လောကရှိပညာရှင်များကို အကွက်ချ၍ ကြံစည်နေခြင်း
Vol. 89 Ch. 1322
ဆူဇီမိုသည် ကောင်းကင်နှင့်မြေကြီး တောင်ကြားကနေ လွတ်မြောက်လာခဲ့ပြီဖြစ်သော်လည်း သူသည် အချက်အလက်များစွာကို ပြန်လည်စဥ်းစားရင်း ကျောချမ်းလာဆဲ ဖြစ်၏။ ထိုအချက်အလက်များထဲတွင် အကြီးမားဆုံး ရှာဖွေတွေ့ရှိမှုမှာ မိစ္ဆာနည်းစနစ်ပြန်လည်ပေါ်ထွက်လာခြင်းဖြစ်၏။
မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်သည် မိစ္ဆာဂိုဏ်းများပင်လျှင် စိုးရိမ်ပူပန်ရသော မိစ္ဆာနည်းစနစ်တစ်ခုဖြစ်၏။
ကိုယ်တော်တာမင်းသာလျှင် အဲ့ဒါကိုကျင့်ကြံထားသည် မဟုတ်ပေ။ ငရဲမီးစံအိမ်သခင်နှင့် ပဟေဠိနန်းတော်မှ ကောင်းကင်ဘုံလျှို့ဝှက်ချက်သည်ပင်လျှင် အဲ့ဒါကို ကျင့်ကြံထားကြ၏။
အဲ့ဒီမှာ စုစုပေါင်းလေးယောက်ရှိနေလေပြီ။
တကယ်တော့... ဆူဇီမိုသည် ထိုမိစ္ဆာနည်းစနစ်၏ ကြောက်မက်ဖွယ်ရာကောင်းမှုကို သိရှိခဲ့ပြီးဖြစ်၏။ သားရဲတစ်ထောင်တောင်ကြားတိုက်ပွဲအပြီး၌ သူသည် ဘယ်လောက်ပင် အန္တရာယ်များသည့် အခြေအနေရောက်ရှိပါစေ အဲ့ဒါကို ထပ်မံ၍ အသုံးမပြုတော့ပေ။
သူသည် သွေးစတေးထွက်ပြေးခြင်းကိုပင် စွန့်လွှတ်လိုက်ပြီးဖြစ်၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် တာအိုအမွေအနှစ်ကုန်းမြေမှ ရှေးဟောင်းအမွေအနှစ် ၃၀ ကျော်ကို ရရှိခဲ့ပြီး ထိုထဲတွင် ကန့်သတ်မဲ့နတ်ဘုရားအလင်းကဲ့သို့ ထိပ်တန်းအဆင့် ထွက်ပြေးခြင်းနည်းစနစ်များပင် ပါဝင်လေသည်။
များစွာသော ထွက်ပြေးခြင်းနည်းစနစ်များကို ပေါင်းစပ်လိုက်ခြင်းက သွေးစတေးထွက်ပြေးခြင်းထက် မနိမ့်ကျတော့ပေ။
အစကတော့ ကောင်းကင်နှင့်မြေကြီး တောင်ကြားရှိတိုက်ပွဲသည် သူနှင့် ညဝိညာဥ်ကို ကိုင်တွယ်ဖို့အတွက် ထိပ်သီးဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများအပြင် ကမ္ဘာဦးမျိုးနွယ်ကနေ ခင်းကျင်းခဲ့သော ထောင်ချောက်တစ်ခုမျှသာဖြစ်သည်ဟု ဆူဇီမိုက တွေးထင်ခဲ့၏။
သို့သော် ယခုအဲ့ဒါကို ပြန်တွေးကြည့်သောအခါ ကိစ္စများက ထိုသို့မရိုးရှင်းတော့ပေ။
ပဟေဠိနန်းတော်၏ ကောင်းကင်ဘုံလျှို့ဝှက်ချက်က ဤထောင်ချောက်တွင် အလွန်တရာအရေးကြီးသော အခန်းကဏ္ဍကနေ ပါဝင်ခဲ့၏။
အတိအကျဆိုရလျှင် ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ကျင့်ကြံနိုင်ဖို့အတွက် ဤထောင်ချောက်ကို ခင်းကျင်းခဲ့တာဖြစ်ဖို့များလေသည်။
