← Chapters

မျက်နှာပျက်ရခြင်း။

Vol. 41 Ch. 570

မျက်နှာပျက်ရခြင်း။

Vol. 41 Ch. 570

ဘာသာပြန်- The Fate

"ဘုန်း!"

ကျယ်လောင်သော ပေါက်ကွဲသံကြီးသည် ကမ္ဘာလောကအတွင်း ပဲ့တင်ထပ်လျက် ထွက်ပေါ်လာခဲ့ကာ တိုက်ပွဲကွင်းပြင်ကြီးတစ်ခုလုံးသည် လီချင်းနှင့် အခြားသူများ၏ ဖျက်စီးခြင်းခံရလုမတတ် ဖြစ်သွားခဲ့သည်။

စင်မြင့်အထက်၌ မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ထွက်ပေါ်လာလျက်ရှိကာ ပြင်းစွာသော စွမ်းအားအဟုန်ကလည်း အရှိန်အဟုန်ဖြင့် ရိုက်ခတ်လျက်ရှိသည်။

မြင့်မြတ်သောစန်းရိမြို့အတွင်းရှိ ကျင့်ကြံသူများသည် ကောင်းကင်နှင့် ကမ္ဘာမြေပြင်ကို ဖျက်စီးလုမတတ်ဖြစ်နေသော အဆိုပါတိုက်ပွဲကို စူးစိုက်ကြည့်နေခဲ့ကြသည်။

မင်ဟွမ်တို့၏ တိုက်ခိုက်မှုများကို လီချင်းတို့တစ်တွေက ဤမျှလောက် အချိန်အတိုင်းအတာထိ ခုခံနိုင်ခဲ့လိမ့်မည်ဟု ရှိနေကြသောသူများအားလုံး တွေးထင်ထားခဲ့ခြင်း မရှိပါ။

ဒါ့အပြင် မင်းသမီးလန်လင်း ရောက်လာခဲ့သော်လည်း သူတို့က မင်ဟွမ်နှင့် အခြားသူများအတွက် ပြိုင်ဘက်မဟုတ်နိုင်သေးချေ။

သို့ပါသော်လည်း အဆိုပါလီချင်းက သန်မာသော ခုခံအားကို အသုံးပြု၍ မင်ဟွမ်တို့၏ တိုက်ကွက်ကို ပြင်းပြင်းထန်ထန် ပိတ်ဆို့ထားသည်။ ထို့အတွက်ကြောင့် ရှိရှိသမျှ လူတိုင်းသည် ရှန်ရှန်ကျုံ့ဂိုဏ်း၏ တပည့်များအပေါ် ထိတ်လန့်ခြောက်ခြားလာခဲ့ရသည်။

မြင့်မြတ်သောစန်းရိမြို့၏ ကျင့်ကြံသူများအားလုံး ထိတ်လန့်နေကြသလိုမျိုး လေဟာပြင်အထက်၌ရှိနေသော မင်ကုန်းနှင့်အခြားသူများ၏ မျက်နှာအမူအယာများကလည်း မဲမှောင်နေကြသည်။ သူတို့၏ သွေးနီရောင်မျက်ဝန်းများအတွင်း၌ မှိုင်းညို့သော အရှိန်အဝါကို ဖော်ထုတ်ပြလျက်ရှိသည်။

မရေမတွက်နိုင်သော ရှေးဟောင်းမျိုးနွယ်စုကြီးများ၏ ထိပ်တန်းပါရမီရှင်များက အင်အားစုပေါင်း၍ တိုက်ခိုက်ခဲ့သော်လည်း ချန်ခွမ်းယွမ်အထွတ်အထိပ်အဆင့်နှစ်ယောက်ကို အနိုင်မယူနိုင်ဘူးတဲ့လား။ ဒါက ကောင်းကင်တာအိုမျိုးနွယ်စုတွေနဲ့ မရဏမျိုးနွယ်စုကို ဂုဏ်ကျက်သရေ ကင်းမဲ့စေလိုက်တာပဲ!

