← Chapters

သူခိုး၏ ခါးပိုက်နှိုက်စွမ်းရည်

Vol. 1 Ch. 25

သူခိုး၏ ခါးပိုက်နှိုက်စွမ်းရည်

Vol. 1 Ch. 25

Gracie နှာမှုတ်လိုက်ကာ မျက်လုံးလိမ့်လိုက်ပြီး အစေခံမှူးခေါင်းဆောင်ကို ကြည့်ကာ ပြောလိုက်သည်။ “ဟမ့်! ငါတို့လေ့ကျင့်ပြီးသွားရင် အဲ့အကြောင်းသိရမှာပဲ။ သူ့ကို ဒီခေါ်လာခဲ့တယ်ဆိုတော့ နောက်ကျတာအတွက် ခွင့်လွှတ်ပေးလိုက်မယ်။ အခုသွားတော့ ငါ့ကိုမနှောင့်ယှက်နဲ့။ ငါလေ့ကျင့်ချင်တဲ့ စွမ်းရည်အသစ်တွေ သင်ထားတာရှိတယ်။” ထို့နောက် Kylan ဆီသို့ မနှစ်သက်ဖွယ်အကြည့်တစ်ခုပေးလိုက်ကာ သူမအိမ်ထဲသို့ ဝင်သွားတော့သည်။

Kylan ဘာမှမမြင်သလို ဟန်ဆောင်ကာ Ace ကိုသတိပေးလိုက်သည်။ “မင်းအသက်ရှင်ချင်ရင် သခင်မလေးရဲ့ အမိန့်တိုင်းကို လိုက်နာရမယ်။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် သူမကို စိတ်မကျေမနပ်မဖြစ်စေနဲ့။ အခုသွားတော့။”

Kylan ၏ သတိပေးစကားကို Ace လျစ်လျူရှုလိုက်ကာ Gracie နောက်သို့ ခေါင်းငုံ့၍ လိုက်သွားလိုက်သည်။ သို့သော်လည်း သူ့မျက်လုံးများထဲမှ ဖျက်ကနဲတောက်ပသွားသော အလင်းရောင်လေးကို သူတို့နှစ်ယောက်လုံး သတိမပြုမိလိုက်ကြပေ။ ‘ဒီ Gracie က ဒီလောက်မြန်မြန် ငါ့ရှေ့ကို ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။’ သူသဘောကျစွာ တွေးလိုက်သည်။

Ace သူမနောက်သို့ ဂရုတစိုက်ဖြင့် လိုက်လာသည်ကို Gracie တွေ့သည့်အခါ ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။ စွန့်ပစ်နယ်မြေမှ လူအများစုသည် ပထမဆုံးအကြိမ် ဤနေရာသို့ရောက်သည့်အခါ အမုန်းတရားများနှင့် မကျေမနပ်ဖြစ်နေသော မျက်လုံးများဖြင့် သူမကိုစိုက်ကြည့်လေ့ရှိပေသည်။

“ကျွန်တစ်‌ယောက်က ဒီလိုအပြုအမူမျိုး ရှိသင့်တယ်။” Aceကို စိတ်တိုသွားစေရန် သူမကျယ်လောင်စွာ ရယ်မောလိုက်ပေသည်။ သို့သော် သူသည် အေးစက်စွာသာ ပြုံးလိုက်၏။

သူမတံခါးဖွင့်လိုက်သည့်အခါ သူမအိမ်နောက်မှ နေရာလွတ်ကြီးကို သူတွေ့လိုက်ရသည်။ ထိုနေရာ၏ ကြမ်းပြင်တွင် ဓားရာများရှိနေပြီး ‌ဘေးဘက်တွင် လက်နက်တန်းလည်း ရှိပေသည်။ ထိုနေရာသည် သူမ၏ ကိုယ်ပိုင်လေ့ကျင့်ရေးမြေပြင်ဖြစ်သည်မှာ ထင်ရှားပေသည်။

