← Chapters

ဓားနတ်ဘုရားလီပိုင်

Vol. 41 Ch. 573

ဓားနတ်ဘုရားလီပိုင်

Vol. 41 Ch. 573

လီပိုင်သည် မင်ကုန်း၏အမေးစကားကို အရေးမလုပ်ဘဲ လေဟာပြင်ထက်တွင် ကျိုးနွံစွာရပ်၍ ဝမ်ဖုန်း၏ညွှန်ကြားမှုကို စောင့်‌ဆိုင်းနေခဲ့သည်။ ထိုရိုသေကျိုးနွံသောအပြုအမူကြောင့် နေရာရှိလူအားလုံးမှာ တစ်ဖန် အံ့အားသင့်သွားကြရပြန်သည်။

ဒီလိုပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကျင့်ကြံသူကို အရမ်းရိုသေကျိုးနွံနေစေတာ အဲဒီ့ရှန်ရှန့်ကျုံဂိုဏ်းရဲ့အရှင်သခင်က ဘယ်လောက်တောင် အင်အားကြီးမားတာများလဲ?

အချိန်တစ်ခုအထိ နေရာရှိလူအားလုံးမှာ ထူးဆန်းသည့်ခံစားချက်ကြီးဖြင့် တောင့်တင်းနေကြသည်။ မင်းသားကြီးလန်လဲ့၊ ကောင်းကင်တာ့အိုမျိုးနွယ်စုခွဲခေါင်းဆောင်များ၊ နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်တို့ အားလုံးသည်လည်း တည်ကြည်လေးနက်သော မျက်နှာအမူအရာကို ထိန်းသိမ်းထားကြသည့်တိုင် မျက်လုံးအစုံတို့မှာတော့ ကြောက်ရွံ့ထိတ်လန့်ခြင်းများ ထင်ဟပ်နေကြပေသည်။

လီပိုင်မှ မိမိအား လျစ်လျူရှုနေသည်ကိုမြင်သောအခါ မင်ကုန်းမှာ ပို၍ဒေါသထွက်လာတော့သည်။ သူ၏မြင့်သွန်းသောခန္ဓာကိုယ်ထက်တွင် ကြီးကျယ်ခမ်းနားသောစွမ်းအင်လှိုင်းများ ပိုမိုပြင်းထန်လာခဲ့ရာ လောကတစ်ခွင်ကို ပြင်းပြင်းထန်ထန်တုန်ခါလာစေသည်။

“သေစမ်း!”

မင်ကုန်းသည် သည်းခံနိုင်စွမ်းကုန်ဆုံးသွားကာ ဒေါသတကြီးကြိမ်းဝါး၍ ကြောက်ခမန်းလိလိသော မိစ္ဆာစွမ်းအင်မြူခိုးထုတစ်လွှာကို ထုတ်လွှတ်၏။ မည်းနက်နေသောကောင်းကင်ပြင်ကဲ့သို့ မြူခိုးထုသည် လီပိုင်ကိုတိုက်ခိုက်သည်။ ကြောက်မက်ဖွယ်စွမ်းအင်သက်ရောက်မှုကြောင့် လေဟာပြင်မှာ ပြိုကွဲသွားရသည်။

“ရှန်ရှန့်ကျုံဂိုဏ်းကိုတိုက်ခိုက်ရဲတယ်! သေလိုက်တော့!”

ဝမ်ဖုန်းသည် လေဟာပြင်ထက်တွင် လက်နှစ်ဖက်ကိုနောက်ပစ်လျက် အေးဆေးတည်ငြိမ်စွာပင် ဒေါသတကြီးဖြစ်နေသော မင်ကုန်းကို တစ်ချက်ကြည့်လိုက်သည်။ ဝမ်ဖုန်းသည် ခံစားချက်ကင်းမဲ့သော မျက်နှာအမူအရာဖြင့် အသံသည် နူးညံ့သော်ငြား နေရာရှိလူတိုင်း၏နားစည်ထဲတွင် ရှင်းလင်းပြတ်သားစွာ ပဲ့တင်ထပ်သွားခဲ့သည်။

ဘုန်း!

