ရွေးချယ်စရာ
Vol. 41 Ch. 563
ဘာသာပြန်- The Fate
မင်ဟွမ် ရုတ်တရက် ထုတ်ဖော်ပြသလိုက်သော ထိတ်လန့်ဖွယ်ကောင်းသည့် တိုက်ပွဲဝင်စွမ်းအားက မြင့်မြတ်သော စန်းရိမြို့တော်အတွင်းရှိ ကျင့်ကြံသူများ၏ လှိုက်တက်လာသော မျှော်လင့်ချက်များကို ရိုက်ချိုးပစ်လိုက်သည်။ သူတို့ဟာ အဆုံးအစမဲ့စွာ တုန်ယင်သွားမိကြသည်။
ထိုကဲ့သို့ အစွမ်းထက်သော တိုက်ပွဲဝင်စွမ်းအားကို သာမန်ချန်ခွမ်းဘုရင်တစ်ပါး တွေ့မြင်ခဲ့ရင်တောင် စိတ်ပျက်လက်ပျက် ဖြစ်သွားပေလိမ့်မည်။
"ပြီးဆုံးသွားပြီ"
ဘယ်သူက ပြောဆိုလိုက်မှန်းမသိ။ ထိုအသံကို ကြားသိလိုက်ရသည့်အခါ မြင့်မြတ်သောစန်းရိမြို့တော်၏ ကျင့်ကြံသူများသည် စိတ်ပျက်အားလျှော့စွာ သက်ပြင်းချလိုက်မိကြပြီး တိုက်ပွဲကွင်းပြင်ကို ဆက်လက်မကြည့်ရှု့ရဲတော့ပါ။ သူတို့၏ စိတ်ထဲတွင် ဤတစ်ကြိမ်တော့ ယန်ရှန်းက အံ့ဖွယ်ရာအမှုကို မပြုနိုင်ကောင်းတော့ပြီ။
လေထုအထက်၌ မတ်တပ်ရပ်နေသော ဧကရာဇ်စန်းရိ၏မျက်ဝန်းများသည်လည်း အေးစက်သောအလင်းတန်းဖြင့် တောက်ပသွားခဲ့ကာ သူ့ကိုယ်တွင်းရှိ စွမ်းအားများမှာ တိုးတိတ်စွာ လှည့်ပတ်လာခဲ့သည်။ ယန်ရှန်းထုတ်ဖော်ပြသခဲ့သော တိုက်ပွဲဝင်စွမ်းအားကြောင့် ရှန်ရှန်ကျုံ့ဂိုဏ်းဘက်တွင် ရပ်တည်မည့် သူ၏စိတ်ဆန္ဒမှာ ပို၍ခိုင်မာလာခဲ့သည်!
အစောနက မင်ယောင်စတင်လှုပ်ရှားခဲ့ချိန်တွင် သူဟာ ယန်ရှန်းကို ကြီးကြီးမားမား မျှော်လင့်မထားခဲ့ချေ။ သို့သော် ယန်ရှန်းက အစွမ်းထက်သော တိုက်ပွဲဝင်စွမ်းအားကိုဖော်ပြလျက် သူ၏မျက်နှာကို ဖြတ်ရိုက်ခဲ့သည်။ သို့ရာတွင် ဤသည်ကပဲ သူ့ကို ပျော်ရွှင်စေခဲ့သည်!