Gracie ဂရုမစိုက်စွာဖြင့် ပြောလိုက်သည်။ “မြန်မြန်လုပ်၊ ငါ့အချိန်တွေကို မဖြုန်းနဲ့။ ဘယ်လက်နက်မဆို တစ်ခု‌ရွေးပြီး နင့်မှာရှိသမျှ အားအကုန်လုံးနဲ့ ငါ့ကိုတိုက်ခိုက်။”

Ace မလှုပ်ရှားဘဲ ညင်သာစွာပြောလိုက်သည်။ “တတိယသခင်မလေးနဲ့ အရင်ဆုံးစကားပြောလို့ရမလား။”

Ace ၏ တောင်းဆိုချက်ကို ကြားလိုက်ရသည့်အခါ Gracie မျက်မှောင်ကြုပ်လိုက်သည်။ သို့သော် သူ့ကိုချက်ချင်း မတိုက်ခိုက်လိုက်ပေ။ နက်မှောင်စွာ သူမပြုံးလိုက်ကာ ပြောလိုက်သည်။ “ပြောလေ ဒါပေမယ့် နင်ပြောတာကို ငါသဘောမကျရင် ဘယ်တော့မှ စကားထပ်ပြောလို့ မရနိုင်တော့အောင် နင့်လျှာကိုဖြတ်ပစ်မယ်။”

သူမ၏အပြုံးကို Ace မမြင်လိုက်သလို ဟန်ဆောင်ကာ လေးစားစွာပြောလိုက်သည်။ “ဒီလိုရှိပါတယ် သခင်မလေး။ ကျွန်တော်က ငယ်ငယ်ကတည်းက အထူးစွမ်းရည်ကို သုံးနိုင်ပါတယ်။”

Ace ၏ စကားကို Gracie ကြားလိုက်ရသည့်အခါ သူမမျက်ခုံးများ အနည်းငယ်မြင့်တက်သွား၏။ ဤစွန့်ပစ်နယ်မြေမှသူက အထူးစွမ်းရည်များသုံးနိုင်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ထို့အပြင် Ace ၏ ခန္ဓာကိုယ်ထဲမှ သန်မာသောချီများကိုလည်း သူမ မခံစားရပေ။ သေချာပေါက် သူသည်လူသားဖြစ်၏။ ထို့ကြောင့် သူကမည်ကဲ့သို့ စွမ်းရည်များကို သုံးနိုင်နေရသနည်း။

Ace ၏ ကျင့်ကြံခြင်းအခြေခံကို သူမ မခံစားမိသည်မှာ သူ၏ကောင်းကင်ဘုံချီကြောင့်ပင် ဖြစ်သည်။ စိတ်ဝိညာဥ်နှင့် ခန္ဓာကိုယ်ကျင့်ကြံခြင်း နှစ်ခုလုံးတွင် Ace ထက် အဆင့်မြင့်သောသူသာ သူ၏ အစစ်အမှန် ကျင့်ကြံခြင်းအခြေခံကို ခံစားရနိုင်ပေသည်။ ထိုသို့မဟုတ်လျှင် အခြားသူများက သူ့ကို သာမန်လူသားတစ်ယောက်ဟုသာ တွေးမိကြပေလိမ့်မည်။

ထို့ကြောင့်သာ Ace က သူ၏ ကျင့်ကြံသူတစ်ယောက်ဖြစ်သော အချက်အလက်များကို အခြားသူများရှာတွေ့သွားမည်ကို မစိုးရိမ်ခြင်းပင်။ စိတ်ဝိညာဥ်နှင့် ခန္ဓာကိုယ်ကျင့်ကြံခြင်း နှစ်ခုလုံးတွင် သူ့ထက်အဆင့်မြင့်သောသူကို ကြယ်၁ပွင့်မြို့တွင်ဖြစ်စေ၊ ကြယ်၂ပွင့်မြို့တွင်ဖြစ်စေ အလွယ်တစ်ကူ ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိပေ။ ထိုအကြောင်းကို စနစ်ဆီသို့ အံကြိတ်၍ သူခိုးမှတ်များပေးကာ ရှာဖွေတွေ့ရှိလာခြင်းပင်။