ဝမ်ဖုန်း၏စကားဆုံးသည်နှင့်တစ်ပြိုင်နက် လီပိုင်မှ ချက်ချင်းလှုပ်ရှား၏။ တုနှိုင်းမဲ့အလင်းများတောက်ပလာပြီး နေလုံးကြီးကဲ့သို့ နဂိုမှုန်မှိုင်းနေသောကမ္ဘာလောကကို နေ့တာကဲ့သို့ လင်းထိန်သွားစေခဲ့သည်။

“လူတစ်ယောက်ကို တိုက်ကွက်၁၀ခုနဲ့ အသက်နုတ်ပြီး မိုင်ပေါင်းထောင်ချီ ကျန်ရစ်စေမယ်!”

လီပိုင်ထံမှ နူးညံ့သိမ်မွေ့သည့်‌ရွတ်ဆိုသံ ထွက်ပေါ်လာပြီးနောက် ခါးထက်ရှိ ဓားရှည်သည် သူ့အလိုလိုပျံထွက်လာခဲ့ပြီး လီပိုင်၏‌ပတ်လည်တွင် လှည့်ပတ်ပျံသန်းေနသည်။ ထက်ရှသောဓားအရှိန်အဝါသည်လည်း အရှိန်အဝါကြီးစွာ ဖြာထွက်နေသည်။

ထိုဓားသွားအောက်၌ ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကြီးသည်ပင် ‌မှေးမှိန်သေးနုပ်သွားရလေသည်။

လီပိုင်သည် လက်သီးဆုပ်၍ ဓားရှည်ကို ဆက်တိုက်လှုပ်ရှား၏။ အေးစက်သောဓားစွမ်းအင်များ ရုတ်ချည်းပျံထွက်လာခဲ့ပြီး လီပိုင်၏ခန္ဓာကိုယ်ကို ဝန်းရံလွှမ်းခြုံသွားသည်။ အေးစက်သောအလင်းသည်လည်း တောက်ပလင်းလက်နေ၏။

ဓားကိုအသက်သွင်း၍ အေး‌စက်သောဓားစွမ်းအင်များ ဝန်းရံထားသည့် လီပိုင်သည် ဓားနတ်ဘုရားတစ်ပါးအလား လူသူခပ်သိမ်းကို ကြောက်ရွံ့တုန်ရီစေသည်။ ‌နောက်တဒင်္ဂအကြာ၌ လီပိုင်၏ ထက်ရှသောဓားသွားသည် သူတို့၏ဝိဉာဉ်အား ထိုးဖောက်ခုတ်ပိုင်းသွားမည်ကို စိုးထိတ်နေကြ၏။

ဘုန်း!

လီပိုင်နှင့် မင်ကုန်း၏စွမ်းအင်များ အရှိန်ပြင်းစွာထိခတ်သွားကြသည်။ နားကွဲမတတ်သောပေါက်ကွဲသံကြီး လောကတစ်ခွင် ပဲ့တင်ထပ်သွားပြီး ‌စွမ်းအင်လှိုင်းများစွာသည် အရပ်လေးမျက်နှာသို့ ပျံ့နှံ့ရိုက်ခတ်သွားရာ တစ်လျှောက်လုံးရှိ အရာအားလုံးကို ဖျက်ဆီးသွားခဲ့သည်။

လီပိုင်နှင့်မင်ကုန်းတို့နှစ်ဦးကို ဗဟိုပြုလျက် အချင်းဝက်မိုင်တစ်သောင်းအတွင်း လေဟာပြင်ကြီးမှာ ဆက်တိုက်ဆုတ်ပြဲသွားရပြီး မည်းနက်သောဗလာတွင်းနက်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။ ကောင်းကင်ကြီး ပြိုကွဲကျတော့မည့်အလား အလွန်တရာကြောက်မက်ဖွယ်ကောင်းလှသည်။

ပြင်းထန်လှစွာသောအင်အားကြီး၏ သက်ရောက်မှုကြောင့် အကာအကွယ်စည်း၏ကာကွယ်မှုအောက်တွင်ရှိနေသော စန်းရိမြို့တော်ကျင့်ကြံသူများပင်လျှင် သေမင်းနှုတ်ခမ်းဝသို့ ကျရောက်သွားခဲ့ရသည်ကဲ့သို့ ဝိဉာဉ်ထိတိုင် တုန်လှုပ်သွားခဲ့ရလေသည်။

ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကျင့်ကြံသူ၏ ကြောက်မက်ဖွယ်ကောင်းမှုကို ဤအခိုက်အတန့်တွင် မျက်ဝါးထင်ထင်မြင်တွေ့နိုင်၏။ စန်းရိမြို့တော်အကာအကွယ်စည်းကြောင့် မဟုတ်ခဲ့လျှင် စန်းရိမြို့တော်ကျင့်ကြံသူများ၏ ၉၀ရာခိုင်နှုန်းခန့်သည် အမှန်တကယ် သေဆုံးသွားနိုင်ပေသည်။

အင်အားကြီးမားသူများ၏တိုက်ပွဲ၌ ကျင့်ကြံဆင့်မမြင့်မားသည့် ကျင့်ကြံသူများသည် ကြည့်ရှုရန် အရည်အချင်းမပြည့်မီကြပေ။

လက်စွပ်ဝန်းထက်ရှိ မင်ဟွမ်းနှင့်အခြားသူများသည်လည်း တိုက်ပွဲကိုကြည့်ရှုနေကြသည်။ သူတို့သည် လီချင်းတို့ကို သတ်ဖြတ်ရန်ပင် မေ့လျော့သွားကြလေပြီ။ ဝမ်ဖုန်းတို့ရောက်လာသည့်အချိန်မှစတင်၍ သူတို့၏အာရုံအလုံးစုံမှာ ဆွဲငင်ခံလိုက်ရပြီဖြစ်၏။

လီပိုင်၏ အထင်ကြီးအံ့ဩဖွယ်အင်အားနှင့် ဝမ်ဖုန်း၏ မှန်းဆရန်နက်နဲသောနက်ရှိုင်းဆန်းကြယ်မှုတို့ကြောင့် မင်ဟွမ်းတို့သည် မဆင်မခြင် မလှုပ်ရှားဝံ့ကြတော့ပေ။

ဘုန်း!

ပေါက်ကွဲသံမြည်ဟီးလာပြီး တိုက်ပွဲနေရာမှ ကြမ်းကြုတ်သည့်ပုံရိပ်တစ်ခု ပျံထွက်လာသည်။ ပါးစပ်အပြည့်သွေးနက်တစ်ပွက်သည်လည်း ‌လေထုအတွင်း ပျံ့နှံ့သွားရသည်။

ထိုပုံရိပ်သည် လေထုထဲတွင် အကြိမ်များစွာ တုန်ယင်နေခဲ့ပြီးမှ ခက်ခက်ခဲခဲ မိမိကိုယ်ကိုတည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက် အဖြူရောင်ပုံရိပ်ကို အံ့ဩထိတ်လန့်စွာ ကြည့်လာခဲ့‌သည်။

မိမိ၏ အင်အားကုန်သုံးစွဲထားသောတိုက်ကွက်သည် လီပိုင်ကို မထိခိုက်စေနိုင်ရုံမျှမက မိမိကိုယ်တိုင်ပင် အပြင်းအထန်ဒဏ်ရာရသွားခဲ့မည်ဟု မင်ကုန်း မျှော်လင့်မထားခဲ့ပေ။ အလွန်တရာထက်ရှသော ဓားစွမ်းအင်သည် သူ၏ခန္ဓာကိုယ်ကို ‌ထိုးဖောက်သွားခဲ့ပြီး အကြီးအကျယ်ပျက်စီးစေခဲ့သည်။ မင်ကုန်း၏လက်ရှိပုံစံမှာ အလွန်သနားချင့်စဖွယ်ဖြစ်နေရ၏။

မိမိ၏ခန္ဓာကိုယ်ကို တည်ငြိမ်စေရန် ဖိနှိပ်ထိန်းချုပ်နိုင်ခဲ့သည့်တိုင် ဒဏ်ရာ၏တုံ့ပြန်မှုကို ဖိနှိပ်ရန်အတွက်မူ ခက်ခဲ၏။

