← Chapters

ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်၏ ဒုတိယမျိုးဆက်

Vol. 40 Ch. 558

ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်၏ ဒုတိယမျိုးဆက်

Vol. 40 Ch. 558

Translator - Hsue Htet

ရွှမ်းယွမ်၏စကားတို့ကို ဝမ်ဖုန်းသည် အပြုံးတစ်ချက်သာ လှစ်ဟပြခဲ့ပြီး စကားမဆိုပေ။

အမှန်အတိုင်းပြောရလျှင် ဝမ်ဖုန်းသည်လည်း မိမိမည်သူဖြစ်ကြောင်း သရုပ်မှန်ကို သိချင်နေပါ၏။ ချင်အာ၊ စန်းယုယန်လုံ(ယန်လုံသားရဲကြီး)နှင့် ဇာမဏီဥတို့သည် သူ၏သရုပ်မှန်ကို သိရှိနေကြပုံရကာ သူ့ကို အထူးတလည်ဂရုစိုက်ကြသည်။

သို့သော် ဝမ်ဖုန်းကိုယ်တိုင်သည်တော့ မိမိ၏သရုပ်မှန်ကို မသိရပေ။ ဝမ်ဖုန်းသိထားသမျှမှာ မိမိသည် ထိုဝမ်းနည်းဖွယ်ဂြိုဟ်ပြာကြီးမှ ခရီးထွက်ခွာလာခဲ့သည့် လူငယ်လေးတစ်ဦးဟူ၍ပင်။

ငါ့မှာတကယ်ပဲ လျှို့ဝှက်ဆန်းကြယ်တဲ့ သရုပ်မှန်တစ်ခုခုရှိနေတာများလား?

“စနစ် ငါက တကယ်ပဲဘာလဲ?”

ဝမ်ဖုန်းမှာ မိမိကိုယ်ကို သံသယဝင်လာရပြီး စနစ်ကို မေးမြန်းလိုက်သည်။

သို့သော်ငြား စနစ်သည် အဖြေမပေးလာခဲ့ပါချေ။ ထို့ကြောင့် ဝမ်ဖုန်းသည် ကသိကအောက်ဖြစ်စွာပြုံးရယ်ပြီး ခေါင်းခါရမ်းရုံသာ တတ်နိုင်လေသည်။ ကြည့်ရသည်မှာ သူ၏အင်အားသည် မလုံလောက်သေးဘူးဖြစ်လိမ့်မည်။ ထို့ကြောင့် အရာအားလုံးကို သိခွင့်မ‌ရသေးခြင်းပင်။ သို့သော် တစ်နေ့နေ့တွင်တော့ အမှန်တရားကို သေချာပေါက် ရှာဖွေနိုင်ပေလိမ့်မည်။

ရွှမ်းယွမ်သည် ဝမ်ဖုန်း၏ အဓိပ္ပာယ်မသိရသော အမူအရာကိုကြည့်၍ အတွေးထဲနစ်မြောနေလေသည်။

ဒီလူက ဟုန်မန်နတ်ဘုရားနယ်မြေ အရှင်သခင်ကြီး ပြန်လည်ဝင်စားတာများ ဖြစ်နေလောက်မလား?

ရွှမ်းယွမ်သည် အချိန်တစ်ခုအထိ စိတ်ရှုပ်ထွေးထိတ်လန့်နေခဲ့၏။ သူခန့်မှန်းသည့်အတိုင်း မှန်ကန်နေခဲ့လျှင် မိမိသည် မပြစ်မှားသင့်သည့်တည်ရှိမှုကြီးကို ပြစ်မှားမိလိုက်ခြင်းပင်!

