← Chapters

ချောက်ချားဖွယ်နတ်ဘုရားသတ်ဖြတ်ခြင်း

Vol. 41 Ch. 575

ချောက်ချားဖွယ်နတ်ဘုရားသတ်ဖြတ်ခြင်း

Vol. 41 Ch. 575

Translator - Hsue Htet

ဘုန်း!

မင်ကုန်း၏စကားအဆုံး၌ စွမ်းအင်ချက်ချင်း ဖြာထွက်လာသည်။ မင်ကုန်းသည် ဒဏ်ရာအပြင်းအထန်ရထားသော်ငြား သူ၏စွမ်းအင်ဖြာထွက်မှုသည် နေရာရှိလူများကို တုန်လှုပ်စေနိုင်ဆဲဖြစ်၏။

မင်ကုန်းသည် လက်ကိုမြင့်မြင့်ပင့်မြှောက်၍ ကောင်းကင်ကို သယ်ပိုးထားသည့်ဟန်ပြုလိုက်ရာ အနီးဝန်းကျင်ရှိ ကောင်းကင်ဘုံနှင့်ကမ္ဘာမြေ၏စွမ်းအင်များသည် မင်ကုန်းထံ စုဝေးလာကြသည်။ သေချာပေါက် ဗလာနတ္ထိဖြစ်သော်ငြား ကမ္ဘာလောကတစ်ခုလုံးကို သယ်ဆောင်းထားဟန်လည်းရှိနေပြန်သည်။ လှုပ်ရှားမှုတစ်ချက်စီတိုင်းတွင် လေဟာပြင်သည် ဆုတ်ပြဲသွား၍ ဧရာမတွင်းနက်ကြီးဖြစ်တည်လာခဲ့သည်။

“မရဏတူ!”

မင်းကုန်း အသံနိမ့်ကြိမ်းဝါးလိုက်ရာ သူ၏လက်မှ မရဏ၏မီးခိုးရောင်အက္ခရာများ ကြွထွက်လာပြီး တောင်တစ်လုံးသဏ္ဍာန်အဖြစ်သို့ စုဝေးသွားသည်။ မင်ကုန်း၏လက်လှုပ်ရှားမှု၌ တဝေါဝေါတိုက်ခတ်သောလေပြင်းသည် မုန်တိုင်းတိုက်ခတ်သည်ကဲ့သို့ အနှိုင်းမဲ့ပြင်းထန်စွာ ‌တိုက်ခတ်တော့သည်။

မီးခိုးရောင်မရဏတောင်သည် ကောင်းကင်နှင့်နေအလင်းကို ကာဆီးသွားခဲ့ပြီး မဟာနတ်ဆိုးရွှမ်ရှတို့ရှိရာ တည်နေရာကို ချိပ်ပိတ်လိုက်သည်။ မရဏတောင်၏ ရိုက်ခတ်မှုကိုခံလိုက်ရလျှင် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကျင့်ကြံသူဖြစ်လျှင်သော်မှ ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်အသက်စွမ်းအားသည် ကြောက်မက်ဖွယ်မိစ္ဆာကြီး၏ သက်ရောက်မှုကို ခံလိုက်ရမည်ဖြစ်သည်။ မရဏ၏အဓိပ္ပာယ်ဟူသည် နင်းခြေဖျက်ဆီးခြင်းပေတည်း။

တစ်ပြိုင်နက်တည်းပင် ရွှမ်း‌‌ယောင်နှင့်အခြားသူများသည်လည်း စွမ်းအင်ဖြာထွက်ထုတ်လွှတ်ကြသည်။ ကြီးကျယ်ခမ်းနားသောစွမ်းအင်များ ဖြာထွက်လာခဲ့ကာ ကျယ်ပြောသောကောင်းကင်ပြင်ကို တုန်ခါစေလျက် မဟာနတ်ဆိုးရွှမ်ရှတို့ကို စတင်တိုက်ခိုက်သည်။

ဘုန်း!

