သန်မာသော လန်လင်း
Vol. 41 Ch. 569
ဘာသာပြန်- The Fate
" ဘုန်း...! "
ရုတ်တရက်ဆိုသလို မင်းသမီးလန်လင်း၏ နူးညံ့သောခန္ဓာကိုယ်ကလေးထံမှ ခမ်းနားသောအရှိန်အဝါတစ်ခုထွက်ပေါ်လာခဲ့ကာ ကောင်းကင်ကို တုန်ခါသွားစေခဲ့သည်။လူတိုင်း၏ တုန်လှုပ်နေသော အကြည့်များအောက်တွင် သူမ၏ပုံရိပ်ကလေးက ဖျတ်ခနဲပျောက်ကွယ်သွားပြီး ကွင်းပြင်အလယ်သို့ ပြေးဝင်သွားလေသည်။
" လင်းအာ...."
မင်းသမီးလန်လင်း၏ ရုတ်တရက်ဆန်သောလှုပ်ရှားမှုက ကြီးမြတ်သောဧကရာဇ်စန်းရိကို ထိတ်လန့်စေခဲ့ကာ သူက မင်းသမီးလန်လင်းကို အလျင်စလိုဆွဲယူရန် ပြုလုပ်ခဲ့သော်လည်း နောက်ကျသွားလေပြီ။
လူတိုင်း၏စိတ်အာရုံက တိုက်ပွဲကွင်းပြင်အလယ်၌ ရှိနေခဲ့ကြတာကြောင့် သူတို့က မင်းသမီးလန်လင်း၏ လှုပ်ရှားမှုကို အချိန်မှီမတုန့်ပြန်နိုင်ခဲ့ကြပါ !
လူတိုင်းပြန်လည်တုန့်ပြန်နိုင်သည့်အချိန်တွင် မင်းသမီးလန်လင်းက တိုက်ပွဲကွင်းပြင်အလယ်သို့ ရောက်ရှိသွားခဲ့ပြီးပြီဖြစ်သည်။
သွေးနီရောင်လေပြေ၊ လေေပွများက သူမ၏ခန္ဓာကိုယ်ကလေးပတ်ပတ်လည်တွင် ဝေ့ဝဲတိုက်ခတ်လျက်ရှိပြီး သူမ၏ဂါဝန်ရှည်က လေယူရာ ယိမ်းနွှဲ့နေခဲ့သည်။သူမဂါဝန်ရှည်အောက်တွင် ဖုံးကွယ်ထားခဲ့သော နှင်းဖြူရောင်အသားအရေများကိုတောင် ခပ်ဖျဖျ တွေ့မြင်နိုင်သည်။
" ကျွန်မကလည်း ရှန်ရှန်ကျုံဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲ။ကျွန်မလည်း အကိုကြီးတို့နှစ်ယောက်နဲ့အတူ ရန်သူတွေကို ရင်ဆိုင်တိုက်ခိုက်ချင်ပါတယ်။ "
မင်းသမီးလန်လင်း၏ခန္ဓာကိုယ်ဟာ ရှည်သွယ်ဖြောင့်တန်းလျက်ရှိပြီး သူမ၏လှပသော မျက်ဝန်းကလေးများအတွင်း၌ စိတ်ပိုင်းဖြတ်မှုများ ထင်ဟပ်လျက် ရှိချေသည်။ သူမဟာ လေထုအထက်၌ မတ်တပ်ရပ်နေခဲ့ပြီး အကြောက်တရားစိုးစိမျှ မပါဝင်ဘဲ ကျယ်လောင်သောလေသံဖြင့် ပြောဆိုလိုက်သည်။လှပပြီး သာယာနာပျော်ဖွယ်ကောင်းသော အသံကလေးသည် ကွင်းပြင်အလယ်သို့သာမက ကမ္ဘာလောကကြီးအတွင်းသို့ပါ ပဲ့တင်ထပ်သွားခဲ့သည်။
