Grant မိသားစု
Vol. 1 Ch. 24
Grant မိသားစု အစေခံအဆောက်အဦး၏ ဒုတိယထပ်တွင်
Ace သည် သူ့ထက်အသက်ပိုမကြီးသော ကောင်လေးများကို ပြင်းထန်သည့်ဒါဏ်ရာများနှင့် ဘဝမဲ့နေသည်အား တွေ့လိုက်ရသည်။ သူ့နှလုံးသားထဲမှနေ၍ အလွန်ပြင်းထန်သော ရက်စက်မှုကို ခံစားလိုက်ရပြီး ထိုကောင်လေးများအတွက် တရားမျှတမှုကို ရယူပေးချင်သွားသော်လည်း သူသည် လုံလောက်စွာ သန်မာမှုမရှိပေ။
ဤအရာသည် သန်မာမှုသည်သာ အဓိကဖြစ်သော ကျင့်ကြံခြင်းလောက၏ အစစ်အမှန်မျက်နှာပင် ဖြစ်လေသည်။
Ace ဒေါသများကို မြိုသိပ်လိုက်ကာ ဒုတိယထပ်၏ အတွင်းပိုင်းစီသို့ လျှောက်သွားလိုက်သည်။ တံခါးမရှိသော အခန်းတစ်ခန်းစီတိုင်းတွင် ကောင်လေးနှစ်ယောက်စီရှိ၏။ သူတို့၏ အသက်မဲ့နေသော မျက်လုံးများသည် Ace ကို တွေ့သည့်အခါ မည်သည့်တုံ့ပြန်မှုမှ မရှိပေ။ အဘယ်ကြောင့်ဆိုသော် နေ့စဥ် ‘လေ့ကျင့်ရေးအဖော်’အသစ်များ ရောက်ရှိလာတာကြောင့်ပင်။ ထို့ကြောင့် Ace နှင့်ပတ်သတ်၍ အများကြီး မတွေးခဲ့ကြပေ။ Ace သည် နောက်ထပ် ကံမကောင်းသောကောင်လေးတစ်ယောက်သာ ဖြစ်ရမည်။
Grant မိသားစုသည် ထိုကောင်ငယ်လေးများကို စွန့်ပစ်နယ်မြေမှ ဖမ်းယူလာခဲ့ခြင်းပင်။ စွန့်ပစ်နယ်မြေသည် လူသားများနေထိုင်သော တိုက်ကြီးတစ်ခုလုံးတွင် အဆင့်အနိမ့်ဆုံးနယ်မြေဖြစ်ပေသည်။ ထို့ကြောင့် Grant မိသားစုက ထိုစွန့်ပစ်နယ်မြေမှကလေးများကို ကျွန်များလို ဆက်ဆံလျှင်ပင် မည်သူမှ ဂရုမစိုက်ခြင်းပင်။
ထိုကောင်ငယ်လေးများကို မိသားစု၏ အကြီးပိုင်းများမှ ရွေးချယ်ထားခြင်းပင်။ သူတို့၏ အထောက်ထားနှင့် ပတ်သတ်၍ တစ်ခုခုမူမမှန်သည်ကို ရှာတွေ့ခဲ့ပါက နှစ်ခါပင်တွေးတောမနေဘဲ သတ်ပစ်မည်ဖြစ်သည်။ သို့သော် ဤငြိမ်းချမ်းနေသောနှစ်များထဲတွင်တော့ ပျင်းရိလာကြပြီး သူတို့၏ ရွေးချယ်မှုသည် စေ့စပ်မှု နည်းပါးလာတော့သည်။
ထို့အကြောင်းကြောင့် Ace သည် ဤအစေခံအဆောက်ဦးဆီသို့ ကျူးကျော်ဝင်ရောက်လာကာ ‘လေ့ကျင့်ရေးအဖော်’ တစ်ယောက် ဖြစ်လာခြင်းပင်။ လွတ်နေသာအခန်းတစ်ခုကို ရှာဖွေလိုက်ကာ ထောင့်တွင် ဝင်ထိုင်လိုက်သည်။
