← Chapters

လူနည်းစုကိုအနိုင်ကျင့်

Vol. 41 Ch. 574

လူနည်းစုကိုအနိုင်ကျင့်

Vol. 41 Ch. 574

Translator - Hsue Htet

“အခုထိ မတိုက်ကြသေးဘူးလား? ဘယ်အချိန်ထိ စောင့်နေမလို့လဲ?”

လီပိုင်၏ အားကောင်းပြင်းထန်သည့် ဓားစွမ်းအင်များကိုမြင်သောအခါ မင်ကုန်း တုန်ယင်လျက် ကျယ်လောင်စွာအော်ဟစ်၏။

လီပိုင်၏ အားကောင်းသော တိုက်ခိုက်ချေမှုန်းစွမ်းရည်ကြောင့် မင်ကုန်းသည် လီပိုင်ကို တစ်ဦးတည်း မတိုက်ခိုက်ဝံ့တော့ပေ။ မိမိမှာ တစ်ချက်တည်းဖြင့် ဒဏ်ရာအပြင်းအထန်ရခဲ့ပြီးဖြစ်ရာ နောက်တစ်ကြိမ်တိုက်ခိုက်ခံလိုက်ရပါလျှင် အသက်ပါပျောက်သွားနိုင်လေသည်။

ဘုန်း!

မင်ကုန်း၏အသံအဆုံး၌ ရွှမ်းယောင်တို့သည် တွန့်ဆုတ်ခြင်းမရှိ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်စွမ်းအင်များကို ဖြာထွက်ထုတ်လွှတ်လိုက်ကြသည်။

စွမ်းအင်မုန်တိုင်းကြီးတိုက်ခတ်တော့မည်ကဲ့သို့ လောကတစ်ခွင်သည် စိတ်ညစ်ညူးဖွယ်အရှိန်အဝါများဖြင့် လွှမ်းခြုံသွားသည်။ နေရာရှိလူအားလုံးကို အသက်ရှူရပ်မတတ် ခံစားရစေ၏။

နေရာရှိလူများသည် ဤမျှကြောက်မက်ဖွယ်သော ဟန့်တားမရနိုင်စွမ်းသောစွမ်းအင်များကို မဆိုထားနှင့် သူတို့၏တစ်သက်တာတွင် ထိုမျှများပြားသော ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကျင့်ကြံသူများကို မမြင်တွေ့ဖူးကြချေ။

စန်းရိမြို့တော်၏ အကာအကွယ်စည်းရှိသည့်တိုင် စန်းရိမြို့တော်ကျင့်ကြံသူများသည် တုန်ယင်လာရသည်။ ထိုလွှမ်းမိုးဖိနှိပ်နိုင်စွမ်းသောစွမ်းအင်ကြီး၏သက်ရောက်မှုသည် အကာအကွယ်စည်းရှိ‌နေလျှင်သော်မှ ဝိဉာဉ်ကိုတုန်လှုပ်စေနိုင်စွမ်းသည်။

လူတို့မှာ အချိန်မ‌ရွေးသေဆုံးသွားနိုင်သည်ကဲ့သို့ အဆက်မပြတ်တုန်လှုပ်နေကြသည်။

အားလုံးသည် မျက်လုံးအပြူးသားဖြင့် တိုက်ပွဲနေရာကို အာရုံစိုက်ကြည့်ရှုနေကြသည်။ ‌ကမ္ဘာ‌တုန်လှုပ်လောက်သောတိုက်ပွဲကြီးသည် နှစ်သောင်းချီအတွင်း တစ်ကြိမ်မြင်တွေ့ရရန်ပင် ရှားပါးလွန်းလှသည့်အခွင့်အရေးဖြစ်သည်။

“လူနည်းစုကို အနိုင်ကျင့်ချင်တာလား?”

