← Chapters

ရှုံးနိမ့်ခြင်း

Vol. 41 Ch. 565

ရှုံးနိမ့်ခြင်း

Vol. 41 Ch. 565

ဘာသာပြန်- The Fate

"ဘုန်း!"

မြင့်မြတ်သော စန်းရိမြို့တော်၏ အပြင်ဘက်တွင် ကမ္ဘာလောကကို တုန်လှုပ်သွားစေနိုင်သော မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံကြီး မြည်ဟည်းထွက်ပေါ်လာခဲ့ကာ ရှိရှိသမျှလူတိုင်း၏ နားစည်းများကို ကွဲအက်လုမတတ် နာကျင်သွားစေခဲ့သည်။ သူတို့ဟာ ကျယ်ပြောသော အကွာအဝေးထိတိုင် ကွာခြားထားသည့်တိုင်အောင် ထိတ်လန့်ဖွယ်ကောင်းသော ဖိအား၏ ခြောက်ခြားဖွယ်ကောင်းပုံကို ခံစားနိုင်သေးသည်။

လူအများ၏ အကြည့်များအောက်တွင် ကြိုးပြတ်သောစွန်တစ်ခုကဲ့သို့ ပုံရိပ်တစ်ခုသည်အထက်အောက်ပြောင်းပြန်လှန်လျက် ကျဆင်းလာခဲ့ကာ တိုက်ပွဲကွင်းပြင်နှင့် ရိုက်ခတ်မိသွားပြီး တိုက်ပွဲကွင်းပြင်ကြီးကို ပင့်ကူအိမ်ကဲ့သို့ အစိတ်စိတ်အမွှာမွှာအက်ကွဲကြောင်းများ ဖြစ်ပေါ်လာစေခဲ့သည်။

"ဖစ်!"

ယန်ရှန်းသည် ပါးစပ်အပြည့် သွေးတစ်လုတ် အန်ထုတ်လိုက်ရပြီး သူ၏မျက်နှာက စက္ကူဖြူတစ်ရွက်လိုမျိုး အင်မတန်မှ ဖြူဖျော့နေခဲ့ကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကလည်း သွေးများဖြင့် အနီရောင် မွန်းခြယ်ထားခဲ့သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးဟာ အင်မတန်မှ သနားချင့်စဖွယ် ဖြစ်နေခဲ့ပြီး သူ၏ ကိုယ်ခန္ဓာပတ်ပတ်လည်ပေါ်၌ သိပ်သည်းသော လက်သီးရာကြီးများ ရှိနေခဲ့သည်။

သူဟာ အနည်းငယ် တုန်ခါနေသော ဓားရှည်ကို မြဲမြံစွာ ကိုင်ဆောင်လျက် ပြန်လည်၍ ထချင်ခဲ့သော်လည်း မပြုလုပ်နိုင်ခဲ့ပါ။

ဗိုလ်ကျခြယ်လှယ်သော လက်သီးစွမ်းအားသည် သူ၏ခန္ဓာကိုယ်အတွင်း၌ လှည့်ပတ်နေခဲ့ကာ သူ့ကို မတ်တပ်ရပ်ဖို့ရန်တောင် ခွန်အားမဲ့သွားစေခဲ့သည်။ ဓားရှည်ကို ဆုပ်ကိုင်ထားရင်းမှ သူ၏နှုတ်ခမ်းထောင့်မှ စီးဆင်းကျလာသော သွေးများနှင့် လတ်ဆတ်သောအသားစများသည် သူ့လက်ဖဝါးပေါ်သို့ တစ်ဆင့်ကျဆင်းသွားခဲ့ကာဓားရှည်ပေါ်သို့ တတောက်တောက် ကျဆင်းလျက်ရှိသည်။

သူဟာ တိုက်ပွဲဝင်လိုသော စိတ်ဓာတ် ပြည့်နှက်လျက်ရှိပြီး မျက်ဝန်းများအတွင်း၌ အကြောက်တရား စိုးစင်းမျှ မရှိပါ။ သို့ပါသော်လည်း သူ့ခန္ဓာကိုယ်ပေါ် သက်ရောက်ခဲ့သော ပြင်းထန်သည့် ဖိအားက သူ့ကို ဆက်လက်၍ မတိုက်ခိုက်နိုင်ဖြစ်သွားစေခဲ့သည်။

