ကြီးမားလှသည့် ရည်မှန်းချက်ကြီး
Vol. 40 Ch. 559
Translator - Hsue Htet
ကုညီအစ်ကိုနှစ်ဦး၏ အားကျစိတ်နှင့်ယှဉ်လျှင် ဝမ်ဖုန်းသည် အများကြီးပိုတည်ငြိမ်ပေသည်။ တခြားသူတွင် ဖြစ်ပျက်သည့်အရာများသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အဆုံးသတ်တွင်သော သူတစ်ပါးနှင့် သက်ဆိုင်သည့်အရာသာ ဖြစ်သည်။
မည်မျှအားကျနေပါစေ ရယူနိုင်သည်လည်း ဟုတ်မနေပေ။
ဝမ်ဖုန်းသည် ဘာမျှမရှိသည့်အခြေအနေမှ လက်ရှိအခြေအနေထိ ရောက်ရှိလာခြင်းဖြစ်သည်။ သူက ဘာလို့များ တခြားသူကို အားကျနေရမလဲ?
တခြားသူကို အားကျခြင်းအမှုသည် သို့ဖြင့် ဖိနှိပ်ခြင်းခံလိုက်ရလေသည်။
“ခိုးယူခြင်းနတ်ဘုရားလား?”
ဝမ်ဖုန်း သံသယဖြင့် မေးလိုက်သည်။
“ခိုးယူခြင်းနတ်ဘုရားက ဟုန်မန်နတ်ဘုရားနယ်ပယ်မှာ အင်အားကြီးမားတဲ့သူပါ”
“သုန့်ကျင်း၊ ဖာချိုး၊ ထိုးရှန်း၊ ရှဲ့လင် အမွေဆက်ခံမှု၄ခုကို ကောင်းကင်ကိုဆန့်ကျင်နိုင်တဲ့အင်အားနဲ့ ပေါင်းစည်းလိုက်ရင် တစ်ပါးတည်းသော ခိုးယူခြင်းနတ်ဘုရား ဖြစ်လာတယ်”
“မလုပ်အပ်ဟုတားမြစ်ထားသည့်အရာ မရှိ၊ တားဆီးနိုင်တဲ့ ဂူသင်္ချိုင်းမရှိ၊ မခိုးယူနိုင်တဲ့အရာ မရှိ၊… အဲဒါကို ခိုးယူခြင်းနတ်ဘုရားလို့ခေါ်တယ်”
“အဲ့တော့ မင်းဒါတွေကို ဂူသင်္ချိုင်းဖောက်ပြီး ခိုးလာခဲ့တာပေါ့လေ?”
ရွှမ်းယွမ်၏စကားအဆုံးတွင် ဝမ်ဖုန်းနားလည်သွားကာ ရွှမ်းယွမ်ကို ထူးဆန်းသည့်မျက်နှာအမူအရာဖြင့်ကြည့်၍ ပြောလိုက်သည်။
ကောင်းရော! ဒီရွှမ်းယွမ်မှာ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့်အကူပစ္စည်းတွေ အများကြီးရှိနေတာက သေလူတွေဆီကနေ ခိုးယူထားတာပဲ!
ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့်အကူပစ္စည်းများသည် ချန်ခွမ်းအထွတ်အမြတ်ဘုံတွင် အလွန်တရာရှားပါသည်။ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်တွင်ပင် လူတိုင်းရယူနိုင်သည့်အရာမဟုတ်။ ခြုံငုံလိုက်လျှင် သာမန်ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကျင့်ကြံသူများသည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့်အကူပစ္စည်းများကို သုံးစွဲရန် အရည်အချင်းရှိကြသည် မဟုတ်ပေ။
နောက်ခံအင်အားများကို ဘေးဖယ်ချန်ရစ်၍ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့်အကူပစ္စည်းများကို ရယူခြင်းသည် ရွှမ်းယွမ်အတွက်လည်း လွယ်ကူလွန်းခဲ့မည်မဟုတ်ပေ။
ရွှမ်းယွမ်၏စကားများကြောင့် ဝမ်ဖုန်း၏နောက်ရှိ ကုညီအစ်ကိုသည်တော့ မျက်လုံးများပိုမိုတောက်ပလာကြကာ ရွှမ်းယွမ်ကိုကြည့်သည့်အကြည့်များမှာ အရှိန်တငြီးငြီးတောက်ပနေတော့သည်။
သူတို့သည် ဓားပြတိုက်လုယက်ရာတွင် တော်ပြီး ထိုလူငယ်သည် ခိုးယူခြင်းတွင် တော်သည်။ သူတို့သုံးဦးပူးပေါင်းလိုက်လျှင် လောကပြိုင်ဘက်ကင်းပူးပေါင်းမှုကြီး မဟုတ်ပါလော။
ဤလောကကြီး၌ သူတို့သုံးဦးကို ဘယ်သူကများ တားဆီးနိုင်ပါတော့မည်နည်း။
ဂိုဏ်းချုပ်သည် သူ၏လှည့်ကွက်များဖြင့် ဤလူငယ်လေးကို အရူးလုပ်ပြီး ရှန်ရှန့်ကျုံဂိုဏ်းသို့သွတ်သွင်းရန် မျှော်လင့်မိပါ၏။
ကုညီအစ်ကိုနှစ်ဦးမှာ မျှော်လင့်ချက်များ ကြီးမားနေတော့သည်။ ရွှမ်းယွမ်သာ ရှန်ရှန့်ကျုံဂိုဏ်းသို့ ဝင်ရောက်လိုက်လျှင် သူတို့၏ကမ္ဘာသည် ခိုးယူလုယက်ခြင်းကမ္ဘာကြီးပင် မဟုတ်ပါလော။
ထို့ပြင် ရွှမ်းယွမ်မှ ရှန်ရှန့်ကျုံဂိုဏ်းသို့ ဝင်ရောက်လိုက်လျှင် သူတို့၏ဂိုဏ်းတူညီလေး ဖြစ်သွားပေမည်။
ဂိုဏ်းတူညီလေးတစ်ဦးအနေဖြင့် သူတို့ကို ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့်အကူပစ္စည်းအချို့ လက်ဆောင်ပေးအပ်ခြင်းသည်လည်း မလွန်လှပေ။ ကံကြမ္မာကောင်းအတွက် ဂိုဏ်းတူညီလေးတစ်ဦးခေါ်တာလည်း အရမ်းမဆိုးလှပါဘူးလေ ဟုတ်တယ်မလား? မရီးဖြစ်သူကို ရတနာတချို့လက်ဆောင်ပေးရင်လည်း မလွန်လှပါဘူးလေ။
အဲ့တော့ သူက လုံးဝပြီးပြည့်စုံတဲ့သူပဲ မဟုတ်ဘူးလား?
ပို၍တွေးတောလေလေ ကုညီအစ်ကို၏မျက်လုံးအရောင်မှာ ပို၍တောက်ပလာလေလေဖြစ်သည်။ ကုညီအစ်ကိုနှစ်ဦးသည် ခုချက်ချင်းပင် ရွှမ်းယွမ်ကိုဆွဲခေါ်၍ ညီလေးဟု ခေါ်တော့မည့်အတိုင်းပင် ဖြစ်နေတော့သည်။
“အဟမ်း အဟမ်း…!”
“ခိုးတာမဟုတ်ပါဘူး။ သူတို့ဆီက ယူသိမ်းထားတာပါ”
ဝမ်ဖုန်း၏ တည့်တိုးဆန်သည့်စကားကြောင့် ရွှမ်းယွမ်သည် ချောင်းအသာဟန့်၍ ဟန်ဆောင်ပန်ဆောင်အမူအရာဖြင့် ပြန်ပြော၏။
ဝမ်ဖုန်း၏နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွား၍ ဆက်မမေးတော့ပေ။ ရုတ်တရက် မျက်နှာအမူအရာ မည်းမှောင်သွား၏။ ရွှမ်းယွမ်ကို ခံစားချက်ကင်းမဲ့စွာဖြင့် ကြည့်၍ အေးစက်စွာပြောသည်။
“နတ်ဘုရားဘုံလောက,က ဘယ်လောက်အရေးပါတယ်ဆိုတာ မင်းသိတယ်မလား?”
“မင်းရဲ့သရုပ်မှန်က ထူးကဲတော့ သာမန်လူတွေကတော့ မင်းကိုထိရဲမှာမဟုတ်ဘူး”
“ဒါပေမဲ့ ကံအကြောင်းတိုက်ဆိုင်စွာပဲ ငါကိုယ်တော်မှာက မလုပ်အပ်လို့ တားမြစ်ထားတဲ့အရာရယ်လို့ မရှိဘူး”
“တခြားသူတွေ မထိရဲပေမယ့် ငါကိုယ်တော်ကတော့ ထိရဲတယ်!”