ဟုန်မန်နတ်ဘုရားနယ်ပယ် အရှင်သခင်ကြီးသည် မြင့်သွန်းသည့် အထက်ကောင်းကင်သို့ တက်လှမ်းရန်ကြံမ္မာရှိသော ကြီးမြတ်လှသောပုဂ္ဂိုလ်ကြီးဖြစ်သည်။ မိမိ၏နောက်ခံသည် သာလွန်ထူးကဲသည့်တိုင် ဤကဲ့သို့သောပုဂ္ဂိုလ်ကြီး၏ရှေ့မှောက်တွင်တော့ ရွှမ်းယွမ်သည် ပုရွက်ဆိတ်လေးတစ်ကောင်မျှသာ ဖြစ်လေသည်။

“မင်းဘယ်သူလဲ?”

ဝမ်ဖုန်းသည် တွေးတောနေခြင်းမှ အသိပြန်ဝင်လာကာ မျက်လုံးအစုံကို အနည်းငယ်မှေးကျုံ့လျက် ရွှမ်းယွမ်ကိုကြည့်၍ လေးနက်စွာမေးမြန်းလိုက်သည်။

ဝမ်ဖုန်း၏အမေးစကားတွင် ရွှမ်းယွမ်သည် တစ်ကိုယ်လုံးတုန်ယင်လာရသည်။ အထူးသဖြင့် ဝမ်ဖုန်း၏ နက်ရှိုင်းသောမျက်လုံးများသည် သူ၏စိတ်နှလုံးကို အဆက်မပြတ်တုန်လှုပ်စေပြီး ဖော်ပြ၍မရနိုင်သော ထိတ်လန့်ချောက်ချားမှုတစ်မျိုးကို ခံစားရစေသည်။

“ကျွန်တော်က ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကနေ အပျော်ရှာဖို့ ခိုးထွက်လာခဲ့တာပါ”

ကြီးမြတ်သောအရှိန်အဝါကြောင့် ရွှမ်းယွမ်သည် လျစ်လျူမရှုဝံ့စွာ အမှန်အတိုင်းဖြေလိုက်သည်။

စည်းဘောင်မရှိ လွတ်လပ်စွာပြုမူတတ်သော ရွှမ်းယွမ်သည် ပထမဆုံးအကြိမ်အဖြစ် မိမိ မထိန်းချုပ်နိုင်သည့်အခြေအနေကို ခံစားတွေ့ကြုံလိုက်ရပြီး တုနှိုင်းမမှီလောက်အောင် ကျိုးနွံပြုမူနေတော့သည်။ ရွှမ်းယွမ်သည် ဝမ်ဖုန်း၏အင်အားကို ကြောက်ရွံ့ခြင်းမဟုတ်ခဲ့။ ဝမ်ဖုန်း၏ လျှို့ဝှက်ဆန်းကြယ်ဟန်ရှိသော သရုပ်မှန်နှင့် ဇာမဏီဥ၏ သစ္စာစောင့်သိစွာ ကာကွယ်စောင့်ရှောက်မှုတို့ကြောင့် ကြောက်ရွံ့ခြင်းဖြစ်သည်။

ကျင့်ကြံဆင့်နက်နဲ၍ နောက်ခံအင်အားကောင်းမွန်သည်နှင့်အမျှ ဤလောကကြီး၏ ရေအတိမ်အနက်ကိုနားလည်နိုင်စွမ်းသည်လည်း ပို၍မြင့်မားလေဖြစ်သည်။ ဤလောကကြီး၌ စိတ်ကူးဖြင့်ပင် မှန်းဆမရနိုင်သည့် အချို့သော ကြောက်မက်ချောက်ချားဖွယ်ရာများ အမှန်တကယ်တည်ရှိပါ၏။

“အို?”