ရွှမ်းယောင်နှင့်အခြားသူများမှ စွမ်းအင်ဖြာထွက်ထုတ်လွှတ်ကြသည်ကို မြင်သောအခါ ဝမ်ဖုန်းသည် တည်ငြိမ်စွာရပ်နေဆဲဖြင့် နှုတ်ခမ်းထောင့်စွန်းသည်တော့ စဉ်းလဲသည့်အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားခဲ့သည်။ မျက်နှာအမူအရာမှာ အထင်မြင်သေးမှုကို လှစ်ဟပြသနေ၏။ ထိုအမူအရာသည် မြင်တွေ့ရသူအပေါင်းကို ရင်ထဲစွဲထင်ကျန်ရစ်စေနိုင်သည်။

စန်းရိဧကရာဇ်ပင်လျှင် ဝမ်ဖုန်း၏အမူအရာကို မြင်တွေ့လိုက်သော် မိမိကိုယ်ကိုယုံကြည်မှု မြင့်တက်သွားရသည်။ မင်ကုန်းတို့အုပ်စုလိုက်ကြီးနှင့် ရင်ဆိုင်နေရသည့်တိုင် အနိုင်ရနိုင်မည်ဟူသော ခိုင်ကြည်မှုတစ်မျိုး ဝင်ရောက်လာခဲ့၏။

ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်ကျင့်ကြံသူလေး‌ယောက်!

ထိုအင်အားသည် ချန်ခွမ်းအထွတ်အမြတ်ဘုံကို မဆိုထားနှင့် မည်သည့်ဘုံလောကကိုမ‌ဆို လွှမ်းမိုးဖိနှိပ်ပစ်နိုင်လောက်၏။

မျိုးနွယ်စုသုံးခုနှင့် ခန်း‌မဆောင်တစ်ခု၏ ပေါင်းစည်းအင်အားကို ပုံမှန်အားဖြင့် မင်းဆက်များအားလုံး အင်အားမပူးပေါင်းကြလျှင် ဟန့်တားနိုင်လိမ့်မည်မဟုတ်ချေ။

“ကျစ် ကျစ်! လူနည်းစုကိုအနိုင်ကျင့်တော့ရော ဘာဖြစ်လဲ?”

“ဒီနေ့မျိုးနွယ်စုကြီးသုံးခုနဲ့ နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမဆောင် အတူရောက်လာကြတာက မင်းတို့ရှန်ရှန့်ကျုံဂိုဏ်းကို သေချာပေါက် ဖျက်ဆီးပစ်ဖို့ပဲလေ!”

ဝမ်ဖုန်း၏စကားအဆုံး၌ မင်ကုန်းသည် စိတ်လွတ်နေသည့်အလား ကျယ်လောင်စွာလှောင်ရယ်လေသည်။

လူကြားထဲ၌ လီပိုင်ကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခြင်းသည် သူ့ဘဝတွင် အကြီးမားဆုံးသော အရှက်ရမှုကြီးဖြစ်သည်။ ထိုအရှက်ရမှုကို ချက်ချင်းပြန်မတုံ့ပြန်လျှင် ဤချန်ခွမ်းအထွတ်အမြတ်ဘုံ၌ သူဘယ်လိုများ ရပ်တည်ရတော့မည်နည်း။

ဤနေ့အဖြစ်အပျက် ဤအတိုင်းပြီးဆုံးသွားခဲ့လျှင် မိမိမှာ ဝေဖန်‌ေပြာဆိုမှုများစွာကို မလွဲမသွေခံယူရလိမ့်မည်ကို မင်ကုန်း မှန်းဆကြည့်နိုင်ပါ၏။ ကြီးမြတ်သော ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကျင့်ကြံသူတစ်ဦး ဖြစ်ပါလျက်နှင့် ပုရွကိတ်ကောင်များ၏ လှောင်ပြောင်သရော်ခြင်းခံရမည့်အကြောင်းကို တွေးမိသည်‌တွင် မင်ကုန်း၏ဒေါသမှာ တစ်ဟုန်တိုးတောက်လောင်လာရသည်။

မင်ကုန်းသည် ဒေါသကြောင့် စိတ်လွတ်လုနီးဖြစ်နေလေရာ ရွှမ်းယောင်တို့မှလည်း လှုပ်ရှားလာကြသောကြောင့် ဝမ်ဖုန်းတို့အုပ်စုလေးကို အရေးမထားတော့ချေ။