မဟာနတ်ဆိုးရွှမ်ရှတို့သည် ကြောက်ရွံ့ခြင်းအလျဉ်းမရှိကြ။ ကြောက်ခမန်းလိလိသော ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်စွမ်းအင်များကို အပြည့်အဝထုတ်လွှတ်ကြသည်။

တောက်ပသောဓားစွမ်းအင်ဖြင့် လီပိုင်သည် ဓားနတ်ဘုရားကဲ့သို့ မင်ကုန်းကို ဦးတည်တိုက်ခိုက်သည်။ အေးစက်‌ေသာ မျက်နှာအမူအရာဖြင့် ဓားနယ်ပယ်ကြီးတစ်ခုကို သယ်‌ပိုးထားသည့်အလား ဓားစွမ်းအင်သည် သူ၏ခန္ဓာကိုယ်တစ်လျှောက် လွှမ်းခြုံစီးဆင်းနေသည်။ သူ၏ထက်ရှသောဓားသွားအောက်၌ ကမ္ဘာလောကကြီးပင် ပျက်စီးသွားလိမ့်မည်ဟု ထင်မှတ်ရလေသည်။

ဘုန်း!

မင်ကုန်းတို့၏စွမ်းအင်များသည် လီပိုင်တို့၏စွမ်းအင်များနှင့် ထိခတ်သွားကြသည်။ အဆုံးမဲ့စွမ်းအင်လှိုင်းများ အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားပြီး လောကတစ်ခွင်သာမက စကြဝဠာကြီးကိုပင် သက်ရောက်မှုကြီးမားစေခဲ့သည်။ ကမ္ဘာလောကရှိ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အထက်ရှိ မည်သည့်ကျင့်ကြံသူဖြစ်စေ ဤကြောက်မက်ဖွယ်သက်ရောက်မှုကို ခံစားသိနိုင်ပေသည်။

စန်းရိမင်းဆက်၏ ဧကရာဇ်နယ်ပယ်ကျင့်ကြံသူ၆ဦးသည်လည်း တုန်လှုပ်သွားကြ၍ ရွှေရောင်အလင်းတောက်သော မျက်လုံးအစုံတို့ဖြင့် လေဟာပြင်ထက်သို့ ရုတ်ချည်းပျံသန်းလာကြသည်။ သူတို့၏မျက်လုံးအစုံတို့မှာ အတားအဆီးအလွှာများစွာကို ကျော်ဖြတ်၍ တိုက်ပွဲနေရာကို တွေ့မြင်နေနိုင်သည့်အလားပင်။

စန်းရိမြို့တော်အပြင်ဘက်၌ မိုးခြိမ်းသံကဲ့သို့ မြည်ဟိန်းသံကြီးများ မဆက်မပြတ် ပဲ့တင်ထပ်နေသည်။ စန်းရိမြို့တော်ကျင့်ကြံသူများမှာ နားစည်များ အလွန်အမင်းနာကျင်လျက် ဝိဉာဉ်များ ပြိုကွဲတော့မည့်အလား ခံစားနေရပေသည်။

ပြင်းစွာသောစွမ်းအင်မုန်တိုင်းကြီး စန်းရိမြို့တော်ကို လွှမ်းခြုံသွားခဲ့သည်။ ကနဦး၌ လေဟာပြင်တွင်ရပ်နေခဲ့သော စန်းရိမင်းဆက်၏အထက်တန်းအရာရှိများစွာသည် စန်းရိမြို့တော်အတွင်းသို့ ဝင်ရောက်ပုန်းကွယ်ကြရသည်။ ဤကြောက်မက်ဖွယ်စွမ်းအင်မုန်တိုင်း၏ သက်ရောက်မှုကို စန်းရိမြို့တော်အကာအကွယ်စည်းကို မှီခို၍တောင့်ခံရန်သာ တတ်နိုင်ပေသည်။