ဝမ်ဖုန်း၏မျက်လုံးတို့တောက်ပသွား၍ အံ့အားသင့်သွားသည်။ ထို့နောက် ဆက်လက်မေးမြန်းသည်။

“ပြောပြစမ်းပါဦး”

ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်မှ ဆင်းသက်လာသည့်လူငယ်တစ်ဦးနှင့် ဆုံတွေ့ကမည်ဟု ဝမ်ဖုန်း မျှော်လင့်မထားခဲ့ပေ။ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်၏ အခြေအနေတို့ကို စုံစမ်းကြည့်ရန် ဤအခွင့်အရေးကို အသုံးချလိုက်ပေမည်။ ဝမ်ဖုန်းသိထားသည်မှာ ယဲ့မုချင်တို့သည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်တွင် ရှိနေသည်ဟူ၍ဖြစ်၏။

“ကျွန်တော့်ရဲ့အဖေက ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်မှာ ရွှမ်းယွမ်နတ်ဘုရားမျိုးနွယ်စုခေါင်းဆောင်တစ်ဦးပါ။ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်မှာ ဖခင်ရဲ့အင်အားက အလွန်ကြီးမားပါတယ်။ ဖခင်က ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်မှာ ထိပ်တန်းပုဂ္ဂိုလ်ကြီးတစ်ဦးပါပဲ”

“ကျွန်တော့်ရဲ့အမေက ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ် ဖူသောက်နတ်ဘုရားမျိုးနွယ်စုရဲ့ မင်းသမီးတစ်ပါးဖြစ်ပါတယ်။ ကျွန်တော့်ရဲ့အဖိုးနှစ်ဦးက ရွှမ်းယွမ်နတ်ဘုရားမျိုးနွယ်စုရဲ့ ယခင်မျိုးဆက်ခေါင်းဆောင်နဲ့ ဖူသောက်နတ်ဘုရားမျိုးနွယ်စု ယခင်မျိုးဆက်ခေါင်းဆောင်တွေပါ။ ပြီးတော့ ကျွန်တော့်ရဲ့ဦးလေးက ဖူသောက်နတ်ဘုရားမျိုးနွယ်စုရဲ့ လက်ရှိခေါင်းဆောင်ပါ။ သူကလည်း ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်မှာ ထိပ်တန်းပုဂ္ဂိုလ်ကြီးတစ်ဦးပါပဲ”

“ကျွန်တော်ကတော့ မျိုးနွယ်စုနှစ်ခုလုံးရဲ့ ချစ်မြတ်နိုးမှုကိုခံယူရတဲ့ တစ်ဦးတည်းသော သခင်လေးပါ။ ကျွန်တော် မွေးဖွားတဲ့အချိန်တည်းက ရွှမ်းယွမ်နတ်ဘုရားမျိုးနွယ်စုခေါင်းဆောင်ငယ်လေးအဖြစ် သတ်မှတ်ခန့်အပ်ထားခံရပြီး ဖူယွမ်နတ်ဘုရားမျိုးနွယ်စုရဲ့ လက်ရှိမင်းသမီးနဲ့လည်း စေ့စပ်ကြောင်းလမ်းထားပါတယ်”

“ဒါပေါ့ အဲဒီ့မင်းသမီးလေးက ကျွန်တော့်အမေနဲ့ သွေးသားတော်စပ်မှု မရှိပါဘူး”

သခင်ငယ်လေးရွှမ်းယွမ်‌သည် ရိုးသားပွင့်လင်းစွာ ဖြေခဲ့၏။ သို့သော် သူ၏မျက်လုံးအစုံ၌ သတိထားမိရန်ခက်ခဲသည့် အလင်းတစ်စ တောက်ပသွားခဲ့သည်။

သူအရမ်းရိုးသားပွင့်လင်းနေတယ်ဆိုတာ တကယ်ကြီးကြောက်ရွံ့လို့ ဖြစ်နိုင်ပါ့မလား?

