ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အကူပစ္စည်းများကြောင့် ပျက်စီးရ
Vol. 41 Ch. 576
Translator - Hsue Htet
ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အကူပစ္စည်းဟူသည် ချန်းခွမ်းအထွတ်အမြတ်ဘုံလောကတွင် ရှားပါးလှသည့်ရတနာဖြစ်သည်။
ပြည်ထောင်ကြီးခုနစ်ခု၌ပင် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အကူပစ္စည်းနှစ်ခုသာရှိသည်။ နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်ဖြစ်ေသာ မိမိတွင်လည်း နတ်ဘုရားသတ်ဖြတ်ခြင်းဓားရှည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အကူပစ္စည်းတစ်ခုသာရှိ၏။
တစ်ဦးတည်းဖြင့် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အကူပစ္စည်းနှစ်ခုကို ပိုင်ဆိုင်ထားသော ရွှမ်းယွမ်သည် ချန်ခွမ်းအထွတ်အမြတ်ဘုံအတွက်မူ အလွန်တရာထူးခြားသည့်လူတစ်ဦး ဖြစ်ပေသည်။
ခုနစ်ပြည်ထောင်၌ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အကူပစ္စည်းနှစ်ခုရှိသော်ငြား ခုနစ်ပြည်ထောင်၏အရှင်သခင်များသည် အသုံးပြုခွင့်မရှိကြပေ။ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အကူပစ္စည်းများသည် တိုက်ပွဲအတွင်းတွင် နောက်ခံတည်ရှိမှုကြီးနှင့် ညီမျှသည်။ ထို့ကြောင့် ပုံမှန်အားဖြင့် ထုတ်ယူမသုံးစွဲဝံ့ကြပေ။
ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အကူပစ္စည်းနှစ်ခုကို ပေါ့ပေါ့ပါးပါးပစ်ထုတ်သုံးစွဲခြင်းသည် နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်၏အမြင်၌မူ အလွန်အကျွံသုံးဖြုန်းခြင်းဖြစ်၏။
အလွန်အကျွံသုံးဖြုန်းနိုင်သောကြောင့် နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်မိမိမှာ မနာလိုအားကျမိရလေသည်။
အံ့အားသင့်နေသည့် နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်ကို မြင်သောအခါ ရွှမ်းယွမ် ခပ်ဟဟရယ်မောလိုက်သည်။
ကြည့်ရသည်မှာ ဤလိပ်လိုကောင်သည် ချမ်းသာကြွယ်ဝ၍ အင်အားကြီးမားခြင်းဟူသည် အဘယ်ခံစားချက်မျိုးဖြစ်သည်ကိုပင် စိတ်ကူးယဉ်မကြည့်နိုင်လောက်ပေ!
နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်ကို လှည့်ဖျားဆော့ကစားရန်အတွက် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အကူပစ္စည်းများကို တမင်ရည်ရွယ်၍ ထုတ်ယူသုံးစွဲပြခဲ့သည်ကို ပြန်ပြောင်းတွေးတောကာ ရွှမ်းယွမ် သက်ပြင်းတစ်ချက်ရှူထုတ်၍ ခေါင်းခါရမ်းလိုက်သည်။
ငါရွှမ်းယွမ်သခင်လေးက ကိုယ့်ကိုယ်ထင်ပေါ်ဖို့ ဘယ်တုန်းကများ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အကူပစ္စည်းတွေကို မှီခိုရဖူးလို့လဲ?