သူနှင့် မျက်နှာချင်းဆိုင်တွင်တော့ မင်ဟွမ်က မောက်မာထောင်လွှားစွာဖြင့် မတ်တပ်ရပ်နေခဲ့သည်။ မင်ဟွမ်ဟာလည်းပဲ လေးပင်စွာ သက်ပြင်းရှိုက်နေခဲ့ရသည်။ သူ၏ မြင့်မားရှည်သွယ်သော ခန္ဓာကိုယ်ပေါ်၌ သိပ်သည်းသော ဓားဒဏ်ရာများရှိနေခဲ့ကာ ၎င်းဓားဒဏ်ရာများဟာ အရိုးထိတိုင် မနက်ရှိုင်းသော်လည်း အသားလွှာများကိုတော့ ဖြတ်တောက်နိုင်ဆဲဖြစ်သည်။

သို့သော်လည်း ထိုကဲ့သို့ ထိခိုက်မှုက မင်ဟွမ်လို စွမ်းအားရှင်တစ်ယောက်အတွက်တော့ အချည်းနှီးသာဖြစ်ပြီး သူဟာ သက်တန့်တစ်စင်းလိုမျိုး တောက်ပနေနိုင်ဆဲသာ။

မင်ဟွမ်၏ သွေးနီရောင်မျက်ဝန်းများသည် ယန်ရှန်းကို အနည်းငယ်မျှသော ခံစားချက်တစ်စုံတစ်ရာမပါဝင်ဘဲ စူးစိုက်ကြည့်နေခဲ့ကာ သူ့ထံမှ ပျံ့လွင့်ထွက်ပေါ်လာသော သတ်ဖြတ်လိုသည့် စိတ်ဆန္ဒသည် လေထုအတွင်း ပျံ့လွင့်လျက်ရှိကာ တိုက်ပွဲကွင်းပြင်ကြီးအတွင်းရှိ အပူချိန်ကို အဆုံးစွန်ထိတိုင် ကျဆင်းသွားစေခဲ့သည်။

သူ့လိုမျိုး အစဥ်အမြဲ ထောင်လွှားမောက်မာခဲ့ပြီး အကြောက်တရားကို မခံစားခဲ့ရသည့် ပုဂ္ဂိုလ်ကတောင် ဤအချိန်၌ အကြောက်တရားကို တွေ့ကြုံခဲ့ရသည်။

သူဟာ ချန်ခွမ်းဘုရင်အစောပိုင်း၌ ရှိနေသော သန်မာသည့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ကာ ထူးချွန်ပြောင်မြောက်သော ထိပ်တန်းပါရမီရှင်လည်း ဖြစ်သည်။ မွန်မြတ်ဘုံလောကအတွင်းရှိ မရဏမျိုးနွယ်စုအတွင်း၌ သူ့ကို အသန်မာဆုံး ပါရမီရှင်အဖြစ် ခေါ်တွင်နိုင်လေသည်။

ယန်ရှန်းကတော့ ဂန္တဝင်ပါရမီရှင်တစ်ယောက် ဖြစ်သော်ငြားလည်း သူ၏ကျင့်ကြံရေးအခြေခံက ချန်ခွမ်းယွမ်အထွတ်အထိပ်၌သာ ရှိနေသေးသည်။ တခြားလူတစ်ယောက်ဆိုပါက သူဟာ လက်တစ်ချောင်းဖြင့်တောင် ဖိနှိပ်၍ သတ်ဖြတ်နိုင်စွမ်းရှိလေသည်။ သို့ပါသော်လည်း ယန်ရှန်းက သူ့ကို ဤမျှအခြေအနေထိတိုင် ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းရှိခဲ့သည်။

ယန်ရှန်း၏ ကျင့်ကြံမှုအခြေခံကသာ သူနှင့်ယှဥ်ပြိုင်နိုင်စွမ်းရှိခဲ့ပါလျှင် ထိုယန်ရှန်း၏ တိုက်ပွဲဝင်စွမ်းအားက ဘယ်လောက်တောင် ထိတ်လန့်ဖွယ်ကောင်းမလဲဆိုတာကို သူမတွေးတောရဲတော့ပါ။ ထိုအချိန်ရောက်ပါက သူဟာ ယန်ရှန်း၏ တိုက်ကွက်တစ်ကွက်ကိုတောင် မခံနိုင်တော့မှာကို စိုးရွံ့မိသည်။

