ထိုးချက်တစ်ချက်
Vol. 41 Ch. 572
Translator - Hsue Htet
အဖြစ်အပျက်သည် မြန်ဆန်လွန်းသောကြောင့် မည်သူမျှ မတုံ့ပြန်နိုင်လိုက်ပေ။ သူတို့တုံ့ပြန်နိုင်ချိန်တွင် မင်ကုန်းမှာ မြေပြင်၌ လဲကျနေလေပြီ။
ကျစ်!
လူတို့၏ အသက်ရှူသံအေးစက်စက်သာလျှင် လောကတစ်ခွင် ပဲ့တင်ထပ်လာသည်။ စန်းရိမြို့တော်ကျင့်ကြံသူများဖြစ်စေ၊ လေဟာပြင်ထက်ရှိ စွမ်းအားမြင့်ကျင့်ကြံသူများဖြစ်စေ အားလုံးသည် လေဟာပြင်ထက်တွင် ထွက်ပေါ်လာသည့် အဖြူရောင်ဝတ်ရုံဖြင့်ပုံရိပ်ကို မျက်လုံးအပြူးသားဖြင့် မယုံကြည်နိုင်စွာ ကြည့်နေကြသည်။
စန်းရိဧကရာဇ်ပင်လျှင် အဖြူရောင်ပုံရိပ်ကို အာရုံစူးစိုက်ကြည့်နေခဲ့သည်။ ထိုပုံရိပ်သည် မွန်မြတ်ခြင်းခုနစ်ပါးနန်းတော်သို့ လာရောက်ခဲ့ဖူးသည် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲတစ်ဦးဖြစ်ပြီး စန်းရိဧကရာဇ်သည် ထိုအကြီးအကဲကြောင့် စိတ်ချမ်းမြေ့ခဲ့ရဖူးသည်။ သို့သော် ထိုအကြီးအကဲသည် ဤမျှအင်အားကြီးမည်ဟု စန်းရိဧကရာဇ် မျှော်လင့်မထားခဲ့ပေ။ ထိုအကြီးအကဲသည် လက်သီးတစ်ချက်ဖြင့် ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်အဆင့် မင်ကုန်းကို မြေပြင်ထက်တွင် ထိန်းမနိုင်သိမ်းမနိုင် ပြုတ်ကျသွားရအောင် ရိုက်ချနိုင်ခဲ့လေသည်။
ပိုင်ဟုန်သည် အလွန်အမင်း အံ့အားသင့်သွားခြင်း မဟုတ်သည့်တိုင် အနည်းငယ်အံ့အားသင့်သွားရသေးသည်။ ဝမ်ဖုန်း၏နောက်တွင် လိုက်ပါလေ့ရှိသည့် ထိုပုံရိပ်ကို သူမှတ်မိ၏။ သို့သော် ထိုအချိန်တုန်းက ယခုကဲ့သို့ အင်အားမကြီးမားသေးပေ။
တိုက်ကွက်တစ်ချက်သည် ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်အဆင့်ကို ကြေမွသွားစေသည်။ အလစ်တိုက်ခိုက်ခြင်းဖြစ်သော်ငြား အလွန်ကြောက်မက်ဖွယ်သော အင်အားဖြစ်၏။
ခြုံငုံလိုက်ပါလျှင် ဘုံနန်းရှင်ဧကရာဇ်အဆင့်ကျင့်ကြံသူတစ်ကို အလစ်တိုက်ခိုက်ရန်အတွက် ထိုဘုံနန်းရှင်ဧကရာဇ်အဆင့်ကျင့်ကြံသူကို မတုံ့ပြန်နိုင်အောင် လုပ်ဆောင်နိုင်စွမ်းရှိရပေမည်။ ထိုမှသာ အလစ်တိုက်ခိုက်ခြင်းဟူသည်လည်း ဖြစ်မြောက်နိုင်လိမ့်မည်။ သို့သော် ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်အဆင့်ကျင့်ကြံသူမှ မတုံ့ပြန်နိုင်ခြင်းဟူသည် မည်မျှလျင်မြန်သည့်အရှိန် ဖြစ်လိမ့်မည်နည်း။