လူသားများက စွမ်းရည်များကို မသင်ယူနိုင်ခြင်း၊ အသုံးမပြုနိုင်ခြင်းမဟုတ်ပေ။ ထိုသို့သောသူများက စွန့်ပစ်နယ်မြေတွင် အလွန်ရှားပါးတာကြောင့်ပင်။ ထိုသို့သောသူ ပေါ်ထွက်လာလျှင်လည်း ထိုသူသည် ပါရမီရှင်များထဲမှ ပါရမီရှင်ပင် ဖြစ်သည်။

‘သူက ပါရမီရှင်ဖြစ်နိုင်လား?’ Gracie ချက်ချင်းပဲ ခေါင်းခါလိုက်သည်။ ‘စွန့်ပစ်နယ်မြေက တစ်စုံတစ်ယောက်က ဘယ်လိုလို့ ပါရမီရှင်ဖြစ်နိုင်မှာလဲ။ သူက ဒီတိုင်းကံကောင်းသွားတာပဲ ဖြစ်မယ်။’ ထိုအရာက တစ်ခုတည်းသော ဖြေရှင်းချက်ပင်။

သို့သော်လည်း သူမ ရွှတ်နောက်နောက်ဖြင့် ရယ်မောကာ မေးလိုက်သည်။ “ဟမ် အထူးစွမ်းရည်လို့ နင်ပြောလိုက်တာလား။ ကောင်းပြီလေ အဲ့စွမ်းရည်ကို ငါ့ကိုပြ။ အဲ့တာက တစ်ကယ်အထူးစွမ်းရည်မဟုတ်ရင်တော့ မင်းဘာဖြစ်မယ်ဆိုတာကို သိလား။”

Ace ကြောက်ရွံ့နေသော ပုံစံဖြင့် လျင်မြန်စွာသူ့ခေါင်းကို ရမ်းလိုက်သည်။ “သခင်မလေး၊ အဲ့စွမ်းရည်ကို သခင်မလေးအပေါ် အသုံးမပြုရဲပါဘူး။ အဲ့စွမ်းရည်ကို ပြဖို့ တစ်ခြားတစ်ယောက်ကို အသုံးပြုလို့ရပါတယ်။”

Gracie ကို ကြောက်ရွံ့သောပုံစံများ ပြသကာ သူ့အစီအစဥ်ထဲမှ နောက်တစ်ဆင့်ဆီသို့ သူမနှင့်အတူ သွားနိုင်မည်လားဟုလည်း စူးစမ်းနေ၏။

Gracie စိတ်ရှည်မှု ကုန်ဆုံးသွားကာ စိတ်တိုစွာဖြင့် အပြစ်တင်လိုက်သည်။ “အခုချက်ချင်း အဲ့စွမ်းရည်ကို ထုတ်ပြစမ်း။ ငါပဲဖြစ်ဖြစ် တစ်ခြားတစ်ယောက်ပဲဖြစ်ဖြစ် အရေးမကြီးဘူး။ ငါမြင်ရတာကို သဘောမကျရင် နင်သေပြီပဲ။”

Ace ကြောက်ရွံ့ကာ တုန်ယင်နေသလို ဟန်ဆောင်လိုက်ပြီး လျင်မြန်စွာဖြင့် သူ့မျက်လုံးများကိုမှိတ်ကာ ‘ခါးပိုက်နှိုက်’စွမ်းရည်ကို အသုံးပြုလိုက်သည်။ ထိုစွမ်းရည်ကို အသက်သွင်းလိုက်သည့်အချိန်တွင် သူ့လက်ချောင်းမှ ပုံစံမဲ့ ချည်မျှင်ထွက်ပေါ်လာကာ Gracie ၏ ခါးဆီသို့ မျှားတစ်စင်းလို ထွက်သွားတော့သည်။