ဤအဖြစ်အပျက်ကြောင့် မင်ကုန်းသည် အလွန်တရာအံ့သြထိတ်လန့်သွားခဲ့ကာ လီပိုင်ကို မင်သက်စွာကြည့်နေခဲ့သည်။ စိတ်နှလုံးအတွင်း၌ ကြောက်ရွံ့စိတ်များမြင့်တက်လာ၏။ လီပိုင်ကို ထိုမျှအင်အားကြီးမားလိမ့်မည်ဟု မင်ကုန်း မျှော်လင့်မထားခဲ့ပေ။

ကနဦး၌ လီပိုင်မှ မိမိကို အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ခြင်းမှာ အလစ်တိုက်ခိုက်ခြင်းကြောင့်ဟု မင်ကုန်း တွေးထင်ခဲ့သည်။ သို့သော် တကယ်တမ်း လီပိုင်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ပြီးနောက်၌မူ လီပိုင်၏အင်အားသည် သူ့ကိုသိမ့်သိမ့်တုန်စေခဲ့သည်။

ထိုအခိုက်အတန့်၌ လောကတစ်ခွင်မှာ သုသာန်တစပြင်အလား တိတ်ဆိတ်မှုကြီးစိုးနေလေသည်။

နေရာရှိလူအားလုံးသည် သနားချင့်စဖွယ်သောမင်ကုန်းကို မယုံကြည်နိုင်စွာ ကြည့်နေကြသည်။ ဂုဏ်သရေကြီးမြတ်သော မရဏမျိုးနွယ်စုခေါင်းဆောင် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကျင့်ကြံသူ မင်ကုန်းသည် လီပိုင်၏တိုက်ကွက်ကြောင့် အပြင်းအထန်ဒဏ်ရာရသွားခဲ့သည်တဲ့?!

ဤသည်မှာ မကြာသေးမီက လီပိုင်၏ အလစ်တိုက်ခိုက်မှုထက် ပို၍အံ့အားသင့်စေ၏!

မင်ကုန်းသည်တော့ ဓားဒဏ်ရာများဖြင့် ဦးခေါင်းခွံမှလည်း သွေးနက်များစီးကျနေသည်။ လူတစ်ကိုယ်လုံးမှာ ဓားချက်ထောင်ချီကို ခံယူခဲ့ရသည့်အလားပင်။

ကျစ်!

“ရှန်ရှန့်ကျုံဂိုဏ်းရဲ့အကြီးအကဲတွေအကုန်လုံးက ဒီလိုအရမ်းအင်အားကြီးမားကြတာပဲလား?”

“ဘုရားရေ မရဏမျိုးနွယ်စုခေါင်းဆောင်ကတောင် သူတို့ရဲ့ပြိုင်ဘက်မဟုတ်ဘူးတဲ့လား?!”

“အရမ်းကြောက်ဖို့ကောင်းတာပဲ! မရဏမျိုးနွယ်စုခေါင်းဆောင်က ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲတစ်ယောက်ရဲ့ တိုက်ကွက်တစ်ကွက်ကိုတောင် ခံနိုင်ရည်မရှိဘူးတဲ့လေ!”

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်တွင် လေ‌အေးရှူရှိုက်သံခပ်ပါးပါးဖြင့် ပြန်လည်အသက်ဝင်လာခဲ့သည်။ စန်းရိမြို့တော်ကျင့်ကြံသူများသည် တိုက်ပွဲအကြောင်းကို စတင်ဆွေးနွေးပြောဆိုကုန်ကြ၏။ မျက်နှာအမူအရာများသည်တော့ အံ့ဩထိတ်လန့်နေကြဆဲပင်။

စန်းရိမြို့တော်ကျင့်ကြံသူများသာမက စန်းရိဧကရာဇ်နှင့် ကောင်းကင်တာ့အိုမျိုးနွယ်စုခွဲများမှ ရွှမ်းယောင်တို့သည်လည်း ထိတ်လန့်တုန်ရီနေကြလျက် လီပိုင်ကို အံ့အားသင့်စွာ ကြည့်နေကြသည်။