ထို့နောက် သူ့မျက်လုံးများကို မှိတ်လိုက်ကာ အရိပ်ကိုယ်ပွားဓားသိုင်းနည်းလမ်းကို စတင်၍ တွေးတောတော့သည်။ စနစ်၏တာဝန်ကို ပြီးမြောက်ရန် သူ့တွင်အချိန် ၂နှစ်ရှိ၏။ သူပို၍ သန်မာလာရန် လိုပေသည်။ သူ၏ စွမ်းရည်နှင့် ကျင့်ကြံခြင်းနည်းလမ်းများတွင် အဆင့်ပိုမြင့်လာရန် လိုအပ်ပေသည်။ အထူးသဖြင့် အရိပ်ကိုယ်ပွားဓားသိုင်းဖြစ်သည်။ ထိုဓားသိုင်းသည် ကျွမ်းကျင်ရန် အခက်ခဲဆုံးဖြစ်၏။
ကိုယ်ပျောက်စွမ်းရည်နှင့် တိတ်ဆိတ်ခြေလှမ်းတို့သည် သူ့အတွက် အရေးအကြီးဆုံးစွမ်းရည်များဖြစ်တာကြောင့် ပြီးပြည့်စုံခြင်းအဆင့်သို့ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့၏။ သူ၏အမှန်နှင့်အမှားမျက်လုံးကိုလည်း အဆင့်မြင့်တင်ရန် လိုအပ်ပေသည်။ ထိုလျှို့ဝှက်ဆန်းကြယ်သော မျက်လုံးစွမ်းရည်မရှိဘဲ လျှို့ဝှက်ထောင်ချောက်နှင့် လျှို့ဝှက်အစီရင်များကို သူရှာဖွေနိုင်စွမ်း မရှိပေ။ ထို့အပြင် ရတနာများဖွင့်နိုင်သောလက်စွမ်းရည်၏ နောက်ဆုံးပုံစံနှစ်ခုကိုလည်း မမေ့ပေ။ ထိုစွမ်းရည်မရှိလျှင် သူသည် သူခိုးအစစ်တစ်ယောက်မဟုတ်ပေ။
သို့သော် ဤတစ်ကြိမ်သူ၏အစီစဥ်ထဲမှ အရေးအကြီးဆုံးစွမ်းရည်မှာ ခါးပိုက်နှိုက်စွမ်းရည်ဖြစ်သည်။ ထိုခါးပိုက်နှိုက်စွမ်းရည်အကြောင်း Ace တွေးလိုက်မိသည့်အခါ မတတ်နိုင်ဘဲ လျှို့ဝှက်စွာ ပြုံးလိုက်မိ၏။
ညနေခင်းရောက်သည့်အခါ ချဥ်းကပ်လာသည့် လူသုံးယောက်၏ခြေသံများကို ကြားလိုက်ရတာကြောင့် သူ့မျက်လုံးများကို ဖွင့်လိုက်သည်။
၅မိနစ်ကြာပြီးနောက် Ace ၏ အခန်းရှေ့သို့ လူသုံးယောက်ရောက်လာသည်။ သူတို့ထဲမှ တစ်ယောက်က အော်ဟစ်ပြောဆိုလိုက်၏။ “ဟမ်? အဲ့ဒီကတစ်ယောက်က ဘာလို့ ဒါဏ်ရာတွေ ရမနေတာလဲ။”
ထိုအသံကို Ace ကြားလိုက်ရပြီးနောက် သံချပ်ကာဝတ်ဆင်ထားသော လူသုံးယောက်ကို မြင်လိုက်ရသည်။ ထိုသုံးယောက်သည် Ace ဤအစေခံအဆောက်ဦးဆီသို့ ဝင်လာသည့်အချိန်တုန်းက ရှိခဲ့သောအစောင့်များဖြစ်ပေသည်။