ထိုပုံစံမဲ့ချည်မျှင်ကို Gracie သတိပြုမိပုံ မ‌ပေါ်ဘဲ သူမ၏နေရာတွင်သာ မတ်တပ်ရပ်နေကာ သူစွမ်းရည်အသုံးပြုမည်ကို စောင့်ဆိုင်းနေ၏။ ပုံစံမဲ့ချည်မျှင်သည် သူမ၏ခါးကို ထိလိုက်သည့်အချိန်တွင် ရုတ်တရက် ပျောက်ကွယ်သွားပြီး Ace ၏ လက်ထဲတွင် အဝါရောင်ပိုက်ဆံအိတ်လေးတစ်ခု ပေါ်လာပေသည်။

ထိုသို့ဖြစ်လာမည်ကို Ace သိပြီးသားဖြစ်တာကြောင့် လန့်မသွားပေ။ သို့သော် ထိုသို့ဖြစ်ပြီးနောက် သူမကြားရတာ အချိန်အချို့ကြာပြီဖြစ်သည့် အသံချိုချိုလေးသည် သူ့ခေါင်းထဲတွင်ပေါ်လာတာကြောင့် လန့်သွားပေသည်။

[ခါးပိုက်နှိုက်ခြင်းအောင်မြင်ပါတယ်။ အမှိုက်အဆင့်ဆေး၂လုံးနဲ့ ပတ္တမြားဒင်္ဂါး ၁၀၀ပြား ခိုးယူခဲ့ပါတယ်။]

{ဆုလာဒ်: သူခိုးမှတ် ၀ မှတ်}

ထိုမမျှော်လင့်ထားသော စနစ်၏ကြေငြာချက်ကြောင့် Ace အလွန်အံ့ဩသွား၏။ ‘ငါတစ်စုံတစ်ယောက်စီကနေ ခါးပိုက်နှိုက်နိုင်ရင်လည်း သူခိုးမှတ်ရနိုင်တယ်လို့ ပြောနေတာလား။’ သူအလွန်အံ့အားသင့်စွာဖြင့် စိတ်ထဲတွင် အော်ဟစ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် ဤစွမ်းရည်ဖြင့် သူခိုးမှတ်ရရှိနိုင်သည်ကို သူမသိခဲ့ပေ။

သူ့အစီအစဥ်အရ ဟန်ဆောင်နေခဲ့သော်လည်း ခါးပိုက်နှိုက်စွမ်းရည်၏ အသုံးဝင်ပုံကို မသိခဲ့ပေ။ ဤစွမ်းရည်ကို သူလေ့ကျင့်ခြင်းမရှိခဲ့တာကြောင့် သူ၏အားအနည်းဆုံးစွမ်းရည်ပင်ဖြစ်၏။ သို့သော် ယခုတွင် ဤစွမ်းရည်သည် သာမန်မဟုတ်ကြောင်း ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်သည်။ ဤစွမ်းရည်ကို စိတ်ဝိညာဥ်ချီဖြင့်လည်း အသုံးပြုနိုင်ပေသည်။

အမှန်မှာတော့ ဤစွမ်းရည်သည် ကောင်းကင်ဘုံချီထက် ကောင်းကင်ဘုံစိတ်ဝိညာဥ်ချီဖြင့် ပို၍ လိုက်ဖက်ပေသည်။ ကောင်းကင်ဘုံစိတ်ဝိညာဥ်ချီဖြင့်ဆိုလျှင် ပစ်မှတ်ဆီသို့ သူချဥ်းကပ်စရာမလိုဘဲ အဝေးမှပင် အသုံးပြုနိုင်ပေသည်။

ယခုလိုပင်။ ခါးပိုက်နှိုက်စွမ်းရည်ကို သူ၏စိတ်ဝိညာဥ်ချီဖြင့် အသက်သွင်းခဲ့ကာ စိတ်ဝိညာဥ်ချီက ပစ်မှတ်ကို ထိသွားသည့်အချိန်တွင် ချက်ချင်းပစ်မှတ်၏ တန်ဖိုးအရှိဆုံးပစ္စည်းကို ယူလိုက်ပြီး Ace လက်ထဲသို့ တိုက်ရိုက်ပို့ပေးလေသည်။ အံ့ဩစရာအကောင်းဆုံးအရာသည် ပစ်မှတ်က ထိုအရာကို သတိမပြုမိခြင်းပင်။

