← Chapters

ကယောက်ကယက်မျက်ဝန်း။

Vol. 40 Ch. 561

ကယောက်ကယက်မျက်ဝန်း။

Vol. 40 Ch. 561

ဘာသာပြန်- The Fate

"ဒါက နည်းနည်းတော့ အစွမ်းထက်တယ်။"

ယန်ရှန်းက သူမ၏ခွန်အားပြည့်တိုက်ကွက်ကို ခံယူနိုင်လိုက်ပြီး တိုးညှင်းစွာ ရေရွတ်လိုက်တာကို မြင်တွေ့လိုက်ရသည့်အခါ မင်ယောင်၏ မျက်ဝန်းသူငယ်အိမ်များမှာ လှုပ်ခါသွားခဲ့သည်။

ဤအချိန်၌ မင်ယောင်၏မျက်နှာသည် ပြိုတော့မည့်မိုးကဲ့သို့ မဲမှောင်နေခဲ့သည်။ သူသာ ခွန်အားပြည့်တိုက်ခိုက်လိုက်ပါက ယန်ရှန်းကို အပြီးတိုင်ချေမှုန်းနိုင်လိမ့်မည်ဟု သူတွေးထင်ခဲ့မိသည်။ သို့ပါသော်လည်း ယန်ရှန်း၏ တိုက်ပွဲဝင်စွမ်းအားက ဤမျှလောက်ထိ အစွမ်းထက်နေလိမ့်မည်ဟုတော့ သူမျှော်လင့်မထားခဲ့ပါ။ ထိုသူဟာ သူ၏ အင်အားအပြည့်တိုက်ကွက်ကို ဒါဏ်ရာအနည်းငယ်မျှသာ ရရှိရုံဖြင့် ခုခံနိုင်ခဲ့သည်။ ဒါက မင်ယောင်၏မျက်နှာအခြေအနေကို ဆိုးရွားသွားစေခဲ့သည်။

"ဘုန်း!"

ပြင်းထန်သော စွမ်းအားအဟုန်သည် မင်ယောင်၏ ခန္ဓာကိုယ်မှ လွှင့်ပျံထွက်ပေါ်လာကာ သူ၏ကိုယ်ခန္ဓာတစ်ခုလုံးဟာ ကြောက်မက်ဖွယ်ရာသားရဲကြီး နိုးထလာသကဲ့သို့ ဖြစ်လာခဲ့သည်။ သွေးနီရောင်မျက်ဝန်းများအတွင်း၌ စိတ်ဝိညာဥ်ကို တုန်ရီစေနိုင်သော အေးစက်သည့် အလင်းတန်းတစ်ခုလည်း ကိန်းဝပ်နေခဲ့သည်။

ခမ်းနားကြီးကျယ်သော အဆိုပါစွမ်းအားသည် ကျယ်ပြောသော ပင်လယ်ပြင်ကဲ့သို့ လွှင့်ပျံ့ထွက်ပေါ်လာခဲ့ကာ သူ့လက်ထဲရှိ သွေးနီရောင် လှံရှည်ကလည်း အရိုင်းဆန်စွာ ကခုန်လာခဲ့သည်။ ရာထောင်ချီသော အေးစက်သည့် လှံပုံရိပ်ယောင်များသည် သူ၏ ပတ်ပတ်လည်၌ ရုတ်တရက်ထွက်ပေါ်လာခဲ့ကာ တိုက်ပွဲမြေပြင်တစ်ခုလုံးဟာ တသိမ့်သိမ့်တုန်လှုပ်သွားခဲ့သည်။

အကာအရံအလွှာရှိနေခဲ့တာတောင်မှ ဤလွှမ်းမိုးချုပ်ကိုင်နိုင်သော စွမ်းအားသည် မွန်မြတ်သောစန်းရိမြို့တော်အတွင်းရှိ ကျင့်ကြံသူများကို အကြောက်တရားဖြင့် တုန်ရီသွားစေခဲ့သည်။

