← Chapters

ကြောက်ရွံ့ခြင်းနတ္ထိ

Vol. 40 Ch. 554

ကြောက်ရွံ့ခြင်းနတ္ထိ

Vol. 40 Ch. 554

Translator - Hsue Htet

လက်ရွေးစင်ပါရမီရှင်မျိုးဆက်သစ်များဟူသည် လောကတွင် အမှန်တကယ် ရှားပါးပါ၏။ သို့သော် စန်းရိမင်းဆက်ကြီးတစ်ခုလုံးနှင့် နှိုင်းစာလျှင်တော့ အရေးကြီးလှသည်မဟုတ်ပေ။

မရဏဂိုဏ်းနှင့် အခြားမျိုးနွယ်အင်အားစုများ၏ ဖိအားအောက်၌ နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအပါအဝင် စန်းရိမြို့တော်အတွင်းရှိ ကျင့်ကြံသူများစွာတို့မှာ အန္တရာယ်ကျရောက်နေကြရသည်။ ထို့ကြောင့် အများစုသည် စန်းရိဧကရာဇ်မှ မင်ကုန်းကိုသဘောတူညီပြီး လီချင်းတို့ကို ထိုမျိုးနွယ်စုများ၏ မျိုးဆက်သစ်များနှင့် ဆွေးနွေးခွင့်ပြုရန် စိတ်ထဲမှ မျှော်လင့်နေကြသည်။

မင်ကုန်း၏စကားအဆုံး၌ စန်းရိဧကရာဇ်၏ မျက်နှာအမူအရာသည် မှန်းဆ၍မရနိုင်သည့်အမူအရာ ဖြစ်သွားခဲ့ပြီး မင်ကုန်းတို့၏ ရည်ရွယ်ချက်ကို တိတ်တဆိတ်အကဲခတ်နေသည်။

လီချင်းတို့မှ မွန်မြန်ခြင်းခုနစ်ပါးစေတီ၉ထပ်ကို တစ်ဦးပြီးတစ်ဦး ကျော်ဖြတ်နိုင်ခဲ့ချိန်၌ ကမ္ဘာလောကကြီးသည် နေ့အလင်းကဲ့သို့ထွန်းတောက်တော့မည်ဟု ဧကရာဇ်စန်းရိ ‌တွေးထင်ခဲ့သည်။ သို့သော် လက်တွေ့ရလဒ်သည်တော့ ကောင်းကင်တာ့အိုမျိုးနွယ်စုများမှ မနာလိုမရှုစိမ့်ကြ၍ လာရောက်စော်ကားခြင်းသာ ဖြစ်ခဲ့လေသည်။

မမျှော်လင့်စွာဖြင့် လက်ရွေးစင်ပါရမီရှင်အနည်းငယ်‌ခန့်မျှသည် မရဏမျိုးနွယ်စုနှင့် အခြားမျိုးနွယ်စုများကို အင်အားပူးပေါင်းစေခဲ့ပြီး နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမပင်လျှင် ချွင်းချက်မဟုတ်ခဲ့ချေ။

သို့ဖြစ်ရာ မင်ကုန်းနှင့်အခြားသူများ၏ ရည်ရွယ်ချက်မှာ ထိုမျှမရိုးရှင်းနိုင်ပေ။

လက်ရွေးစင်ပါရမီရှင်မျိုးဆက်သစ်များဟူသည် အမှန်တကယ် ကြောက်မက်ဖွယ်ဖြစ်သည်။ သို့သော် ထိုမျိုးဆက်သစ်သည် မည်မျှ‌အင်အားကြီးမားသည်ဖြစ်စေ မျိုးဆက်သစ်ငယ်လေးများသာ ဖြစ်၏။ တကယ့်စွမ်းအားမြင့်ပုဂ္ဂိုလ်အစစ်အမှန်များနှင့် နှိုင်းယှဉ်ရန်အတွက်မူ အလွန်ဝေးကွာ‌လွန်းသေးသည်။

လီချင်းတို့သည် သူ၏စန်းရိမင်းဆက်မှလူများဖြစ်ပါက စန်းရိဧကရာဇ်သည် စကားတစ်ခွန်းမျှမဆိုဘဲ သဘောတူညီခဲ့ပြီးဖြစ်လောက်မည်။