ထိုကဲ့သို့ မကောင်းဆိုးဝါးဆန်သော ပါရမီရှင်တစ်ယောက်က ကျိန်းသေပေါက် သေဆုံးရမည်။

ဤမွန်မြတ်ဘုံလောကအတွင်း၌ သူ့ကို ဖိနှိပ်နိုင်သော လူငယ်ပါရမီရှင်တစ်ယောက်ဆိုသည်က ပေါ်ထွန်းမလာသင့်ချေ။

ဤသို့တွေးတောမိလိုက်သည့်အခါ မင်ဟွမ်ခန္ဓာကိုယ်မှ ဖော်ထုတ်နေသော သတ်ဖြတ်မှုစိတ်ဆန္ဒများသည် အကောင်အထည်ပေါ်လုမတတ် ပိုမို၍ သိပ်သည်းလာခဲ့ရသည်။ သူဟာ ယန်ရှန်းထံသို့ ခြေတစ်လှမ်းပြီးတစ်လှမ်း လှမ်းလျှောက်သွားခဲ့ကာ သူ့ထံမှ ထုတ်လွှတ်နေသော အေးစက်သည့် သတ်ဖြတ်မှုစိတ်ဆန္ဒများသည် အဝေးတစ်နေရာမှတောင် ထိတ်လန့်ဖွယ်ကောင်းလောက်အောင် ခံစားနေရဆဲသာ။

လေဟာပြင်အတွင်း၌ မတ်တပ်ရပ်နေသော ဧကရာဇ်စန်းရိသည်လည်း ထိတ်လန့်ခြောက်ခြားသွားခဲ့သည်။ ဤအခြေအနေ၌ သူ၏စိတ်အာရုံအတွင်း၌ အတွေးတစ်ခုသာ ကြီးစိုးနေခဲ့၏။ ဘာပဲဖြစ်ဖြစ် သူယန်ရှန်းကို ကာကွယ်ပေးရမယ်။ ဤတစ်ချိန်၌တော့ လျှို့ဝှက်ဆန်းကြယ်သော ရှန်ရှန်ကျုံ့ဂိုဏ်းကြောင့်မဟုတ်ဘဲ ယန်ရှန်းကိုယ်၌ကြောင့်သာ ဖြစ်သည်။ ထိုကဲ့သို့ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းဆောင်ရည်က ကာကွယ်ပေးဖို့ ထိုက်တန်လေသည်။

ဤကဲ့သို့ ပြိုင်ဘက်ကင်းသော ယန်ရှန်းလိုပါရမီရှင်တစ်ယောက်သည် သူ၏ရင်းနှီးမြှုပ်နှံမှုနှင့် ထိုက်တန်လေသည်။

ယန်ရှန်းဟာ ရှုံးနိမ့်သွားခဲ့သော်လည်း ဧကရာဇ်စန်းရိ၏ မျက်ဝန်းများအတွင်း၌တော့ အကန့်အသတ်မဲ့စွာ တန်ဖိုးကြီးမားနေဆဲဖြစ်သည်။ သူသာ မင်ဟွမ်နှင့် အဆင့်တူစွမ်းအားရှင်ဖြစ်ပါက သူဟာ ယန်ရှန်းလောက်တောင် အသက်ရှင်သန်နိုင်ခဲ့မှာ မဟုတ်ပါ။

ဒီလိုမျိုး ထူးချွန်တဲ့ပါရမီရှင်မျိုးသာ ပျက်သုဥ်းခြင်းဧကရာဇ်နယ်ပယ်အထိတိုင် အောင်မြင်စွာ ကြီးထွားနိုင်ခဲ့ရင် ဘယ်လိုဖြစ်မလဲ။ မရဏမျိုးနွယ်စုကိုတောင် လက်တစ်ချက်အဝေ့နဲ့ ဖျက်စီးနိုင်မှာကို ကြောက်ရွံ့မိပါရဲ့။

"ကြည့်ရတာ မွန်မြတ်မှုခုနှစ်ပါးစေတီက တိုင်းတာခဲ့တဲ့ ဒီကလေးရဲ့အလားအလာက အစစ်အမှန် မဟုတ်သေးဘူးပဲ။"