ဆူဇီမိုဖြစ်စေ... ညဝိညာဥ်ဖြစ်စေ ၊ ကမ္ဘာဦးမျိုးနွယ် ၆စုဖြစ်စေ ၊ ထိပ်သီးဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများဖြစ်စေ သို့မဟုတ် ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲပင်လျှင် အားလုံးက သူ၏စစ်တုရင်အရုပ်များဖြစ်ခဲ့ကြ၏။ ပဟေဠိနန်းတော်မှ ကျင့်ကြံသူက အရာရာတိုင်းကို အကွက်ချကြံစည်ခဲ့၏။
ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ ကျင့်ကြံမှုအဆင့်က လင်းရွှမ်ကျီထက် များစွာပိုမိုမြင့်မားလေသည်။ သူက ဤကဲ့သို့သော တုန်လှုပ်စရာကောင်းသည့် အခြေအနေတစ်ခုကို ခင်းကျင်းနိုင်ဖို့ တကယ်ပင်အစွမ်းအစရှိလေသည်။
အဲ့ဒီမှာ ယန်ပေးချန်နှင့် အန္တိမအဆင့်ကိုကျော်လွန်သွားသော ဆူဇီမို၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကဲ့သို့ အလှည့်အပြောင်းများစွာကလည်း ထိုဖြစ်စဥ်တစ်ခုလုံးမှာ ပေါ်ထွက်လာခဲ့၏။ သူ၏ အစစ်အမှန်နဂါးခန္ဓာ ပေါ်ထွက်လာခြင်းကိုလည်း ထည့်တွက်ရပေမည်။
သို့သော်လည်း ထိုအလှည့်အပြောင်းများအားလုံးသည် ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ ထိန်းချုပ်မှုအောက်မှာရှိနေသေး၏။
အကြောင်းမှာ ကောင်းကင်ဘုံလျှို့ဝှက်ချက်လိုချင်သောရလဒ်သည် ပိုမိုများပြားသော ပညာရှင်များသေဆုံးပြီး ကြွယ်ဝသော မျိုးဆက်သွေးများ ဒလဟောစီးဆင်းလာမည့် ကြီးမားပြင်းထန်သည့် တိုက်ပွဲတစ်ခုဖြစ်သောကြောင့်ပင်။
ကံဆိုးစွာနှင့်ပင် နောက်ထပ်အလှည့်အပြောင်းတစ်ခုက ပေါ်ထွက်လာပြီး အခြေအနေတစ်ခုလုံးကို ပြောင်းလဲပစ်လိုက်၏။
ထိုအလှည့်အပြောင်းက ကိုယ်တော်တာမင်းဖြစ်၏။
ကိုယ်တော်တာမင်းသည် ကောင်းကင်နှင့်မြေကြီး တောင်ကြားကို ဘယ်အချိန်က ရောက်လာခဲ့သလဲ ဆူဇီမိုမသိခဲ့ပေ။ သူသည် ကောင်းကင်နှင့်မြေကြီး တောင်ကြားမှာ အချိန်အတန်ကြာကတည်းက ပုန်းကွယ်နေခဲ့ပြီး သူ့ကို မည်သူကမှ မရှာဖွေနိုင်ခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်လေသည်။
ကိုယ်တော်တာမင်းသည် တစ်ချိန်လုံးပေါ်ထွက်မလာခဲ့ပေ။ သို့သော်လည်း သေချာပြန်တွေးကြည့်လျှင် သဲလွန်စအချို့ကို သူက ဝိုးတဝါး ဖမ်းဆုပ်မိလိုက်၏။
ပထမဆုံးအကြိမ်မှာ တစ်စုံတစ်ယောက်က ငရဲမီးစံအိမ်သခင်ကို လျှို့ဝှက်စွာ တိုက်ခိုက်လိုက်စဥ်ကဖြစ်၏။
ငရဲမီးစံအိမ်သခင်သည် အဆုံးစွန်မီးနှင့် အကြိတ်အနယ်တိုက်ခိုက်နေခဲ့ပြီး သူ၏ ဓမ္မစွမ်းအားနှင့် သွေးချီကိုပြန်လည်ဖြည့်တင်းဖို့အတွက် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို အသက်သွင်းဖို့ကြိုးစားခဲ့၏။ သို့သော်လည်း သူက ကျရှုံးခဲ့လေသည်။
မည်သူကမှ ဝင်ရောက်မနှောက်ယှက်ဘူးဆိုလျှင် ငရဲမီးစံအိမ်သခင်က ဘယ်လိုကြောင့် ကျရှုံးနိုင်ပါ့မလဲ။