ရှန်ရှန့်ကျုံဂိုဏ်းသည် တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလောက်အောင် အင်အားကြီးမားပါ၏။ သို့သော် ရှန်ရှန့်ကျုံဂိုဏ်း လက်ရှိပြသခဲ့သည့်အင်အားလေးမျှနှင့် မျိုးနွယ်စုကြီးသုံးခုနှင့်ခန်းမဆောင်တစ်ခုတို့၏ ပေါင်းစည်းအင်အားကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

မင်ကုန်း၏စကားအဆုံး၌ နေရာရှိလူအားလုံးသည် အသက်ရှူအောင့်ထားမိလိုက်ကြသည်။ တိုက်ပွဲနေရာကို စိတ်လှုပ်ရှားစွာကြည့်နေကြသည်မှာ အသက်ပင် ရဲရဲမရှူဝံ့ကြတော့ချေ။

ရှန်ရှန့်ကျုံဂိုဏ်းအကြောင်းကို အကြမ်းဖျင်းသိရှိထားသည့် ပိုင်ဟုန်တစ်ဦးတည်းသာလျှင် လှောင်ရယ်ဟန်ရှိနေ၏။ မင်ကုန်းတို့အုပ်စုသည် မောက်မာထောင်လွှားလွန်းနေသည်ပင်။

“ဟာသပဲ!”

မင်ကုန်း၏ မောက်မာထောင်လွှားသောအပြုအမူကြောင့် ဝမ်ဖုန်းသည် အထင်မြင်သေးစွာ ရယ်မောလိုက်သည်။ ထို့နောက် လက်ကိုဝှေ့ယမ်းလိုက်ရာ ကြောက်ခမန်းလိလိသော စွမ်းအင်အးများ ဝမ်ဖုန်း၏နံဘေးမှ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

ဝမ်ဖုန်း၏ဘေးရှိ ရွှမ်းယွမ်၊ မဟာနတ်ဆိုးရွှမ်ရှနှင့် အခြားသူများမှ စွမ်းအင်ဖြာထွက်ထုတ်လွှတ်လိုက်ကြခြင်းပင်။ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကျင့်ကြံသူ၈ဦး၏ ကြီးကျယ်ခမ်းနားလှသောစွမ်းအင်များသည် လောကတစ်ခွင်သို့ ပျံ့နှံ့သွားပြီး မင်ကုန်းတို့၏စွမ်းအင်များကို ဆုတ်ဖြဲပစ်လိုက်သည်။ ကောင်းကင်ဘုံနှင့်ပထဝီမြေကြီးမှာ မုန်တိုင်းထန်သွားခဲ့၏။

နေရာရှိလူအားလုံးမှာ ကြောက်ခမန်းလိလိသောစွမ်းအင်များကြောင့် မထိန်းချုပ်နိုင်စွာ အဆက်မပြတ်တုန်ယင်နေတော့သည်။ စန်းရိမြို့တော်အကာအကွယ်စည်းသည် ထိုစွမ်းအင်များ၏သက်ရောက်မှုကို ခက်ခက်ခဲခဲတောင့်ခံနေရ၏။

ကမ္ဘာလောကတစ်ခုလုံး အရောင်အသွေးပြောင်းလဲသွားကာ လေဟာပြင်သည်လည်း ကမ္ဘာပျက်တော့မည့်အလား သာမန်မျက်လုံးဖြင့်မြင်နိုင်သည်အထိ ပျက်ယွင်းသွားခဲ့သည်။

ရှပ်!

ရွှမ်းယွမ်တို့မှ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်စွမ်းအင်များကို တစ်ပြိုင်နက်တည်းထုတ်လွှတ်ကြသည်တွင် နေရာရှိလူအားလုံးမှာ မျက်လုံးအိမ်များပြူးကျယ်သွားရပြီး ဝိဉာဉ်ထိတိုင်တုန်လှုပ်လျက် လေအေးတစ်ချက်ရှိုက်သွင်းလိုက်မိရ၏။

ရှန်ရှန့်ကျုံဂိုဏ်း၏အင်အားမှာ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကျင့်ကြံသူ၈ဦးအပြင် လီပိုင်လည်း ပါဝင်လေရာ စုစုပေါင်း ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကျင့်ကြံသူ၉ဦးဖြစ်လေသည်။ ဒါက ဘယ်လိုတောင် ကြောက်ဖို့ကောင်းတဲ့အင်အားကြီးလဲ?