ရှန်ရှန်ကျုံ့ဂိုဏ်းအကြီးအကဲများ၏ ကြီးမြတ်သော ခွန်အားပင်ဖြစ်စေ၊ ရှန်ရှန်ကျုံ့ဂိုဏ်းသားများ၏ ထုတ်ဖော်ပြသသော အလားအလာများပင်ဖြစ်စေ အရာနှစ်ခုစလုံးက ရှန်ရှန်ကျုံ့ဂိုဏ်း၏ ထိတ်လန့်ခြောက်ခြားဖွယ်ကောင်းပုံကို ညွှန်းဆိုနေလေသည်။
မင်းသမီးလန်လင်း၏ နှီးနွယ်မှုနှင့်ဆိုလျှင် သူတို့ဟာ ရှန်ရှန်ကျုံ့ဂိုဏ်းနှင့် မဟာမိတ်ဖွဲ့နိုင်ကောင်းသည်။ တစ်ဖက်က မရဏမျိုးနွယ်စုတွေကရော? သူတို့နဲ့ရန်သူဖြစ်တာ ဘာများမှားယွင်းလို့လဲ။
သန်မာအားကောင်းပြီး စိတ်ဓာတ်တည်ကြည်သည့် မဟာမိတ်တစ်ယောက်အတွက် သူဟာ အရာအားလုံးကို စွန့်စားလိုလားသည်။
တိုက်ပွဲကွင်းပြင်အလယ်မှာတော့ ယန်ရှန်းဟာ အမူအယာမဲ့စွာရှိနေခဲ့ပြီး သူ၏မျက်ဝန်းများအတွင်း၌ စိတ်ပိုင်းဖြတ်မှုများ ထင်ဟပ်လျက်ရှိသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ကောင်းကင်ယံထိတိုင် ပျံ့လွင့်လျက်ရှိသော တိုက်ပွဲဝင်စိတ်ဆန္ဒကို ဖော်ပြနေလေသည်။
ကျင့်ကြံသူများဟာ မိုးကောင်းကင်ကို ဆန့်ကျင်ကြသူများပင် မဟုတ်ပါလော။ သန်မာတဲ့ရန်သူတစ်ယောက်က ဘာများပူစရာပါလဲ။
ရှန်ရှန်ကျုံ့ဂိုဏ်းက ဘယ်အရာကိုမှ မကြောက်လန့်ဘူး!
"ဘုန်း!"
ယန်ရှန်းဟာ ဓားဆန္ဒကို အဆုံးစွန်ထိတိုင်မြင့်တက်စေလိုက်သည့်အခါ မရေမတွက်နိုင်သော ဓားချီများသည် သူ၏ပတ်ပတ်လည်၌ ရောထွေးလျက် ကခုန်လာခဲ့ကာ သူ့ကို ဓားနတ်ဘုရားတစ်ပါးအလား ထင်မှတ်မှားစေခဲ့သည်။
အေးစက်သောဓားသွားက ရှိနေကြသောလူများကို တုန်လှုပ်သွားစေခဲ့သည်။
"ဘုန်း!"
ယန်ရှန်းဟာ အရှေ့ဘက်ကို ခြေတစ်လှမ်းချနှင်းလိုက်သည့်အခါ လေထုပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်ဟာ လေးညို့မှပစ်တင်သော မြှားကဲ့သို့ တစ်ဟုန်ထိုးပြေးထွက်သွားခဲ့သည်။ မရေမတွက်နိုင်သော ဓားချီများ၏ ပူးပေါင်းအားဖြည့်မှုနှင့်အတူ သူ့လက်ထဲရှိဓားရှည်မှာ လွှဲယမ်းခုတ်ပိုင်းလာခဲ့သည်။
ဓားအလင်းတန်းတစ်ခုချင်းစီတိုင်းသည် ပြင်းထန်သောအဟုန်ဖြင့် ကျဆင်းလာခဲ့ကာ ၎င်းတို့၏ပတ်လည်တွင် လူအများကို ထိတ်လန့်စေနိုင်သော မရေမတွက်နိုင်သည့် ဓားချီများ ပျံသန်းနေခဲ့ကြသည်။
"ဟမ့်!"