အဆိုပါအသံက ရှိနေကြသော လူများအားလုံးကို ထိတ်လန့်သွားစေခဲ့သည်။သူတို့က တိုက်ပွဲကွင်းပြင်အလယ်၌ ထောင်လွှားမောက်မာစွာ မတ်တပ်ရပ်နေသော မင်းသမီးလန်လင်းကို အံ့သြတကြီး လှမ်းကြည့်မိလိုက်ကြသည်။
ဒီလိုအခြေအနေမျိုးအောက်မှာ မင်းသမီးလန်လင်းက လီချင်းနဲ့ယန်ရှန်းတို့ကို အမှန်တကယ်ကူညီလိမ့်မည်ဟု ဘယ်သူကမှ မတွေးထင်ထားခဲ့ကြပါ။ဒါက သေမင်းကို စိန်ခေါ်နေတာ မဟုတ်ပါလော့။
မင်းသမီးလန်လင်းဟာ အမျိုးသမီးတစ်ယောက်ဖြစ်သော်လည်း သူမ၏ သူရသတ္တိနဲ့ စိတ်နေစိတ်ထားက တကယ့်ကို စွဲမက်ဖွယ်ရာ ကောင်းလှလေသည်။
မြင့်မြတ်သောစန်းရိမြို့အတွင်းရှိ များစွာသော ကျင့်ကြံသူများသည် ဤအချိန်၌ မင်းသမီးလေးလန်လင်းကို လေးစားစွာ လှမ်းကြည့်မိလိုက်ကြသည်။သေခြင်းတရားကိုမမူဘဲ ဂိုဏ်းတူအကိုကြီးတွေကို ကူညီရလောက်တဲ့အထိ သူမလေးမှာ ဘယ်လိုမြင့်မြတ်တဲ့စိတ်ထားတွေကို ပိုင်ဆိုင်ထားတာလဲ။
အနည်းဆုံးတော့ သူတို့သာ မင်းသမီးလန်လင်း၏နေရာတွင်ဆိုပါက လီချင်းတို့နှစ်ယောက်ကို အစပျိုး၍ ကူညီမည်မဟုတ်ပါ။
ဤမြင်ကွင်းကို တွေ့မြင်လိုက်ရသော လေထုအထက်ရှိ အကြီးဆုံးမင်းသားသည် အေးစက်စွာနှာမှုတ်လိုက်ပြီး သူ၏မျက်နှာက အမုန်းတရားများဖြင့် ပြည့်နှက်လာခဲ့သည်။သူက မင်းသမီးလန်လင်း၏သေဆုံးမှုကို ပျော်ပျော်ရွှင်ရွှင်တွေ့မြင်ချင်သော်လည်း မွန်မြတ်သောမြို့တော်အတွင်းရှိ ကျင့်ကြံသူများ၏လေးစားအားကျမှုများကြောင့် မင်းသမီးလန်လင်းအပေါ် မနာလိုလဲ ဖြစ်လာမိသည်။
လူတိုင်းက မင်းသမီးလန်လင်းရဲ့ အမည်နာမကိုဘဲ သိကြပြီး သူ့ကိုတော့ လျစ်လျူရှုထားကြတယ်။ဒါက သူ မွန်မြတ်မှုခုနှစ်ပါးစေတီရဲ့ နဝမအလွှာကို မဝင်ရောက်နိုင်ခဲ့တာကြောင့်လား။တကယ့်ကို ရယ်ဖွယ်ကောင်းလိုက်တာ။
မွန်မြတ်မှုခုနှစ်ပါးစေတီရဲ့ နဝမအလွှာကို မဝင်ရောက်နိုင်ခဲ့ဘူးဆိုရင်တောင်မှ သူကလည်း ဒီကမ္ဘာလောကကြီးအတွင်းမှာ ပြိုင်ဖက်ကင်းပဲကွ !
အေးစက်သောအလင်းတန်းတစ်ခုသည် လန်လဲ့၏မျက်ဝန်းများအတွင်း ဖြတ်သန်းသွားခဲ့ကာ သူက မင်းသမီးလန်လင်းသေသည်အထိ ရိုက်နှက်ခံရသည်ကို ရှူ့စားချင်နေမိသည် !
