ဇာမဏီဥမှ ကာကွယ်စောင့်ရှောက်
Vol. 40 Ch. 557
Translator - Hsue Htet
ဝမ်ဖုန်းတို့အားလုံး၏ သိသားထင်ရှားသော တိုးတက်မှုများအပြင် ကမ္ဘာဝန်းထဲရှိ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများနှင့် ဂိုဏ်းတပည့်များသည်လည်း ကြီးမားသော တိုးတက်မှုများရှိခဲ့ကြသည်။ ကောင်းကင်ဘုံနှင့်ပထဝီမြေကြီး၏ အရှိန်အဝါသည် အလွန်တရာ အင်အားကြီးမားလွန်းသောကြောင့် ငွေ့ရည်ဖွဲ့၍ ရေစက်များအဖြစ် ရွာသွန်းချတော့မည့်အလား ထင်မှတ်ရပေသည်။
မဟာနတ်ဆိုးရွှမ်းရှ၊ နျဲ့ဖုန်း၊ ပုကျင်းယွမ်၊ ယဲ့ကူချန်၊ တုန်းဖန်းပုပိုင်၊ ယန်ရှစ်စန်းတို့သည်လည်း ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့ကြသည်။
ဂိုဏ်းတပည့်များသည် ရင်းမြစ်ကမ္ဘာလောကများမှ ခေါ်ယူခန့်အပ်ထားကြသူများဖြစ်ကြပြီး ကမ္ဘာဝန်းထဲတွင် နှစ်ပေါင်းများစွာ နေထိုင်ကျင့်ကြံခဲ့ကြသည်။ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများ၏ သင်ကြားမှုကိုလည်း ခံယူခဲ့ရသည်ဖြစ်ရာ ထိပ်တန်းပါရမီရှင်များအဖြစ် သတ်မှတ်နိုင်လေပြီ။
ထို့ပြင် ကမ္ဘာဝန်းသည် အလွန်တရာကြီးမားကျယ်ဝန်း၏။ ရှန်ရှန့်ကျုံဂိုဏ်းစံအိမ်သည် ကမ္ဘာဝန်း၏အကျယ်အဝန်းအနည်းငယ်ကိုသာ နေရာယူထားပြီး ကျန်နေရာများမှာ ကြီးကျယ်ခမ်းနားသော တောင်တန်းများ၊ မြစ်များဖြစ်ကြသည်။ ဝမ်ဖုန်းသည် ရှန်ရှန့်ကျုံဂိုဏ်းတပည့်များ လေ့ကျင့်နိင်ရန် နယ်ပယ်အသီးသီးမှ မကောင်းဆိုးဝါးမိစ္ဆာများကို စီရင်ပေးထား၏။ ရှန်ရှန့်ကျုံဂိုဏ်း၏ များစွာသော အဆင့်မြင့်ကျင့်ကြံရေးအဆောက်အဦးများအပြင် ကမ္ဘာဝန်းတစ်ခုလုံးသည် ကျင့်ကြံရေးအတွက် အမှန်စင်စစ်သောနတ်ဘုံတစ်ခု ဖြစ်လာခဲ့သည်။
ရှန်ရှန့်ကျုံဂိုဏ်းသားများအားလုံးသည် နဂါးတစ်ကောင်အလားဖြစ်ရမည်ဟူသော စိတ်ကူးသည် ဝမ်ဖုန်း၏စိတ်ကူးယဉ်အတွေးမျှသာ မဟုတ်တော့ပေ။
ရှန်ရှန့်ကျုံဂိုဏ်းတပည့်များအတွက်မူ သူတို့၏လက်ရှိကျင့်ကြံဆင့်သည် သူတို့ရှန်ရှန့်ကျုံဂိုဏ်းသို့ မဝင်ရောက်မီက စိတ်ကူးပင်မယဉ်နိုင်ခဲ့သည့်အရာဖြစ်ခဲ့သည်။ သို့သော် ရှန်ရှန့်ကျုံဂိုဏ်းသို့ဝင်ရောက်ပြီး အချိန်ခဏလေးအတွင်း၌ပင် လက်ရှိကျင့်ကြံဆင့်သို့ ရောက်ရှိနိုင်ခဲ့သည်။ ဤကျင့်ကြံဆင့်တိုးတက်မှုသည် ရှန်ရှန့်ကျုံတစ်ဂိုဏ်းလုံး၏ ပေါင်းစည်းအင်အားကိုလည်း တိုးတက်စေခဲ့သည်။
ဝမ်ဖုန်းမှ စဉ်းစားတွေးတောနေစဉ်တွင် ဝမ်ဖုန်း၏ဘေးရှိ လီပိုင်နှင့်စစ်ထူကျုံးတို့သည် ရွှမ်းယွမ်ကိုမြင်သွားကြ၍ မျက်လုံးအကြည့်တို့ ရုတ်ချည်းတောင့်ခဲသွားကာ ရွှမ်းယွမ်ကို တည်ကြည်လေးနက်စွာ ကြည့်လိုက်ကြသည်။
“မင်းဘယ်သူလဲ?”