ယန်ရှန်း၏ပြင်းထန်သော တိုက်ခိုက်မှုနှင့် ရင်ဆိုင်လိုက်ရသည့်အခါ မင်ဟွမ်က လှောင်ရယ်လိုက်ပြီး အရှေ့ဘက်ကို ပြေးထွက်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်၌ အမှောင်မှော်စွမ်းအားများဖြင့် ပြည့်နှက်နေခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်သော လေထုကို သယ်ဆောင်ထားခဲ့သည်။ သူ၏ ပုံအသွင်ဟာ နတ်ဆိုးနတ်ဘုရားတစ်ပါးအလားဖြစ်နေခဲ့ကာ သူ၏ ဦးခေါင်းအထက်၌ မိုးခြိမ်းသံကဲ့သို့ ကြောက်မက်ဖွယ် အော်မြည်သံကြီးများ ထင်ဟပ်လျက်ရှိသည်။
သူ၏လက်သီးအထက်၌လည်း နဂါးတစ်ကောင် ရေ၌ကူးခတ်သကဲ့သို့ ပုံရိပ်ယောင်တစ်ခုရှိနေခဲ့ကာ သူဟာ ယန်ရှန်းထံ ပြေးဝင်သွားခဲ့သည်။ သူဟာ သူ၏လက်သီးလုံးကို အသုံးပြု၍ ယန်ရှန်း၏ ထိတ်လန့်ဖွယ်ကောင်းသော ဓားချက်ကို ဖြိုခွင်းရန် ပြင်ဆင်ထားခဲ့ခြင်းပင်။
အဆိုပါ ကောင်းကင်ကို ဖြတ်သန်း၍ ထိုးခွင်းလာခဲ့သော ပြိုင်ဘက်ကင်း လက်သီးလုံးကြီးသည် ကမ္ဘာလောကအတွင်းသို့ ပျံ့လွင့်သွားခဲ့ကာ ကြီးမားသော တိုက်ပွဲမြေပြင်ကို အဆက်မပြတ် ယိမ်းခါလာစေခဲ့သည်။ ၎င်းစွမ်းအင်လှိုင်းကြောင့် ရှိနေကြသော ကျင့်ကြံသူများကတောင် စိုးရိမ်ထိတ်လန့်မိသွားကြသည်။
"ဘုန်း!"
လူအများ၏ စောင့်ကြည့်မှုအောက်တွင် လူနှစ်ယောက်ဟာ ပြင်းထန်သော အဟုန်ဖြင့် ထိတွေ့မိသွားကာ ဓားချက်နှင့် လက်သီးလုံးတို့သည် ကြက်ခြေခတ်သဏ္ဌာန် ပွတ်တိုက်မိသွားကြသည်။ တိုက်ပွဲကွင်းပြင်ကြီးတစ်ခုလုံးသည် ပြင်းထန်သောစွမ်းအားတို့၏ ကြီးစိုးရာနေရာအဖြစ် ပြောင်းလဲသွားခဲ့ကာ ကောင်းကင်ယံအထက်၌လည်း အဆုံးအစမဲ့သော လေမုန်တိုင်းကြီးဖြစ်ပေါ်လာခဲ့သည်။
ချန်ခွမ်းဘုရင်အဆင့်နှင့် အထက်တွင်ရှိသော သန်မာသော ကျင့်ကြံသူများမှလွဲ၍ ကြွင်းကျန်ရစ်သော လူများဟာ ယန်ရှန်းနှင့်မင်ဟွမ်တို့ကို မတွေ့မြင်နိုင်ကြပါ။ သူတို့ဟာ အလင်းတန်းနှစ်ခု တွယ်ပတ်ရစ်တွယ်နေခြင်းနှင့်အတူ အဆုံးအစမဲ့သည့် ဓားစွမ်းအားများ လက်သီးအလင်းတန်းများ တစ်ခုနှင့်တစ်ခု ပွတ်တိုက်နေကြသည်ကိုသာ တွေ့မြင်နိုင်ကြသည်။
ပွတ်တိုက်မှုတစ်ခုချင်းစီတိုင်းသည် ကောင်းကင်ကို တုန်လှုပ်စေခဲ့ပြီး ပြိုင်ဘက်ကင်းသော စွမ်းအင်ဖိအားကို ဖော်ထုတ်စေခဲ့သည်။ မြင့်မြတ်သော စန်းရိမြို့တော်အတွင်းရှိ ကျင့်ကြံသူများ၏ အမူအယာများမှာ လေးလံသွားခဲ့ကြသည်။
ဒီလိုလူငယ်မျိုးဆက်နှစ်ယောက်က ဒီလောက်အထိ ထိတ်လန့်ဖွယ်ကောင်းတဲ့ တိုက်ပွဲဝင်စွမ်းအားကို ထုတ်ဖော်နိုင်ခဲ့တာ မယုံကြည်နိုင်စရာပါလား။ သူတို့လို မျိုးဆက်ဟောင်း ကျင့်ကြံသူတွေထက်တောင် ပိုပြီးအစွမ်းထက်နေသေးတယ်!