အစဥ်အမြဲအမူအယာကင်းမဲ့လျက်ရှိသော သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ အရှင်သခင်ကတောင် ဤအချိန်၌ အေးစက်သော လေထုကို သယ်ဆောင်ထားခဲ့သည်။ ဤအဖြစ်အပျက်မှာ ကောင်းကင်တာအိုမျိုးနွယ်စုများနှင့် မရဏမျိုးနွယ်စုတို့အတွက် အရှက်ရဖွယ်ဖြစ်ရုံသာမက သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမအတွက်လည်း အရှက်ရဖွယ်ဖြစ်လေသည်။

သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမသည် လုပ်ကြံသတ်ဖြတ်ရာ၌ အစဥ်အမြဲ နာမည်ဂုဏ်သတင်း ကျော်ဇော်ခဲ့သည်။ သူတို့ ပစ်မှတ်ထားလိုက်ပါက မသတ်ဖြတ်နိုင်သောသူဟူ၍ မရှိခဲ့ဖူးပါ။

သို့ပါသော်လည်း လီချင်းတို့ကို သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ ထိပ်တန်းပါရမီရှင်သုံးယောက်က လုပ်ကြံသတ်ဖြတ်ခဲ့သော်လည်း၊ များစွာသော ထိပ်တန်းပါရမီရှင်များ၏ အကူအညီများကို ရယူခဲ့သော်လည်း၊ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ ပါရမီရှင်များသည် လုပ်ကြံသတ်ဖြတ်ရန် အနည်းငယ်သော အခွင့်အရေးကိုတောင် မရယူနိုင်ခဲ့ကြပါ။

"မင်းတို့ ဘာတွေဆော့ကစားနေကြတာလဲ။ သူတို့အားလုံးကို ဒီဧကရာဇ်အတွက် သတ်ဖြတ်လိုက်စမ်းပါ!"

မင်ကုန်းက ဆက်လက်တောင့်ခံနိုင်စွမ်းမရှိတော့ဘဲ နီရဲနေသော မျက်ဝန်းများဖြင့် အေးစက်စွာ ဟစ်အော်လိုက်သည်။

အရှိန်အဟုန်မှာ မိုးခြိမ်းသံကြီးကဲ့သို့ ဖြစ်နေခဲ့ကာ ကမ္ဘာလောကကို တုန်လှုပ်စေခဲ့လေသည်။ ၎င်းအသံနက်ကြီးဖြင့် အော်သံကြောင့် မင်ဟွမ်နှင့် အခြားသူများ၏ ခန္ဓာကိုယ်များဟာ တုန်လှုပ်သွားကြပြီး သူတို့ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ သတ်ဖြတ်ခြင်းစိတ်ဆန္ဒများမှာ ပိုမို၍ ပြင်းထန်လာခဲ့သည်။

သူတို့က ခါးသီးစွာဖြင့် တိုက်ခိုက်လိုက်ကြသည်။ သို့ပေသော်ငြားလည်း လီချင်းဖော်ထုတ်ထားသော ရှေးဟောင်းသားရဲကြီးသည် အင်မတန်မာကြောသော လိပ်ခွံကြီးတစ်ခုအလား ရှိနေခဲ့ကာ ၎င်းကို ဖြိုခွင်း၍ မရနိုင်ခဲ့ပါ။ အချိန်အတော်ကြာသည့်တိုင်အောင် တိုက်ခိုက်နေသော်လည်း တိုက်ခိုက်မှုများအားလုံးကို လီချင်းက ပိတ်ဆို့ခဲ့သည်။

"သတ်ကြ!"