ပြည်ထောင်ခုနစ်ခုနဲ့ ချန်ခွမ်းအထွတ်အမြတ်ဘုံ ကောင်းကင်တာ့အိုမျိုးနွယ်စုရဲ့ မျိုးနွယ်စုခွဲကြီး၅ခုတောင်မှ ဒီလောက်ကြောက်ဖို့ကောင်းတဲ့အင်အားမျိုး ရှိကြလိမ့်မှာမဟုတ်ဘူး!

မင်ကုန်းတို့အုပ်စုနှင့် မင်းသားကြီးသည်လည်း တောင့်ခဲသွားကြသည်။ သူတို့သည် မထိန်းချုပ်နိုင်စွာတုန်ယင်နေကြလျက် ဝမ်ဖုန်းကိုကြည့်နေသော အကြည့်တို့မှာလည်း မယုံကြည်နိုင်ခြင်းများ ပြည့်နှက်နေလေသည်။

မင်းသားကြီး၏ အေးစက်သောနှလုံးအိမ်သည် အပြင်းအထန်တုန်ခါနေသည်မှာ ပေါက်ကွဲထွက်တော့မည့်အလားပင်။ ရှန်ရှန့်ကျုံဂိုဏ်း၏အင်အားကို မြင်တွေ့လိုက်ရသည်တွင် မင်းသားကြီးသည် စိတ်ပျက်အားလျော့သွားခဲ့၏။ သူအလိုရှိသော ထီးနန်းပလ္လင်သည်လည်း ပို၍ဝေးကွာသွားခဲ့ပြီဟု ခံစားလိုက်ရလေသည်။

ခမည်းတော်မှ ခုခံဟန့်တားနိုင်စွမ်းမရှိစေရန် လှည့်ကွက်သုံးနိုင်သည့်တိုင် ရှန်ရှန့်ကျုံဂိုဏ်းသည် အဆိပ်ဆူးတစ်ချောင်းကဲ့သို့ သူ့ကိုထီးနန်းပလ္လင်နှင့် ဝေးကွာနေစေဦးမည်ဖြစ်သည်။

ရှန်ရှန့်ကျုံဂိုဏ်း၏အင်အား၊ ရှန်ရှန့်ကျုံဂိုဏ်းနှင့် လန်လင်း၏ဆက်ဆံရေးများအရ ခမည်းတော်မှ ဆုံးဖြတ်ချက်ချနေရန်ပင် မလိုအပ်လောက်ချေ။ လန်လင်းမှ ရည်ရွယ်ချက်ရှိလျှင် စန်းရိမင်းဆက်၏ အဆင့်မြင့်အရာရှိကြီးများသည်လည်း လန်လင်းကို ထောက်ပံ့ပေးကြမည်ပင်။

ရှန်ရှန့်ကျုံဂိုဏ်းသည် အလွန်အင်အားကြီးမား၏။ လန်လင်းနှင့်ရှန်ရှန့်ကျုံဂိုဏ်း၏ ဆက်ဆံရေးအရ လန်လင်း ထီးနန်းဆက်ခံလိုက်သည်နှင့်တစ်ပြိုင်နက် ရှန်ရှန့်ကျုံဂိုဏ်းသည် စန်းရိမင်းဆက်နှင့် တင်းတင်းကျပ်ကျပ်ချည်နှောင်ထားသည့် ဆက်ဆံရေးဖြစ်သွားမည်ပင်။

“ဘယ်လို… ဘယ်လိုဖြစ်နိုင်မှာလဲ?”