လက်စွပ်ဝန်းထက်ရှိ လီချင်းကိုလည်း ဝမ်ဖုန်းမှ ပြန်လည်ခေါ်ဆောင်လိုက်သည်။ မင်ဟွမ်းတို့ကိုလည်း မင်ကုန်းတို့မှ ပြန်လည်ဆွဲထုတ်သွားကြသည်။ ဤတိုက်ပွဲအနေအထားသည် သူတို့လက်လှမ်းမီနိုင်သည့်အနေအထား မဟုတ်တော့ပေ။

မင်ကုန်းနှင့်လီပိုင်တို့ ထိပ်တိုက်တိုက်ခိုက်ကြပြီး မဟာနတ်ဆိုးရွှမ်ရှအပါအဝင် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲ၆ဦးသည် အင်အားပေါင်းစည်း၍ ရွှမ်းယောင်နှင့် ကျစ်ရှောင်းကို ရင်ဆိုင်တိုက်ခိုက်သည်။ ရွှမ်းယွမ်သည် နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမသခင်နှင့် တစ်ဦးချင်းတိုက်ခိုက်သည်။

ထိုအခိုက်အတန့်၌ ရွှမ်းယွမ်သည် အလွန်စိတ်လှုပ်ရှားနေ၏။ ရှန်ရှန့်ကျုံဂိုဏ်းသို့ ဝင်ရောက်ပြီးသည့်အချိန်ခဏတွင် ဤသို့စိတ်လှုပ်ရှားဖွယ်အရာမျိုးဖြင့် ကြုံတွေ့ရမည်ဟု မျှော်လင့်မထားခဲ့ပေ။

ကောင်းကင်ထက်တွင်ရပ်လျက် မီးဟုန်းဟုန်းတောက်သောမျက်လုံးအစုံဖြင့် နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်ကို ကြည့်နေ၏။ ခန္ဓာကိုယ်သည် အရှိန်အဝါတောက်ပစွာဖြင့် ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်စွမ်းအင်သည် ‌အနားသတ်လေးထောင့်၌ တုန်ရီစောင့်ဆိုင်းနေလျက်ရှိသည်။

“သတ်!”

ရွှမ်းယွမ်၏ တောက်လောင်နေသောအကြည့်များကြောင့် နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်သည် မျက်မှောင်ကြုတ်လိုက်ပြီး အလွန်တရာကြမ်းရှသောအသံဖြင့် ကြုံးဝါးသည်။

အသံအဆုံး၌ နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်သည် နေရာမှ အစအနမကျန် ပျောက်ဆုံးသွားပြီး ထိုနေရာတွင် ဘယ်တုန်းကမှ ရှိမနေခဲ့ဖူးသည့်အတိုင်း သတ်ဖြတ်လိုခြင်းအငွေ့အသက်လေးပင် မကျန်ရစ်ခဲ့ချေ။

“လူသတ်သမားလား? စိတ်ဝင်စားစရာပဲ”

ရွှမ်းယွမ်သည် စိုးထိတ်သွားမည့်အစား ပို၍ပင် စိတ်ဝင်တစားရှိလာခဲ့၏။ ခပ်ဖျော့ဖျော့ရေရွတ်၍ လက်ကိုဆန့်ထုတ်ဝှေ့ယမ်းလိုက်သည်။ လက်ဖဝါးထက်၌ တောက်ပသောဘုရားရုပ်တုသဏ္ဍာန်ထွက်ပေါ်လာခဲ့သည်။

ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့်အကူပစ္စည်း လင်းလုံဘုရားရုပ်တု၌ ချိပ်ပိတ်ဖိနှိပ်နိုင်သည့်စွမ်းရည်ရှိသည်။

ရွှမ်းယွမ်သည် နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင် ပျောက်ကွယ်သွားသည်ကို အရေးမစိုက်ဘဲ သူ၏ခန္ဓာကိုယ်တွင်းစွမ်းအင်များကို လက်ဖဝါးထက်ရှိ လင်းလုံဘုရားရုပ်တုထဲသို့ စီးဆင်းစေလိုက်သည်။ လင်းလုံဘုရားရုပ်တုသည် ပို၍စူးရှတောက်ပလာ၏။

ရှပ်!