လီပိုင်တို့နှစ်ဦး မူမမှန်သည်ကို ခံစားမိသောကြောင့် ဝမ်ဖုန်း ခေါင်းမော့ကြည့်လိုက်သည်။ ရွှမ်းယွမ်၏ ကိုယ်တွင်ဝန်းရံနေသော ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့်အကူပစ္စည်း၁၀ခုကို မြင်သောအခါ ဝမ်ဖုန်း၏ မျက်လုံးအိမ်တို့မှေးကျုံ့သွားပြီး အသံနက်ဖြင့်မေးမြန်းလိုက်သည်။
အဲဒီ့ဒီထူးဆန်းတဲ့လူရဲ့ကိုယ်ပေါ်မှာ ဘာဖြစ်လို့ အရမ်းတွေချမ်းသာကြွယ်ဝနေသလို ပစ္စည်းတွေများနေရတာလဲ?
ဝမ်ဖုန်း၌ လီပိုင်နှင့်စစ်ထူကျုံးအတွက်ပါမှ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့်အကူပစ္စည်း ၁၅ခုသာရှိ၏။ ၎င်းသည်လည်း ဤတစ်ကြိမ်အခွင့်အရေးမှသာ ရရှိခဲ့ခြင်းဖြစ်သည်။
သို့သော် ဤထူးဆန်းသည့်လူသည်တော့ သူတစ်ဦးတည်းမှ သူတို့အားလုံး၏ကံကောင်းမှုတို့ကို ဖိနှိပ်ပစ်လိုက်သည့်အလား များစွာသော ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့်အကူပစ္စည်းများကို ပိုင်ဆိုင်ထားလေသည်။
ဝမ်ဖုန်း၏အမေးကြောင့် ရွှမ်းယွမ်အသိပြန်ဝင်သွား၏။ ဝမ်ဖုန်းတို့ကိုကြည့်၍ တိုက်ရိုက်မဖြေဘဲ အသံနက်ဖြင့်ပြောသည်။
“ခင်ဗျား… ခင်ဗျားတို့ နတ်ဘုရားဘုံလောကကို အပိုင်သိမ်းလိုက်ပြီလား?”
ဝမ်ဖုန်းသည် မျက်လုံးအသာမှေးကျဉ်း၍ စကားမဆိုပေ။ ရွှမ်းယွမ်၏ရည်ရွယ်ချက်ကို ဝမ်ဖုန်း သေချာမသိပေ။ သို့သော် ထိုလူ၌ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့်အကူပစ္စည်းများ အမြောက်အများရှိနေသည်ဖြစ်ရာ သာမန်လူတစ်ယောက် မဖြစ်နိုင်ချေ။
ဝမ်ဖုန်း၏တိတ်ဆိတ်မှုသည် ရွှမ်းယွမ်ကို သူ၏စကားမှာ မှန်ကန်ကြောင်းလက်ခံလိုက်သည်ဟု ထင်မှတ်သွားစေလေရာ အလိုမကျစွာဖြင့် ချက်ချင်းအော်ဟစ်လေသည်။
“နတ်ဘုရားဘုံလောကကို ကျုပ်ကိုပေးစမ်း!”
