ရှန်ရှန့်ကျုံဂိုဏ်းမှ စိန်ခေါ်ခြင်းကိုလက်ခံ
Vol. 40 Ch. 555
Translator - Hsue Htet
ကျင့်ကြံသူတွေပဲ ဘာလို့များ မတိုက်ခိုက်ရမလဲ!
စွဲမြဲခိုင်ကြည်သောစိတ်ဆန္ဒဖြင့် လီချင်းတို့သုံးဦးသည် နန်းတော်ထဲမှ ခပ်ဖြေးဖြေးထွက်လာကြသည်။ နန်းတော်ရှေ့၌ စန်းရိမြို့တော်ကျင့်ကြံသူများစွာ ရှိနေကြ၏။ ထိုကျင့်ကြံသူများသည် လက်သီးလက်မောင်းတန်း၍ ပေါင်းစည်းဟစ်အော်ဆန္ဒပြကြရန် ပြင်ဆင်နေကြရင်းဖြင့် နန်းတော်ထဲမှ ထွက်လာသည့် လီချင်းကို မြင်လိုက်ရလေသည်။ သို့ဖြင့် လှုပ်ရှားမှုများအားလုံး ကသောင်းကနင်းဖြင့် ရပ်တန့်သွားကြကုန်၏။
လီရှောင်းယောင်သည် စန်းရိမြို့တော်ကျင့်ကြံသူများကို အထင်မြင်သေးစွာ တစ်ချက်ဝေ့ဝဲကြည့်ရှုလိုက်ပြီး လီချင်းနှင့်ယန်ရှန်းတို့ကိုခေါ်ဆောင်၍ လေဟာပြင်ထက်သို့ ပျံသန်းသွားသည်။ မျက်တောင်တစ်ခတ်မျှ အချိန်အတွင်း၌ပင် စန်းရိမြို့တော်ကို ဖြတ်ကျော်သွားခဲ့လေသည်။
“ရှန်ရှန့်ကျုံဂိုဏ်းက စိန်ခေါ်မှုကိုလက်ခံတယ်!”
လီရှောင်းယောင်ထံမှ ခေါင်းလောင်းမြည်ဟီးသံကဲ့သို့အသံကြီး ထွက်ပေါ်လာခဲ့သည်။ အရှိန်အဟုန်သည် လှိုင်းဂယက်များကဲ့သို့ အရပ်လေးမျက်နှာသို့ ပျံ့နှံ့မြည်ဟီးသွားခဲ့သည်။
ကနဦး၌ ဘေးကျပ်နံကျပ်ဖြစ်နေခဲ့သော စန်းရိဧကရာဇ်သည် ထိုစကားသံကြောင့် စိတ်သက်သာရာရသွားခဲ့သည်။
စန်းရိဧကရာဇ်သည် ရှန်ရှန့်ကျုံဂိုဏ်းကို မပြစ်မှားလိုပေ။ ရှန်ရှန့်ကျုံဂိုဏ်းနှင့် လန်လင်းသည် ကောင်းမွန်သည့်ဆက်ဆံရေး ရှိထားသည်ဖြစ်ရာ စန်းရိမင်းဆက်သည် ရှန်ရှန့်ကျုံးဂိုဏ်းနှင့် မဟာမိတ်ဖွဲ့ရန် အခွင့်အရေးများ၏။ မင်ကုန်းတို့မှ ပူးပေါင်းပြီး စန်းရိမင်းဆက်ကို အမှန်တကယ်ကျုးကျော်တိုက်ခိုက်ရန် ဝံ့ရဲလာခဲ့လျှင် ရှန်ရှန့်ကျုံဂိုဏ်းနှင့် ပူးပေါင်းလက်တွဲ၍ တွန်းလှန်နှိမ်နင်းနိုင်ပေလိမ့်မည်ပင်။
လက်ရှိအတွက်မူ ရှန်ရှန့်ကျုံဂိုဏ်းတပည့်များမှ ရှေ့သို့ထွက်၍ ပြတ်ပြတ်သားသား ပြောဆိုခြင်းသည်သာလျှင် အကောင်းဆုံးနည်းလမ်းဖြစ်ပေသည်။
သေချာပေါက်ပင် စန်းရိဧကရာဇ်သည် ရှန်ရှန့်ကျုံဂိုဏ်းတပည့်များ မင်ကုန်းတို့၏လက်ထဲတွင် သေဆုံးသွားမည်ကို ကူကယ်ရာမဲ့စွာ ရပ်ကြည့်နေမည် မဟုတ်ပါချေ။ မည်သို့ပင်ဖြစ်စေ ရှန်ရှန့်ကျုံဂိုဏ်းတပည့်များသည် သူ၏ပိုင်နက်နယ်မြေအတွင်း သေဆုံး၍မဖြစ်ချေ။
“ဟေး အတော်လေးသတ္တိကောင်းတာပဲ!”