သူတို့ကို ပိုမို၍ တုန်လှုပ်စေခဲ့သူမှာ ယန်ရှန်းပင်ဖြစ်သည်။ တိုက်ကွက်တစ်ကွက်ဖြင့် ခြေမှုန်းခံရတော့လိမ့်မည်ဟု သူတို့ တွေးထင်ခဲ့သော ယန်ရှန်းက မင်ဟွမ်ကို တန်းတူညီမျှစွာ ယှဥ်ပြိုင်နိုင်ခဲ့သည်။ တိုက်ပွဲကွင်းပြင်အလယ်၌ ကျယ်လောင်သော ပေါက်ကွဲသံများ အဆက်မပြတ် မြည်ဟည်းလျက်ရှိကာ ဓားအလင်းတန်းများနှင့် လက်သီးအရိပ်များက ပျံ့လွင့်လျက်ရှိချေသည်။
ဤသည်မှာ ရာစုနှစ်များစွာအတွင်းရှိ ဂန္တဝင်တိုက်ပွဲကြီးပင် ဖြစ်ပါတော့သည်။
.....
မြေအောက်အာကာပြင်တွင်တော့ ရွှမ်းယွမ်သည် ဝမ်ဖုန်း၏ဘေးနား၌ ထွက်ပေါ်လာသော ပုံရိပ်ခြောက်ခုကို စူးစိုက်ကြည့်နေခဲ့ကာ သူ၏နှုတ်ခမ်းထောင့်စွန်းက ထိန်းချုပ်မရ တွန့်ကောက်သွားခဲ့သည်။
ငါ့ကောင်ရေ ဒါက အနိုင်ကျင့်ဖို့ အစပြုနေတာလား။
ဝမ်ဖုန်းနှင့်အတူ လီပိုင်၊ စစ်ထူကျုံးအပါအဝင် ပျက်သုဥ်းခြင်းဧကရာဇ်နယ်ပယ် စွမ်းအားရှင်ကိုးယောက် ရှိနေခဲ့သည်။
ဇာမဏီငှက်ဥ၏ ဖိနှိပ်မှုမရှိပါက သူဟာ ဝမ်ဖုန်းနှင့် သူ့လူများကို ပျက်သုဥ်းခြင်းဧကရာဇ်နယ်ပယ် လက်နက်များ၏ အကူအညီဖြင့် ရင်ဆိုင်တိုက်ခိုက်ရန် ယုံကြည်ချက်ရှိသေးသည်။ သို့ပါသော်လည်း လက်ရှိတွင် သူဟာ ဇာမဏီငှက်ဥ၏ ဖိနှိပ်ထားခြင်းကို ခံနေရကာ အနည်းငယ်မျှသော ခွန်အားကိုတောင် မဖော်ထုတ်နိုင်ခဲ့ပါ။ များပြားသော ပျက်သုဥ်းခြင်းဧကရာဇ်နယ်ပယ် လက်နက်များကို တိုက်ရိုက်ထုတ်သုံးလျှင်တောင်မှ ၎င်းက အချည်းနှီးဖြစ်ပေလိမ့်မည်။
ဒီလိုအချိန်မှာ ဝမ်ဖုန်းတို့နှင့်တိုက်ခိုက်မယ်ဆိုလျှင် အနိုင်ကျင့်ခံရဖို့ စောင့်ဆိုင်းနေတာပဲ မဟုတ်ဖူးလား။
"သေဆုံးခြင်းရှင်သန်ခြင်းက မင်းရဲ့ရွေးချယ်မှုပဲ။ စတင်ပြီး ရွေးချယ်ပါလေ။"
ဝမ်ဖုန်းဟာ ရွှမ်းယွမ်ကို အပြုံးမမည်သော အပြုံးဖြင့် စူးစိုက်ကြည့်ခဲ့ကာ ပြတ်သားသောလေသံဖြင့် ပြောဆိုလိုက်သည်။
ဇာမဏီတာအို၏ နတ်ဘုရားဘုံလောကနှင့် ဇာမဏီငှက်ဥတို့သည် နှစ်ခုစလုံး အရေးကြီးကြသည်။ သူဟာ ရွှမ်းယွမ်ကို ထွက်ခွာသွားခွင့် မပြုနိုင်ပါ။ ဇာမဏီငှက်ဥ၏ ဖိနှိပ်မှုမပါရှိရင်တောင် သူဟာ ကံတရားကို အသုံးပြု၍ ဘိုးဘေးများကို ဆင့်ခေါ်ပြီး ရွှမ်းယွမ်ကို နေရာမှာတင် သတ်ဖြတ်မှာဖြစ်သည်။