Ace ၏ ကောင်းကင်ဘုံအာရုံခံစားမှုသည် တစ်ချိန်လုံး အသက်ဝင်နေတာကြောင့် ဤစွမ်းရည်၏ ထူးဆန်းသောဘက်ခြမ်းကို သတိပြုမိပေသည်။ သူရှာတွေ့ခဲ့သည်မှာ သူ၏စိတ်ဝိညာဥ်ချီကို အသုံးပြုပြီးလျှင် ကောင်းကင်ဘုံအာရုံခံစားမှုနယ်ပယ် အသုံးပြုနိုင်သော အကွာအဝေးအတွင်းတွင် ဤခါးပိုက်နှိုက်စွမ်းရည်ကို အသုံးပြုနိုင်ပေသည်။ ထိုအရာကို ရှာတွေ့ခဲ့သည့်အချိန် သူအလွန်ပျော်ရွှင်ခဲ့ပြီး ဤစွမ်းရည်က သူခိုးမှတ်ရရှိစေရန်ပါ ကူညီပေးနိုင်လိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။

သူသည် Gracie ရှေ့တွင် ရှိနေတာကြောင့် စိတ်လှုပ်ရှားနေမှုကို ငြိမ်သက်စေလိုက်သည်။ သူ၏ သရုပ်ဆောင်နေမှုနှင့် ပတ်သတ်၍ တစ်စုံတစ်ခု လွှဲမှားနေသည်ကို ရှာမတွေ့သွားစေချင်ပေ။

အဝါရောင်ပိုက်ဆံအိတ်က Ace လက်ထဲတွင် ပေါ်လာသည်ကို Gracie မြင်လိုက်ရသည့်အခါ သူမမျက်လုံးများ ပြူးကျယ်သွားပြီး ထိတ်လန့်မှုကြောင့် မျက်လုံးများပင် ထွက်ကျလာလုနီးပါးပင်။ သူမ မသိစိတ်မှနေ၍ သူမ၏ ခါးကို ထိလိုက်ကာ စိတ်ရှုပ်ထွေးသွား၏။ သူမ၏ အဝါရောင်ပိုက်ဆံအိတ်ကို ရှာမတွေ့တော့ပေ။ ထိုပိုက်ဆံအိတ်သည် Ace ၏ လက်ထဲသို့ ‌ရောက်ရှိနေပြီဖြစ်သည်။

သူမ၏ ထိတ်လန့်နေမှုမှ မရုန်းထွက်နိုင်သေးခင်တွင် Ace က ဦးစွာအရင်ပြောလိုက်၏။ “သခင်မလေး ဒီပြစ်မှုအတွက် တောင်းပန်ပါတယ်။ ဒါပေမယ့် သခင်မလေးကသာ အမိန့်ပေးခဲ့တဲ့သူဆိုတော့ ဒီနိမ့်ကျတဲ့ကျွန်‌တော်က မလိုက်နာဘဲ မနေရဲလို့ပါ။ သခင်မလေးကပဲ သဘောထားကြီးကြီးနဲ့ ဒီလူရဲ့ ပြစ်မှုကို ခွင့်လွှတ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။”

Ace ညင်သာစွာ ဦးညွှတ်လိုက်ကာ ယဥ်ကျေးစွာဖြင့် သူမ၏ အဝါရောင်ပိုက်ဆံအိတ်ကို ပြန်ပေးလိုက်သည်။ သူမက သူ့ကို သတ်မည်စိုးရိမ်တာကြောင့် အနည်းငယ်တုန်ယင်နေပြီး သူမ၏ဂရုဏာအတွက် အရင်ဦးစွာ တောင်းဆိုလိုက်သည့်ပုံပင်။