“ဟေး အမှိုက်ကလေး၊ အရင်တစ်ခေါက် လေ့ကျင့်ရေးအဖော်လာရွေးတုန်းက မင်းပုန်းနေခဲ့တာလား။” ဒုတိယတစ်ယောက်က အန္တရာယ်ရှိသည့်ပုံဖြင့် ပြောဆိုလိုက်သည်။ သူ့နာမည်သည် Aklam ဖြစ်၏။
“သူအရင်တစ်ခေါက်က ကံကောင်းပြီး ငါတို့လက်ကနေ လွတ်သွားခဲ့ပေမယ့် ဒီတစ်ကြိမ်တော့ မလွတ်နိုင်တော့ပါဘူး။ ဟားဟား။” တတိယမြောက်တစ်ယောက်သည်လည်း ပြောလိုက်ကာ နတ်ဆိုးဆန်စွာ ရယ်မောလိုက်၏။ သူ့နာမည်သည် Luman ဖြစ်သည်။
“ကြွက်စုတ်လေး၊ မင်းက အကုန်အဆင်ပြေနေတယ်ဆိုမှတော့ ဒီနေ့ တတိယသခင်မလေးရဲ့ လေ့ကျင့်ရေးအဖော်ဖြစ်လို့ ရတယ်။ ပြီးတော့ မင်းမှာတော်တော်ကောင်းတဲ့ မျက်နှာလည်းရှိတယ်ဆိုတော့ သူမကမင်းကို ကောင်းကောင်းလေးဆက်ဆံပေးလိမ့်မယ်။ ဟားဟားဟား” ပထမဆုံးအော်ဟစ်ပြောဆိုခဲ့သော တစ်ယောက်က ထပ်ပြောလိုက်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူသည် Julo ဖြစ်၏။
“သူ့ကို တစ်ခြားသူတွေနဲ့အတူ ခေါ်သွား။ တတိယသခင်မလေးရဲ့ ‘ဂရုစိုက်ပေးမှု’ကို ရပြီးရင် မနက်ဖြန် အသက်ရှင်နိုင်ဦးမလားလို့ ကြည့်ကြတာပေါ့။” Julo က သူ့နောက်မှာရှိနေသော Aklam ကို အမိန့်ပေးလိုက်၏။
“အမှိုက်ကလေး၊ သွားရအောင်” Aklam, Ace ဆီသို့ သွားကာ သူ့ကိုဖိအားပေးပြီး ဆွဲခေါ်တော့မည့်အချိန်တွင် Ace သူ့ဘာသာမတ်တပ်ရပ်လိုက်ကာ အခြားအစောင့်နှစ်ယောက်ဆီသို့ အေးဆေးတည်ငြိမ်စွာ လျှောက်သွားလိုက်၏။
“အို၊ အားအင်တွေပြည့်ဝနေတာပဲ။ တတိယသခင်မလေးနဲ့ လေ့ကျင့်ပြီးရင်ရော ဒီလိုမတ်တပ်ရပ်နိုင်ဦးမလားလို့ ကြည့်ကြတာပေါ့။” Julo က ပြောလိုက်ကာ လှောင်ပြုံးပြုံးလိုက်သည်။ ထို့နောက် တစ်ခြားလေ့ကျင့်ရေးအဖော်များကို ဆက်လက်၍ရွေးချယ်လိုက်ကာ Ace ကို ထပ်မံ၍ အာရုံစိုက်မနေတော့ပေ။
Ace အပါအဝင် ကောင်လေး၁၀ယောက်ကို သူတို့ရွေးချယ်လိုက်ကြသည်။ Ace မှလွှဲ၍ အခြားကောင်လေးများသည် ဒါဏ်ရာများနှင့် သူတို့၏မျက်နှာပေါ်တွင် အမာရွတ်များ ရှိ၏။ သူတို့ထဲမှ တစ်ယောက်သည် သိသိသာသာတုန်ယင်နေပြီး အခြားတစ်ယောက်သည် ငိုယိုနေ၏။
“၁၀ယောက်တည်းလား” မကျေမနပ်ဖြစ်နေသောအသံသည် အဆောက်ဦး၏အပြင်ဘက်မှ ထွက်ပေါ်လာ၏။