သို့သော် လီချင်းတို့သည် သူ၏စန်းရိမင်းဆက်မှလူများ မဟုတ်ဘဲ သူ့၌ ဆုံးဖြတ်ချက်ချရန် အခွင့်အရေးလည်း မရှိပေ။ လီချင်းတို့၏နောက်၌ မှန်းဆရန်နက်နဲလွန်းသည့် ရှန်ရှန့်ကျုံဂိုဏ်းကြီး ရှိနေသည်ဖြစ်ရာ ဧကရာဇ်စန်းရိသည် လွယ်လင့်တကူ သဘောမတူလိုက်နိုင်ပေ။

ပို၍အရေးကြီးသည့်အချက်မှာ ကောင်းကင်တာ့အိုမျိုးနွယ်စုများ၏ မျိုးဆက်သစ်များမှ ထုတ်လွှတ်နေသည့် အရှိန်အဝါဖြစ်၏။ ထိုမျိုးဆက်သစ်များ၏ အရှိန်အဝါသည် ‌ချန်ခွမ်းကပ်ဘေးအထွတ်အထိပ်အဆင့်ဖြစ်ကြောင်းကို စန်းရိဧကရာဇ် ခံစားသိရှိနေသည်။ အချို့သည် ချန်ခွမ်းဘုရင်အဆင့်သို့ပင် ရောက်ရှိနေကြပြီဖြစ်ပြီး အားလုံးသည် အလွန်အရည်အချင်းပြည့်ဝကြသည်။ ဤသည်မှာ လီချင်းတို့ကို အသက်နုတ်ယူရန်ရည်ရွယ်နေခြင်း မဟုတ်‌ပေလော။

လီချင်းတို့ထဲမှအများစုမှာ ချန်ခွမ်းယွမ်အဆင့်သာ ဖြစ်ကြသည်။ အထုံပါရမီတူညီကြသည့်တိုင် ကျင့်ကြံဆင့်သည် အလွန်ကွာခြားနေ‌သည်ဖြစ်ရာ အဘယ်သို့များ ယှဉ်ပြိုင်နိုင်ပါ့အံ့နည်း။

အခြားနေရာတွင်ဖြစ်လျှင် အဆင်ပြေသေးသည်။ သူ၏စန်းရိမြို့တော်ထဲ၌ လီချင်းတို့ အသတ်ခံလိုက်ရပါက လင်းအာနှင့် ရှန်ရှန့်ကျုံဂိုဏ်းတို့ ကောင်းမွန်သည့်ဆက်ဆံရေးရှိနေလျှင်သော်မှ ရှန်ရှန့်ကျုံဂိုဏ်းနှင့် မဟာမိတ်ဖွဲ့ရန်အရေးကိစ္စမှာ ဖြစ်မြောက်နိုင်တော့မည် မဟုတ်ပေ။

စန်းရိဧကရာဇ်မှာ စဉ်းစားလေလေ မျက်နှာအမူအရာ ပို၍မည်းမှောင်လာရကာ မင်ကုန်းတို့ကို အေးစက်စူးရဲစွာကြည့်လိုက်သည်။

“ဘာလဲ? ကြီးမြတ်တဲ့လက်ရွေးစင်ပါရမီရှင်မျိုးဆက်သစ်တွေက မတိုက်ခိုက်ရဲကြဘူးလား?”

ဧကရာဇ်စန်းရိမှ အချိန်အတော်ကြာသည်အထိ အဖြေပေးမလာသောကြောင့် မင်ကုန်း၏မျက်နှာထက်တွင် လှောင်ပြောင်သရော်ဟန်များ အထင်းသားထင်ဟပ်လာသည်။

ရွှမ်းယောင်နှင့်အခြားသူများသည်လည်း ခနဲ့‌သောအပြုံးများ လှစ်ဟပြသ၏။ ထိုအပြုအမူများကြောင့် စန်းရိမြို့တော်ကျင့်ကြံသူများမှာ ဒေါသဖြစ်လာကြတော့သည်။ ဒီလိုလှောင်ပြောင်ခံနေရတာတောင် လီချင်းတို့က ဆက်ပြီး နန်းတော်ထဲမှာတိုးကပ်နေကြဦးမလို့လား?!

တကယ့်ကိုအရှက်ရစရာပဲ!