ရွှမ်းယွမ်သည် ရှန်ရှန့်ကျုံဂိုဏ်းဝင်အဖြစ်သို့ ရောက်ရှိခဲ့ရသည့် တဒင်္ဂသာလျှင် မှီခိုခဲ့သည်ဟုသတ်မှတ်နိုင်၏။ ယခု၌ ရှန်ရှန့်ကျုံဂိုဏ်းသို့ ဝင်ရောက်ခဲ့ပြီးဖြစ်ရာ ရှန်ရှန့်ကျုံဂိုဏ်းအတွက် စဉ်းစားတွေးတောပေးရမည်ပင်။
ထိုအတွေးဖြင့် ရွှမ်းယွမ်၏မျက်နှာထက်၌ ထူးဆန်းအပြုံးတစ်ခု ဖြစ်တည်လာ၏။ ထို့နောက် လက်ကိုထပ်မံဝှေ့ယမ်းလိုက်ရာ ဦးခေါင်းထက်၌ တစ္ဆေနှင့်နတ်ဘုရားများ၏သွေးအကာအကွယ် ထွက်ပေါ်လာခဲ့သည်။ နီရဲတောက်ပသောသွေးနီရောင်သည် လေကတစ်ခွင်ကို ယိမ်းယိုင်သွားစေပြီး အခြားသောပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အကူပစ္စည်းနှစ်ခုနှင့် ယှက်နွယ်သွားသည်။
တစ္ဆေနှင့်နတ်ဘုရားများ၏သွေးအကာအကွယ်ထွက်ပေါ်လာပြီးနောက်၌ ချိပ်ပိတ်ဖိနှိပ်စွမ်းရည်နှစ်ခု၏အင်အားသည် ပို၍ကြောက်မက်ဖွယ်ကောင်းလာသောကြောင့် နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်သည်လည်း အဆက်မပြတ်တုန်ယင်လာရ၏။
ဤအားကောင်းသောဖိနှိပ်စွမ်းအင်နှစ်ခုသည် နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်ကို အမှန်တကယ်ထိတ်လန့်မသွားစေနိုင်ပါ။ သူ၏စွမ်းအင်ကို အနည်းငယ်သက်ရောက်မှုရှိခဲ့သော်ငြား လုပ်ကြံသတ်ဖြတ်ရာတွင်ကျွမ်းကျင်သူဖြစ်သည့် သူ့အတွက်မူ ထိုသက်ရောက်မှုသည် ထူးခြားဆန်းကြယ်လွန်းလှသည်မဟုတ်ပေ။
နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်ကို တုန်လှုပ်စေသည့်အကြောင်းရင်းမှာ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အကူပစ္စည်းများကို ဘာမျှတန်ဖိုးမရှိသည့်ပစ္စည်းများကဲ့သို့ တစ်ခုပြီးတစ်ခုပစ်ထုတ်သုံးစွဲနေသည့် ရွှမ်းယွမ်၏အပြုအမူပင်ဖြစ်သည်။
မိမိတစ်ဦးတည်းမှ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အကူပစ္စည်းသုံးခု ပိုင်ဆိုင်ထားရသည့်ခံစားချက်ကို ခံစားကြည့်ချင်လှသည်။
နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်သာမက တစ်ဖက်တွင် တိုက်ခိုက်နေကြသည့် မင်ကုန်းနှင့်အခြားသူများသည်လည်း ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အကူပစ္စည်းများ၏ အရှိန်အဝါကို ခံစားမိသောကြောင့် အံ့အားသင့်နေကြပေသည်။
စန်းရိဧကရာဇ်ပင်လျှင် ရွှမ်းယွမ်ကို ကြည့်လာခဲ့လေသည်။
နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်၏ အံ့အားတုန်လှုပ်နေမှုကို မြင်သောအခါ ရွှမ်းယွမ်ခေါင်းခါရမ်းလျက် စိတ်ပျက်သည့်မျက်နှာအမူအရာသို့ ပြောင်းလဲသွားသည်။
သည်းမခံနိုင်တော့ဘူးလား? ဒီလောက်လေးပဲ ပြရသေးတာကိုလေ? ဘယ်လိုလုပ်ပြီး ငါရွှမ်းယွမ်သခင်လေးမှာ ပိုင်ဆိုင်မှုဒီလောက်ပဲရှိမှာလဲလို့!
ရှပ်!
ရွှမ်းယွမ် လက်ကိုဝှေ့ယမ်းလိုက်သည်။ သူ၏ဦးခေါင်းထက်တွင် ရွှေရောင်တောက်ပသည့် နာရီသဏ္ဍာန်တစ်ခုထွက်ပေါ်လာပြီး ၎င်းရွှေရောင်အလင်းတန်းများသည် အထက်မှအောက်သို့ဖြာကျလွှမ်းမိုးသွားလေရာ ဖိနှိပ်စွမ်းအင်သည် တစ်ဟုန်ထိုးထပ်မံတိုးတက်သွားပြန်သည်။
ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အကူပစ္စည်းလေးခု၏ ဖိနှိပ်မှုအောက်၌ နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်သည် မိမိ၏ခန္ဓာကိုယ်နစ်မွန်းနေသည်ကို သိသိသာသာခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်တွင်းစွမ်းအင်များ စီးဆင်းမှုသည် ချောမွေ့မနေတော့ပေ။
သို့သော် ထိုအခိုက်အတန့်၌ နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်သည် သူ၏အခြေအနေကို ဂရုမစိုက်တော့ပေ။ မျက်လုံးအိမ်ပြူးကျယ်လျက် ရွှမ်းယွမ်၏ဦးခေါင်းထက်တွင် ဝဲလွင့်နေသော ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အကူပစ္စည်းလေးခုကို စိုက်ကြည့်နေ၏။ ထို့နောက် စကားတစ်စုံတစ်ရာ ပြောချင်သော်ငြား ပြောထွက်မလာခဲ့ချေ။
“အကူပစ္စည်း၅ခု…!”