“အစေခံမှူးခေါင်းဆောင်၊ အားလုံးထဲမှာ ဒီ၁၀ယောက်ကပဲ ပုံမှန်လမ်းလျှောက်နိုင်တော့တဲ့သူတွေပါ။ ဒီမှာ ကြည့်ပါဦး။ ကျွန်တော်တို့ တတိယသခင်မလေးနဲ့အတူ ကစားပေးဖို့အတွက် လန်းဆန်းနေသေးတဲ့ သူတစ်ယောက်ကိုတောင် ရအောင်ရှာထားပေးပါတယ်။” Julo က လေးစားစွာ ပြန်ဖြေလိုက်ပြီး မထုံတက်သေးအမူအရာဖြင့် ရှိနေသော Ace ကို ညွှန်ပြလိုက်သည်။ Julo ၏ အရင်က အထက်စီးဆန်သော မျက်နှာထားသည် ယဥ်ကျေးသောပုံစံဖြင့် အစားထိုးသွားပြီဖြစ်သည်။
ပုပြီးဝသောပုံစံရှိသည့် အစေခံမှူးခေါင်းဆောင်သည် အစေခံအဆောက်ဦးအပြင်ဘက်တွင် ရပ်နေ၏။ သူသည် အနက်ရောင် မုတ်ဆိတ်တိုများဖြင့် သတ်လတ်ပိုင်းအရွယ်ရှိနေပြီဖြစ်သည်။ သူ့နာမည်သည် Kylan Grant ဖြစ်ပြီး Grant မိသားစုအရှေ့ပိုင်းခရိုင်၏ အစေခံမှူးခေါင်းဆောင်ဖြစ်လေသည်။
Grant မိသားစုနယ်မြေသည် အတော်လေးကြီးမားကာ မိသားစု၏စွမ်းအားဖြင့် နယ်မြေအားလုံးကို စောင့်ကြည့်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် Grant မိသားစုတစ်ခုလုံးကို အရှေ့၊ အနောက်၊ တောင်၊ မြောက် ဟူ၍ ခရိုင်လေးခုခွဲထား၏။ ခရိုင်တစ်ခုစီတွင် ချီတံခါးနယ်ပယ်၏ အထွတ်အထိပ်သို့ရောက်ရှိနေသော ကာကွယ်သူတစ်ယောက်စီနှင့် အစေခံမှူးခေါင်းဆောင်တစ်ယောက်စီတို့ရှိပေသည်။ ခရိုင်လေးခု၏ အလယ်တွင် Grant မိသားစု၏ အဓိကစံအိမ်တည်ရှိပေသည်။ အဓိကစံအိမ်ထဲတွင် မိသားစုခေါင်းဆောင်နှင့် သူ၏မိသားစုများ နေထိုင်ကြသည်။ ထိုခရိုင်လေးခုကို မိသားစုထဲမှ အကြီးပိုင်းများက ခွဲဝေအုပ်ချုပ်ကြပေသည်။
အစေခံမှူးခေါင်းဆောင် Kylan သည် အရှေ့ပိုင်းခရိုင်မှ သခင်လေးများအတွက် လေ့ကျင့်ရေးအဖော်အသစ်များ ရှာဖွေရန် ဤနေရာသို့ ရောက်ရှိနေခြင်းပင်။ သို့သော် အခြားလေ့ကျင့်ရေးအဖော်များအားလုံး အပြင်းအထန် ဒါဏ်ရာများရနေကြ၏။ အဘယ်ကြောင့်ဆိုသော် သခင်လေးများအားလုံးက သူတို့ကိုယ်သူတို့ မထိန်းချုပ်ကြ၍ပင် ဖြစ်သည်။ အကယ်၍ သူတို့စိတ်ကောင်းဝင်နေခဲ့လျှင် အနည်းဆုံး ထိုကောင်လေးများ၏ အသက်ကို ကယ်တင်ပေးပေလိမ့်မည်။ သူတို့စိတ်အခြေအနေမကောင်းနေလျှင်တော့ ထိုကောင်လေးများအပေါ် ဒေါသပုံချကာ သေသည်အထိ ရိုက်နှက်ပေလိမ့်မည်။