ဤသည်မှာ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကျင့်ကြံသူများအတွက် အလွန်တရာရှားပါးခက်ခဲလှသည့် ရတနာတစ်ပါးဖြစ်ရာ ရွှမ်းယွမ်အဘယ်သို့များ လက်လွှတ်နိုင်ပါအံ့နည်း။
ရွှမ်းယွမ်၏စကားကြောင့် ဝမ်ဖုန်း ရယ်မောလာ၏။ မိမိမှ ထိုလူငယ်လေး၌ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့်အကူပစ္စည်းများ အများအပြားရှိနေသည်ကိုပင် မလုယက်ဘဲရှိနေသည်ကို ထိုလူငယ်လေးက မိမိအား ပြန်လည်လုယက်ချင်နေသေးသည်တဲ့?
ဝမ်ဖုန်း၏လက်ရှိကျင့်ကြံဆင့်မှာ ဘုံနန်းရှင်ဧကရာဇ်အဆင့်ဖြစ်လေရာ မိမိ၏တိုက်ခိုက်ချေမှုန်းစွမ်းရည်ကို စမ်းသပ်ကြည့်ရန်အချိန်ကျရောက်လေပြီ။
“လိုချင်တာလား? ကြိုးစားကြည့်လေ!”
ဝမ်ဖုန်းမှ အပြုံးမမည်သောအပြုံးဖြင့် ကျယ်လောင်စွာပြောလိုက်သည်။ သူ၏စကားလုံးများတွင် ထေ့ငေါ့ဟန်များ ပါဝင်နေသည်။
“ဟား ဘယ်လိုတောင်သတ္တိကောင်းတာလဲ?!”
“ကျုပ်ရွှမ်းယွမ် အလိုရှိရင် တခြားသူဘယ်သူမှ ယူသွားလို့မရဖူးဘူး!”
ရွှမ်းယွမ်မှ ပျက်ရယ်ပြုသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ အရှိန်အဝါများဖြာထွက်နေကာ ကြီးကျယ်ခမ်းနားသောစွမ်းအင်များလည်း ဖြာထွက်နေသည်။ ခန္ဓာကိုယ်သည် အလင်းစီးကြောင်းတစ်ခုအလား ဝမ်ဖုန်းနှင့်အခြားသူများကို တိုက်ခိုက်၏။
ဘုန်း!
ဝမ်ဖုန်းမှ လှုပ်ရှားတော့မည်အပြု၌ ဖြစ်ပွားသွားခဲ့သည့်အရာသည် အားလုံးကိုအံ့အားသင့်သွားစေခဲ့သည်။
ဇာမဏီနှလုံးသားမီးလျံသစ်ပင်ထက်တွင် ငြိမ်သက်စွာတည်ရှိနေသော ဇာမဏီဥသည် ရွှမ်းယွမ်မှ ဝမ်ဖုန်းကို တိုက်ခိုက်လိုက်သည်နှင့်တစ်ပြိုင်နက် အနီရောင်သို့ ပြောင်းလဲသွားခဲ့ပြီး ရန်လိုသည့်အငွေ့အသက်များ ထုတ်လွှတ်လာခဲ့သည်။