“တခြားသူတွေ မသတ်ရဲပေမယ့် ငါကိုယ်တော် သတ်ရဲတယ်!”
ဝမ်ဖုန်း၏အေးစက်သည့်စကားများကို ကုညီအစ်ကိုနှစ်ဦးကြားသည်တွင် တစ်ဦးကိုတစ်ဦးကြည့်၍ ရယ်မောကြလေသည်။
လာစရာရှိတာကတော့ ရောက်လာပြီပဲ!
ဂိုဏ်းချုပ်ရဲ့လှည့်ကွက်ကို တခြားသူတွေ မသိရင်တောင်မှ သူတို့က မသိဘဲရှိပါ့မလား? ခြိမ်းခြောက်တာနဲ့ သွေးဆောင်ဖြားယောင်းတာကို ပူးတွဲထိုးနှက်ပြီးရင် ဘယ်သူက ခံနိုင်ရည်ရှိပါတော့မလဲ? သူတို့သည်လည်း လုပ်အားခကြောင့် ဂိုဏ်းချုပ်၏ အရူးလုပ်ခံလိုက်ရခြင်းဖြစ်သည်။ ရလဒ်အနေဖြင့် လုပ်အားခလည်း တစ်ခါမျှမရလိုက်ဘဲ မည်မျှအကြွေးတင်နေသည်ကိုလည်း မသိတော့ချေ။
အံ့ဩစရာအကောင်းဆုံးသောအချက်မှာ သူတို့လုယက်လာသည့်ရတနာများကို ဂိုဏ်းချုပ်ထံ လွှဲပြောင်းပေးအပ်ရခြင်းပင်။ မတတ်နိုင်ပေ။ ဓားပြသင်္ဘောပေါ်တက်ပြီးမှတော့ ပြန်ဆင်းလို့မရတော့သည်လေ။ ရိုးရိုးပွင့်လင်းစွာဖြင့် ဂိုဏ်းချုပ်၏လှေလုပ်သားလုပ်ပေးရန်သာ ရှိတော့သည်။
ဝမ်ဖုန်း၏ ခံစားချက်ကင်းမဲ့သောစကားများကို ကြားလိုက်ရပြီးနောက် ရွှမ်းယွမ်သည် နဖူး၌ ချွေးစေးများစီးကျလာရကာ စိတ်နှလုံးသည်လည်း အလွန်တရာလေးလံသွားရသည်။ ဝမ်ဖုန်း၏ဆိုလိုရင်းကို သူနားလည်ပါ၏။
တစ်နည်းဆိုရသော် ဝမ်ဖုန်းသည် နတ်ဘုရားဘုံလောကကို ရယူပြီးဖြစ်ပြီး သူ့ကိုနှုတ်ပိတ်သတ်ဖြတ်နိုင်သည်ဟု ဆိုလိုခြင်းပင်။
သို့မဟုတ်ပါက ဤနတ်ဘုရားဘုံေလာက၏သတင်း ပျံ့နှံ့သွားသည်နှင့်တစ်ပြိုင်နက် ချန်ခွမ်းအထွတ်အမြတ်ဘုံသာမက ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်သည်လည်း ပွက်လောရိုက်သွားပေလိမ့်မည်။ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ် ထိပ်တန်းကျင့်ကြံသူများဖြစ်စေ၊ အခြားသောစွမ်းအားမြင့်ပုဂ္ဂိုလ်ကြီးများဖြစ်စေ ဤနတ်ဘုရားဘုံလောကသို့ ဆင်းသက်လာကြပေလိမ့်မည်။
ဇာမဏီဥ၏ကာကွယ်စောင့်ရှောက်ထားမှုကြောင့် ရွှမ်းယွမ်သည် ဝမ်ဖုန်းကို ဆန့်ကျင်တိုက်ခိုက်နိုင်စွမ်း မရှိပေ။ သူ၏ကျင့်ကြံဆင့်ကို ချိပ်ပိတ်မထားခဲ့လျှင်သော်မှ ဇာမဏီဥကို ထိန်းချုပ်နိုင်လိမ့်မည်မဟုတ်ပေ။
ဇာမဏီဥ၏ ဝမ်ဖုန်းအပေါ် သစ္စာစောင့်သိမှုအရ ရွှမ်းယွမ်မှ ဝမ်ဖုန်းကိုသတ်ဖြတ်လိုလျှင် ထိုဇာမဏီဥသည် သူ့အား အရိုးတစ်စပင် မကျန်ရစ်သည်အထိ မီးလောင်ပြာချပစ်လောက်သည်။
ဝမ်ဖုန်း၏စကားလုံးများထဲမှ ဆုံးဖြတ်ချက်ပြတ်သားမှုကိုလည်း ရွှမ်းယွမ်ခံစားသိနိုင်သည်။ ဤလူသည် သူ၏မျိုးနွယ်စုနောက်ခံများကို အမှန်တကယ် မကြောက်ရွံ့ချေ။