နောက်ဆုံးတွင် သူမထိတ်လန့်နေမှုမှ ရုန်းထွက်လာကာ သူ့လက်ထဲမှ အဝါရောင်ပိုက်ဆံအိတ်ကို ပြန်ယူလိုက်သည်။ “နင်! နင်... နင်ကများ ငါ့ဆီကနေ ခိုးယူရဲတယ်ပေါ့လေ။ အဲ့လိုလုပ်ပြီးတာတောင် အခုငါ့ဆီကနေ ခွင့်လွှတ်မှုကို တောင်းဆိုရဲတယ်ပေါ့လေ။ င.ငါ့ကို ပြောစမ်း နင်ဘယ်လိုလုပ်လိုက်လဲဆိုတာ... ပြီးတော့ ငါ့ကိုအဲ့စွမ်းရည်သင်ပေး။ အဲ့တာဆို နင့်ကို အပြစ်မပေးဖို့အတွက် စဥ်းစားပေးမယ်။” သူမစိတ်တိုမနေပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမအလွန်စိတ်လှုပ်ရှားနေပေသည်။

‘ဒီလိုစွမ်းရည်မျိုးကို သင်ယူနိုင်ခဲ့ရင် ဘယ်သူမှမသိဘဲ သူများဆီကနေ ငါခိုးယူလို့ရပြီ။’ ထိုအတွေးက သူမ၏လက်ရှိအတွေးပင်။

Ace သည် ထိုအရာကို စောင့်မျှော်နေခြင်းပင်။ ထို့နောက် ကြောက်ရွံ့နေသော မျက်နှာပေးဖြင့် လျင်မြန်စွာပြန်ဖြေလိုက်သည်။ “သခင်မလေး၊ အ.အဲ့တာက ကျွန်တော် မသင်ပေးချင်တာမဟုတ်ပါဘူး။ သခင်မလေးကိုမှမဟုတ်ပါဘူး ဘယ်သူ့ကိုမှ သင်ပေးလို့ မရလို့ပါ။ ကျွန်တော်တောင် မသိလိုက်ဘဲ ဒီစွမ်းရည်ကို သင်ယူခဲ့မိပြီး ဘယ်လိုလုပ်ရတယ်ဆိုတာကို ကျွန်တော်မသိပါဘူး။ ဒီစွမ်းရည်က ကျွန်တော် အသက်၅နှစ်အရွယ်ကတည်းက ရခဲ့တာပါ။”

သူ၏အဖြေကို ကြားရပြီးနောက် သူမအလွန်စိတ်တိုသွားလေတော့သည်။ “နင်က ငါ့ကို မသင်ပေးနိုင်မှတော့ ဘာလို့ဒီစွမ်းရည်ကို ပြခဲ့ရတာလဲ?? နင်က ငါ့ဆီကနေ ခိုးချင်နေတာလား။” သူမဓားလက်ကိုင်ကို ကျစ်ကျစ်ဆုပ်ကိုင်လိုက်သည်။ အကယ်၍ Ace သာ သင့်တင့်သောအဖြေကို မပြောနိုင်ခဲ့ပါက သူမကိုယ်သူမ မထိန်းချုပ်ဘဲ သူ့ကို တိုက်ခိုက်မည်ဖြစ်သည်။

Ace အလွန်ကြောက်ရွံ့နေသော မျက်နှာဖြင့် “သခင်မလေး၊ ကျွန်တော် သခင်မလေးဆီကနေ မခိုးယူချင်ပါဘူး။ ကျွန်တော် ဒါကိုပြခဲ့တာက ကျွန်တော်က တိုက်ခိုက်တာမှာ မကျွမ်းကျင်လို့ပါ။ ကျွန်တော်ဒီကိုရောက်ပြီးတော့ ‘စွန့်ပစ်နယ်မြေ’က တစ်ခြားအစ်ကိုတွေရဲ့ အခြေနေတွေကို မြင်ခဲ့ရတယ်။ ကျွန်တော် သေရမှာကြောက်တာမို့လို့ ကျွန်တော့်ရဲ့ တန်ဖိုးကိုသာ လုံလောက်အောင် ပြသနိုင်ခဲ့ရင် ကျွန်တော့်ကိုယ်ကျွန်တော် တိုက်ခိုက်ရမယ့်အခြေနေကနေ ကယ်တင်နိုင်ပြီး အစ်ကိုတွေနဲ့အတူ အစေခံအဆောက်ဦးထဲမှာ နည်းနည်းလေးပိုလွယ်ကူတဲ့ဘဝနဲ့ ရှင်သန်နိုင်မယ်ထင်လို့ပါ။” သူ့ခေါင်းကို အားပြင်းပြင်းရမ်းလိုက်ရင်း သူ၏ အစစ်အမှန် ‘ရည်ရွယ်ချက်’ကို ရှင်းပြသည့်ပုံ ပြုလုပ်လိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း သူ၏ ရှင်းပြချက်ကို ကြားပြီးနောက် သူမအနည်းငယ် စိတ်လျှော့သွားပုံရသည်။ ထိုရှင်းပြချက်‌သည် အတော်လေးယုတ္တိရှိပေသည်။ သူအသက်ရှင်ချင်လျှင် သူ၏တန်ဖိုးကို ပြသရပေမည်။