လင်းလုံဘုရားရုပ်တု အနည်းငယ်တုန်ခါလာပြီး တောက်ပသောအလင်းတန်းတစ်ခု ဖြာထွက်လာသည်။ ထို့နောက် ရုပ်တုသည် အထက်သို့ဈာန်ပျံတက်သွားပြီး အလင်းတန်းသည် ထိုအထက်မှအောက်သို့ စန်းရိမြို့တော်တစ်ခုလုံးကို ဖြာကျဖုံးလွှမ်းသည်။

အလင်းတန်းဖြင့်ဖုံးလွှမ်းပြီးနောက် ကမ္ဘာလောကသည် ရွှံ့ဗွက်အိုင်တစ်ခုကဲ့သို့ လေဟာပြင်သည် တွန့်လိမ်ပုံပျက်လာသောကြောင့် လူများမှာ လမ်းလျှောက်ရန်ပင် ခက်ခဲလာသည်ဟု ခံစားလို့က်ရသည်။

လေဟာပြင်ကို ဖြတ်သန်းသွားလာသည့် လျှို့ဝှက်နည်းလမ်းကို အသုံးပြုနေသော နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်သည် ထိုကြောက်မက်ဖွယ်ဖိနှိပ်စွမ်းအားကို ခံစားမိသည်တွင် ရုတ်ချည်း မျက်နှာအမူအရာပြောင်းလဲသွားရသည်။ နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်သည် အံတင်းတင်းကြိတ်၍ ထိုဖိနှိပ်စွမ်းအင်ကိုတွန်းလှန်ပြီး ရွှမ်းယွမ်ကို လုပ်ကြံသတ်ဖြတ်နိုင်မည့်အခွင့်အရေးကို ဆက်လက်ပုန်းကွယ်ရှာဖွေသည်။

နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်သည် အမှောင်ထုထဲတွင် ပုန်းကွယ်နေသည့် အဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ ရွှမ်းယွမ်သို့ အသတ်နုတ်ယူမည့်တိုက်ကွက်ကို အချိန်မရွေးပစ်သွင်းနိုင်ရန် အသင့်ပြင်နေခဲ့သည်။

“အတော်လေးစိတ်ရှည်သားပဲ”

“ချန်ခွမ်းအထွတ်အမြတ်ဘုံမှာ လုပ်ကြံသတ်ဖြတ်ရာမှာကျွမ်းကျင်သူရှိလိမ့်မယ်လို့ မျှော်လင့်မထားမိဘူးပဲ။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ မင်းသတ်ဖြတ်ရမယ့်သူက ငါရွှမ်းယွမ်သခင်ငယ်‌လေး ဖြစ်နေတော့ မင်းရဲ့လုပ်ကြံသတ်ဖြတ်မှုက အရာထင်နိုင်မှာမဟုတ်တော့ဘူး”

လင်းလုံဘုရားရုပ်တု၏စွမ်းအင်သက်ရောက်မှုအောက်တွင်လည်း နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်သည် ဆက်လက်ပုန်းကွယ်နေနိုင်ဆဲဖြစ်သည်ကို မြင်သောအခါ ရွှမ်းယွမ်သည် အနည်းငယ်အံ့အားသင့်သွား၍ နောက်ပြောင်ပြောဆို၏။