မြင့်မြတ်သော ဧကရာဇ်စန်းရိ၏ မျက်နှာပြင်ထက်၌ ရှုပ်ထွေးသော ခံစားချက်များ ရောပြွန်းလျက်ရှိကာ သူ၏စိတ်နှလုံးအတွင်းမှ တွေးတောဆင်ခြင်နေခဲ့သလို သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကလည်း အဆုံးစွန်ထိတိုင် လှည့်ပတ်လာခဲ့ကာ အချိန်မရွေးလှုပ်ရှားရန် အသင့်ပြင်ဆင်ထားခဲ့သည်။

တစ်ဖက်တွင်လည်း မင်ကုန်းနှင့် အခြားသူများကလည်း မတော်တဆမှုများကို ကာကွယ်ရန် စွမ်းအားများကို အလျင်စလို လှည့်ပတ်လိုက်ကြသည်။

ဧကရာဇ်စန်းရိက ယန်ရှန်း၏ ထိတ်လန့်ဖွယ်ကောင်းသော အလားအလာကို တွေ့မြင်ခဲ့သလိုမျိုး သူတို့ဟာလည်း မြင်တွေ့နိုင်စွမ်းရှိပါ၏။ ချန်ခွမ်းယွမ်အထွတ်အထိပ်သာသာမျှဖြင့် ထိုသူဟာ မရဏမျိုးနွယ်စု၏ ချန်ခွမ်းဘုရင်အစောပိုင်းအဆင့် ထူးချွန်သောပါရမီရှင်ကို ဤမျှအထိ ရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့သည်။ ယန်ရှန်း၏ပါရမီစွမ်းအားက သူတို့မျှော်လင့်ထားသည့် အတိုင်းအတာထက် ပိုမို၍ ကျော်လွန်နေခဲ့လေပြီ!

ထိုကဲ့သို့ မကောင်းဆိုးဝါးများဟာ စစ်မှန်သောအမတများအဖြစ် ကြီးထွားနိုင်ပြီး သူ၏ မွန်မြတ်ဘုံလောကအတွင်းရှိ မရဏမျိုးနွယ်စု အပြည့်အဝလွှမ်းမိုးနိုင်မည့် ပုဂ္ဂိုလ်မျိုးမဟုတ်ပါချေ။

ဤတစ်ကြိမ်တွင် သူတို့ဟာ အရှင်ကန်း၏ စိတ်ဆန္ဒကြောင့်မဟုတ်ဘဲ သူတို့၏ကိုယ်ပိုင်စိတ်ဆန္ဒများကြောင့် ယန်ရှန်းကို သတ်ဖြတ်လိုနေပေသည်။

မြင့်မြတ်သော စန်းရိမြို့တော်၏ များစွာသော ကျင့်ကြံသူများသည် မင်ဟွမ်က ယန်ရှန်းထံသို့ ခြေတစ်လှမ်းပြီးတစ်လှမ်း တိုးကပ်သွားသည်ကို ထိတ်လန့်ခြောက်ခြားစွာ စောင့်ကြည့်နေမိသည်။ ရိုးသားစွာ ပြောဆိုရပါလျှင် သူတို့က ဤအချိန်၌ ယန်ရှန်းကို လေးစားအားကျနေကြပြီး ဖြစ်သည်။

အကြောက်တရားကင်းမဲ့သည့် ထိုထိုသော အမူအယာ၊ မိုးကောင်းကင်ကို ဆန့်ကျင်နိုင်သော ပါရမီစွမ်းအား၊ ပြင်းထန်ပြီး ပြိုင်ဘက်ကင်းသော အဆိုပါတိုက်ပွဲဝင်စွမ်းအားက သူတို့အားလုံးကို နက်ရှိုင်းစွာ တုန်လှုပ်အံ့သြစေခဲ့လေသည်။

လီချင်းနှင့် အခြားသူများ၏ ဘေးနားတွင် ရှိနေသော မင်းသမီးလန်လင်း၏ ခန္ဓာကိုယ်မှာ တုန်ခါနေခဲ့ကာ သူမ၏မျက်နှာထက်၌ စိုးရိမ်ကြောင့်ကြမှုနှင့် တုန်လှုပ်ခြောက်ခြားမှုများ ရှိနေခဲ့သည်။