သူတို့၏အမြင်၌ ထိုကဲ့သို့ ထိတ်လန့်ဖွယ်ကောင်းသော တိုက်ခိုက်မှုကို ယန်ရှန်းတစ်ယောက် မခုခံနိုင်တော့မှာကို စိုးရွံ့နေမိသည်။ ဒီလိုမျိုး မွန်မြတ်မှုခုနစ်ပါးစေတီရဲ့ နဝမအလွှာကို ဖြတ်ကျော်နိုင်ခဲ့တဲ့ ဂန္တဝင်ပါရမီရှင်တစ်ယောက်က ဒီနေရာမှာ ကြွေလွှင့်သွားရတော့မှာက သနားစရာပါပဲလား။

လီချင်း၏ဘေးနားတွင်ရှိနေသော လန်လင်း၏မျက်နှာကလေးထက်တွင်လည်း စိုးရိမ်ပူပန်နေသော အမူအယာတစ်ခုရှိနေခဲ့သည်။ အဆုံးအစမဲ့ယုံကြည်မှုများနှင့် ထူးမခြားနားစွာ ရှိနေခဲ့သော သူမဘေးရှိ လီချင်းနှင့် လီရှောင်းယောင်တို့ကြောင့်သာမဟုတ်ပါက သူမသည် တော်ဝင်ဖခမည်းတော်ကို ယန်ရှန်းအား သွားရောက်ကယ်တင်ပေးရန် အလော်ဆော်မိလောက်သည်။

မင်ယောင်၏ အစွမ်းထက်သော စွမ်းအားကို တွေ့မြင်လိုက်ရသည့်အခါ တစ်ဖက်တွင်ရှိနေသော မင်ကုန်းနှင့် အခြားသူများ၏မျက်နှာထက်တွင် ပြုံးယောင်သမ်းလာခဲ့သည်။ ဤတစ်ခေါက် မင်ယောင်၏ တိုက်ခိုက်မှုကို ယန်ရှန်းခုခံနိုင်လိမ့်မယ်ဟု သူတို့ လုံးဝမထင်ပါ။

ထူးချွန်ပြောင်မြောက်သော ပါရမီရှင်တစ်ယောက်ဖြစ်သည့် မင်ယောင်သည် သာမန်ချမ်ခွမ်းကပ်ဘေးအထွတ်အထိပ်စွမ်းအားရှင်မဟုတ်ပါ။ မင်ယောင်၏ တိုက်ပွဲဝင်စွမ်းအားဟာ သာမန်ချန်ခွမ်းဘုရင်အဆင့် စွမ်းအားရှင်ကိုတောင် နှိုင်းယှဥ်နိုင်သည်။ ဤတိုက်ခိုက်မှုဟာ အမှန်တကယ်ကို ချန်ခွမ်း ဘုရင်အဆင့်ကို ရောက်ရှိနေခဲ့သည်။

ဤကဲ့သို့ တိုက်ခိုက်မှုမျိုး...ယန်ရှန်းရဲ့ စွမ်းဆောင်ရည်က ဘယ်လောက်ပဲကောင်းမွန်ပါစေ၊ သူ၏ကျင့်ကြံမှုက ချန်ခွမ်းယွမ်အထွတ်အထိပ်မှာပဲ ရှိနေသေးတာလေ။ သူ ဘယ်လိုလုပ် ဒီတိုက်ကွက်ကို ခုခံနိုင်ပါ့မလဲ။

ကြီးမြတ်သောဧကရာဇ်စန်းရိသည် လေဟာပြင်အတွင်း၌ လက်နှစ်ဖက်ကို နောက်ပစ်လျက် မတ်တပ်ရပ်နေခဲ့ကာ မျက်မှောင်ကိုကြုတ်လျက် တိုက်ပွဲမြေပြင်ကို စူးစိုက်ကြည့်နေခဲ့၏။ ယန်ရှန်းသာ သေရေးရှင်ရေးအခြေအနေနှင့် ကြုံတွေ့လိုက်ရပါက သူဟာ ကျိန်းသေပေါက် ယန်ရှန်းကို ကယ်တင်ရန် လှုပ်ရှားမှာဖြစ်သည်။

ယဲ့ရှန်ဖေး၏ခါးသည်လည်း ဖြောင့်မတ်သွားခဲ့ကာ သူမ၏ လှပသော မျက်ဝန်းလေးအတွင်း၌ အလင်းတန်းများတောက်ပနေခဲ့ကာ တိုက်ပွဲမြေပြင်ကို စူးစိုက်ကြည့်နေခဲ့သည်။ သူမ၏ နူးညံ့သေးငယ်သော ခန္ဓာကိုယ်ကလေးထံမှ ကြီးကျယ်ခမ်းနားသော စွမ်းအားများ ထွက်ပေါ်လျက်ရှိချေသည်။

"သတ်!"