ဇာမဏီနှလုံးသားမီးလျှံသစ်ပင်အကြောင်း ဖော်ထုတ်ခံလိုက်ရပါက ကြီးမားသော ကပ်ဘေးဒုက္ခကြီးကို ဖြစ်ပေါ်စေနိုင်သည်။ ၎င်းက မွန်မြတ်ဘုံလောကတစ်ခုလုံးနှင့် ပျက်သုဥ်းခြင်းဧကရာဇ်ဘုံလောကတစ်ခုလုံးကိုတောင် ရူးခါသွားစေနိုင်သည်။ ဇာမဏီစစ်နတ်ဘုရား၏ နတ်ဘုရားဘုံလောကနှင့်ဇာမဏီငှက်ဥအကြောင်းဆိုပါက ပြောဖွယ်ရာတောင် မရှိတော့ပြီ။
ရွှမ်းယွမ်ကို သတ်ပစ်လျှင်သတ်ပစ်၊ မဟုတ်လျှင် ထိုသူဟာ သူ၏ဘက်တော်သား ဖြစ်လာရမည်။ တတိယမြောက် ရွေးချယ်စရာဆိုတာက မရှိတော့ပါဘူး။
ဝမ်ဖုန်း၏ ခိုင်မာသော စကားကို ကြားလိုက်ရသည့်အခါ ရွှမ်းယွမ်၏ အမူအယာမှာ ခန့်မှန်းမရနိုင်အောင် ပြောင်းလဲသွားခဲ့သည်။ ဒါက ကောင်းကင်ကိုဆန့်ကျင်ဖို့ သူ၏ကိုယ်ပိုင်အခွင့်ထူးကြီးဟု ထင်မြင်ခဲ့သော်လည်း မျှော်လင့်မထားစွာဖြင့် သူဟာ ဖွတ်မရ ဓားမရှုံးဖြစ်ရချေပြီ။
သူဟာ မိုးကောင်းကင်ကို ဆန့်ကျင်နိုင်သော အခွင့်ထူးကြီးကို ရရှိရန် ဆုံးရှုံးခဲ့ရုံသာမက သူ့ကိုသူပါ အန္တရာယ်ထဲ ဆွဲသွင်းမိလိုက်ပေသည်။ ဒါက ဘယ်လို သောက်အဓိပ္ပါယ်မရှိတဲ့ အရာကြီးလဲ။
"ငါက ဒီနေရာကို အမှားအယွင်းတစ်ခုကြောင့် ဝင်လာမိတဲ့ လူတစ်ယောက်ပါကွာ။ ဘာ့ကြောင့်များ စိတ်ရှုပ်ခံနေရတာလဲ။"
ရွှမ်းယွမ်က ခေါင်းကို ခါယမ်းလိုက်ပြီး ခါးသီးစွာ ပြုံးလိုက်သည်။ သူ၏အမူအယာက ကူကယ်ရာမဲ့နေခဲ့သည်။
"အို... မင်းဆိုရင်ကော ငါ့ကို ထွက်ခွာသွားခွင့် ပြုနိုင်မှာမလို့လား။ ဒီအကြောင်းကို တွေးတောင်တွေးမနေနဲ့။ ရွေးချယ်စရာတစ်ခုကိုသာ ခပ်မြန်မြန်လုပ်လိုက်စမ်းပါ။ ဒီလိုမှမဟုတ်ရင် ဒီဧကရာဇ်ရဲ့ ရိုင်းပြမှုအတွက် အပြစ်မတင်နဲ့တော့။"
ဝမ်ဖုန်းက လှောင်ရယ်လိုက်ပြီး နက်ရှိုင်းသောအသံဖြင့် ပြောဆိုလိုက်သည်။
သူ၏ဘေးနားရှိ မဟာနတ်ဆိုးရွမ်ရှနှင့် အခြားသူများထံမှလည်း ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားအဟုန်များ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ပျက်သုဥ်းခြင်းဧကရာဇ်နယ်ပယ် စွမ်းအားရှင်ကိုးယောက်၏ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားက မြေအောက်အာကာပြင်တစ်ခုလုံးကို လှုပ်ရမ်းသွားစေခဲ့သည်။
မြေအောက်အာကာပြင်အတွင်း၌ အဆုံးအစမဲ့သော မုန်တိုင်းကြီးတိုက်ခတ်နေသကဲ့သို့ ရွှမ်းယွမ်ကို တုန်ယင်သွားစေခဲ့သည်။