ယန်ရှန်း၏ အစစ်အမှန် တိုက်ပွဲဝင်စွမ်းအားကို တွေ့မြင်လိုက်ပြီးနောက် မင်းသမီးလန်လင်းဟာ သူမ၏ ထောင်လွှားမောက်မာမှုများက အဘယ်မျှလောက် သေးနုပ်ခဲ့သည်ကို သတိပြုမိခဲ့လေသည်။

မွန်မြတ်ဘုံလောကအတွင်းရှိ မရဏမျိုးနွယ်စု၏ ပထမတန်းပါရမီရှင်ဖြစ်သော မင်ဟွမ်ကတောင် ယန်ရှန်းနှင့် တိုက်ခိုက်သည့်အခါ အလေးအနက်ထားခဲ့ရသည်။ ဤအချိန်၌ သူမဟာ ယန်ရှန်း၏ပြိုင်ဘက် လုံးဝမဖြစ်နိုင်တော့ပါ။

ဂိုဏ်းတူအစ်ကိုကြီး ယန်ရှန်းရဲ့အရှေ့မှာ မောက်မာဖို့အတွက် သူမမှာ ဘယ်လိုများ အရည်အချင်း ပြည့်မှီမှာလဲ။

မွန်မြတ်မှုခုနစ်ပါးစေတီအတွင်းသို့ သွားရောက်စမ်းသပ်ရန် လီချင်းနှင့် အခြားသူများကို လှုံ့ဆော်ခဲ့သည့် သူမ၏ တုံးအသော အမူအယာကို ပြန်ပြောင်းတွေးမိလိုက်သည့်အခါ မင်းသမီးလန်လင်းဟာ ရုတ်ချည်းဆိုသလို အရှက်ရသွားမိသည်။

ဝှစ်!

လန်လင်းက ထိုကဲ့သို့ တွေးတောနေစဥ်တွင် သူမဘေးရှိ လီချင်းက ရုတ်တရက်ထူးဆန်းသွားကြောင်း သူမခံစားလိုက်မိသည်။

သူမ၏ဘေးနားတွင် မူလက ရှိနေခဲ့သော လီချင်းသည် ပျောက်ကွယ်သွားခဲ့ကာ ကြီးမားသော တိုက်ပွဲကွင်းပြင်အလယ်သို့ ရောက်ရှိသွားလေသည်။ သူဟာ ယန်ရှန်းနှင့် မင်ဟွမ်တို့၏ အလယ်ဗဟို၌ မတ်တပ်ရပ်နေခဲ့သည်။ ထိုမြန်ဆန်သော လှုပ်ရှားမှုနည်းစနစ်က လန်လင်းကို ထိတ်လန့်သွားစေခဲ့ရုံသာမက ရှိနေကြသော ပျက်သုဥ်းခြင်းဧကရာဇ်နယ်ပယ် စွမ်းအားရှင်ကြီးများကိုတောင် တုန်လှုပ်သွားစေခဲ့သည်။

တိုက်ပွဲကွင်းပြင်အလယ်မှာ ဤမျှလောက် သေသပ်တိကျစွာ၊ တိုးတိတ်စွာဖြင့် ထွက်ပေါ်လာနိုင်ခဲ့သည်ဖြစ်ရာ အဆိုပါ ရှန်ရှန်ကျုံ့ဂိုဏ်း၏ ဂိုဏ်းသားသည် ယန်ရှန်းထက်ပင် ပိုမို၍ သန်မာနေသလော?

မင်ကုန်းနှင့် အခြားသူများက ဧကရာဇ်စန်းရိအပေါ် အပြည့်အဝအာရုံစိုက်ခဲ့ကြပြီး ပတ်ဝန်းကျင်ကို ခေတ္တခဏမျှ မေ့လျှော့နေခဲ့ကြသော်ငြားလည်း ဝန်းကျင်အတွင်းရှိ လူတစ်ယောက်သာ လှုပ်ရှားမှုပြုလုပ်ခဲ့ပါက သူတို့ဟာ ကျိန်းသေပေါက် သိရှိနိုင်သေးသည်။

သူတို့က လီချင်း၏ အစောနကလှုပ်ရှားမှုကို အာရုံခံမိခဲ့ပါသည်။ သို့ပါသော်လည်း သူတို့လှုပ်ရှားတော့မည့်အချိန်တွင် လီချင်းက ကွင်းပြင်အလယ်သို့ ရောက်နှင့်နေပြီး ဖြစ်သည်။ ၎င်းက အချိန်နှင့် အာကာပြင်ကို ရုတ်ချည်းဖြတ်ကျော်သွားခဲ့သည့်အလားပင်။