“၆ခု…!”
“...!”
ရွှမ်းယွမ်သည် လက်ကိုတစ်ကြိမ်ပြီးတစ်ကြိမ်ဝှေ့ယမ်းလျက် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အကူပစ္စည်းများကို ဆက်တိုက်ထုတ်ယူသုံးစွဲနေသည်။ ၎င်းပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အကူပစ္စည်းများသည် တန်ဖိုးမဲ့ပစ္စည်းများအလား ရွှမ်းယွမ်၏ဦးခေါင်းထက်တွင် တစ်ခုပြီးတစ်ခုထွက်ပေါ်လာသည်။ ပို၍ထိတ်လန့်ဖွယ်အချက်မှာ ရွှမ်းယွမ်ထုတ်ယူသုံးစွဲသည့် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အကူပစ္စည်းတိုင်းသည် ချိပ်ပိတ်ဖိနှိပ်စွမ်းအင်ရှိနေခြင်းဖြစ်သည်။
ရွှမ်းယွမ်၏ဦးခေါင်းထက်၌ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အကူပစ္စည်း၁၀ခု ဝဲလွင့်နေပြီး ကြောက်မက်ဖွယ်ဖိနှိပ်စွမ်းအင်သည် လောကတစ်ခွင်ကို လေးလံတင်းကြပ်နေစေသည်။ ထိုဖိနှိပ်စွမ်းအင်သည် လူကို အသက်သေဆုံးသည်အထိ ဖိနှိပ်နိုင်စွမ်းပြီး လူတို့မှာ ခုခံနိုင်စွမ်း မရှိနိုင်ပါချေ။
ရွှမ်းယွမ် တစ်ဖန် လက်ဝှေ့ယမ်းလိုက်ပြန်သည်။ အခြားသော ချိပ်ပိတ်ဖိနှိပ်စွမ်းအင်ရှိ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အကူပစ္စည်းတစ်ခုလည်း ပေါ်ထွက်လာပြန်သည်။ စုစုပေါင်း ၁၁ခုရှိသွားခဲ့လေပြီ။ နေရာရှိလူအားလုံးမှာ တောင့်ခဲလျက် ရွှမ်းယွမ်ကို ကြောင်အ,စွာ ကြည့်နေကြတော့သည်။
ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အကူပစ္စည်း၁၁ခု၏ ရောင်ဝါသည် အလွန်တောက်ပလွန်းသောကြောင့် ကြည့်ရှုသူများမှာ မျက်လုံးကန်းသွားတော့မည့်အလား ခံစားရပေသည်။
“ဘယ်လို.. ဘယ်လိုဖြစ်နိုင်မှာလဲ?”
နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်၏ နှုတ်ခမ်းမှ မယုံကြည်နိုင်သည့်စကားသံ ထွက်ပေါ်လာသည်။ သူ၏တုန်ယင်နေသည့်အသံသည် လူအပေါင်းကို အသိစိတ်ပြန်ကပ်သွားစေခဲ့၏။
ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အကူပစ္စည်း ၁၁ခု!
ကနဦး၌ နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်၏အင်အားသည် ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်ကျင့်ကြံသူကို ကြောက်ရွံ့တုန်လှုပ်စေနိုင်စွမ်းသည်။ သို့သော် ရွှမ်းယွမ်သည် သူ၏တုနှိုင်းမဲ့သော ချမ်းသာကြွယ်ဝမှုကို အသုံးချ၍ နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်ကို ဖိနှိပ်နိုင်ခဲ့သည်။
သေချာပေါက်ပင် ရွှမ်းယွမ်သည် ဧကရာဇ်ဘိုးဘေးအထွတ်အထိပ်ကျင့်ကြံသူဖြစ်သောကြောင့် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အကူပစ္စည်း၁၁ခုကို အသုံးပြုနိုင်ခြင်းဖြစ်၏။ သို့မဟုတ်ပါက ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အကူပစ္စည်းတစ်ခုသည် အသုံးပြုသူ၏အင်အားကို စုပ်ယူပစ်နိုင်ပေသည်။
“နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင် ဟုတ်စ? ခင်ဗျားရဲ့ခုပုံစံက နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်လို့ခေါ်ဖို့ ထိုက်တန်ရဲ့လား?”