စန်းရိဧကရာဇ်ကို ပြက်ရယ်ပြုရန်ပြင်နေသည့် မင်ကုန်းသည် လှောင်ရယ်လျက် ရေရွတ်ပြောဆိုလာ၏။
“တာ့အိုမိတ်ဆွေလီ ဒီလူတွေက လူကောင်းတွေမဟုတ်ဘူး။ မိတ်ဆွေလီတို့ သတိထားရပါမယ်”
စန်ရိဧကရာဇ်သည် ခဏမျှတွေးတောနေပြီးနောက် လီရှောင်းယောင်တို့သုံးဦးကို ပြော၏။
“ရှန်ရှန့်ကျုံဂိုဏ်းက မျိုးဆက်သစ်အချင်းချင်း စိန်ခေါ်ယှဉ်ပြိုင်ကြတာကို ကြောက်ရွံ့မနေပါဘူး။ ဒါပေမဲ့ အငယ်ကို အကြီးတွေက အနိုင်ကျင့်မယ်ဆိုရင်တော့ ခင်ဗျားတို့အေနနဲ့ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အမျက်ဒေါသကို ခံနိုင်ရည်ရှိပါ့မလားဆိုတာ ကြိုတွေးထားဖို့လိုပါလိမ့်မယ်”
ဧကရာဇ်စန်းရိ၏ အသံပို့ဆောင်မှုကို နားထောင်ပြီးနောက်တွင် လီရှောင်းယောင်သည် ဦးခေါင်းတစ်ချက်သာညိတ်၍ ဧကရာဇ်စန်းရိကို ခွန်းတုံ့မပြန်ခဲ့ချေ။ ထိုအစား မင်ကုန်းတို့အုပ်စုသို့ ကြည့်၍ ကျယ်လောင်စွာပြောလိုက်သည်။
ထိုစကားသံသည် မိုးခြိမ်းသံကဲ့သို့ လောကတစ်ခွင် ပဲ့တင်ထပ်သွားခဲ့သည်။
ဟားဟား!
သို့သော် ထိုအဟန့်စကားများသည် မင်ကုန်းတို့ကို လှောင်ရယ်ပြုခြင်းဖြင့်သာ တုံ့ပြန်ကြစေသည်။ ရှန်ရှန့်ကျုံဂိုဏ်းမျှလေးသည် အင်အားပေါင်းစည်းထားသည့် သူတို့မျိုးနွယ်စုများရှေ့၌ မောက်မာထောင်လွှားနေပုံမှာ အလွန်ရယ်စရာကောင်းနေ၏။
အရှင်သခင်ကန်း သတိပေးထားသောကြောင့် သူတို့သည် ရှန်ရှန့်ကျုံဂိုဏ်းကို လုံးဝ လျစ်လျူမရှုဝံ့ကြပါချေ။ သို့သော် ရှေးနှစ်ပေါင်းများစွာတည်းက မောက်မာထောင်လွှားလာခဲ့ကြသော မျိုးနွယ်စုများသည် အရှင်သခင်ကန်း၏ သတိပေးချက်ကို နားလည်နိုင်စွမ်းမရှိကြချေ။
သူတို့၏အတွေး၌မူ ကောင်းကင်တာ့အိုမျိုးနွယ်စုခွဲကြီးသုံးခုနှင့် နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမတို့၏ ပူးပေါင်းအင်အားသည် ချန်ခွမ်းအထွတ်အမြတ်ဘုံအထက်ရှိ တည်ရှိမှုဖြစ်လျှင်သော်မှ ဖျက်ဆီးချေမှုန်းနိုင်လိမ့်မည်ဟု ထင်မှတ်ထားကြပေသည်။
ထိုရှန်ရှန့်ကျုံဂိုဏ်းသည် စွန့်စားရန်ပင် မဝံ့ရဲပေ။ ထို့အပြင် ဂိုဏ်းတပည့်နည်းနည်းနှင့် အကြီးအကဲအနည်းငယ်သာ ရှိ၏။ ဘယ်လိုလုပ်ပြီး အဲဒီ့ဂိုဏ်းတပည့်လေးတွေက အသံကောင်းဟစ်ရဲမှာတဲ့လဲ?