မနီးမဝေးတွင်ရှိနေသော ဧကရာဇ်စန်းရိက မင်းသမီးလန်လင်းကို ခမ်းနားသောမျက်ဝန်းများဖြင့် စူးစိုက်ကြည့်နေခဲ့သည်။သူ၏မျက်နှာထက်၌ ယုံကြည်မှုပြင်းထန်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။သူသာရှိနေပါက ဘယ်သူကမှ မင်းသမီးလန်လင်းကို ထိခိုက်အောင် မပြုလုပ်စေရဘူး။
ကွင်းပြင်အလယ်တွင်ရှိနေသော လီချင်းနဲ့ယန်ရှန်းတို့ကလည်း အံ့သြသွားကြသည်။သူတို့က ပြုံးပျော်နေသောမျက်နှာများဖြင့် မင်းသမီးလန်လင်းကို စူးစိုက်ကြည့်နေခဲ့သည်။သူတို့၏နှလုံးသားအတွင်းမှ မင်းသမီးလန်လင်းအပေါ် အမှန်တကယ် အသိအမှတ်ပြုမိလိုက်ကြသည်။
" ဂိုဏ်းတူညီမငယ်လေး..လာခဲ့ပါ ! "
လီချင်းက လက်ကိုဆန့်တန်းလျက် ဝှေ့ယမ်းလိုက်သည့်အခါ ရှေးဟောင်းသားရဲကြီး၏ကိုယ်ပေါ်တွင် ရုတ်တရက်အပေါက်တစ်ပေါက်ဖြစ်သွားခဲ့ပြီး မင်းသမီးလန်လင်းကို ဆွဲသွင်းလိုက်လေသည်။
" အကိုကြီး...."
ရှေးဟောင်းသားရဲကြီးအတွင်း ဝင်ရောက်သွားပြီးနောက် မင်းသမီးလန်လင်းက ရိုသေလေးစားစွာ ဂါရဝပြုလိုက်သည်။သူမ၏မျက်နှာထက်၌ အကြောက်တရားများ ရှိမနေခဲ့ဘဲ စိတ်ပိုင်းဖြတ်မှုများသာ ရှိနေခဲ့သည် !
" မင်းနဲ့ ဂိုဏ်းတူညီငယ်လေးယန်ရှန်းတို့က တိုက်ခိုက်ကြပါ။ဒီဂိုဏ်းတူအကိုကြီးက မင်းတို့ကို ကာကွယ်ပေးမယ်။ "
လီချင်းက အပြုံးတစ်ပွင့်ဖြင့် ခေါင်းညိတ်ကာ ပြောဆိုလိုက်သည်။
ဒါကိုကြားတော့ မင်းသမီးလန်လင်းက ခေါင်းညိတ်လိုက်သည်။ခမ်းနားသောစွမ်းအားများ သူမကိုယ်ပေါ်မှ ထွက်ပေါ်လာခြင်းနဲ့အတူ သွေးနီရောင်အလင်းတန်းများသည် ပိုမို၍ စူးရဲတောက်ပလာခဲ့သည်။သူမ၏မျက်ဝန်းများက ခပ်လှမ်းလှမ်းတွင်ရှိနေသော မင်ဟွမ်တို့ထံတွင် မြဲမြံစွာ စူးစိုက်ကြည့်နေခဲ့သည်။
" သတ်ကြ...! "
လန်လင်း၏ထွက်ပေါ်လာမှုက မင်ဟွမ်နဲ့အခြားသူများကို ထိတ်လန့်တခြားဖြစ်သွားစေခဲ့ရုံသာမက သူတို့နှလုံးသားအတွင်းရှိ သတ်ဖြတ်လိုသောစိတ်ဆန္ဒများကိုလည်း လောင်စာဖြည့်ပေးလိုက်သည်။သူတို့အတွက်တော့ လန်လင်းရောက်လာခြင်း၊မရောက်လာခြင်းက ပူစရာမရှိပါ။ ဒီကွင်းပြင်အလယ်ကို ရောက်လာမှတော့ သူတို့အားလုံး သေကိုသေရမယ်။