ရွှမ်းယွမ်နှင့်အခြားသူများမှ ထုတ်လွှတ်သော ကြောက်မက်ဖွယ်အရှိန်အဝါကြောင့် မင်ကုန်း၏ဒေါသမှာ ဖိနှိပ်ခံလိုက်ရသည်။ မင်ကုန်းသည် မျက်လုံးအစုံပြူးကျယ်လျက် မယုံကြည်နိုင်စွာ ရေရွတ်၏။

အချိန်ခဏမျှ အံ့ဩထိတ်လန့်နေပြီးနောက် မင်ကုန်းသည် မဟာနတ်ဆိုးရွှမ်ရှနှင့် အခြားသူများ၏ ကျင့်ကြံမှုအခြေခံကို စေ့စေ့စပ်စပ် ထပ်မံခံစားကြည့်လိုက်သည်။ ထို့နောက် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ကြောက်ရွံ့နေရမည့်အစား လှောင်ရယ်လာပြန်သည်။

ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကျင့်ကြံသူ၉ဦး၏အင်အားသည် တကယ်ကို ကြောက်မက်ဖွယ်ကောင်းပါ၏။ မည်သည့်အင်အားစုပင်ဖြစ်စေ တုန်လှုပ်သွားစေရန်လုံလောက်သည်။

သို့သော် မင်ကုန်းတို့၏ဘက်၌ ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်ကျင့်ကြံသူ၄ဦးရှိသည်။ ရှန်ရှန့်ကျုံဂိုဏ်း၌မူ နှစ်ဦးသာလျှင် ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်အဆင့် ဖြစ်ကြလေသည်။ ကျန်၇ဦးမှာ ဧကရာဇ်နှလုံးသားအဆင့်များဖြစ်ကြသည်။ စန်းရိဧကရာဇ်၊ ပိုင်ဟုန်တို့နှင့် ပူးပေါင်းလျှင်သော်မှ သူတို့နှင့် တန်းတူညီရုံသာ ရှိပေမည်။

မျိုးနွယ်စုကြီးသုံးခုနှင့်ခန်းမဆောင်တစ်ခုတို့၏ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကျင့်ကြံသူများသည် ၉ဦးထက်ကျော်လွန်သည်။ အချို့သူများကို ပြင်ဆင်မထားခဲ့သည်သာရှိ၏။ ခြုံငုံလိုက်လျှင် မျိုးနွယ်စုကြီးသုံးခုနှင့်ခန်းမဆောင်ဘက်မှ အနိုင်ရနိုင်ချေ ပိုများပေသည်။

“ကျုပ် မင်းတို့ရှန်ရှန့်ကျုံဂိုဏ်းကို လျှော့တွက်ခဲ့မိတာ မှန်ပါတယ်။ ဒါပေမဲ့ မင်းတို့လောက်နဲ့ ကျုပ်တို့မျိုးနွယ်စုကြီးသုံးခုနဲ့ ခန်းမဆောင်‌တစ်ခု ပေါင်းစည်းထားတဲ့အင်အားကို အနိုင်မရနိုင်ဘူး!”

မင်ကုန်းသည် မျက်ထောက်နီကြီးများဖြင့် ဝမ်ဖုန်းကို စူးရဲစွာကြည့်လျက် လှောင်ရယ်၏။

ရွှမ်းယောင်နှင့်အခြားသူများသည် စကားမဆိုကြသော်ငြား မင်ကုန်းနည်းတူ လှောင်ရယ်နေကြသည်ပင်။ တကယ်တမ်းတွင် အရှင်သခင်ကန်း၏ အမိန့်ကြောင့်မဟုတ်ခဲ့လျှင် သူတို့သည် ရှန်ရှန့်ကျုံဂိုဏ်း၏အင်အားကို သိရှိပြီးသည်နှင့် ပြန်ဆုတ်သွားခဲ့မည်ဖြစ်၏။

အဆုံးသတ်တွင်တော့ မျိုးနွယ်စုကြီးသုံးခုနှင့်ခန်းမဆောင်သည် မည်မျှအင်အားကြီးမားသည်ဖြစ်စေ တိုက်ပွဲစတင်လိုက်သည်နှင့်တစ်ပြိုင်နက် ဆုံးရှုံးမှုသည် အကျိုးအမြတ်ထက် အများကြီးပိုလိမ့်မည်ဖြစ်၏။

သို့သော် အရှင်သခင်ကန်းသည် ကြီးမြတ်၏။ အရှင်သခင်ကန်း၏အမိန့်ကို ဆုံးရှုံးမှုကြီးမားလျှင်သော်မှ သေချာပေါက် လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။

All Chapters