မင်ကုန်း၏ အော်သံကို ထပ်မံကြားသိလိုက်ရသည့်အခါ မင်ဟွမ်တို့တစ်တွေသည် အရှိန်အဟုန်အပြည့်ဖြင့် တိုက်ခိုက်လိုက်ကြသည်။ သူတို့က တစ်ညီတစ်ညွတ်တည်း အော်ဟစ်လိုက်ကြသည့်အခါ သူတို့ပတ်ပတ်လည်ရှိ အရှိန်အဟုန်များမှာ ပိုမို၍ ပြင်းထန်လာခဲ့ကာ ဒီရေလှိုင်းကဲ့သို့သော ကြီးမားသည့် စွမ်းအားလှိုင်းလုံးကြီးကို ဖြစ်ထွန်းစေခဲ့သည်။

"ဘုန်း!"

တစ်ခုပြီးတစ်ခု အစွမ်းထက်သော တိုက်ခိုက်မှုများသည် သူတို့ထံမှ ပေါက်ကွဲထွက်လာခဲ့သည်။ ပြင်းထန်သော မုန်တိုင်းတစ်ခုကဲ့သို့ သူတို့ဟာ လီချင်းတို့တစ်တွေကို အရူးအမူး တိုက်ခိုက်လိုက်ကြသည်။ ဤအချိန်၌ မင်ဟွမ်တို့က ရပ်တန့်ခြင်းမရှိကြဘဲ တစ်ဆက်တည်းဆိုသလို ဆက်တိုက်တိုက်ခိုက်လိုက်ကြ၏။

အစွမ်းထက်သော တိုက်ကွက်များသည် အဆုံးအစမဲ့ပုံပေါ်ကာ ကောင်းကင်နှင့် နေမင်းကိုတောင် ဖုံးကွယ်ထားခဲ့သည်။ အဝေးတစ်နေရာမှ စိုက်ကြည့်ပါလျှင် မရေမတွက်နိုင်သော ဓားအရိပ်များ၊ လှံအရိပ်များနှင့် ထူးဆန်းသောသားရဲများ၏ ဟိန်းဟောက်သံများကို တိုက်ပွဲကွင်းပြင်အလယ်၌ တွေ့မြင်ရမှာဖြစ်၏။ ၎င်းက နတ်ဘုရား၏အမျက်ဒေါသကြောင့် ကမ္ဘာပျက်ကိန်းကြီးတစ်ခု စိုက်ရောက်နေခဲ့သည့်အလားပင်။

"ဘုန်း!"

ကြီးမားသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့ကာ မရေမတွက်နိုင်သော စွမ်းအားလှိုင်းလုံးများသည် မျက်စိဖြင့်မြင်နိုင်သောနှုန်းထားဖြင့် ပျံ့လွင့်သွားခဲ့ကာ တိုက်ပွဲကွင်းပြင်၏ အကာအကွယ်အလွှာကို အဆက်မပြတ်တုန်ခါစေခဲ့သည်။

လူအများ၏ စောင့်ကြည့်နေသော မျက်ဝန်းများအောက်တွင် ဧရာမရှေးဟောင်းသားရဲကြီးသည် တစ်စစီ ကွဲအက်သွားခဲ့ကာ မရေမတွက်နိုင်သော တိုက်ခိုက်မှုများက ပြင်းထန်စွာ ကျဆင်းသွားခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်း၌ မီးခိုးလုံးများနှင့် ဖုန်မုန့်များအကြားတွင် ပုံရိပ်သုံးခုသည် ရုတ်တရက် လွင့်စင်ထွက်သွားကာ တိုက်ပွဲစင်မြင့်နှင့် ရိုက်ခတ်မိသွားခဲ့သည်။ အကာအရံအလွှာသည် အနီရင့်ရောင်သွေးစက်များ၏ အရောင်ခြယ်ခြင်းကို ခံခဲ့ရသည်။

အဆိုပါပုံရိပ်သုံးခုဟာ လီချင်းတို့သုံးယောက်ပင် ဖြစ်ချေ၏!