မင်ကုန်းနှင့်ဘေးချင်းယှဉ်ရပ်နေသည့် ရွှမ်းယောင်နှင့်အခြားသူများသည်လည်း မျက်မှောင်ကြုတ်သွားကြရပြီး အဖြူရောင်ပုံရိပ်ကို ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ကြည့်နေကြသည်။
မင်ကုန်းနှင့် အနီးကပ်ဆုံးရှိနေသူများပင်လျှင် အဖြူရောင်ပုံရိပ်၏တိုက်ခိုက်မှုကို မတုံ့ပြန်နိုင်လိုက်ကြပေ။ အလွန်တရာလျင်မြန်လှသော အမြန်နှုန်းဖြစ်ပေသည်။
ရွှမ်းယောင်တို့သည် အဖြူရောင်ပုံရိပ်ကို တောင့်တောင့်ကြီးရပ်ကြည့်နေမိကြလေသည်။ သူတို့သည် ထိတ်လန့်မှုကြောင့် သတိအနေအထားဖြစ်နေကြ၏။
ထိုအဖြူရောင်ပုံရိပ်သည် ရှန်ရှန့်ကျုံဂိုဏ်းအစောင့်အရှောက်၁ လီပိုင်ဖြစ်သည်။
ခြေထောက်၌ အလွန်ရိုးရှင်းသော နှင်းဖြူရောင်လည်ရှည်ဖိနပ်ကို ဝတ်ဆင်ထားပြီး အနီးကပ်ကြည့်ပါက ထိုဖိနပ်ပေါ်မှ တော်ဝင်ဆန်စွာစီးဆင်းနေသည့် သံစဉ်စည်းချက်အလား လျှို့ဝှက်ဆန်းကြယ်သည့်မျဉ်းကြောင်းများကို မြင်တွေ့နိုင်သည်။
ထိုဖိနပ်သည် ဖေးယွင်ဧကရာဇ်ဖိနပ်ဖြစ်၏။ ဇာမဏီစစ်နတ်ဘုရား၏နတ်ဘုရားဘုံလောကမှ လီပိုင်ရရှိလာခဲ့သည့် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်လက်နက်ဖြစ်သည်။
ဖေးယွင်ဧကရာဇ်ဖိနပ်သည် ဝတ်ဆင်သူ၏အရှိန်နှုန်းကို အဆပေါင်းများစွာ မြန်ဆန်သွားစေနိုင်သည်။ ကျင့်ကြံဆင့်မြင့်မားသည်နှင့်အမျှ အရှိန်နှုန်းသည်လည်း ပိုမိုလျင်မြန်လိမ့်မည်ဖြစ်၏။ လီပိုင်၏လက်ရှိကျင့်ကြံဆင့်သည် ဘုံနန်းရှင်ဧကရာဇ်အဆင့်ဖြစ်သောကြောင့် ဖေးယွင်ဧကရာဇ်ဖိနပ်ကို ဝတ်ဆင်ခြင်းသည် သူ၏အရှိန်နှုန်းကို သုံးဆမြန်ဆန်သွားစေခဲ့သည်။
လီပိုင်သည် လက်နှစ်ဖက်ကိုနောက်ပစ်လျက် ရွှမ်းယောင်တို့ကို တစ်ချက်ကြည့်လိုက်သည်။ လီပိုင်၏အေးစက်သောအကြည့်ေကြာင့် ရွှမ်းယောင်တို့မှာ မထိန်းချုပ်နိုင်စွာ တုန်ယင်သွားရသည်။
လီပိုင်သည် တစ်ချက်သာကြည့်ပြီးနောက် ရွှမ်းယောင်တို့ကို လျစ်လျူရှု၍ တစ်ဖက်သို့ဦးတည်ပျံသန်းသွား၏။ ထို့နောက် ရိုသေကျိုးနွံစွာ အရိုအသေပြုလိုက်သည်။
“ဂိုဏ်းချုပ်ကိုဂါရဝပြုပါတယ်!”