ထို့ကြောင့် ရွှမ်းယွမ်သည် ဝမ်ဖုန်းမှာ ဟုန်မန်နတ်ဘုရားနယ်ပယ် အရှင်သခင်ကြီး ပြန်လည်ဝင်စားသည်ဟု ပိုမိုယုံကြည်သွားလေသည်။ ထိုကဲ့သို့သော တုနှိုင်းမဲ့ပုဂ္ဂိုလ်ကြီးသာလျှင် ဤသို့သော ကြောက်ရွံ့ခြင်းကင်းမဲ့သည့်အရှိန်အဝါကို ပိုင်ဆိုင်နိုင်သည် မဟုတ်ပါလော။
“သေချာပေါက် ငါကိုယ်တော်က ကျိုးကြောင်းမဆီလျော်တဲ့သူ မဟုတ်ပါဘူး။ ငါကိုယ်တော် မင်းကိုအသက်ချမ်းသာပေးစေချင်ရင်လည်း ရတယ်.. မင်းမှာ ရွေးချယ်စရာတစ်ခုရှိတယ်”
ရွှမ်းယွမ်၏ အရှိန်လျင်မြန်စွာပြောင်းလဲနေသော မျက်နှာအမူအရာကို မြင်သောအခါ ဝမ်ဖုန်း အပြုံးဖြင့် ဆက်ပြော၏။
“ဘယ်လိုရွေးချယ်မှုလဲ?”
ဝမ်ဖုန်း၏စကားကြောင့် ရွှမ်းယွမ် တစ်ချက်တုန်ယင်သွားပြီး အလျင်မလိုမေးမြန်းလိုက်သည်။
ဇာမဏီဥ၏ဖိနှိပ်မှုမရှိလျှင် သူ၏ဖခင်မှ သူ၏တည်နေရာကို မသိရှိသည့်တိုင် ရွှမ်းယွမ်သည် ဝမ်ဖုန်းတို့နှင့် တိုက်ခိုက်မည်ဖြစ်သည်။ မိမိကိုယ်ကို အန္တရာယ်ကျရောက်စေပြီး ကျင့်ကြံဆင့်ချိပ်ပိတ်ထားခြင်းကို ကျိုးပျက်စေပြီး ဇာမဏီဥနှင့် ဇာမဏီစစ်နတ်ဘုရား၏နတ်ဘုရားဘုံလောကကို မိမိ၏အိပ်ကပ်ထဲသို့ ထည့်သွင်းယူဆောင်လိုက်မည်ဖြစ်သည်။
သို့သော် ဇာမဏီဥ၏ဖိနှိပ်မှုရှိနေရာ ရွှမ်းယွမ် ဘာမျှမတတ်နိုင်ပေ။ သူ၏ကျင့်ကြံဆင့်ကို ချိပ်ပိတ်မထားလျှင်သော်မှ ဇာမဏီဥနှင့်ရင်ဆိုင်ရလျှင် မတ်မတ်ပင် မရပ်နိုင်မည်ကို စိုးရွံ့ရသည်။
လက်ရှိအခြေအနေများအရ ဤဇာမဏီဥသည် သာမန်ဇာမဏီဥတစ်လုံး မဟုတ်ဘဲ ဇာမဏီငှက်၏ပြန်လည်ထမြောက်ခြင်းဖြစ်စဉ်မှ ဖြစ်ပေါ်လာသည့်ဥဖြစ်ကြောင်းကို ရွှမ်းယွမ် နားလည်လိုက်သည်။
သို့မဟုတ်ပါက ပေါက်ဖွားခါစ ဇာမဏီဥလေးသည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကျင့်ကြံသူကို ဖိနှိပ်ကောင်း ဖိနှိပ်နိုင်သည့်တိုင် ရွှမ်းယွမ်ကိုတော့ဖြင့် လုံးဝဖိနှိပ်နိုင်လိမ့်မည် မဟုတ်ချေ။ သူ၏ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့်အကူပစ္စည်းများသည် အလှဆင်ထားရုံသာ မဟုတ်ကြသည်လေ။
ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့်အကူပစ္စည်း ဆယ်ခုကျော်နှင့် တစ္ဆေနှင့်နတ်ဘုရားသွေးအကာအကွယ်၏ ကာကွယ်မှုကိုပင် ဤဇာမဏီဥသည် ဖိနှိပ်နိုင်လေရာ ဇာမဏီဥ၏စွမ်းအားသည် မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို စိတ်ကူးကြည့်နိုင်၏။
ထို့ပြင် ထိုတည်ရှိမှုသည် ဝမ်ဖုန်းကို ကာကွယ်ပေးရန်ဆန္ဒရှိနေခဲ့သည်။ သို့ဖြစ်ရာ ဝမ်ဖုန်း၏သရုပ်မှန်သည်လည်း မည်မျှကြောက်ခမန်းလိလိသော တည်ရှိမှုကြီးဖြစ်လိမ့်မည်နည်း။
“မင်းကိုယ်တိုင်ဆုံးဖြတ်ပါ”
“ကျွန်တော်လား?”