“လူသစ်တွေ ထပ်မရောက်လာသေးဘူးလား။” အစေခံမှူးခေါင်းဆောင် Kylan က စိတ်ပျက်နေသောမျက်နှာဖြင့် မေးလိုက်သည်။
Julo ယဥ်ကျေးစွာ ပြန်ဖြေလိုက်သည်။ “မရောက်သေးပါဘူး။ ဒါပေမယ့် မနက်ဖြန်မနက်ရောက်လာမယ်ဆိုတာ ကျွန်တော် အာမခံနိုင်ပါတယ်။”
“ကောင်းပြီ၊ ဒါဆို ငါမနက်ဖြန်ပြန်လာခဲ့မယ်။” အစေခံမှူးခေါင်းဆောင် Kylan အကူညီမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။
“ဟုတ်ကဲ့၊ ကျွန်တော်တို့ အထူးကောင်းမွန်တဲ့တစ်ယောက်ကို အစေခံမှူးခေါင်းဆောင်အတွက် ရွေးထားပေးပါ့မယ်။” Aklam သူ့ရင်ဘတ်ကို ပုတ်လိုက်ကာ အာမခံလိုက်သည်။
Kylan ကျေနပ်စွာ ခေါင်းငြိမ့်လိုက်ပြီး လေ့ကျင့်ရေးအဖော်၁၀ယောက်ရှိရာဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “မင်းတို့ကိုးယောက်ကို တစ်ခြားသခင်လေးတွေစီ ပို့ပေးမယ်။ အခြေနေကောင်းတဲ့တစ်ယောက်ကတော့ ငါ့နောက်လိုက်ခဲ့။”
Ace ကို Kylan ခေါ်သွားကာ အခြား၉ယောက်ကိုတော့ သူနှင့်အတူလိုက်လာခဲ့သည့် အစေခံများက ခေါ်ကာ Grant မိသားစု၏ အရှေ့ပိုင်းခရိုင်ဆီသို့ ခေါ်သွားကြသည်။ Ace သည် Kylan နှင့်အတူ လမ်းလျှောက်နေရင်း ဘေးပတ်ဝန်းကျင်သို့ စူးစမ်းနေ၏။
အရှေ့ပိုင်းခရိုင်သည် Grant မိသားစု၏ အကြီးဆုံးခရိုင်ဖြစ်ပြီး ထိုနေရာတွင် နေထိုင်ကြသူများအားလုံးသည် Grant မိသားစုထဲတွင် ရာထူးမြင့်များ ပိုင်ဆိုင်ထားကြသည်။
၅မိနစ်ခန့်လမ်းလျှောက်ပြီးနောက် လှပသည့်စံအိမ်ကြီးတစ်ခုကို Ace တွေ့လိုက်ရသည်။ အပြင်ဘက်တွင် လှပပြီး ပန်းရောင်စုံများ ဖူးပွင့်နေသည့် ဥယျာဥ်ကြီးကိုလည်း မြင်လိုက်ရသည်။ နူးညံ့သော်လည်း ဒေါသထွက်နေသော တစ်သံတစ်သံ ထွက်ပေါ်လာသောအချိန်တွင် Ace သည် ပန်းများကို စူးစမ်းနေခဲ့သည်။ “Kylan ငါ့ရဲ့ လေ့ကျင့်ရေးအဖော် ဘယ်မှာလဲ။”