“ေလသံကတော့ မသေးဘူးပဲ! ရှန်ရှန့်ကျုံဂိုဏ်းတပည့်တွေလက်ထဲမှာလည်း အဲဒီ့လိုဆက်ပြီး မောက်မာထောင်လွှားနိုင်ဖို့ မျှော်လင့်ပါတယ်!”
လီရွှမ်းယောင်မှ လှောင်ရယ်လျက် အော်ပြောသည်။
အသံဆုံးသည်နှင့် လီရှောင်းယောင်သည် လက်ကိုဆန့်ထုတ်ဝှေ့ယမ်းလိုက်ရာ သူ၏အင်္ကျီလက်အနားစမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုပုံရိပ်သည် လေဟာပြင်သို့ဆန်တက်သွားပြီး မျက်တောင်တစ်ခတ်မျှ အချိန်အတွင်း၌ စန်းရိမြို့တော်အပြင်ဘက် နေရာလပ်တစ်ခုလုံးကိုနေရာယူထားသည့် ကြီးမားသည့်ကွင်းပြင်ကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ကွင်းပြင်သည် ကြီးမားသော်ငြား မမြင့်မားပေ။ စန်းရိမြို့တော်ကျင့်ကြံသူများ ကွင်းပြင်ကို သေချာမြင်ရရုံမျှသာဖြစ်၏။
ကွင်းပြင်ထွက်ပေါ်လာသည်ကို မြင်သောအခါ စန်းရိမြို့တော်ကျင့်ကြံသူများသည် ရုတ်ချည်းရွှေ့ပြောင်းနေရာယူကြသည်။ စန်းရိမင်းဆက်၏ အဆင့်အတန်းမြင့်ကျင့်ကြံသူများသည်တော့ စန်းရိဧကရာဇ်၏နံဘေးတွင် နေရာယူကြသည်။
မင်းသမီးလန်လင်းသည်လည်း ထိူလူများနှင့်အတူ လီချင်းတို့ကို ကြည့်ရှုနေခဲ့သည်။
…..
စန်းရိမြို့တော် မြို့တံတိုင်းကြီးထက်၌ စန်းရိမြို့တော်ကျင့်ကြံသူများစွာတို့ဖြင့် လူထူထပ်နေ၏။ ယခင်က မရှိခဲ့ဖူးသော မျိုးဆက်သစ်ပါရမီရှင်များ၏ ပြိုင်ပွဲကိုကြည့်ရှုရန် အသင့်ဖြစ်နေကြသည်။
ချန်ခွမ်းအထွတ်အမြတ်ဘုံလောက၌ ကိစ္စအထွေအထူးမရှိခဲ့သည်မှာ ကြာမြင့်ခဲ့ပြီမဟုတ်ပါလော။
မင်းသားကြီးသည် လက်နှစ်ကိုနောက်ပစ်လျက် လေဟာပြင်ထက်တွင် ကြည့်ရှုနေသည်။ မင်းသားကြီး၏နောက်၌ မျိုးဆက်သစ်များစွာ ရပ်နေ၏။ မင်းသားကြီးသည် ပြိုင်ပွဲမြင်ကွင်းကို အေးစက်လေးနက်သော မျက်လုံးတို့ဖြင့်ကြည့်နေခဲ့သည်။
များစွာသော အင်အားကြီးပုဂ္ဂိုလ်များအပြင် စန်းရိဧကရာဇ်၏ကြင်ယာတော်၈ဦးလည်း ရောက်ရှိလာခဲ့သည်။ ကြင်ယာတော်များသည် လူထုရှေ့သို့ ထွက်မလာကြဘဲ ဝေါယာဉ်ထဲမှ ကြည့်ရှုနေကြခြင်းဖြစ်သည်။
ဝေါယာဉ်တစ်ခုအတွင်း၌ တင့်တယ်လှပသော ကြင်ယာတော်စစ်ထူသည် လိုက်ကာနောက်ကွယ်အိပ်ရာထက်တွင် လဲလျောင်းနေ၏။ သူမ၏ဝတ်ရုံသည် နှင်းကဲ့သို့ဖြူစင်နေသော်ငြား သူမ၏မျက်နှာအမူအရာသည်တော့ တည်ကြည်လေးနက်နေလျက် မျက်လုံးအစုံသည်တော့ တစ်စုံတစ်ရာကို တုံ့ဆိုင်းတွေဝေနေဟန်ရှိ၏။
သူမ၏ ကျောက်စိမ်းသဖွယ်ကြည်စင်သော လက်သွယ်သွယ်တွင် ရိုးရှင်းသည့်ကျောက်စိမ်းပုလင်းတစ်ခုကို ကိုင်ဆောင်ထားသည်။
“အစ်ကို အစ်ကို့မှာ အခုပိုင်ဆိုင်ထားတဲ့ အင်အားအာဏာက မလုံလောက်သေးဘူးလား?”