ဤအချိန်၌ တိုက်ပွဲကွင်းပြင်အလယ်၌ရှိနေသော မင်ယောင်သည် ကျယ်လောင်စွာ ဟိန်းဟောက်ပြောဆိုလိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခွင်ကို ရစ်သိုင်းထားသော လှံရှည်များဟာလည်း အပြည့်အဝ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ သူ့လက်ထဲရှိ လှံရှည်သည် သွေးနီရောင် နဂါးတစ်ကောင်ကဲ့သို့ ကခုန်သွားခဲ့ကာ ၎င်းလှံရှည်၏ လှုပ်ရှားမှုနှင့်အတူ ထောင်ကျော်သော လှံအရိပ်များကလည်း ပြင်းထန်စွာ ရွာသော မိုးကဲ့သို့ လိုက်ပါသွားခဲ့ကာ ယန်ရှန်းထံ ကျယ်လောင်သော အော်မြည်သံဖြင့် သက်ဆင်းလာခဲ့သည်။

ထိတ်လန့်ဖွယ်ရာကောင်းသော စွမ်းအားအဟုန်သည် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လေဟာပြင်ကို ထွင်းဖောက်လိုက်ကာ မြင့်မြတ်သော စန်းရိမြို့တော်အတွင်းရှိ ကျင့်ကြံသူများအားလုံးဟာ ထိတ်လန့်ခြောက်ခြားသွားခဲ့ရ၏။

ဤကဲ့သို့ ထိတ်လန့်ဖွယ်ကောင်းသော တိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရသော်လည်း ယန်ရှန်း၏ အမူအယာဟာ အနည်းငယ်တောင် ကြောက်လန့်သွားခဲ့ခြင်းမရှိဘဲ တည်ငြိမ်နေသေးဆဲပင်။ သူဟာ အသက်ကို ပြင်းပြင်းရှူရှိုက်လိုက်ပြီး သူ့လက်ထဲရှိ သာမန်ဆန်သောဓားရှည်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူ၏ သွေးပြန်ကြောများအတွင်း၌ တည်ရှိနေသော ကြယ်စင်သုံးဆယ့်ခြောက်လုံးသည် အပြင်းအထန်တုန်လှုပ်လာခဲ့ကာ ယန်ရှန်း၏ ခန္ဓာကိုယ်တစ်ခုလုံးဟာ ကောင်းကင်ယံထက်၌ ထွန်းလင်းသော ကြယ်ပွင့်များအလား လင်းလက်တောက်ပလာချေသည်။

ယန်ရှန်းကိုယ်တွင်းရှိ ကောင်းကင်သွေးကြောများထံမှ ကျယ်ပြောနက်ရှိုင်းသော စွမ်းအားများ ထွက်ပေါ်လာခဲ့ကာ သူ့လက်အတွင်းရှိ ရိုးရှင်းသော ဓားရှည်ထံသို့ စီးဆင်းဝင်ရောက်သွားခဲ့လေသည်။ သက်တန့်တစ်စင်းကဲ့သို့သော လွှမ်းမိုးချုပ်ကိုင်နိုင်သည့် ဓားအလင်းတန်းသည် ဓားရှည်၏ ထိပ်ဖျားမှ ပေါက်ဖွားလာခဲ့ရသည်။

တစ်ချိန်တည်းမှာပင် ယန်ရှန်း၏ မျက်ဝန်းများဟာလည်း တောက်ပသွားခဲ့ကာ သူ၏ မျက်ဝန်းအိမ်အတွင်း၌ ရွှေရောင်အလင်းတန်းတစ်ခု ရှိနေခဲ့သည်။