“ကောင်လေး၊ ကြည့်ရတာ မင်းတော့ကံမကောင်းဘူးပဲ။ တတိယသခင်မလေး Gracie က အကြောင်းတစ်ခုခုကြောင့် စိတ်တိုနေပုံရတယ်။” Kylan လှောင်ရယ်လိုက်ကာ Ace ကို သေနှင့်ပြီးသော လူတစ်ယောက်လိုမျိုး ကြည့်လိုက်၏။
Ace ကို Kylan စကားပြောနေစဥ်တွင် စံအိမ်၏ ပိတ်ထားသောတံခါးသည် ပေါက်ကွဲထွက်လာပြီး အရပ်၅ပေနှင့် ပိန်ပါးသော မိန်ကလေးတစ်ယောက် ပေါ်ထွက်လာသည်။ သူမသည် Gracie Grant ဖြစ်ပြီး Grant မိသားစု၏ တတိယမြောက်သခင်မလေးပင် ဖြစ်ပေသည်။ သူမသည် Rylan Grant ၏ တူမဖြစ်တာကြောင့် Grant မိသားစုထဲတွင် သူမ၏အာဏာသည် တော်တော်လေးမြင့်မားပေသည်။ သူမတွင် ထူးခြားပြီး ခေါင်းမာသော အကျင့်စရိုက်တစ်ခုရှိ၏။
Gracie သည် မပျော်မရွှင်ဖြစ်နေသော မျက်နှာဖြင့် သူ့ဆီသို့ပြေးလာနေသည်ကို Kylan မြင်လိုက်ရသည့်အခါ Ace ၏ လက်ကို လျင်မြန်စွာဆုပ်၍ သူ့ရှေ့သို့ တွန်းပို့လိုက်လေသည်။ ပြီးနောက် လျင်မြန်စွာ ပြောလိုက်၏။ “သခင်မလေး ဒီမှာ ကျွန်တော်ဒီနေ့အတွက် ယူလာပေးတဲ့ လေ့ကျင့်ရေးအဖော်ကို ကြည့်ပါဦး။ သူ့မှာ ဘာဒါဏ်ရာမှ မရှိတဲ့အပြင် တော်တော်လေးကောင်းတဲ့ မျက်နှာလည်း ရှိပါတယ်။”
Kylan ၏ စကားကို Gracie ကြားလိုက်ရသည့်အခါ သူမအကြည့်ကို Ace ဆီသို့ ရွှေ့လိုက်သည်။ Ace ၏ ချောမောသောမျက်နှာကြောင့် Gracie အံ့အားသင့်သွား၏။ အထူးသဖြင့် ထိုဆွဲဆောင်မှုရှိပြီး တောက်ပနေသော နက်ပြာရောင်မျက်လုံးများ၊ ဖျော့တော့သောအသားအရေနှင့် မှင်လိုနက်မှောင်နေသော ဆံပင်ရှည်များကြောင့်ပင်။ Ace သည် ငယ်ရွယ်သော မင်းသားတစ်ပါးနှင့်ပင် တူလေသည်။
Ace သည် သူမတွေ့ဖူးသမျှထဲတွင် အချောဆုံးဖြစ်သည်ကို ဝန်ခံရပေမည်။ သူမ၏ အံ့ဩသွားသော အမူအရာကို အလျင်အမြန်ပဲ ဖုံးကွယ်လိုက်ကာ ဤလေ့ကျင့်ရေးအဖော်ကြောင့် ဘာမှမဖြစ်သွားသလို ဟန်ဆောင်လိုက်သည်။ သို့သော်လည်း Ace ၏ စိတ်ဝိညာဥ်အာရုံခံစားမှုမှ သူမ မလွတ်မြောက်နိုင်ပေ။ သူမ၏ စိတ်ခံစားချက် အပြောင်းအလဲကို သူချက်ချင်းပဲ သတိပြုမိပေသည်။
