်သော်မှ သူ၏အင်အားသည် အသေးအဖွဲလေးမဟုတ်လေရာ စန်းရိဧကရာဇ်သည် စိုးစဉ်းသော်မျှ ကြောက်ရွံ့စိတ်မရှိပါချေ။ အဝေးရှိ မင်ကုန်းတို့အုပ်စုကို ရင်ဆိုင်ရင်းဖြင့် လောကတစ်ခွင်ကို လွှမ်းခြုံထားစေသော ဧကရာဇ်၏အရှိန်အဝါသည် စိုးစဉ်းသော်မျှ အားမနည်းချေ။

“ကျုပ်တို့ကြားခဲ့တာ ခုလက်တလော စန်းရိမြို့တော်မှာ လက်ရွေးစင်ပါရမီရှင်တွေ အများကြီးရောက်ရှိနေတယ်တဲ့။ အဲဒါကို ကျုပ်တို့မျိုးနွယ်စုတွေရဲ့ ကလေးတွေက လက်ခံမယုံကြည်နိုင်ကြဘူးလေ။ အဲဒါကြောင့် သူတို့က စန်းရိမြို့တော်ရဲ့ အဲဒီ့လက်ရွေးစင်ပါရမီရှင်တွေနဲ့ ဆွေးနွေးလိုကြတယ်။ စန်းရိဧကရာဇ်ရဲ့သဘောထားကရော ဘယ်လိုရှိလဲမသိဘူးဗျ?”

မင်ကုန်းမှ အပြုံးဖြင့် ကျယ်လောင်စွာပြောသည်။

သူ၏အသံမှာ မိုးခြိမ်းသံကဲ့သို့ စန်းရိမြို့တော်တစ်ခွင်၌ ပဲ့တင်ထပ်သွားပြီး စန်းရိမြို့တော်သားအားလုံးမှာ စိတ်လှုပ်ရှားမှုနှင့်အတူ အံ့အားသင့်ကုန်ကြလေသည်။ ကြည့်ရသည်မှာ လီချင်းနှင့်အခြားသူများအတွက် ရောက်လာကြသည်ဖြစ်မည်။

“မရဏမျိုးနွယ်စု၊ နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမလို မျိုးနွယ်စုကြီးတွေပူးပေါင်းပြီး ပြစ်မှုကျူးလွန်ချင်နေကြတာကို စန်းရိဧကရာဇ်က သဘောတူပါ့မလား?”

“မင်းကျိန်းသေပေါက် အဖြေကိုကြားချင်တယ်ဆိုရင်တော့ တကယ်က သဘောတူလိုက်တာ ပိုကောင်းတယ်! ကျုပ်တို့စန်းရိမင်းဆက်က အင်အားကြီးမားပေမယ့် ဒီမျိုးနွယ်စုကြီးတွေရဲ့အင်အားက အရမ်းကြောက်ဖို့ကောင်းတယ်။ ကမ္ဘာစစ်ပဲကွ!”

“အင်း! လီချင်းနဲ့တခြားသူတွေက‌ေရာ မျိုးဆက်သစ်လူငယ်တွေအနေနဲ့ မတိုက်ခိုက်ရဲ ဖြစ်ကြမတဲ့လား?”

“ဘာပဲဖြစ်ဖြစ် လက်ရွေးစင်ပါရမီရှင်‌တွေပဲဟာ ဘာကြောက်စရာရှိလဲ!”

စန်းရိမြို့တော်၏ကျင့်ကြံသူများသည်လည်း ထိုအကြောင်းအရာကို စတင်ဆွေးနွေးကြတော့သည်။ အများစုသည် စန်းရိဧကရာဇ်မှ သဘောတူလိုက်ရန် လိုလားနေကြသည်။

ခြုံငုံလိုက်လျှင် မျိုးဆက်သစ်လူငယ်များမှ ထိုပူးပေါင်းတိုက်ခိုက်လာကြသည့် မျိုးနွယ်စုများကို တိုက်ထုတ်ပစ်ခြင်းသည် ပိုကောင်း‌မွန်သည်မဟုတ်ပါလော။ ရှုံးနိမ့်ခဲ့လျှင်သော်မှ ဆုံးရှုံးမှုသည် မျိုးဆက်သစ်လူငယ်လေး အနည်းငယ်သာဖြစ်သည်လေ။ သို့သော် ဤတိုက်ပွဲကို လက်မခံခဲ့လျှင် စန်းရိမင်းဆက်ကြီးတစ်ခုလုံးအတွက် ‌တစ်ချိန်တွင် ဘေးဒုက္ခဖြစ်လာနိုင်လေသည်။

All Chapters