ဤအချိန်၌ လီချင်းနှင့် ယန်ရှန်းတို့သည် သွေးများဖြင့် စိုရွှဲလျက်ရှိပြီး သူတို့၏ ခန္ဓာကိုယ်များအပေါ်၌လည်း ဒဏ်ရာဒဏ်ချက်များ ရှိနေခဲ့သည်။ သူတို့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများထံမှ အဆက်မပြတ် သွေးများ ယိုစီးလျက် ရှိချေသည်။

ချန်ခွမ်းဘုံအဆင့် မှော်ဝင်ရတနာပစ္စည်း၏ ကာကွယ်မှုကြောင့် မင်းသမီးလန်လင်းကတော့ အနည်းငယ်ပိုကောင်းသည်ဟု ပြောဆိုနိုင်သည်။ သို့ပါသော်လည်း သူမ၏ နှုတ်ခမ်းထောင့်စွန်းမှ သွေးများယိုစီးလျက်ရှိကာ သူမ၏ မျက်နှာကလည်း ဖြူဖျော့၍ တဆတ်ဆတ် တုန်ယင်နေခဲ့သည်။ ဤမြင်ကွင်းကြောင့် မြင့်မြတ်သော စန်းရိမြို့၏ ကျင့်ကြံသူများစွာသည် သက်ပြင်းရှိုက်လိုက်မိကြသည်။

အမှန်အတိုင်းပြောဆိုရပါလျှင် လီချင်းတို့တတွေ မင်ဟွမ်တို့၏ တိုက်ကွက်များကို အချိန်ကြာမြင့်စွာ တောင့်ခံနိုင်ခဲ့တာကတောင် သူတို့ မျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့ပြီးပြီဖြစ်သည်။

ဤမြင်ကွင်းကြောင့်ပဲ သူတို့ စောင့်မျှော်နေသည့် အံ့ဖွယ်ရာအဖြစ်အပျက်ကလည်း တစ်စစီ ကြေကွဲသွားခဲ့ရသည်။

"မင်းတို့တွေ ဒီမျှလောက်အထိ မာကြောနေလိမ့်မယ်လို့ ငါထင်မထားခဲ့ဘူး။ ဒါပေမယ့် အခွင့်အရေးထပ်မရှိတော့တာကတော့ သနားစရာပဲ။ ဒီနေ့ မင်းတို့အားလုံး ဒီနေရာမှာ သေဆုံးရမယ်!"

မင်ဟွမ်က မောက်မာစွာဖြင့် မတ်တပ်ရပ်နေခဲ့သည်။ သူ၏ သွေးနီရောင်မျက်ဝန်းများက လီချင်းတို့အား သေလူများကဲ့သို့ စူးစိုက်ကြည့်နေခဲ့ကာ အေးစက်သော အသံဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။ သူ၏ဘေးနားတွင်ရှိသော ထိပ်တန်းပါရမီရှင်များကလည်း လီချင်းတို့ကို ဖြေးညှင်းစွာဖြင့် ဝန်းရံလိုက်ကြသည်။ လေထုအတွင်း၌ ပုန်းကွယ်နေသော သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ ပါရမီရှင်များကလည်း အဆုံးအစမဲ့သော သတ်ဖြတ်မှုများကို ဖော်ထုတ်လျက် လီချင်းတို့ကို အချိန်မရွေး အဆုံးသတ်ရန် ပြင်ဆင်နေကြသည်။

"တော်သင့်ပြီ!"