စကားဆုံးသည်နှင့် ရွှမ်းယွမ် လက်ကိုထပ်မံဝှေ့ယမ်းလိုက်သည်။ ထို့နောက် လက်ဖဝါးထက်တွင် ရိုးရှင်းသည့်စည်းတံဆိပ်တစ်ခု ထွက်ပေါ်လာပြန်သည်။ ထိုစည်းတံဆိပ်ထံမှ အရောင်မဲ့အနံ့ပြင်းသော အလင်းတန်းများ တောက်ပလာပြီး လင်းလုံဘုရားရုပ်တု၏အလင်းတန်းနှင့် ရောယှက်သွားသည်။ သို့ဖြင့် ဤကမ္ဘာလောကသည် အနည်းငယ်မျှ စိတ်ကူးယဉ်အိပ်မက်ဆန်ဆန်အဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။

ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အကူပစ္စည်း ချင်လျန်ကောင်းကင်ချိပ်ပိတ်စည်းတံဆိပ်သည်လည်း ချိပ်ပိတ်ဖိနှိပ်နိုင်သည့်စွမ်းရည်ရှိ၏။ သို့သော် စွမ်းဆောင်ရည်သည် လင်းလုံဘုရားရုပ်တုထက် ပိုမို‌အားကောင်းသည်။

ရွှမ်းယွမ်၏တိုက်တွန်းမှုဖြင့် ချင်လျန်ကောင်းကင်ချိပ်ပိတ်စည်းတံဆိပ်သည် စူးရှတောက်ပသော အရောင်မဲ့အလင်းများ‌ဖြာထွက်လာကာ ရွှမ်းယွမ်၏ခန္ဓာကိုယ်ကို ရုတ်ချည်းလွှမ်းခြုံသွားသည်။ စည်းတံဆိပ်၏ ကြောက်ခမန်းလိလိသော ဖိနှိပ်စွမ်းအင်သည် လောကတစ်ခွင်ကို ဖုံးလွှမ်းသွားသည်။

ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အကူပစ္စည်းနှစ်ခု၏ ဖိနှိပ်မှုအောက်၌ ရွှမ်းယွမ်တည်ရှိရာကမ္ဘာလောကသည် အချိန်ကာလံဒေသံတို့ ရပ်တန့်သွားသည်ကဲ့သို့ စီးဆင်းလှုပ်ရှားနေသည့်အရိပ်အယောင် တစ်စိုးတစ်စမျှ မရှိတော့ပေ။

ရှပ်!

ကြောက်ခမန်းမန်းလိလိသော ဖိနှိပ်စွမ်းအင်အောက်၌ ပုန်းကွယ်၍အခွင့်ကောင်းစောင့်ဆိုင်းနေသည့် နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်သည်လည်း မျက်နှာအမူအရာပြောင်းလဲသွားရသည်။

သူ၏စက်ဆုပ်ဖွယ်သော ပုန်းအောင်းတိုက်ခိုက်သည့်နည်းလမ်းသည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အကူပစ္စည်းနှစ်ခုနှင့် ရင်ဆိုင်ရသောအခါ အကျိုးသက်ရောက်မှုစိုးစဉ်းမျှ မရှိတော့ချေ။

“ဘယ်လို… ဘယ်လိုဖြစ်နိုင်မှာလဲ?”

‌အမည်းရောင်ဦးဆောင်းအောက်ရှိ နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်၏ မျက်နှာအမူအရာသည် အနည်းငယ်တုန်လှုပ်သွားလျက် ရွှမ်းယွမ်ကို မယုံကြည်နိုင်စွာကြည့်နေသည်။ ရွှမ်းယွမ်၌ ဖိနှိပ်ခြင်းစွမ်းရည်ကိုပိုင်ဆိုင်သည့် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အကူပစ္စည်းနှစ်မျိုး ရှိနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ ချိပ်ပိတ်ဖိနှိပ်ခြင်းစွမ်းရည်ရှိ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အကူပစ္စည်းနှစ်ခုသည် ချန်ခွမ်းအထွတ်အမြတ်ဘုံ၏ နံပါတ်တစ်လူသတ်သမားကို အသုံးမကျသည့်လူတစ်ယောက်ကဲ့သို့ ဖြစ်စေခဲ့သည်။

All Chapters