ထိုမြင်ကွင်းကြောင့် နေရာရှိလူအားလုံးသည် မျက်လုံးအိမ်များမှေးကျုံ့သွားကြ၏။ အံ့သြထိတ်လန့်နေသော အမူအရာတို့ဖြင့် လီပိုင် အရိုအသေပေးလိုက်သည့်သူကို စူးစမ်းကြည့်ရှုနေကြသည်။ မယုံကြည်နိုင်လောက်အောင် အင်အားကြီးမားသော ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကျင့်ကြံသူမှ ထိုသို့ရိုသေကျိုးနွံရသည့်ပုဂ္ဂိုလ်သည် မည်မျှကြောက်ခမန်းလိလိသောတည်ရှိမှုကြီးဖြစ်ကြောင်းကို သိချင်စိတ်ပြင်းပြနေကြသည်။
ရွှမ်းယောင်တို့သည်လည်း တုန်လှုပ်နေကြလျက်ဖြင့် ကြည့်ရှုနေကြသည်။ အရှင်သခင်ကန်း ရှန်ရှန့်ကျုံဂိုဏ်းကို ဂရုထားနေသည့်အကြောင်းရင်းကို နောက်ဆုံးတွင်တော့ သူတို့နားလည်သွားခဲ့ပြီဖြစ်၏။
ဂိုဏ်းအကြီးအကဲတစ်ယောက်ကတောင် ဒီလောက်ကြောက်ဖို့ကောင်းလောက်အောင် စွမ်းအားကြီးမားနေတာ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ တကယ်ဆက်ခံသူအစစ်အမှန်ဂိုဏ်းချုပ်ဆိုရင် ဘယ်လောက်တောင် အင်အားကြီးမားလိမ့်မလဲ?
လူသူအပေါင်း၏ အကြည့်များအောက်၌ လေဟာပြင်ထက်မှ ပုံရိပ်ဆယ်ခုကျော် ထပ်မံထွက်ပေါ်လာသည်။ ခေါင်းဆောင်ဖြစ်သူမှာ ဂုဏ်သရေတင့်တယ်ဖြောင့်မတ်သော ကိုယ်နေဟန်ထားဖြင့် လူငယ်လေးတစ်ဦးဖြစ်လေသည်။ ထိုလူငယ်၏ ကြယ်စင်တောက်ပသောကောင်းကင်ယံကဲ့သို့ မျက်ဝန်းအစုံသည် လူအားလုံးကို မသိလိုက်မသိဘာသာဖြင့် တည့်တည့်မကြည့်ရှုဝံ့ဘဲ ခေါင်းငုံ့သွားစေသည်။
ဘုံနန်းရှင်ဧကရာဇ်အဆင့် လီပိုင်မှအပ အခြားသူများ၏ ကျင့်ကြံဆင့်အရှိန်အဝါကို ခံစားမသိနိုင်ပေ။ ရွှမ်းယောင်နှင့်အခြားသော ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကျင့်ကြံသူများသည်လည်း ဝမ်ဖုန်းနှင့်အခြားသူများ၏ ကျင့်ကြံဆင့်အရှိန်အဝါကို မည်သို့မျှ ခံစားမသိရှိနိုင်ဘဲ ဖြစ်နေရသည်။
ပိုင်ဟုန်တစ်ဦးတည်းသာလျှင် ဝမ်ဖုန်း၏ဘေးရှိ လူငယ်လေးကို ကြောက်မက်ဖွယ်အငွေ့အသက်အချို့ဖြင့် ကြည့်နေခဲ့သည်။
ထိုလူငယ်သည် ရွှမ်းယွမ်ဖြစ်သည်။