ဒီမြင်ကွင်းကို တွေ့မြင်လိုက်ရသည့်အခါ လေထုအထက်၌ ရပ်တည်နေသော ဧကရာဇ်စန်းရိ၏ မျက်နှာမှာ မဲမှောင်သွားခဲ့ကာ ရုတ်တရက်အော်ဟစ်ပြောဆိုလိုက်သည်။

ပြင်းထန်သော အရှိန်အဝါက မင်ဟွမ်နှင့် အခြားသူများ၏ နှလုံးအိမ်များကို တုန်ယင်သွားစေခဲ့သည်။ ပျက်သုဥ်းခြင်းဧကရာဇ်နယ်ပယ် စွမ်းအားရှင်တစ်ယောက်၏ ခမ်းနားကြီးကျယ်သော စွမ်းအားများသည် ပေထောင်ချီ လေးလံသော တောင်တန်းကြီးကဲ့သို့ သူတို့အပေါ်၌ ဖိနှိပ်ထားခဲ့ကာ မင်ဟွမ်တို့၏ ခန္ဓာကိုယ်များက အဆက်မပြတ် ယိမ်းခါလာခဲ့ကြသည်။

သူတို့ဟာ ထိပ်တန်းပါရမီရှင်များဖြစ်ကြသော်လည်း အဆုံးမှာတော့ လူငယ်မျိုးဆက်များသာ။ ပျက်သုဥ်းခြင်းဧကရာဇ်နယ်ပယ် စွမ်းအားရှင်၏ ရှေ့မှောက်တွင် သူတို့ဟာ ပုရွတ်ဆိတ်များကဲ့သို့ ဖြစ်နေကြကာ ခုခံရန် အခွင့်အလမ်းမရှိခဲ့ပါ။

"ဘာလဲ။ မင်းက အားနည်းတဲ့သူကို အနိုင်ကျင့်ချင်နေတာလား။ ငါတို့ ဒီလိုပြုလုပ်ခွင့် မပြုနိုင်ဘူး။"

မနီးမဝေးတစ်နေရာရှိ မင်ကုန်းတို့၏ မျက်ဝန်းများက အေးစက်သွားခဲ့ကာ အော်ဟစ်ပြောဆိုလိုက်သည်။

ထိုသို့ပြောဆိုလိုက်ပြီးနောက် မင်ကုန်းတို့တတွေကလည်း ပျက်သုဥ်းခြင်းဧကရာဇ်နယ်ပယ်စွမ်းအားများကို ဖော်ထုတ်လိုက်ကြသည်။ စွမ်းအားရှင်ကြီးလေးယောက်၏ အရှိန်အဝါများသည် မုန်တိုင်းတိုက်ခတ်သကဲ့သို့ ဧကရာဇ်စန်းရိထံသို့ ဦးတည်သွားခဲ့သည်။ ထို့အတွက်ကြောင့် မင်ဟွမ်တို့အပေါ် ကျရောက်နေသော ဖိအားမှာ အနည်းငယ် ပြေလျော့သွားခဲ့၏။

မျိုးနွယ်စုခေါင်းဆောင်တွေရှိနေမှတော့ ကြီးမြတ်တဲ့ဧကရာဇ်စန်းရိက နည်းနည်းလောက်ပိုသန်မာတော့ရော ဘာဖြစ်သေးလဲ။ ငါတို့ လီချင်းတို့ကို သတ်နေတာကို သူ စောင့်ကြည့်နေရုံပဲ တတ်နိုင်မှာလေ!

"မင်ကုန်း မင်းက ငါတို့စန်းရိအင်ပါယာနဲ့ တကယ်ပဲ အချေအတင်ဖြစ်ချင်နေတာလား။"

ကြီးမြတ်သောဧကရာဇ်စန်းရိသည် မျက်ဝန်းများကို မှေးကျဥ်းလိုက်ကာ သူ၏ အမျက်ဒေါသများက မီးတောင်ပေါက်ကွဲသကဲ့သို့ ပေါက်ကွဲထွက်လာခဲ့လျက် ဝန်းကျင်ရှိလေထုကို တုန်ယင်သွားစေခဲ့သည်။ သူဟာ အချိန်မရွေး ကိုက်ဖြတ်တော့မည့် သားရဲကြီးတစ်ကောင်ကဲ့သို့ ထင်မှတ်ရချေသည်။