စန်းရိမြို့တော်ကျင့်ကြံသူများသည်လည်း စဉ်းစားလေလေ ဒေါသထွက်လေလေ ဖြစ်လာကြပြီး နန်းတော်သို့ တစ်ဦးပြီးတစ်ဦး ဦးတည်သွားကြလေသည်။ ဧကရာဇ်သည် တွေဝေတုံ့ဆိုင်းနေလေရာ မိမိတို့မှ ဖိအားပေးရပေလိမ့်မည်။ ပြင်ပမှရောက်လာသည့် မျိုးဆက်သစ်အနည်းငယ်နှင့် နှိုင်းစာလျှင် စန်းရိမင်းဆက်၏လုံခြုံမှုသည် အရေးအကြီးဆုံးအရာ မဟုတ်ပါလော။

တစ်ချိန်တည်း၌ ဖုန်းဟွားခန်းမထဲတွင်ဖြစ်သည်။ လီချင်းနှင့် ယန်ရှန်းတို့သည် လီရှောင်းယောင်၏လမ်းညွှန်ပြသမှုဖြင့် စွမ်းအင်သန့်စင်ကျင့်ကြံနေကြသည်။

“အစ်ကိုတို့ သွားကြစို့”

ခမ်းနားလှပသောဝတ်ရုံကို ဝတ်ဆင်ထား‌ေသာ မင်းသမီးလန်လင်းသည် ဖုန်းဟွားနန်းဆောင်ထဲသို့ အလျင်စလိုဝင်ရောက်လာလျက်ပြော၏။

“ဘာဖြစ်လို့လဲ?”

မင်းသမီးလန်လင်း၏စကားကြောင့် လီချင်းတို့နှစ်ဦး တစ်ပြိုင်နက်တည်း ရပ်သွားကြသည်။ နှစ်ဦးသားသည် လန်လင်းကို ရှုပ်ထွေးစွာဖြင့် မေးမြန်းလိုက်၏။ လီရှောင်းယောင်သည်ပင် လန်လင်းကို စူးစမ်းသောအကြည့်ဖြင့် ကြည့်လာလေသည်။

သူတို့သည် မင်ကုန်းတို့ရောက်ရှိလာသည့်အကြောင်းကို မသိကြသေး။ ဧကရာဇ်စန်းရိသည် မင်ကုန်းတို့ရောက်ရှိလာသည်ကို အာရုံခံစားမိပြီးနောက် စန်းရိမြို့တော်ခုခံမှုအကာအကွယ်စည်းကို မဖွင့်လိုက်ဘဲ နန်းတော်အကာအကွယ်စည်းကို ဖွင့်ထားခဲ့သည်။

ထိုနန်းတော်အကာအကွယ်စည်းကြောင့် အပြင်လောကနှင့် စည်းခြားပြီးဖြစ်သွားခဲ့၏။

“မရဏမျိုးနွယ်စုခေါင်းဆောင်၊ ဖျက်စီးခြင်းမျိုးနွယ်စုခေါင်းဆောင်၊ ရွှမ်းဟိုင်မျိုးနွယ်စုခေါင်းဆောင်နဲ့ နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်တွေက သူတို့မျိုးနွယ်စုတွေရဲ့မျိုးဆက်သစ်တွေကို ခေါ်လာပြီး မျိုးဆက်သစ်အချင်းချင်း ပညာဖလှယ်တယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ အစ်ကိုတို့ကို တိုက်ခိုက်ဖို့ကြံစည်နေတယ်”

လန်လင်းမှ အလျင်စလိုရှင်းပြသည်။ ထို့နောက် လီရှောင်းယောင်သို့ လှည့်ကြည့်၏။ သူမ၏အကြည့်များမှာ လီရှောင်းယောင်ကို လီချင်း‌တို့အား ခေါ်ထုတ်သွားရန် အချက်ပေးနေသည်ပင်။

ကျင့်ကြံဆင့်တူညီလျှင် လန်လင်းသည် ဤသို့ပြုမူလိမ့်မည်မဟုတ်ပေ။ ကျင့်ကြံဆင့်တူညီလျှင် သူမ၏‌ဂိုဏ်းတူအစ်ကိုများ အနိုင်ရလိမ့်မည်ဟု အကြွင်းမဲ့ယုံကြည်သည်။ သို့သော် ထိုမြေခွေးကဲ့သို့ကောက်ကျစ်သော မျိုးနွယ်စုခေါင်းဆောင်များသည် သာလွန်ထူးကဲသော အထုံပါရမီနှင့်မျိုးဆက်သစ်များကို ခေါ်ဆောင်လာခဲ့ရုံသာမက ကျင့်ကြံဆင့်မြင့်မားသူများကိုပါ ခေါ်ဆောင်လာခဲ့သည်။ သို့ဖြစ်ရာ လီချင်းတို့ကို အသေသတ်ချင်သည်မှာ သေချာနေသည်ပင်။