တိုက်ဆိုင်လှစွာပင် ရွှမ်းယွမ်သည်လည်း ပိုင်ဟုန်ကို ကြည့်နေခဲ့သည်။ ကျင့်ကြံမှုအခြေခံကို ချိပ်ပိတ်ထားသည့်တိုင် သူတို့၏သိမြင်နားလည်နိုင်စွမ်းသည် သာမန်ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကျင့်ကြံသူများထက် ပိုမိုသာလွန်၏။
တစ်ချက်ကြည့်ရုံဖြင့်ပင် ပိုင်ဟုန်နှင့်ရွှမ်းယွမ်တို့သည် တစ်ဖက်လူမှာ မိမိနှင့် ကျင့်ကြံဆင့်အတူတူလောက်ပင်ဖြစ်ကြောင်းကို နားလည်လိုက်လေသည်။
ရွှမ်းယွမ်သည် အပြုံးမျက်နှာကို ထိန်းသိမ်းထားဆဲပင်။ သို့သော် ဤချန်ခွမ်းအထွတ်အမြတ်ဘုံ၌ မိမိအပြင် ဧကရာဇ်ဘိုးဘေးအဆင့်ကျင့်ကြံသူတစ်ဦး ရှိနေဦးမည်ဟု ရွှမ်းယွမ်မျှော်လင့်မထားခဲ့ပေ။ အခြေအနေတွေက ပိုပိုပြီးစိတ်ဝင်စားဖို့ကောင်းလာတာပဲ!
ပိုင်ဟုန်သည်လည်း စိတ်လှုပ်ရှားနေပါ၏။ ထိုလူငယ်လေးသည် မိမိကဲ့သို့ ဧကရာဇ်ဘိုးဘေးအဆင့်ကျင့်ကြံသူဖြစ်သည်ကို သူသိသည်။ သို့သော် ထိုလူငယ်လေးသည် ဝမ်ဖုန်းနောက်သို့လိုက်ပါခြင်းကို မယုံကြည်နိုင်စွာ အံ့အားသင့်ရလေသည်။
ဧကရာဇ်ဘိုးဘေးအဆင့်ကျင့်ကြံသူဟူသည် ချန်ခွမ်းအထွတ်အမြတ်ဘုံကို မဆိုထားနှင့် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်၌ပင် ကြီးမြတ်သောတည်ရှိမှုကြီးဖြစ်သည်။ ထိုသို့သောတည်ရှိမှုမျိုးကို ဆန္ဒအလျောက် နောက်လိုက်အဖြစ် မည်သူမဆို သိမ်းသွင်းနိုင်သည်မဟုတ်ပေ။
သို့သော် ချန်ခွမ်းအထွတ်အမြတ်ဘုံရှိဝမ်ဖုန်းသည် ဧကရာဇ်ဘိုးဘေးအဆင့်ကျင့်ကြံသူကို လက်အောက်သိမ်းသွင်းနိုင်ခဲ့သည်တဲ့။ ဘယ်လိုတောင် အံ့ဩဖွယ်ကိစ္စကြီးလဲ?!
ဝမ်ဖုန်း၏ခန္ဓာကိုယ်မှ ကောင်းကင်ဘုံနှင့်မြေအောက်ကမ္ဘာကျင့်စဉ်အရှိန်အဝါတို့ကို ပိုင်ဟုန် ပြန်လည်အမှတ်ရလိုက်ပြီးနောက် နှလုံးအိမ်တုန်လှုပ်သွား၏။ ဟုတ်တာပေါ့ အဲ့လိုအရှိန်အဝါတွေကတောင် နှစ်သက်ဝန်းရံရတဲ့သူက ဘယ်လိုလုပ်ပြီး သာမန်လူတစ်ယောက်ဖြစ်နိုင်ပါ့မလဲ?
“ငါ-ျီး! ဘယ်သူက ငါကိုယ်တော်ကို တိုက်ခိုက်ရဲတာလဲကွ?!”