“အစ်ကိုက အဲဒီ့လူရဲ့ အပေါင်းအပါလုပ်ချင်သေးတာလား? ဒါက ကောင်းကင်ဘုံကိုဆန့်ကျင်တဲ့ ကိစ္စကြီးပဲ။ ဘာလို့ ကျွန်မကိုပါ ဆွဲထည့်ချင်ရတာလဲ?”
ကြင်ယာတော်စစ်ထူ သက်ပြင်းတစ်ချက် ရှူထုတ်မိလေသည်။ ကူကယ်ရာမဲ့မှုနှင့် ခါးသီးသောခံစားချက်များ သူမ၏မျက်နှာလှလှထက်တွင် ထင်ဟပ်နေခဲ့သည်။
စန်းရိဧကရာဇ်နှင့် သူမ၏ကြားတွင် နက်ရှိုင်းသောဆက်ဆံရေးရှိသည်ဟူသည် အမှန်မဟုတ်ပေ။
တော်ဝင်မိသားစုတွင် ချစ်ခြင်းမေတ္တာဟူသည် မရှိ၊ အလဲအလှယ် အပေးအယူများသာ ရှိသည်။
အတိတ်ကာလ၌ သူမသည် လောကတစ်ခွင် ကျော်ကြားသည့် နတ်မိမယ်လေးတစ်ပါးဖြစ်ခဲ့သည်။ သို့သော် ယခု၌ နှစ်ပေါင်းများစွာကြာမြင့်သွားခဲ့ပြီး မရေမတွက်နိုင်သော မျိုးဆက်သစ်များလည်း ပေါ်ထွက်နေခဲ့လေပြီ။ လက်ရှိအချိန်၏ သူမသည် စာဝါငှက်လေးကဲ့သို့ မည်းမှောင်နေသည့်နန်းတော်ထဲ၌သာ နေထိုင်နိုင်လေသည်။ စောဒကတက်ခြင်းမရှိ ပြဿနာဟူသည်လည်း မရှိ!
သူမသည် အခြားသောကြင်ယာတော်များထက် လွတ်လပ်မှုကို ပိုမိုတောင့်တမိသူဖြစ်၏။ သို့သော် မင်းသားကြီး၏အစီအစဉ်မှာ အလွန်အန္တရာယ်များလွန်းသည်။ ဂရုတစိုက် မလုပ်ဆောင်နိုင်လျှင် စစ်ထူမျိုးနွယ်စုတစ်ခုလုံး ပျက်စီးခြင်းဆိုက်ရောက်သွားပေလိမ့်မည်။
အချိန်အတော်ကြာ တုံ့ဆိုင်းတွေဝေနေပြီးနောက်တွင် ကူကယ်ရာမဲ့သေ သက်ပြင်းမောအဖြစ်သို့သာ ပြောင်းလဲသွားရပြန်သည်။ ကြင်ယာတော်စစ်ထူသည် လက်ထဲရှိ ကျောက်စိမ်းပုလင်းကို တင်းတင်းဆုပ်ကိုင်၍ မည်သည့်စကားမျှ မဆိုတော့ပေ။ ဝေါယာဉ်တစ်ခုလုံးသည်လည်း တိတ်ဆိတ်ငြိမ်သက်နေလျက် သူမ၏စိတ်အစဉ်သည် အပြင်ဘက်ရှိ မျိးဆက်သစ်များ၏ယှဉ်ပြိုင်ပွဲပေါ်၌ ရှိမနေတော့ချေ။
…..