ကြုံးဝါးအော်ဟစ်သံနဲ့အတူ မင်ဟွမ်၏ခန္ဓာကိုယ်တစ်ခုလုံးက ရုတ်တရက်တုန်ခါလာခဲ့ကာ ကြီးမားသောအနက်ရောင်ပင်လယ်ကြီးအလား ပြောင်းလဲသွားတော့မည်ကဲ့သို့ ထင်မှတ်ရလေသည်။မရေမတွက်နိုင်သော မှော်မြူခိုးများသည် လေထုအတွင်း ပြည့်နှက်သွားခဲ့ကာ ကမ္ဘာလောကကြီးကို ရစ်သိုင်းလွှမ်းခြုံလိုက်လေသည်။
မြူခိုးပင်လယ်ကြီးအတွင်းမှ တောက်ပသောလတစ်စင်းအလား ဧရာမလက်ဖဝါးရာကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။၎င်းလက်ဖဝါးရာကြီးက ကောင်းကင်နဲ့ကမ္ဘာမြေပြင်ကို ဖြိုခွင်းတော့မည့်နှယ်ဖြစ်နေခဲ့ကာ အဆုံးအစမဲ့သောစွမ်းအင်များကို သယ်ဆောင်လျက် တဖြည်းဖြည်း သက်ဆင်းလာခဲ့သည်။
ဤသည်မှာ မင်ဟွမ်၏အသန်မာဆုံးတိုက်ကွက် ဖြစ်သည်။အဆိုပါလက်ဖဝါးထွက်ပေါ်လာသည်နဲ့တပြိုင်နက် ကောင်းကင်ဟာ တသိမ့်သိမ့်တုန်လှုပ်သွားခဲ့ပြီး လေဟာပြင်ကလည်း ခမ်းနားသောစွမ်းအား၏ အပိုင်းပိုင်းအစစ ဆုတ်ဖြဲခြင်းကို ခံလိုက်ရသည်။
ကြွင်းကျန်ရစ်သောပါရမီရှင်များကလည်း တိုက်ခိုက်လိုက်ကြသည်။ထိတ်လန့်ဖွယ်ကောင်းသော တိုက်ခိုက်မှုကြီးများသည် သူတို့ခန္ဓာကိုယ်ထံမှ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ကာ ဧရာမသားရဲကြီးများ ပြေးလွှားသွားသကဲ့သို့ လေထုကြီးတစ်ခုလုံးကို ခါရမ်းသွားစေခဲ့သည်။
အဆိုပါပြင်းထန်သော စွမ်းအားအဟုန်သည် ကောင်းကင်နဲ့ကမ္ဘာမြေကြီး ပြိုကွဲတော့မည့်အလား ထင်မှတ်မှားစေခဲ့ကာ မြင့်မြတ်သောစန်းရိမြို့အတွင်းရှိ ကျင့်ကြံသူအားလုံးကို တုန်လှုပ်စေခဲ့ပြန်သည်။
" ဘုန်း...! "
ခမ်းနားကြီးကျယ်သောတိုက်ကွက်များနဲ့ ရင်ဆိုင်လိုက်ရသော်လည်း လီချင်းဟာ အမူအရာမဲ့စွာ ရှိနေခဲ့ပြီး သူ့ကိုယ်တွင်းရှိစွမ်းအားများ အရိုင်းဆန်စွာ လှည့်ပတ်လာခဲ့ကာ ရှေးဟောင်းသားရဲကြီးကို ကောင်းချီးပေးနေခဲ့သည်။ရှေးဟောင်းသားရဲကြီးဟာ ပိုမို၍သိပ်သည်းလာခဲ့ပြီး ရောင်ပြန်ဟပ်လာခဲ့သည်။