ယန်ရှန်း မွန်မြတ်မှုခုနစ်ပါးစေတီ၏ နဝမအလွှာကို ဖြတ်ကျော်သွားပြီးနောက် ရရှိခဲ့သည့် ဆုလာဒ်မှာ ရတနာပစ္စည်းတစ်ခုမဟုတ်ဘဲ ပျက်သုဥ်းခြင်းဧကရာဇ်နယ်ပယ်ကို ရောက်ရှိနေသော လျို့ဝှက်နည်းစနစ်တစ်ခုဖြစ်သည်။ ၎င်း၏ အမည်နာမမှာ ကယောက်ကယက်မျက်ဝန်းဟု ခေါ်တွင်သည်။

ထိုလျို့ဝှက်နည်းစနစ်သည် ပြိုင်ဘက်၏ မှားယွင်းချွတ်ချော်မှုများနှင့် အားနည်းချက်ကို ထွင်းဖောက်တွေ့မြင်နိုင်စွမ်းရှိသည်။ ထို့အတွက်ကြောင့် အားနည်းသူဟာ သန်မာသူကို အနိုင်ယူနိုင်စွမ်းရှိလေသည်။

ထိုလျို့ဝှက်နည်းစနစ်ကို ရရှိသွားပြီးနောက် ယန်ရှန်းက ၎င်းကို အရူးအမူးကျင့်ကြံခဲ့ကာ လီရှောင်းယောင်၏ ထောက်ပြလမ်းညွှန်မှုကြောင့် သူဟာ လျို့ဝှက်နည်းစနစ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့သည်။ ဤသည်မှာ အဆိုပါနည်းစနစ်ကို သူပထမဆုံးအကြိမ် စမ်းသပ်အသုံးပြုခြင်းဖြစ်တော့သည်။

မွန်မြတ်မှုခုနစ်ပါးစေတီ၏ နဝမအလွှာတွင် ထားရှိခြင်းခံရသော ဆုလာဒ်များဟာ မွန်မြတ်ဘုံလောက အတွင်းရှိ အရှားပါးဆုံးရတနာပစ္စည်းများဖြစ်လေသည်။ ၎င်းတို့ဟာ မွန်မြတ်မှုခုနစ်ပါးစေတီကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့သော ဂန္တဝင်ပါရမီရှင်များအတွက် ခုနစ်ပြည်ထောင်မင်းဧကရာဇ်များ၏ ရင်းနှီးမြှုပ်နှံမှုဟူ၍လည်း ယူဆ၍ ရနိုင်သည်။

ယန်ရှန်းက ကယောက်ကယက်မျက်ဝန်းကို ထုတ်ဖော်လိုက်ပြီးသည့်နောက်တွင် မင်ယောင်ဖော်ထုတ်လိုက်သော ထောင်ကျော်သည့် လှံပုံရိပ်ယောင်များသည် ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားခဲ့ရကာ ၎င်းနေရာ၌ သွေးနီရောင်တောက်ပနေသော လှံတံရှည်တစ်ခုသာ ရှိနေခဲ့သည်။

ကယောက်ကယက်မျက်ဝန်းသာရှိမနေပါက မင်ယောင်ဖော်ထုတ်လိုက်သော ထောင်ကျော်သည့် လှံပုံရိပ်ယောင်များဟာ အစစ်အမှန်အဖြစ် တည်ရှိနေမှာဖြစ်ပြီး ၎င်းတို့ကို ဖျက်စီးချင်ပါက သူဟာ ပြင်းထန်သောတိုက်ခိုက်မှုတစ်ခုဖြင့် တိုက်ခိုက်ရမှာဖြစ်သည်။

သို့ပါသော်လည်း သူ၏လက်ရှိချမ်ခွမ်းယွမ်အဆင့်ကျင့်ကြံမှုမျှဖြင့် မင်ယောင်၏တိုက်ခိုက်မှုကို တိုက်ကွက်တစ်ခုဖြင့် ချေပရန်မဖြစ်နိုင်ပါ။