ရွှမ်းယွမ်သည် အထင်မြင်သေးသည့်အပြုံးဖြင့် တုန်လှုပ်နေသည့် နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်ကို ပြောလိုက်သည်။ ထို့နောက် ရုတ်တရက် လက်ဝှေ့ယမ်းလိုက်ရာ နေရာရှိလူအားလုံးမှာ ထိတ်လန့်သွားကြရသည်။ ရွှမ်းယွမ်မှ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အကူပစ္စည်း နောက်တစ်ခုထုတ်ယူလာမည်ကို စိုးထိတ်သွားကြခြင်းပင်။
မကြာမီက ရွှမ်းယွမ်မှ လက်ဝှေ့ယမ်း၍ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အကူပစ္စည်းများကို ထုတ်ယူခြင်းသည် အိပ်မက်ဆိုးကြီးကဲ့သို့ နေရာရှိလူတိုင်း၏စိတ်နှလုံး၌ စွဲထင်ရစ်ခဲ့သည်။ ထို့ကြောင့် ကျင့်ကြံသူများသည် ရွှမ်းယွမ် လက်ဝှေ့ယမ်းမည်ကို ထိတ်လန့်နေကြလေသည်။
ဘုန်း!
သို့သော် ရွှမ်းယွမ်သည် နောက်ထပ် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အကူပစ္စည်းများ ထုတ်ယူမလာတော့ချေ။ သူ့၌ အကူပစ္စည်းများ ကျန်ရှိနေသေးပါ၏။ သို့သော် သူ၏ကျင့်ကြံမှုအခြေခံကို ချိပ်ပိတ်ထားသည်ဖြစ်ရာ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အကူပစ္စည်း ၁၁ခုဟူသည် သူ၏လက်ရှိအင်အားဖြင့်သုံးစွဲနိုင်သည့် အများဆုံးပမာဏသို့ ရောက်ရှိနေခဲ့လေပြီ။ ထို့ပြင် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အကူပစ္စည်းတစ်ခုဖြင့်သော်မျှ နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်ကို သတ်ဖြတ်နိုင်ပါ၏။
ရွှမ်းယွမ်၏လှုံ့ဆော်မှုကြောင့် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အကူပစ္စည်း၁၁ခုသည် အလင်းများစူးရှတောက်ပသွားသည်။ စက်ဝန်းသဏ္ဍာန်ဝန်းရံထားသည့် အကူပစ္စည်း၁၁ခုသည် တောက်ပသောနေလုံးကြီးကဲ့သို့ ကြောက်ခမန်းလိလိသော ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အရှိန်အဝါများသည် လောကတစ်ခွင်သို့ ပျံ့နှံ့လွှမ်းခြုံသွားသည်။
တုနှိုင်းမဲ့သော ဖိနှိပ်စွမ်းအင်သည်လည်း လောကတစ်ခွင်ကို လွှမ်းခြုံသွားခဲ့သည်။
ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အကူပစ္စည်း၁၁ခုသည် ရုတ်ချည်းအရွယ်အစားကြီးမားလာပြီး ပေတစ်သောင်းထိတိုင် ကြီးမားလာခဲ့သည်။
လေဟာပြင်သည် ၎င်းဖိနှိပ်စွမ်းအင်အောက်၌ ပြိုကွဲသွား၏။ ကြောက်ခမန်းလိလိသော ဖိနှိပ်စွမ်းအင်သည် နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်ကို လေဟာပြင်ထက်တွင် ဒူးထောက်ကျသွားစေသည်။
“မဟုတ်ဘူး!”
နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်သည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အကူပစ္စည်း၁၁ခုကို စူးရဲစွာကြည့်လျက် ကြိမ်းဝါးအော်ဟစ်လာ၏။ သူ၏မျက်နှာအမူအရာမှာ မလိုလားမှုများ ပြည့်လျှံနေပေသည်။
မိမိမှာ တစ်နေ့တွင် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အကူပစ္စည်းများကြောင့် ပျက်စီးကိန်းဆိုက်ရောက်လိမ့်မည်ဟု ဘယ်သောအခါမှ မျှော်လင့်မထားခဲ့ပါချေ။