ထို့နောက် ချက်ချင်းပင် ကြောက်မက်ဖွယ်ဖိအားကြီးတစ်ခုသည် အထက်ကောင်းကင်မှ ရွမ်းယွမ်သို့ ကျရောက်လာခဲ့သည်။ ရွှမ်းယွမ်သည် ပေသန်းရာချီတောင်လုံးကြီးဖြင့် ဖိနှိပ်ခံလိုက်ရသည့်အလား ရှေ့သို့ဦးတည်နေသည့် ခန္ဓာကိုယ်သည် မြေပြင်သို့ ပြုတ်ကျသွားရသည်။ ကြောက်မက်ဖွယ်ဖိအားကြီးမှ ဖိနှိပ်နေသောကြောင့် ရွှမ်းယွမ်သည် မတ်မတ် မရပ်နိုင်တော့ချေ။
သူ၏ခန္ဓာကိုယ်ထက်နှင့် ခန္ဓာကိုယ်အနီး ဝန်းရံနေသည့် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့်အကူပစ္စည်းများ၊ အဆင့်သေချာမသိရှိရသော တစ္ဆေနှင့်နတ်ဘုရားအကာအကွယ်သည်ပင်လျှင် အလင်းတောက်ပမှုတို့မှိန်ဖျော့ကာ ရွှမ်းယွမ်ကို ကာကွယ်မပေးနိုင်တော့ချေ။
ရွှမ်းယွမ်သည် နဖူးထက်တွင် ချွေးစေများဖြင့် အံကိုတင်းတင်းကြိတ်ကာ မြေပြင်တွင်လက်ထောက်လျက် ပြန်ထရပ်လိုသော်ငြား မည်မျှကြိုးစားပါစေ မတ်မတ် မရပ်နိုင်ဖြစ်နေရသည်။
ဇာမဏီဥသည် မိမိအား သတ်ဖြတ်လိုခြင်းအငွေ့အသက် မရှိကြောင်းကို ရွှမ်းယွမ် ခံစားသိရှိနိုင်သည်။ ဇာမဏီဥသည် သူ့ကိုဖိနှိပ်၍ ဝမ်ဖုန်းကို မထိခိုက်စေရန် ကာကွယ်ပေးလိုခြင်းသာ ဖြစ်သည်။
ဇာမဏီဥမှ သတ်ဖြတ်လိုပါလျှင် ရွှမ်းယွမ်၏လက်ရှိအခြေအနေအရ သူ၏ကျင့်ကြံဆင့်ချိပ်ပိတ်ထားခြင်းသည် ကျိုးပျက်သွားမည်ဖြစ်၏။
ထို့ကြောင့် ရွှမ်းယွမ် အလွန်အံ့အားသင့်သွားခဲ့သည်။ ဒီလူတွေရဲ့ဇာစ်မြစ်က ဘာများလဲ? ဇာမဏီဥက သူတို့ကို ဒီလိုကာကွယ်ပေးနေရအောင်လေ? ပေါက်ဖွားခြင်းမရှိသေးသော ဇာမဏီဥလေးဖြစ်သည့်တိုင် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကျင့်ကြံသူများသည် ဇာမဏီဥကို ထိုသို့ခိုင်းစေနိုင်ကြသည် မဟုတ်ပေ။
ရွှမ်းယွမ်၏ကျင့်ကြံဆင့်ကို ချိပ်ပိတ်မထားဘဲ သူ၏မူလအမြင့်ဆုံးအခြေအနေတွင် ရှိနေခဲ့လျှင်သော်မှ ဇာမဏီဥကို ထိုသို့ မိမိ၏လက်အောက်သို့ သိမ်းသွင်းနိုင်လိမ့်မည်မဟုတ်ချေ။ ဤဇာမဏီဥသည် သူ၏ပင်ကိုဗီဇအရ မိမိကို ဖိနှိပ်ခြင်းဖြစ်နိုင်၏။
မြင့်မြတ်တဲ့ဇာမဏီနတ်သားရဲကတောင် ဒီလိုမျိုးကာကွယ်ပေးနေရအောင် ဒီလူရဲ့ဇာစ်မြစ်က ဘာများလဲ?