“ဟမ့်! ဒီအဖြူရောင်သိုးလေးနဲ့ ဘာလုပ်နိုင်မှာမို့လို့လဲ။ ငါ့ဆီက ရိုက်ချက်တစ်ချက်တောင် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။” Gracie နှာမှုတ်လိုက်ကာ သူမစိတ်အခြေနေ မကောင်းနေသလို ဟန်ဆောင်လိုက်သည်။
Kylan တွင် Ace လို စိတ်ဝိညာဥ်အာရုံခံစားမှု မရှိတာကြောင့် သူ့နှဖူးပေါ်မှ စတင်၍ ချွေးအေးများထွက်လာတော့သည်။ ထို့နောက် ထိတ်လန့်ကြောက်ရွံ့နေသောအသံဖြင့် ပြောလိုက်၏။ “သခင်မလေး၊ သူ့မျက်နှာကိုပဲမကြည့်ပါနဲ့။ သူကတောရိုင်းထဲက လာတာဖြစ်လို့ စွန့်ပစ်နယ်မြေထဲမှာ အသက်ရှင်သန်ချင်ရင် သူ့ခန္ဓာကိုယ်က သန်မာဖို့လိုပါတယ်။” ယနေ့အတွက် Kylan ကို သူမ၏ လေ့ကျင့်ရေးအဖော်အဖြစ် လိုချင်မည်ကို ကြောက်ရွံ့ပေသည်။ ထို့ကြောင့် စွန့်ပစ်နယ်မြေမှ ကလေးများအကြောင်းကို လျင်မြန်စွာ ရှင်းပြပေတော့သည်။
စွန့်ပစ်နယ်မြေထဲတွင် ရှင်သန်လိုလျှင် မုဆိုးတစ်ယောက်ဖြစ်လာရန် လိုအပ်ပေသည်။ စွန့်ပစ်နယ်မြေမှလူများသည် မြို့မှလူများလို သက်တောင့်သက်သာရှိစွာ မနေထိုင်နိုင်ကြပေ။ အစားအစာအတွက် အမဲလိုက်ရန်လိုအပ်ပြီး အသက်ရှင်သန်ရန်အတွက် မကောင်းဆိုးဝါးတောရိုင်းသားရဲများကို တိုက်ခိုက်ရန်လိုအပ်ပေသည်။ ထို့ကြောင့် သဘာဝအားဖြင့် သူတို့တွင် သန်မာသောခန္ဓာကိုယ်များ ရှိကြပေသည်။ စွန့်ပစ်နယ်မြေတွင် အရည်အသွေးမကောင်းသော ချီများနှင့် အခြားထူးဆန်းသော အကြောင်းပြချက်များကြောင့် မဟုတ်လျှင် မြို့များမှ သိမ်းပိုက်ပြီးသည်မှာ ကြာပြီဖြစ်သည်။
ထိုအကြောင်းပြချက်များကြောင့် သူတို့တွင် သန်မာသောကျင့်ကြံသူများမရှိဘဲ သူတို့၏ကလေးများကို သန်မာသောမိသားစုများက ဖမ်းမိကြခြင်းပင်။ အချို့က သူတို့ကို Grant မိသားစုလို ငယ်ရွယ်သောမျိုးဆက်များအတွက် ခြေနင်းကျောက်တုံးအဖြစ် အသုံးပြုကြပြီး အချို့ကတော့ သူတို့ကို အရည်အသွေးမြင့်သော အစေခံများအဖြစ် အသုံးပြုကြပေသည်။
စွန့်ပစ်နယ်မြေတွင် ချီအခြေခံတည်ဆောက်ခြင်းနယ်ပယ်ကျင့်ကြံသူ မည်သည့်အချိန်ကမှ ထွက်ပေါ်လာခြင်း မရှိခဲ့သည်မှာလည်း ထူးခြားဆန်းကြယ်မှုတစ်ခုဖြစ်ပေသည်။