တစ်ချိန်တည်း၌ပင် လီချင်းတို့သည် မျိုးနွယ်စုများ၏ မျိုးဆက်သစ်များ၏စိန်ခေါ်မှုကို တုံ့ပြန်ခဲ့ကြသည်။ ရွှမ်းယွမ်သည် သွေးနီမိုးကြိုးကန်အလယ်ရှိ ကျွန်းပေါ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ဇာမဏီနှလုံးသားမီးလျံသစ်ပင်၏ အပူဒဏ်နှင့် ထူးခြားဆန်းကြယ်မှုတို့ကို အနီးကပ်လေ့လာနေခဲ့သည်။
“ဘုရားရေ! ဒါက နတ်ဘုရားပဲဟ!”
ရွှမ်းယွမ်သည် ဇာမဏီနှလုံးသားမီးလျံသစ်ပင်၏ လူသားခန္ဓာကိုယ်မှ သွေးကြောများနှင့် အလားသဏ္ဍာန်တူညီလှစွာသော သွေးနီရောင်မျဥ်းေကြာင်းများ ပြည့်နှက်နေသည့်ပင်စည်ကို ကြည့်နေသည်။
ဇာမဏီဥကိုမူ ရွှမ်းယွမ် အနီးကပ် မကြည့်ရဲပါချေ။ နတ်သားရဲဥလေးသာဖြစ်သည့်တိုင် သာမန်လူများအတွက် စိတ်ကူးမှန်းဆ၍မရနိုင်သော စွမ်းအင်များသက်ရောက်နိုင်သည်ကိုတော့ သူကောင်းကောင်းသိထား၏။
ကံကောင်းထောက်မစွာဖြင့် ရွှမ်းယွမ်သည် သာမန်လူတစ်ယောက်မဟုတ်ပေ။
“ဒီဇာမဏီနှလုံးသားမီးလျံသစ်ပင်ကို သိမ်းယူဖို့ ဘာကိုအသုံးပြုရမလဲ?”
ရွှမ်းယွမ်သည် ဇာမဏီနှလုံးသားမီးလျံသစ်ပင်ကိုကြည့်ရင်းဖြင့် အချိန်အတော်ကြာ စဉ်းစားတွေးတောနေသည်။
စကားဆုံးသည်နှင့် ဘယ်လက်ကိုဖြန့်လိုက်ရာ လက်ဖဝါးထက်တွင် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အရှိန်အဝါဖြင့် အက္ခရာထွင်းထားသည့် ရှေးဟောင်းကျောက်စိမ်းပုလင်းတစ်ခု ထွက်ပေါ်လာသည်။
“ဧကရာဇ်ပုလင်းကို မြိုချခိုင်းလိုက်ရမလား?”
အချိန်ခဏကြာစဉ်းစားပြီးနောက် ရွှမ်းယွမ် ခေါင်းခါရမ်းလိုက်ပြန်သည်။ ကျောက်စိမ်းပုလင်းကို ပြန်သိမ်း၍ ဘယ်လက်ကို တစ်ဖန်ပြန်ထုတ်ပြန်သည်။
“ထျန်းပေါင်းကျယ်ကန်ဆိုရင်ရော?”
“အနှိုင်းမဲ့ဧကရာဇ်လက်စွပ်ဆိုရင်ရော?”
“...!”
ရွှမ်းယွမ်သည် အခြားသော ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့် အကူပစ္စည်းများကို ထုတ်ယူလိုက် ပြန်သိမ်းလိုက်လုပ်နေသည်။ ထိုအခိုက်အတန့်၌ ရွှမ်းယွမ်သည် ရတနာတိုက်ကြီးအလား ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့် အကူပစ္စည်းများကို သာမန်ကာလျှံကာ ထုတ်ယူနေခဲ့သည်။
အပြင်လူများမှ ထိုမြင်ကွင်းကိုမြင်တွေ့ခဲ့လျှင် မနာလိုအားကျလွန်း၍ မူးမေ့လဲကျကုန်မည်ကိုပင် စိုးရွံ့မိရပေသည်။