ရွှမ်းယွမ်သည် ခေါင်းမာစွာဖြင့် ဝမ်ဖုန်းကို စိုက်ကြည့်နေသည်။ သူ၏မျက်လုံးအစုံမှာ အံ့အားထိတ်လန့်မှုများနှင့် စိတ်နှလုံးသည်တော့ သံသယများစွာ ဖြစ်ပေါ်နေပေသည်။
တကယ်တမ်းတွင် ဝမ်ဖုန်းတို့သည်လည်း အံ့အားသင့်နေကြပါ၏။ လီပိုင်တို့သည် ဇာမဏီဥမှ သူတို့ကိုပါ ဖိနှိပ်လိုက်မည်ကို ကြောက်ရွံ့သောကြောင့် ဇာမဏီဥကို မကြည့်ရဲကြပေ။ ဝမ်ဖုန်းသည်တော့ စနစ်ကိုအားကို၍ ခေါင်းမော့ကြည့်လိုက်သည်။
သို့သော် ထိုအကြည့်တစ်ချက်သည် ဇာမဏီဥသည် မိမိကို အန္တရာယ်ပြုလိမ့်မည်မဟုတ်ကြောင်း နားလည်သွားစေခဲ့သည်။ ဇာမဏီဥသည် ရောင်ခြည်နွေးနွေးကဲ့သို့ သူ့အပေါ်တွင် ကြင်နာမှုများဖြင့် ပြည့်နှက်နေပေသည်။
ထိုသို့နားလည်ပြီးနောက်တွင် ဝမ်ဖုန်းသည် ရွှမ်းယွမ်သို့ လျှောက်သွားရန် ဦီးတည်လိုက်သည်။ ရွှမ်းယွမ် ခံစားနေရသည့်ဖိအားကြီးကို ဝမ်ဖုန်းသည် အနည်းငယ်မျှ မခံစားရသည့်အလား ရွှမ်းယွမ်၏ရှေ့သို့ အေးဆေးသက်သာစွာ လျှောက်သွားခဲ့လေသည်။
ထိုဝန်းကျင်တွင် တောက်ပနေသော အနီရောင်အလင်းများသည် အသိစိတ်ရှိနေသည်အလား အလိုလိုက်ခံရလေ့ရှိသည့် ကလေးငယ်လေးကဲ့သို့
ဝမ်ဖုန်းကို ရင်းနှီးဖော်ရွေစွာ ထွေးပတ်တိုးဝှေ့နေလေရာ ရွှမ်းယွမ်မှာ ပို၍အံ့ဩတုန်လှုပ်သွားရသည်။
ဘာလို့လဲ?
ဇာမဏီဥကလည်း လူကိုခွဲခြားဆက်ဆံတတ်တာပဲလား?
ထိုဝမ်ဖုန်းသည် သူ့ထက် အနည်းငယ်ပို၍ ချောမောလှပသည်မှာ မှန်ကန်ပါ၏။ သို့သော် ကျင့်ကြံဆင့်သည်တော့ အားကောင်းလွန်းလှသည် မဟုတ်ပေ။ ဘယ်လိုလုပ်ပြီး ဇာမဏီဥက သူ့ကိုပိုသဘောကျရတာလဲ?
ငါရွှမ်းယွမ်က ဘယ်လိုလူမျိုးမလို့လဲ? ဒါက တစ်ခုခုမှားယွင်းနေတာ မဟုတ်ဘူးလား?
“ခင်ဗျား တကယ်ပဲ ဘယ်သူလဲ?!”
ရွှမ်းယွမ်သည် ဘယ်လိုမှ စဉ်းစားမရနိုင်လေရာ ဝမ်ဖုန်းကိုသာ စိုက်ကြည့်လျက် အံကြိတ်၍မေးမြန်းလိုက်သည်။
ဇာမဏီသားရဲ၏ အထက်စီးဆန်စွာ မြင့်မြတ်မှုနှင့် မောက်မာထောင်လွှားမှုသည် သာမန်လူများ စိတ်ကူးမှန်းဆနိုင်သည်ထက် များစွာကျော်လွန်သည်။ အမှန်တကယ် ပြန်လည်ထမြောက်ပေါက်ဖွားပြီးသည့် ဇာမဏီသားရဲသည် ကောင်းကင်ဘုံသို့ရောက်ရှိလျှင်သော်မှ အလျှော့ပေးဆက်ဆံလိမ့်မည် မဟုတ်ပေ။
သို့သော် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကျင့်ကြံသူဖြစ်သည့်တိုင် အဆင့်နိမ့်ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကျင့်ကြံသူတစ်ဦးသာဖြစ်သည့် ဝမ်ဖုန်းသည် ဇာမဏီဥကို သစ္စာစောင့်သိမြဲမြံစွာ ကာကွယ်ပေးစေနိုင်လေသည်။ အလွန်တရာ မယုံကြည်နိုင်ဖွယ်ကောင်းလှပေ၏။