သူမသည် လီချင်းတို့နှင့်အတူရှိခဲ့သည့်အချိန်မှာ မကြာမြင့်လှသေးသည့်တိုင် လန်လင်းသည် မိမိကိုယ်ကို လီချင်းတို့နှင့် တစ်ဂိုဏ်းတည်းသားများဟု မှတ်ယူထားခဲ့ပြီးဖြစ်သည်။ သို့ဖြစ်ရာ ဂိုဏ်းချုပ်တန်ဖိုးထားရသည့် ဂိုဏ်းတပည့်များကို ထိုမျိုးနွယ်စုကြီးများ လျှို့ဝှက်ပူးပေါင်းကြံစည်ထားသည့် လှည့်ကွက်အတွင်း၌ အသက်မဆုံးရှုံးစေလိုပေ။

သို့သော် သူမ မည်မျှပင် မျက်လုံးအချက်ပြနေပါစေ လီရှောင်းယောင်သည် ဂရုမထားဟန်ဖြင့် ရယ်ပင် ရယ်မောလာသောကြောင့် လန်လင်းမှာ စိတ်ဆိုးလာရတော့သည်။ လီရှောင်းယောင်သာမက လီချင်းနှင့် ယန်ရှန်းသည်လည်း ပြုံးရယ်နေကြလေသည်။

“အကြီးအကဲ၊ ဂိုဏ်းတူအစ်ကိုတို့ အဲဒီ့မျိုးနွယ်စုတွေက ရန်လိုနေကြတာ ပြီးတော့ သူတို့ခေါ်လာတဲ့ မျိုးဆက်သစ်ကျင့်ကြံသူတွေက ချန်ခွမ်းကပ်ဘေးအဆင့်တွေ.. အဲဒါက လက်ရွေးစင်အဆင့် ပါရမီရှင်တွေပဲ။ သူတို့ရဲ့ကျင့်ကြံဆင့်က အစ်ကိုတို့ထက် ပိုမြင့်တယ်”

“အခု စန်းရိမြို့တော်ကျင့်ကြံသူတွေက ကောင်းကင်တာ့အိုမျိုးနွယ်စုနဲ့ မရဏမျိုးနွယ်စုတွေ ပူးပေါင်းပြီး စန်းရိမင်းဆက်ကို ကျုးကျော်တိုက်ခိုက်မှာကို စိုးရိမ်နေကြပြီ။ အဲဒါကြောင့် အစ်ကိုတို့ကိုထွက်လာပြီး သူတို့နဲ့တိုက်ခိုက်စေချင်နေကြတာ”

“ဘယ်လိုလုပ်ပြီး…!”

မင်းသမီးလန်လင်းသည် အလွန်စိုးရိမ်ပူ‌ပန်နေလျက် လီချင်းတို့ထံမှ အကြည့်မလွှဲပေ။

ဂိုဏ်းချုပ်သည် ဂိုဏ်းတူအစ်ကိုအစ်မများကို သူမထံ အပ်နှံထားခဲ့သည်ဖြစ်ရာ လန်လင်းသည် ဂိုဏ်းတူအစ်ကိုအစ်မများကို မတော်တဆတစ်စုံတစ်ရာ အဖြစ်မခံနိုင်ပေ။ စစ်သည်ဆယ်သန်းနှင့် ငြိမ်းချမ်းမှုကို ထိန်းသိမ်းလဲလှယ်ရန်အတွက်နှင့် သူမ၏ဂိုဏ်းတူအစ်ကိုများကို အဘယ်သို့များ စတေးခံနိုင်ပါအံ့နည်း။

ကောင်းကင်တာ့အိုမျိုးနွယ်စုသည် ချန်ခွမ်းအထွတ်အမြတ်ဘုံလောက၏ ငြိမ်းချမ်းမှုကို ကျူးကျော်နေခဲ့သည်မှာ အချိန်ကြာမြင့်ခဲ့ပြီဖြစ်သည်။ ငြိမ်းချမ်းရေးအတွက် လန်လင်း မည်သူကိုမျှ စတေးမခံနိုင်ပါ။ ကောင်းကင်မျိုးနွယ်စုမှ တိုက်ခိုက်လိုလျှင် တိုက်ခိုက်ရုံသာရှိ၏။

စန်းရိမင်းဆက်ကို ကာကွယ်ပေးနေတဲ့ စစ်သည်ဆယ်သန်းက အလှပြထားတာမလို့လား?