သို့ပါသော်လည်း ကယောက်ကယက်မျက်ဝန်းကို ဖော်ထုတ်လိုက်ပြီးသည့်နောက်တွင် သူဟာ မင်ယောင့်တိုက်ခိုက်မှုအတွင်းရှိ ချို့ယွင်းချက်ကို တိုက်ရိုက်ထွင်းဖောက်တွေ့မြင်နိုင်ခဲ့သည်။ အစစ်အမှန်လှံတံရှည်ကိုသာ ရှာတွေ့နိုင်သရွေ့ ကြွင်းကျန်ရစ်သော ပုံရိပ်ယောင်များဟာ သူ့အတွက် ခြိမ်းခြောက်မှုတစ်ခု မဖြစ်နိုင်တော့ပါ။

ဤအချိန်၌ ယန်ရှန်း၏လက်အတွင်း ရှိနေသော ဓားရှည်ဟာ တဖြည်းဖြည်း ပို၍ပို၍တောက်ပလာခဲ့ကာ လွှမ်းမိုးချုပ်ကိုင်နိုင်သော ဓားဆန္ဒအရှိန်အဝါသည် သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံလျက် ကောင်းကင်ယံထိတိုင် ပျံ့နှံ့သွားခဲ့သည်။ ၎င်းဟာ ကမ္ဘာလောကကြီးကို အပိုင်းပိုင်းအစစ ဖြတ်တောက်တော့မည်ကဲ့သို့ဖြစ်နေခဲ့ချေသည်။ ခွန်အားဗလချင်းနှိုင်းယှဥ်ရပါက ယန်ရှန်းသည် မင်ယောင်ထက် အားနည်းခြင်းမရှိပါ။

"ဖြတ်တောက်စေ"

ယန်ရှန်း၏နှုတ်ဖျားမှ ကျယ်လောင်သော အော်မြည်သံကြီး ထွက်ပေါ်လာခဲ့ပြီး သူ၏မျက်ဝန်းအိမ်အတွင်း၌ ရွှေဝါရောင်အလင်းတန်းတစ်ခု ဖြတ်ခနဲ လင်းလက်သွားခဲ့သည်။ သူလက်တွင်းရှိ ဓားရှည်ဟာ ခုတ်ပိုင်းသက်ဆင်းသွားခဲ့ပြီး တလက်လက်တောက်ပနေသော ဓားအရောင်ကြီးသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်နှုန်းဖြင့် ထွက်ပေါ်လာခဲ့သည်။ ၎င်းဟာ အင်မတန်မြန်ဆန်သွက်လက်သောနှုန်းထားဖြင့် ထောင်ကျော်သော လှံပုံရိပ်ယောင်များဆီ ပြေးဝင်သွားခဲ့သည်။

ထူးဆန်းသည့်အရာမှာ ယန်ရှန်း၏ဓားသည် စိတ်ဝိညာဥ်တစ်ခုကို ပိုင်ဆိုင်ထားသလိုမျိုး ထောင်ကျော်သည့် လှံပုံရိပ်ယောင်များအားလုံးကို ထွင်းဖောက်သွားခဲ့ခြင်းမရှိပါ။ ၎င်းဟာ လှံပုံရိပ်ယောင်များနှင့် မထိတွေ့အောင် ရှောင်ရှားရင်းဖြင့် အနောက်ဆုံး၌ရှိနေသော လှံအရိပ်ဆီသို့ တန်းတန်းမတ်မတ်ပြေးဝင်ကာ ခုတ်ပိုင်းလိုက်သည်။

"ကယောက်ကယက်မျက်ဝန်း..."

ဤမြင်ကွင်းကား လေထုအတွင်း၌ရှိနေသော မြင့်မြတ်သည့်ဧကရာဇ်စန်းရိကို ထိတ်လန့်သွားစေခဲ့ကာ သူ၏ မျက်ဝန်းအတွင်း၌ အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့သည်။ အကြည့်တစ်ချက်ဖြင့်ပင် သူဟာ ယန်ရှန်းအသုံးပြုခဲ့သည့် နည်းစနစ်ကို ခန့်မှန်းတွက်ဆနိုင်ခဲ့သည်။ ၎င်းမှာ စန်းရိအင်ပါယာ၏ ဘိုးဘေးတစ်ပါးမှ မွန်မြတ်မှုခုနစ်ပါးစေတီအတွင်း ထားရစ်ခဲ့သည့် အမွေအနှစ်ဖြစ်လေသည်။ ကယောက်ကယက်ကောင်းကင်ဘုံမျက်ဝန်းသည် မင်ယောင်၏ လှုပ်ရှားမှုအတွင်း၌ရှိနေသော ချို့ယွင်းချက်များကို ထွင်းဖောက်တွေ့မြင်နိုင်ခဲ့သည်။