"စန်းရိအင်ပါယာနဲ့ အချေအတင် ဖြစ်ချင်နေတယ် ဟုတ်လား။"

"အို ငါတော့ စောင့်မျှော်နေမိပါပြီ။ ဒါပေမယ့် ဒီကိစ္စက ပြောသလောက်တော့ မလွယ်ဘူးနော်။"

ဧကရာဇ်စန်းရိ၏ စကားလုံးများကို ကြားလိုက်ရသည့်အခါ မင်ကုန်းသည် ကြောက်လန့်ခြင်း တစ်စိုးတစ်စိမျှမရှိဘဲ လှောင်ပြောင်လိုက်သည်။

များစွာသော မျိုးနွယ်စုများသည် သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမနှင့် ခွန်အားစုပေါင်းထားခဲ့သည်။ သူတို့သာ စန်းရိအင်ပါယာကို ကြောက်လန့်နေပါက ရယ်စရာဖြစ်သွားမှာ မဟုတ်ပါလော။

"အို...? ဒါဆိုရင် ဒီဧကရာဇ်ကိုရော။"

မင်ကုန်းနှင့် အခြားသူများ ထပ်ခါထပ်ခါ လှောင်ပြောင်နေသည့်အချိန်တွင် ပိုင်ဟုန်က ကြမ်းတမ်းခက်ထန်သော အသံဖြင့် ပြောဆိုလိုက်သည်။

ထိုစကားများကို ကြားသိလိုက်ရသည်နှင့်တစ်ပြိုင်နက် မင်ကုန်းတို့၏ မျက်ဝန်းများမှာ လှုပ်ခါသွားခဲ့ကာ သူတို့မျက်ဝန်းအတွင်းပိုင်း၌ သန်မာသော အကြောက်တရားများ ထွက်ပေါ်လာခဲ့သည်။ မင်ကုန်း၏ အမူအယာဟာ မှိုင်းညို့လျက် ရှိသည်။ သူဟာ တစ်ခဏကြာ တွေးတောလိုက်ပြီးနောက် တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"ပိုင်ဟုန် မင်းက အထက်လောကရဲ့ ကောင်းကင်မျိုးနွယ်စုအဖွဲ့ဝင်တစ်ယောက်ပါ။ ဘာဖြစ်လို့များ လူသားမျိုးနွယ်ကို ကူညီပေးနေရတာလဲ။"

"မင်း အခုချိန် ပြန်ဆုတ်သေးရင် ငါတို့ မင်းအပေါ် အငြိုးထားမှာ မဟုတ်ဘူး။"

"ဟားဟားဟားဟား!"

မင်ကုန်း၏စကားကို ကြားလိုက်ရသည့်အခါ ပိုင်ဟုန်က ကောင်းကင်ကြီးကို မော့ကြည့်လျက် ရယ်မောလိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ရယ်မောမှုကြောင့် တသိမ့်သိမ့်တုန်လှုပ်နေခဲ့သည်။

တစ်ခဏကြာအောင် အော်ဟစ်ရယ်မောလိုက်ပြီးနောက် သူက အေးစက်သော အသံဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။

"မင်းတို့လောက်က ဒီဧကရာဇ်ကို တားဆီးချင်နေတာလား။ တကယ့်ကို ရယ်စရာပါလား။ ဒီဧကရာဇ်က သူတို့တွေကို ဒီကနေ့မှာ ကာကွယ်ပေးချင်တယ်။ ကဲ့၊ ဒီတော့ မင်းဘာလုပ်ချင်လဲ။"

ပိုင်ဟုန်၏ ခက်ထန်သော အသံဟာ ကမ္ဘာလောကအတွင်း ပဲ့တင်ထပ်သွားခဲ့သည်။ သူ၏ အဆုံးအစမဲ့ ယုံကြည်နေဟန်က ရှိနေကြသောသူများအားလုံးကို ခြောက်ခြားသွားစေခဲ့သည်။

All Chapters