များမကြာမီတွင် သူတို့၏ အမူအယာများက မှိုင်းညို့လာခဲ့ကာ မင်ကုန်းက အေးစက်စွာ အော်ဟစ်ပြောဆိုလိုက်သည်။

"ဘာလဲ။ မင်းက တိုက်ပွဲမြေပြင်ရဲ့ ကန့်သတ်ချက်တွေကို ချိုးဖျက်တော့မလို့လား။"

မင်ကုန်း၏ အသံက ကမ္ဘာလောကအတွင်း၌ မိုးခြိမ်းသံကြီးကဲ့သို့ ပဲ့တင်ထပ်သွားကာ လေမုန်တိုင်းများကိုတောင် ဖြစ်ပေါ်သွားစေခဲ့သည်။ ပျက်သုဥ်းခြင်းဧကရာဇ်နယ်ပယ် စွမ်းအားရှင်တစ်ယောက်၏ ခမ်းနားသော အရှိန်အဝါသည် ရှိနေကြသော ကျင့်ကြံသူများကို ဖိနှိပ်ထားခဲ့ကာ အဆက်မပြတ် တုန်ယင်လာစေခဲ့သည်။

ပျက်သုဥ်းခြင်းဧကရာဇ်နယ်ပယ်!

၎င်းသည်ကား မွန်မြတ်ဘုံလောကကြီးတစ်ခုလုံးအတွင်း၌ အသန်မာဆုံးဖြစ်တည်မှုကြီးဖြစ်ပါ၏။ ၎င်း၏ သာမန်အရှိန်အဝါလေးတစ်ခုကတောင် ချန်ခွမ်းသူတော်စင်အဆင့် စွမ်းအားရှင်များကို ဖိနှိပ်နိုင်ခဲ့သည်ဖြစ်ရာ သူတို့လို သာမန်ကျင့်ကြံသူများဆိုပါက ပြောဖွယ်ရာ မရှိတော့ပါ။

သို့ပါသော်လည်း သူတို့ကို ထိတ်လန့်သွားစေခဲ့သည်က ဤမျှလောက် ထိတ်လန့်ဖွယ်ကောင်းသော ဖိအား၏ မျက်မှောက်တွင်တောင် လီချင်းဟာ အနည်းငယ်မျှတောင် ကြောက်လန့်မနေခဲ့ပါချေ။ သူဟာ လက်နှစ်ဖက်ကို နောက်ပစ်လျက် ကွင်းပြင်အလယ်၌ မတ်တပ်ရပ်နေခဲ့ကာ လှောင်ပြောင်သော အမူအယာဖြင့် မင်ကုန်းကို လှမ်းမျှော်ကြည့်ရှုနေခဲ့သည်။

"စည်းမျဥ်းစည်းကမ်းတွေလား။"

"မင်းလိုလူမျိုးက စည်းမျဥ်းစည်းကမ်းတွေကို ပြောဆိုဖို့အတွက် အဆင့်အတန်းမီရဲ့လား။"

"မင်းတို့ရဲ့ ပါရမီရှင်တွေနဲ့ တိုက်ခိုက်နေတဲ့ ငါတို့ရဲ့ ဂိုဏ်းတူညီငယ်လေးက အဆင့်ကြီးနှစ်ဆင့်တောင် နှိမ့်ကျနေတယ်။ ဒါကိုတောင်မှ မင်းတို့က စည်းမျဥ်းစည်းကမ်းတွေကို ပြောဆိုရဲသေးတာလား။"

"ငါ့ရဲ့ ဂိုဏ်းတူညီငယ်လေးက ဒီတိုက်ပွဲမှာ ရှုံးနိမ့်မှုကို ဝန်ခံတယ်။ အခုအချိန်မှာ ငါလီချင်းရဲ့ အလှည့်ကို ရောက်ရှိလာပြီ။ ငါက မင်းတို့ကို စိန်ခေါ်တယ်။"

လီချင်း၏ ဗိုလ်ကျခြယ်လှယ်သော အသံက ဝန်းကျင်တစ်ခွင် ပဲ့တင်ထပ်သွားကာ ရှိနေကြသော ကျင့်ကြံသူများကို အံ့သြမင်တက်သွားစေခဲ့သည်!

All Chapters