မဟုတ်‌ပါချေ။ ဝမ်ဖုန်းတို့ကို စမ်းသပ်လိုသောကြောင့်ဖြစ်၏။

ရွှမ်းယွမ်၏စကားအဆုံး၌ ဝမ်ဖုန်း၊ လီပိုင်နှင့် အခြားသူများ၏နှုတ်ခမ်းထောင့်စွန်းတို့ ကွေးညွှတ်သွားကြသည်။ မသိလျှင် ရွှမ်းယွမ်သည် မိမိကိုယ်ကို ရိုးသားပွင့်လင်းစွာ မိတ်ဆက်ပေးနေခြင်းပင်။ သို့သော် ရွှမ်းယွမ်သည် ကြွားဝါခြင်းသဘောရှိနေသည်ကိုလည်း ခံစားသိနိုင်၏။

ဒီလူငယ်လေးက ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ် မျိုးနွယ်စုတွေရဲ့ ဒုတိယမျိုးဆက်လား?

ဝမ်ဖုန်းတို့သည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်၏ လည်ပတ်သည့်အ‌ခြေအနေများကို မသိရှိသော်ငြား ရွှမ်းယွမ်ပြောခဲ့သည့် သူ၏သရုပ်မှန်သည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်တွင် ထိပ်တန်းအဆင့်ဖြစ်သည်ကို သိရှိနိုင်ပေသည်။ ရွှမ်းယွမ်သည် မျိုးဆက်သစ်များထဲတွင် ဂုဏ်သရေကြီးမြတ်သော ချီးမြှောက်ခံသခင်ငယ်လေးများထဲ တစ်ဦးအပါအဝင်ဖြစ်ပေလိမ့်မည်။

ဝမ်ဖုန်းတို့၏မျက်နှာအမူအရာတို့ကို အကဲခတ်ကြည့်ပြီးနောက်တွင် ရွှမ်းယွမ် စိတ်ထဲ၌ တုန်လှုပ်သွားရသည်။ ဝမ်ဖုန်းတို့၏အမြင်တွင်တော့ ရွှမ်းယွမ်၏ တုန်လှုပ်မှုနှင့် စိတ်လှုပ်ရှားမှုတို့ကို မမြင်တွေ့နိုင်ဘဲ အံ့ဩမင်သက်နေသည်ကိုသာ မြင်တွေ့နိုင်သည်။ ဝမ်ဖုန်းက တကယ်ပဲ ဟုန်မန်နတ်ဘုရားနယ်ပယ် အရှင်သခင်ကြီး ပြန်လည်ဝင်စားတာများလား?

“အဲ့လိုနောက်ခံမျိုးနဲ့သရုပ်မှန်ရှိနေတာကို မင်းက ဘာလို့်များ အဆင့်နိမ့်ကမ္ဘာဆီ ရောက်လာရတာတုန်း?”

“ပျင်းလို့ပါ”

ဝမ်ဖုန်း၏အမေးကို ရွှမ်းယွမ် သေချာစဉ်းစားပြီး ဖြေလိုက်သည်။

“အဲဒါက တစ်ခုခုမှားနေလို့လား?”

“ဟုတ်တယ်လေ‌.. ကျွန်တော့်မှာ မွေးတည်းက ကျင့်ကြံသူတွေအိပ်မက်,မက်လေ့ရှိတဲ့အရာတွေ အကုန်ရှိတယ်။ ခရီးသွားရင်လည်း နေရာတိုင်းမှာ ချီးကျူးမြှောက်စားမှုမျိုးစုံနဲ့ သူတို့ရဲ့ချစ်ခင်မြတ်နိုးမှုကို ပြသဖို့ ‌အကောင်းဆုံးကြိုးစားနေတဲ့သူတွေရှိ‌တယ်။ အဲဒါတွေက အရမ်းစိတ်ရှုပ်ဖို့ကောင်းတာပဲ”

“ကျွန်တော့်မှာ ကျွန်တော်လိုချင်တာ အရာအားလုံးရှိတယ်။ ရုန်းကန်‌ဖို့ မလိုအပ်သလို ကြိုးစားအားထုတ်ဖို့လည်း မလိုအပ်ဘူး။ ဘဝကြီးက ရည်မှန်းချက်မရှိနေတော့ စပြီးယိမ်းယိုင်လာ‌တော့တာပဲ”