မင်ကုန်း၏အင်အားသည် အားနည်းသည်မဟုတ်ဘဲ အလွန်အင်အားကြီးမားသည်ဟု သတ်မှတ်နိုင်ပါ၏။ စန်းရီဧကရာဇ်နှင့် မင်ကုန်းတို့ တစ်ဦးချင်းတိုက်ခိုက်လျှင်သော်မှ စန်းရီဧကရာဇ်သည် မင်ကုန်းကို အနိုင်ရယူနိုင်သည့်တိုင် အသက်ကိုနုတ်ယူနိုင်လိမ့်မည် မဟုတ်ပေ။

လီပိုင်သည်တော့ တစ်ချက်တည်းဖြင့် မင်ကုန်းကို အပြင်းအထန်ဒဏ်ရာရသွားစေခဲ့သည်။ ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်အဆင့်သည် လီပိုင်နှင့် တိုက်ကွက်တစ်ကွက်သာ ယှဉ်နိုင်ခဲ့သည်။

“အဟွတ်!”

“မဖြစ်နိုင်ဘူး! မင်းဘယ်လိုလုပ်ပြီး ဒီလောက်အင်အားကြီးနေရတာလဲ?!”

မင်ကုန်းသည် ခန္ဓာကိုယ်ကိုတည်ငြိမ်စေပြီးနောက် ပါးစပ်အပြည့်သွေးတစ်ပွက် အန်ထွက်သွားရပြန်သည်။ ထို့နောက် လီပိုင် မယုံကြည်နိုင်သောအကြည့်များဖြင့် အော်ဟစ်ကြိမ်းဝါးလျက် မိမိမှာ တစ်ချက်တည်းဖြင့် ရှုံးနိမ့်သွားရသည်ကို လက်မခံနိုင်ဘဲဖြစ်နေတော့သည်။

မိမိသည် ဂုဏ်သရေကြီးမြတ်သော မရဏမျိုးနွယ်စုခေါင်းဆောင် ဘုံနန်းရှင်းဧကရာဇ်အထွတ်အထိပ်အဆင့်ဖြစ်ပြီး ဤကမ္ဘာလောကတွင် ပြိုင်ဘက်ကင်းထိပ်တန်းတည်ရှိမှုကြီးဟု သတ်မှတ်နိုင်သူဖြစ်သည်။

လီပိုင်တို့သည် မည်သူမည်ဝါပင်မသိရသော ကျော်ကြားမှုမရှိသူများဖြစ်ကြသည်။ အရှင်သခင်ကန်း၏ အမိန့်ကြောင့်မဟုတ်ခဲ့လျှင် မင်ကုန်းသည် ရှန်ရှန့်ကျုံဂိုဏ်းကို အာရုံထဲပင်ရှိခဲ့လိမ့်မည်မဟုတ်ခဲ့။ သို့သော် မမျှော်လင့်စွာဖြင့် ၎င်းရှန်ရှန့်ကျုံဂိုဏ်းသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အင်အားကြီးမားနေလေသည်။

အရှင်သခင်ကန်းမှ ကိုယ်တိုင်ကိုယ်ကျ ပုံရိပ်ယောင်စေလွှတ်၍ အမိန့်ပေးခဲ့သည်မှာ အံ့ဩဖွယ်မဟုတ်တော့ချေ။ ရှန်ရှန့်ကျုံဂိုဏ်း၌ သူတို့စိတ်ကူးမှန်းဆ၍မရနိုင်သည့် လျှို့ဝှက်ချက်တစ်ခုခုရှိနေသည်ထင်ရ၏။

မင်ကုန်းသည် ထိတ်လန့်နေသည့်တိုင် အကြောင်းအရာတို့ကို စဉ်းစားတွေးတောနေခဲ့သေးသည်။

မင်ကုန်း၏ဆန့်ကျင်ဘက်တွင်ရပ်နေသော လီပိုင်သည်တော့ မင်ကုန်းကို တစ်စက်လေးသော်မျှ အရေးတယူလုပ်မနေတော့ဘဲ လက်ကိုဆန့်ထုတ်၍ သူ၏ကိုယ်ထက်တွင် တောက်ပသည့်ဓားသွားဖြင့် မရေမတွက်နိုင်အောင်များပြားသော ဓားစွမ်းအင်များကို ထွက်ပေါ်လာစေလိုက်သည်။

All Chapters