ငြိမ်းချမ်းမှုဆိုတာ စစ်ပွဲကိုကြုံတွေ့ပြီး ရလာနိုင်တာပဲ။ စစ်ပွဲဆင်နွှဲပြီး ရန်သူတွေကို ကြောက်ရွံ့စေမယ်။ အလဲအလှယ် အပေးအယူတွေ လုပ်နေရမှာမဟုတ်ဘူး!

မင်းသမီးလန်လင်း၏စကားအဆုံး၌ လီချင်းတို့ ရယ်မောကြလေသည်။ လီချင်းသည် ခေါင်းခါရမ်း၍ နူးညံ့စွာရေရွတ်၏။

“ဂိုဏ်းတူညီမ‌လေး မင်းကို ဂိုဏ်းချုပ်ကတော်က တပည့်အဖြစ်လက်ခံခဲ့တာပေမယ့် ရှန်ရှန့်ကျုံဂိုဏ်းကို တစ်ခါမှ မဝင်ရောက်ခဲ့ဖူးဘူးမလား”

“ဒီနေ့ ဂိုဏ်းတူအစ်ကိုကြီးက မင်းကို ရှန်ရှန့်ကျုံဂိုဏ်းရဲ့ရည်ရွယ်ချက်ကို ပြောပြမယ်”

“အစ်ကိုတို့ရဲ့ရှန်ရှန့်ကျုံဂိုဏ်းကို ဘယ်သူမှ တုနှိုင်းမယှဉ်နိုင်၊ မဟန့်တားနိုင်ဘူး!”

“လောကကြီးကို လက်တစ်ဖက်တည်းနဲ့ ဟန့်တားပြီး နေ၊လ၊ကြယ်စင်‌တွေကို ခြေတစ်ဖက်နဲ့ ကန်ထုတ်နိုင်တယ်!”

“မျိုးဆက်တူ‌တွေရဲ့ ဘယ်လိုစိန်ခေါ်မှုမျိုးကိုမဆို ရှန်ရှန့်ကျုံဂိုဏ်းက ကြောက်ရွံ့နေမှာမဟုတ်ဘူး!”

လီချင်းမှ အပြုံးဖျော့ဖျော့ဖြင့် ပြောသည်။ လီချင်းသည် ဖြောင့်မတ်ဝံ့ထည်စွာဖြင့် ဖုန်းဟွားခန်းမထဲမှ လျှောက်ထွက်သွားရာ ဘေးရှိ လီရှောင်းယောင်သည်လည်း ထွက်သွားခဲ့သည်။

ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲတစ်ဦးအနေဖြင့် လီရှောင်းယောင်သည် မျိုးဆက်သစ်များ၏ စိတ်ခေါ်ပွဲများကို ဂရုမစိုက်ပါချေ။ သို့သော် လူကြီးမှ လူငယ်ကို အနိုင်ကျင့်လျှင်တော့ သူ၏ဓားနှင့် အရင်ရင်ဆိုင်ရပေလိမ့်မည်ပင်။

“ဂိုဏ်းတူညီမလေး ဂိုဏ်းတူအစ်ကိုတို့က အရမ်းနက်ရှိုင်းလွန်းပါတယ်။ ညီမလေး ကိုင်တွယ်နိုင်မှာမဟုတ်ဘူး”

ယန်ရှန်းသည် ကြောင်အစွာရပ်နေသော မင်းသမီးလန်လင်းကို အပြုံးဖြင့်ပြောလိုက်သည်။

“ပြီးတော့ မွန်မြတ်ခြင်းခုနစ်ပါးစေတီက စမ်းသပ်စစ်ဆေးမှုတစ်ရပ်ဖြစ်ပေမယ့် အင်အားကို ကိုယ်စားမပြုဘူး”

စကားဆုံးသည်နှင့် ယန်ရှန်းသည် ပြုံးစစဖြင့် လီရှောင်းယောင်နှင့် လီချင်းတို့နောက်သို့ လိုက်သွားခဲ့သည်။ ခန်းမထဲတွင် ‌လန်လင်းတစ်ဦးတည်းသာ မှုန်မှိုင်း‌တွေဝေလျက် ကျန်ရစ်ခဲ့တော့သည်။ လီချင်းနှင့် ယန်ရှန်းတို့၏စကာများသည် သူမ၏နားစည်ထဲတွင် မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်ကျန်ရစ်နေခဲ့ဖြင့် အချိန်အတော်ကြာအထိ အသိစိတ်ပြန်မကပ်နိုင်ဘဲ ရှိနေရသည်။

All Chapters