ရွှမ်းယွမ်၏စကားကြောင့် ဝမ်ဖုန်းတို့အားလုံး တိတ်ဆိတ်သွားကြသည်။ ဝမ်ဖုန်းသည် ပါးစပ်ပွင့်ဟ၍ တစ်စုံတစ်ရာပြောချင်သော်ငြား စကားလုံးများသည် ခံတွင်းဝထိသာ တက်လာခဲ့ပြီး အပြင်သို့ထွက်အံကျမလာခဲ့ပေ။

ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ဒုတိယမျိုးဆက်၏ စိတ်ဒုက္ခများကို သူတို့ တကယ်နားမလည်နိုင်ပါချေ။

လီပိုင်နှင့် စစ်ထူကျုံးတို့ မဆိုထားနှင့် ဝမ်ဖုန်းနှင့် ကုညီအစ်ကိုနှစ်ဦးပင်လျှင် ဝမ်းနည်းကြေကွဲဖွယ် ဘဝဇာတ်ကြောင်းများ ရှိခဲ့ကြသည်။

ဝမ်ဖုန်း ကမ္ဘာကူးပြောင်းလာခဲ့ချိန်၌ ဘာဆိုဘာမျှမရှိခဲ့ပေ။ ‌တောင်ကြားထဲတွင် သူ၏လူကိုအရူးလုပ်နိုင်သည့်စွမ်းရည်ကို အားကိုးအားထားပြု၍ ရှန်ရှန့်ကျုံဂိုဏ်းကို တည်ထောင်ခဲ့ရသည်။ စနစ်၏အကူအညီဖြင့် ရှန်ရှန့်ကျုံဂိုဏ်းကို လက်ရှိအခြေအနေထိရောက်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ ဤဖြစ်စဉ်တစ်လျှောက်ရှိ သူ၏ခါးသီးမှုများကို မည်သူသိပါအံ့နည်း။

စနစ် မရှိခဲ့လျှင် မိမိမှာ မည်သို့သေဆုံးသွားရသည်ကိုပင် မသိနိုင်ဘဲ ဖြစ်သွားခဲ့လောက်၏။

ကုညီအစ်ကိုနှစ်ဦးအတွက်မူ ရင်းမြစ်လောကတွင် ထင်ရှားသောသရုပ်များ ရှိခဲ့သော်ငြား စွန့်ပစ်ခံရသည့်ကလေးငယ်များ ဖြစ်ကြသည်။ မိဘများ အသတ်ခံခဲ့ရရုံမျှမက လှည့်လည်သွားလာရှင်သန်ကြရင်းဖြင့် ဓားပြတိုက်လုယက်သူများ ဖြစ်လာခဲ့ရသည်။ ထိုအချိန်က ဝမ်ဖုန်းသည် တောင်ကြားများတွင် ကုညီအစ်ကိုမှ ဓားပြတိုက်လုယက်နေကြဦးမည်ကို စိုးထိတ်ခဲ့ရသည်။

ထိုသို့သော ဘဝ‌ဇာတ်ကြောင်းများဖြင့် သူတို့သည် ဤပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ် ဒုတိယမျိုးဆက်သခင်လေး၏ စိတ်ဒုက္ခတို့ကို အဘယ်သို့များ နားလည်နိုင်ပါမည်နည်း။

‌လုံးဝမဖြစ်နိုင်ပေ။

သူတို့သည်တော့ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ် မျိုးဆက်တစ်ဦးဖြစ်လာနိုင်ရန်အတွက် ကြိုးစားအားထုတ်ရန်သာ တတ်နိုင်ပေသည်။

“မင်းရဲ့မျိုးနွယ်စုက မင်းကို ပြန်သွားဖို့ လာမခေါ်ကြဘူးလား?”