ယန်ရှန်းနဲ့လန်လင်းတို့ကလည်း စစ်နတ်ဘုရားနှစ်ပါးအလား လီချင်း၏ပတ်ပတ်လည်၌ မတ်တပ်ရပ်နေခဲ့ကြသည်။လီချင်းစတင်လှုပ်ရှားလိုက်သည်နဲ့တပြိုင်နက် သူတို့နှစ်ယောက်ကလည်း တစ်ဆက်တည်းဆိုသလို လှုပ်ရှားလိုက်ကြသည်။
ယန်ရှန်းဟာ အရိုးရှင်းဆုံးဓားရှည်ကို ကိုင်ဆောင်ထားခဲ့ကာ သူ၏ခန္ဓာကိုယ်က ဓားနတ်ဘုရားတစ်ပါးအလား ဖြစ်နေခဲ့သည်။သူက ဓားရှည်ကို လွှဲရမ်းခုတ်ပိုင်းလိုက်သည့်အခါ အေးစက်သောဓားအလင်းတန်းသည် ကောင်းကင်ကို ကန့်လန့်ဖြတ်လျက် ပြေးထွက်သွားခဲ့ကာ ရှိနေသောလူများကို ထိတ်လန့်စေခဲ့သည်။
ဧရာမဓားအလင်းတန်းကြီးသည် ကမ္ဘာမြေပြင်ကို အစိတ်စိတ်အမွှာမွှာချေမွတော့မည့်အလား ဖြစ်နေခဲ့သည်။ယန်ရှန်း၏လှုပ်ရှားမှုနောက်တွင် ၎င်းဓားအလင်းတန်းကြီးက ရှည်လျားသော သက်တန့်ကြီးတစ်စင်းအလား အရှိန်အဟုန်ပြင်းစွာဖြင့် ပြေးထွက်သွားခဲ့သည်။
အံ့အားသင့်ဖို့ကောင်းစွာဖြင့် မင်းသမီးလန်လင်းကလည်း ရိုးရှင်းသောခရမ်းရောင်ဓားသိုင်းကွက်ကို ဖော်ထုတ်ခဲ့လေသည်။
အကြည့်တစ်ချက်ဖြင့်ပင် လူအများဟာ အဆိုပါခရမ်းရောင်ဓား၏တလှပ်လှပ်တောက်ပနေမှုကို တွေ့မြင်လိုက်ရသည်။၎င်းက ချန်ခွမ်းဘုံအဆင့်လက်နက်တစ်ခု ဖြစ်မည်ထင်၏။
အဆိုပါတလှပ်လှပ်တောက်ပနေသော ခရမ်းရောင်ဓားအလင်းတန်းသည် လခြမ်းကွေးသဏ္ဍာန်ဖြင့် မင်းသမီးလန်လင်းခန္ဓာကိုယ်ပတ်ပတ်လည်၌ ဝဲလွင့်နေခဲ့ကာ ခမ်းနားသောဓားဆန္ဒအရှိန်အဝါများကို ဖော်ထုတ်နေခဲ့သည်။
ခရမ်းရောင်ဓား၏တုန်ခါမှုနဲ့အတူ ခရမ်းရောင်ဓားကြီးသည်လည်း မြင့်စွာသောအရှိန်အဟုန်ဖြင့် ပြေးထွက်သွားခဲ့ကာ လေဟာပြင်ကို ပိုင်းဖြတ်သွားလျက် နက်ရှိုင်းသောအက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်စေခဲ့သည်။
မင်းသမီးလန်လင်း၏ လှပသောမျက်ဝန်းများမှာ ကျဥ်းမြောင်းသွားခဲ့ပြီး သူမ၏လှပသော လက်ချောင်းကလေးများဟာ လှုပ်ရှားသွားခဲ့သည်။ ဓားသိုင်းကခုန်ခြင်းနဲ့အတူ သူမလက်ထဲရှိ ခရမ်းရောင်ဓားရှည်သည် လေဟာပြင်အတွင်း ဝဲလွှင့်နေခဲ့ကာ ခရမ်းရောင်နဂါးတစ်ကောင်၏ ဟိန်းဟောက်သံနဲ့အတူ လျှပ်စီးတစ်ခုအလား ပြေးထွက်သွားခဲ့လေသည်။