ဝမ်ဖုန်း၏ ပြောစကားကြောင့် သူဟာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ရသည်။ သူသာဖြစ်ခဲ့ပါလျှင်လည်း ဝမ်ဖုန်းတို့ကို ဘေးကင်းလုံခြုံစွာ ပြန်ထွက်သွားခွင့်ပြုနိုင်မှာ မဟုတ်ပါ။ ဒီကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့ ရတနာပစ္စည်းအကြောင်း သတင်းပေါက်ကြားခွင့် ဘယ်မှာပြုနိုင်မှာလဲ။
သေဆုံးသွားသောလူများကသာ လျှို့ဝှက်ချက်များကို စောင့်ထိန်းနိုင်စွမ်းရှိကြသည်။
"ကောင်းပြီ။ ငါ ရှန်ရှန်ကျုံ့ဂိုဏ်းကို ဝင်ရောက်မယ်။ ဒါပေမယ့် ပျက်သုဥ်းခြင်းဧကရာဇ်နယ်ပယ် မှော်ဝင်ပစ္စည်း အခုပေါင်း ထောင်သောင်းချီကို ရှာဖွေဖို့ဆိုတာကတော့ လုံးဝမဖြစ်နိုင်ဘူးနော်။"
အကြာကြီးတိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် ရွှမ်းယွမ်က ခေါင်းမော့လျက် တည်ကြည်စွာ ပြောဆိုလိုက်သည်။
သူ့အတွက်တော့ ဂိုဏ်းတစ်ဂိုဏ်းကို ဝင်ရောက်ခြင်းမဝင်ရောက်ခြင်းက ကွာခြားမှုမရှိပါချေ။ သူဟာ ဖိအားပေးခံရခြင်းကို မနှစ်မြို့သော်လည်း ကိုယ်ပိုင်အသက်ကလေးအတွက် သဘောတူခဲ့ရသည်။
သူဟာ ရည်မှန်းချက်ပန်းတိုင်ကို ဆုံးရှုံးခဲ့ပြီး သူ့ရဲ့ဘဝက အဓိပ္ပါယ်မဲ့နေရင်တောင်မှ သေဆုံးချင်နေတယ်လို့တော့ မဆိုလိုပါဘူးနော်။ သူက ဘဝရဲ့ စိတ်အားတက်ကြွစရာတွေနဲ့ သာမန်မဟုတ်တဲ့အရာတစ်ခုကို မျှော်လင့်စောင့်စားနေရုံပါ။
မရေမတွက်နိုင်သော နှစ်ကာလများစွာဟာ သူ့အတွက် ပျင်းရိဖွယ်ရာကောင်းလှသည်။
ရွှမ်းယွမ်၏စကားကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်းက အော်ဟစ်ရယ်မောလိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။ သူဟာ ရွှမ်းယွမ်ကို ရှန်ရှန်ကျုံ့ဂိုဏ်းသားတိုင်းအတွက် ပျက်သုဥ်းခြင်းဧကရာဇ်နယ်ပယ်လက်နက်များ ရှာဖွေရန် ခိုင်းစေဖို့ မရည်ရွယ်ထားခဲ့ပါချေ။ ဒါက တကယ့်ကို မဖြစ်နိုင်တာကြီးလေ။
ရွှမ်းယွမ်လို ဧကရာဇ်တစ်ပါးရဲ့ ဒုတိယမျိုးဆက်က ညှိနိုင်းဖို့မလွယ်တာကိုတော့ ပြောမနေနဲ့တော့။ သူ့ဆီက ရတနာပစ္စည်းတွေကို ဆွဲထုတ်နိုင်မလားဆိုတာကတော့ ရှန်ရှန်ကျုံ့ဂိုဏ်းတပည့်တွေရဲ့ လုပ်ဆောင်နိုင်စွမ်းအပေါ်ပဲ မူတည်သွားပေသည်!