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ဝမ်ဖုန်း ထပ်မံမေးမြန်းလိုက်သည်။

“လာမခေါ်နိုင်ဘူး။ ကျွန်တော် သူတို့ပေးထားတဲ့ရတနာတွေ အကုန်လုံးထားခဲ့တယ်။ ခန္ဓာကိုယ်က အငွေ့အသက်တွေကိုလည်း ဖယ်ရှားသန့်စင်ထားတယ်။ အချိန်တိုအတွင်း ရှာတွေ့နိုင်လိမ့်မှာ မဟုတ်ဘူး”

ရွှမ်းယွမ်မှ ခေါင်းခါရမ်း၏။

“ဒါဆို မင်းမှာ…?”

ရွှမ်းယွမ်၏အဖြေစကားကြောင့် ဝမ်ဖုန်း၏မျက်နှာ တောင့်ခဲသွား၏။ ဝမ်ဖုန်းသည် ရွှမ်းယွမ်၏ခန္ဓာကိုယ်အနီးတွင် ဝန်းရံနေသည့် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့်အကူပစ္စည်းများကိုကြည့်နေခဲ့သည်။ ဆိုလိုချင်သည့်အဓိပ္ပာယ်မှာ အလွန်သိသာပါ၏။

လူငယ်လေးရေ ဒီပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့်လက်နက်တွေအများကြီးရှိတာတောင် မင်းက မင်းရဲ့မျိုးနွယ်စု‌က ပေးထားတဲ့ရတနာတွေကို ထားခဲ့သေးတာတဲ့လား? ထားသာမပစ်ခဲ့ရင် မင်းမှာ ဘယ်လောက်များတဲ့ရတနာ‌တွေ ရှိနေတာလဲဟေ??

ဒါက ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ဒုတိယမျိုးဆက်ရဲ့ စိတ်ဒုက္ခကြီးဆိုတာလား?

ဝမ်ဖုန်း၏နောက်ရှိ ကုညီအစ်ကိုမှာ အားကျမှုကြောင့် မျက်လုံးများပင် နီရဲနေကြလေပြီ။ သူတို့သည် ရွှမ်းယွမ်နှင့် နေရာချင်းလဲပစ်ရန် မစောင့်ဆိုင်းနိုင်တော့ပေ။

“ဪ ခင်ဗျားပြောတာ ဒီပစ္စည်းလေးတွေကိုလား?”

“ဒါတွေက ကျွန်တော် ခိုးထွက်ခဲ့တဲ့ ပထမဆုံးနှစ်တုန်းက မတော်တဆ ခိုးယူခြင်းနတ်ဘုရားရဲ့အ‌ေမွဆက်ခံခဲ့ရပြီး ကိုယ့်ဘာသာ ရှာရခဲ့တာတွေလေ”

ရွှမ်းယွမ်သည် တည်ငြိမ်အေးဆေးစွာပင်ပြော၏။ အသံအနေအထား တည်ငြိမ်အေးဆေးလွန်းသည်မှာ ထိုပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့်အကူပစ္စည်းများသည် အနည်းငယ်မျှ တန်ဖိုးမရှိသည့်အလားပင်။

ရွှမ်းယွမ်၏စကားကြောင့် ကုညီအစ်ကိုနှစ်ဦးမှာ ပို၍မနာလိုအားကျဖြစ်လာကြ၏။ လူအချင်းချင်းကို ကွာခြားမှုက ဘာလို့ဒီလောက်တောင် ကြီးမားရတာလဲ? လူတစ်ယောက်က အပျင်းပြေဆော့ကစားဖို့ ခိုးထွက်လိုက်တာနဲ့ ခိုးယူခြင်းနတ်ဘုရားရဲ့ အမွေဆက်ခံရဖို့ဆိုတာ ဖြစ်နိုင်ရဲ့လား?

အရမ်းတရားလွန်တာပဲ!

သူတို့လောကကြီးထဲ နှစ်ပေါင်းများစွာ လှည့်လည်သွားလာခဲ့တာကျ ဘာလို့ ဘာအမွေမှ မဆက်ခံခဲ့ရတာပါလိမ့်?

All Chapters