ဝမ်ဖုန်း၏စကားကြောင့် ရွှမ်းယွမ်သည် အံ့အားသင့်သွား၍ မေးမြန်းလိုက်သည်။
“ဟုတ်တယ်”
“ငါကိုယ်တော်က ရှန်ရှန့်ကျုံဂိုဏ်းဆိုတဲ့ ဂိုဏ်းတစ်ခုကိုတည်ထောင်ထားတယ်။ မင်းကိုယ့်သဘောနဲ့ကိုယ် ရှန်ရှန့်ကျုံဂိုဏ်းထဲကို ဝင်မယ်ဆိုရင် ငါကိုယ်တော် မင်းကိုလွှတ်ပေးမယ်”
“မင်းရည်မှန်းချက်ပျောက်ဆုံးနေတာ မဟုတ်လား? ငါကိုယ်တော်ရဲ့ ရှန်ရှန့်ကျုံဂိုဏ်းမှာ မင်းရဲ့ရည်မှန်းချက်ကို ရှာဖွေလို့ရနိုင်တယ်”
ဝမ်ဖုန်းသည် မျက်လုံးတောက်တောက်များဖြင့် ခပ်ဖျော့ဖျော့ရယ်မောနေသည်။
“ဘာရည်မှန်းချက်လဲ?”
“မင်းရဲ့ဂိုဏ်းတူအစ်ကိုတွေ၊ညီလေးတွေ၊ ဂိုဏ်းတူအစ်မ၊ညီမလေးတွေအတွက် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့်အကူပစ္စည်းတွေ ရှာပေးပြီး ရှန်ရှန့်ကျုံဂိုဏ်းမှာ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့်အကူပစ္စည်းတွေ ပြည့်စုံအောင်လုပ်ပေးဖို့ ရည်မှန်းချက်ပေါ့”
“ဘယ်လိုလဲ? ဒီရည်မှန်းချက်က လုံလုံလောက်လောက်ကြီးမားရဲ့လား? မင်းအရမ်းတွေစိတ်အားထက်သန်လာဖို့ လုံလောက်ရဲ့လား?”
“ကျွန်တော့်ကို တစ်ခုမေးခွင့်ပြုပါ။ ရှန်ရှန့်ကျုံဂိုဏ်းမှာ လူဘယ်နှယောက်ရှိလဲ?”
“သိပ်မများပါဘူး။ တစ်သောင်းလောက်ပါပဲ”
ဝမ်ဖုန်း၏စကားအဆုံး၌ ရွှမ်းယွမ်မှာ သွေးအန်ထွက်လုမတတ် ဖြစ်သွားရသည်။ ‘တစ်သောင်းလောက်ပါပဲ’ဟူသော ထိုစကားလုံး၅လုံးသည် မှော်ဝင်နေသကဲ့သို့ သူ၏နားစည်ထဲတွင် အဆက်မပြတ်ပဲ့တင်ထပ်နေတော့သည်။
ဘုရားသခင်! ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့်အကူပစ္စည်းတစ်သောင်းကို သူဘယ်မှာသွားရှာရမှာလဲ?!
အဲဒါကြီးက ရည်မှန်းချက်တဲ့လား? ဒါငါ့ကို ပစ္စည်းကိရိယာတစ်ခုလို အသုံးချနေတာမဟုတ်ဘူးလား?