မင်ကုန်းနှင့် အခြားသူများ၏ မျက်ဝန်းသူငယ်အိမ်များမှာ တုန်လှုပ်သွားခဲ့သည်။ ပျက်သုဥ်းခြင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင်များဖြစ်သည့်အလျှောက် ယန်ရှန်း၏တိုက်ကွက်က မင်ယောင်တိုက်ကွက်၏ ချို့ယွင်းချက်ကို တန်းတန်းမတ်မတ် ထိမှန်သွားကြောင်း သူတို့သိရှိခဲ့ရသည်။ ထို့အတွက်ကြောင့် မင်ကုန်းနှင့် အခြားသူများ၏ ရင်အတွင်း၌ အကြပ်အတည်းတစ်စုံတစ်ရာ ပေါ်ထွန်းလာခဲ့ရသည်။

"ဘုန်း"

လွှမ်းမိုးချုပ်ကိုင်နိုင်သော ဓားအလင်းတန်းနှင့် လှံအရိပ်တို့သည် ပွတ်တိုက်မိသွားကာ နားကွဲလုမတတ် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။ ပြင်းထန်သော စွမ်းအားအဟုန်သည် တိုက်ပွဲမြေပြင်တစ်ခုလုံးကို အပြင်းအထန် လှုပ်ရမ်းသွားစေခဲ့သည်။

ယန်ရှန်းတို့နှစ်ဦးကို ဗဟိုပြု၍ တိုက်ပွဲကွင်းပြင်အလယ်၌ အက်ကွဲကြောင်းများ ဖြစ်ပေါ်လျက်ရှိသည်။

သို့ပါသော်လည်း ဤမျှ ပြင်းထန်သည့် စွမ်းအားနှင့် ရင်ဆိုင်နေရတာတောင် တိုက်ပွဲစင်မြင့်သည်ကား ကျိုးပျက်တော့မည့်အရိပ်အယောင် စိုးစင်းမျှမပြခဲ့ပါ။

"ဘုန်း!"

လူအများ၏ အကြည့်များအောက်တွင် ယောင်ဝါးဝါးပုံရိပ်တစ်ခုသည် လှံရိပ်နောက်ကွယ်မှ လွင့်စင်ထွက်သွားကာ မြေပြင်နှင့်ထိရိုက်မိသွားပြီး တိုက်ပွဲစင်မြင့်ကို အပိုင်းပိုင်းအစစ ပြိုကွဲသွားစေခဲ့သည်။

"ဖစ်!"

မင်ယောင်၏ခံတွင်းမှ ပါးစပ်အပြည့် သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။ သူ၏ ရင်ဘတ်ပေါ်၌ ကြီးမားသော ဓားဒါဏ်ရာကြီးတစ်ခုရှိနေခဲ့ပြီး ၎င်းဒါဏ်ရာထက်မှ မဟူရာရောင်သွေးများ စီးဆင်းလျက်ရှိသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် နေရာတစ်နေရာလုံးသည် အနက်ရောင်သွေးများ၏ အရောင်ခြယ်ခြင်းခံလိုက်ရချေသည်။

သို့ပါသော်လည်း သူဟာ ကိုယ်ပိုင်ဒါဏ်ရာအပေါ် အာရုံမစိုက်နိုင်သေးပါ။ ထိုအစား သူသည် ယန်ရှန်းကို အင်မတန်ထိတ်လန့်ခြောက်ခြားနေသော အမူအယာဖြင့် စူးစိုက်ကြည့်နေခဲ့သည်။ သူ၏ မျက်နှာထက်တွင်တော့ မယုံကြည်နိုင်သော အမူအယာများ ရှိနေခဲ့လေသည်။

All Chapters