တိတ်ဆိတ်နေသည့်လေထုကို အောက်ဘက်ရှိ ကြမ်းတမ်းအက်ရှသည့်ပေါက်ကွဲသံမှ ဖြိုခွင်းသွားခဲ့သည်။ ထို့နောက် ကြမ်းကြုတ်ပြင်းထန်သည့်အရှိန်အဝါများ ထိုအောက်ဘက်မှ မြင့်တက်လာခဲ့သည်။
မြေပြင်ရှိတွင်းနက်ထဲမှ မင်ကုန်း အော်ဟစ်လိုက်ခြင်းဖြစ်သည်။ မြင့်သွန်းသောခန္ဓာကိုယ်သည် ဖုန်မှုန့်သဲမှုန့်များပေကျံနေကာ မိစ္ဆာတစ်ကောင်ကဲ့သို့သောလေထုသည်လည်း ခြံရံနေသောကြောင့် လူများစွာတို့သည် မင်ကုန်းကို ကြောက်ရွံ့ထိတ်လန့်စွာ ကြည့်နေကြသည်။
မင်ကုန်း၏ပုံစံမှာ အနည်းငယ် သနားချင့်စဖွယ်ဖြင့် ရင်အုံထက်တွင် လက်သီးရာကြီးရှိနေပြီး နှုတ်ခမ်းထောင့်စွန်းမှလည်း သွေးနက်များစီးကျနေ၏။ အနက်ရောင်မျဉ်းကြောင်းများ ပြည့်နှက်နေသောမျက်နှာသည် ဒေါသကြောင့် ကြမ်းကြုတ်ခက်ထန်နေသည်မှာ မိစ္ဆာတစ်ကောင်အလားပင်။
“မင်းလား ငါကိုယ်တော်ကိုတိုက်ခိုက်တာ?”
မင်ကုန်းသည် လီပိုင်သို့ ရုတ်ချည်းအကြည့်ပို့လိုက်ပြီးနောက် မြေပြင်မှ ကြုံးဝါးသည်။ သူ၏အကြည့်များသည် ဓားထက်ထက်ကဲ့သို့ ထက်ရှပြတ်သား၍ သူ၏ကြုံးဝါးသံသည် လေဟာပြင်ကို ဆုတ်ပြဲသွားစေခဲ့သည်။
အဆုံးမဲ့ဒေါသဖြင့် မှော်စွမ်းအင်စွက်သော စကားလုံးများသည် သူ၏ခန္ဓာကိုယ်မှ ယိမ်းထိုးလှုပ်ရှားကာ ပတ်ဝန်းကျင်လေဟာပြင်ကို သာမန်မျက်လုံးဖြင့်မြင်ရသည်အထိ တွန့်လိမ်ပုံပျက်နေစေသည်။
ထိုမြင်ကွင်းကြောင့် နေရာရှိလူအားလုံးသည် အသက်ရှူအောင့်ထားမိလိုက်ကြသည်။ သူတို့သည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်တိုက်ပွဲကို မျက်မြင်တွေ့ရတော့မည်လည်း ဖြစ်နိုင်လေရာ သူတို့၏တစ်သက်တာ၌ အကြီးမားဆုံးနှင့် ကြောက်မက်ဖွယ်အကောင်းဆုံးသောတိုက်ပွဲကြီး ဖြစ်နိုင်ပေသည်။
မင်ကုန်းမှ လီပိုင်ကို စတင်တိုက်ခိုက်သည်ကို ရွှမ်းယောင်နှင့်အခြားသူများသည် ဟန့်တားခြင်းမပြုကြပေ။ အဓိပ္ပာယ်မသိနိုင်သော မျက်နှာအမူအရာတို့ဖြင့်သာ ရပ်ကြည့်နေကြသည်။ လီပိုင်၏အင်အားကို အတိအကျမသိနိုင်သောကြောင့် စိုးရိမ်ပူပန်နေကြခြင်း ဖြစ်နိုင်ပေသည်။