Ace ၏အဖြေပေါ်တွင် သူမ နည်းနည်းမှ သံသယမဝင်မိပေ။ အဘယ်ကြောင့်ဆိုသော် သူမကိုယ်တိုင်ပင် စွန့်ပစ်နယ်မြေမှလူများကို ၁၀ယောက်ထက်မနည်း သတ်ဖြတ်ပြီးပေပြီ။

နောက်ဆုံးတွင် သူမစိတ်‌ငြိမ်သွားကာ လေးနက်စွာပြောလိုက်သည်။ “အဲ့တော့ နင်ဆိုလိုချင်တာက နင်ကတစ်ခြားသူတွေဆီကနေ ခိုးယူနိုင်ပြီးတော့ ငါ့ကိုအဲ့အရာတွေ ပေးနိုင်တယ်ပေါ့။ အပြန်အလှန်အနေနဲ့ တစ်ခြားကျွန်တွေထက် ပိုကောင်းတဲ့ဆက်ဆံမှုကို လိုချင်တယ်ပေါ့။ နင်က ငါနဲ့ညှိနှိုင်းနိုင်တဲ့ အနေအထားမှာ ရှိနေတယ်လို့ ထင်လား။”

“ကျွန်တော်ခိုးယူထားတဲ့ပစ္စည်းတွေကို သခင်မလေးဆီပေးတယ်လို့ ဘယ်သူပြောလဲ။ ကျွန်တော်အဖမ်းခံရရင် ဘယ်သူမှ ခိုးထားတဲ့ပစ္စည်းတွေ ဘယ်မှာရှိလဲဆိုတာ သိမှာမဟုတ်ဘူး။ ပြီးတော့ ကျွန်တော်စကားပြောနိုင်တယ်ဆိုတာကိုလည်း ဘယ်သူမှမသိပါဘူး သခင်မလေး။” ထိုအဓိပ္ပါယ်မရှိသော်လည်း အဓိပ္ပါယ်ရှိသောစကားများကို ပြောပြီးနောက် သူမကို လေးစားစွာပြုံးပြလိုက်၏။

သူ၏ ပါးနပ်မှုကြောင့် သူမအံ့ဩသွားသည်။ ‘တစ်ခြားသူတွေရဲ့ မျက်လုံးထဲမှာ သူက စကားမပြောနိုင်တဲ့သူတစ်ယောက်လို နေမယ်လို့ ပြောနေတာလား။ ဒါပေမယ့် သူသစ္စာဖောက်ပြီး ပဲအိတ်ကို သွန်ချခဲ့ရင် ငါပြဿနာကြီးထဲရောက်သွားလိမ့်မယ်။ ငါသူ့ကို ဘယ်လိုယုံရမှာလဲ။’ သူမတွေးလိုက်သည်။

သူမ၏စိတ်ကို သူကြားနေရသကဲ့သို့ လျင်မြန်စွာ ပြောလိုက်ပြန်သည်။ “သခင်မလေး၊ အစေခံမျက်နှာဖုံးကို ကျွန်တော့်ဆီ တပ်ပေးထားလို့ရပါတယ်။”

နောက်တစ်ကြိမ် သူ၏ဆုံးဖြတ်ချက်ကြောင့် သူမအံ့ဩသွားရပြန်သည်။

All Chapters