" ဝေါင်း...! "
တိုက်ပွဲကွင်းပြင်အလယ်၌ နဂါးဟိန်းသံသဲ့သဲ့ကို ကြားလိုက်ရသည်။
ချန်ခွမ်းဘုံအဆင့်လက်နက်ကို ကိုင်ဆောင်ထားသည့် ချန်ခွမ်းကပ်ဘေးအဆင့်စွမ်းအားရှင်ဖြစ်သည်နှင့်အညီ မင်းသမီးလန်လင်း၏တိုက်ခိုက်မှုစွမ်းအားမှာ ယန်ရှန်းထက်တောင် ပိုမို၍ ထိတ်လန့်ဖွယ်ကောင်းနေခဲ့သည်။
ချန်ခွမ်းဘုံအဆင့်မှော်ဝင်ရတနာများဟာ ရှားပါးခြင်းမရှိသော်လည်း လူတိုင်းပိုင်ဆိုင်နိုင်သည့်အရာ မဟုတ်ပါ။
အဆိုပါမှော်ဝင်ရတနာတစ်ခုချင်းစီတိုင်းတွင် ခမ်းနားသောစွမ်းအားများကို ပိုင်ဆိုင်ထားပြီး မင်းသမီးလန်လင်းဟာလည်း မွန်မြတ်မှုခုနှစ်ပါးစေတီ၏ နဝမအလွှာကို ဝင်နိုင်ခဲ့သော မဟာပါရမီရှင်တစ်ယောက် ဖြစ်လေသည်။
သူမ၏ ချန်ခွမ်းကပ်ဘေးအဆင့် ကျင့်ကြံမှုစွမ်းအားနဲ့ ပေါင်းစပ်လိုက်သည့်အခါ ချန်ခွမ်းဘုံအဆင့်မှော်ဝင်ရတနာ၏ စွမ်းအားများသည် သာမန်ချန်ခွမ်းဘုရင်အထွတ်အထိပ်စွမ်းအားရှင်များကို ရင်ဆိုင်နိုင်သည်ထက်တောင် ကျော်လွန်သွားခဲ့သည်။
" ဘုန်း...! "
နှစ်ဖက်၏ပြင်းထန်သော တိုက်ခိုက်မှုများသည် အတူတကွ ပွတ်တိုက်မိသွားကာ နားကွဲလုမတတ်ကျယ်လောင်သောပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။လန်လင်းနှင့်ယန်ရှန်းတို့၏ တိုက်ခိုက်မှုများသည် မင်ဟွမ်နှင့်အခြားသူများ၏ တိုက်ခိုက်မှုများနှင့် ထိတွေ့မိသွားကြသည်။သို့သော်လည်း သူတို့ဟာ မင်ဟွမ်တို့အုပ်စု၏ များပြားသောတိုက်ကွက်များကို မချေပနိုင်ခဲ့သည်ဖြစ်ရာ အစွမ်းထက်သောတိုက်ကွက်များက ရှေးဟောင်းသားရဲကြီး၏ ကိုယ်ခန္ဓာပေါ်သို့ သက်ဆင်းလာခဲ့လေသည်။ဧရာမရှေးဟောင်းသားရဲကြီးဟာ တဆက်ဆက်တုန်လှုပ်သွားလေသည်။
ရှေးဟောင်းသားရဲကြီးကို တည်မြဲအောင် ထိန်းညှိနေရသော လီချင်းသည် ပြင်းထန်သောတန်ပြန်အားကြောင့် ထိတ်လန့်ခြောက်ခြားသွားခဲ့ကာ သူ၏မျက်နှာက ဖြူဆုတ်လာခဲ့သည်။သူ၏ခန္ဓာကိုယ်ကလည်း တုန်ခါနေခြင်းကို မရပ်တန့်နိုင်တော့ပါ။