ဒုတိယအကြိမ်မှာ ကောင်းကင်နှင့်မြေကြီး တောင်ကြား၏ အာကာသချိပ်စည်းကို ချိုးဖျက်လိုက်ချိန်ဖြစ်၏။
ဆူဇီမိုက အဲ့ဒါကို ပြန်လည်စဥ်းစားလိုက်သောအခါ 'ကျိုးပြတ်စမ်း' ဟူသော သူရင်းနှီးကျွမ်းဝင်သလို ထင်ခဲ့ရသည့်အသံသည် ကိုယ်တော်တာမင်း၏ အသံဖြစ်နေသောကြောင့်ပင်။
ကိုယ်တော်တာမင်းသည် တစ်ချိန်လုံး ဘေးကနေ အေးစက်စွာစောင့်ကြည့်နေခဲ့သောကြောင့် သူ့မှာ ကောင်းကင်နှင့်မြေကြီး တောင်ကြား၏ အာကာသဆုံမှတ်များကို ရှာဖွေဖို့အတွက် လုံလောက်သည့်အချိန်ရှိနေခဲ့ပြီး သူက အဲ့ဒါကို ချက်ချင်းဖျက်ဆီးလိုက်နိုင်ခြင်းပင်။
သူကသာလျှင် ထိုကဲ့သို့လုပ်နိုင်ဖို့ အစွမ်းအစရှိပေလိမ့်မည်။
ဓမ္မဝိသေသအဆင့်၌ သူသည် အန္တိမဓမ္မဝိသေသ ၄ခုကို စုဖွဲ့နိုင်ခဲ့၏။ ယခုသူက ပေါင်းစည်းခန္ဓာအဆင့်သို့ရောက်ရှိနေပြီး အန္တိမဓမ္မဝိသေသ ၄ခုကို သူ၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းထားခဲ့ပြီဖြစ်တာကြောင့် သူ၏ တိုက်ခိုက်ရည်ခွန်အားက ဘယ်လောက်တောင်မြင့်မားလာလိုက်မလဲ။
တတိယအကြိမ်မှာ ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ တည်နေရာက ဘာ့ကြောင့်ရယ်မသိ ပေါက်ကြားသွားပြီး ယန်ပေးချန်၏စိတ်အာရုံကို ဆွဲဆောင်မိသွားချိန်ဖြစ်၏။ သူတို့နှစ်ယောက်ကြားတိုက်ပွဲတွင် ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် သူ၏မျိုးဆက်သွေးကိုသန့်စင်ပြီး ယန်ပေးချန်ကိုဖိနှိမ်ချင်ခဲ့၏။ သို့သော်လည်း သူကလည်းပဲ ကျရှုံးခဲ့ရလေသည်။
အဲ့ဒီနောက် ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် အဝေးသို့ထွက်ပြေးသွားပြီး ယန်ပေးချန်က သူ့နောက်သို့လိုက်သွားခဲ့လေသည်။
ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ မျိုးဆက်သွေးသန့်စင်ခြင်းဖြစ်စဥ်ကို ဟန့်တားနှောက်ယှက်ခဲ့သူမှာ ကိုယ်တော်တာမင်းပင်လျှင် ဖြစ်ရပေမည်။
စတုတ္ထအကြိမ်မှာ ဆူဇီမိုသည် ဓမ္မစွမ်းအားဝဲကတော့ထဲသို့ဝင်ရောက်လိုက်စဥ်ဖြစ်၏။ သီဖန်းက ဝင်ရောက်တိုက်ခိုက်ပြီး အာကာသဥမင်ကိုကြေမွကာ ရိုင်းစိုင်းသောလေဟာနယ်စီးကြောင်းများကို အထဲသို့တိုးဝင်လာစေ၏။
ထိုစဥ်တုန်းက ဗုဒ္ဓအလင်းရောင်တစ်ခုသည် နက်မှောင်၍အေးစက်နေသော လေဟာနယ်ထဲမှာပေါ်ထွက်လာပြီး သူ့ကိုလွှမ်းခြုံသွားခဲ့၏။
ကိုယ်တော်တာမင်းသာလျှင် ထိုကဲ့သို့သော ဗုဒ္ဓကျောင်းတော်များမှ စွမ်းအားတစ်ခုကို ထုတ်ဖော်နိုင်ပေလိမ့်မည်။
ဆူဇီမိုသည် နောက်ဆုံးမှာ ထွက်ပြေးလွတ်မြောက်ပြီး ကောင်းကင်နှင့်မြေကြီး တောင်ကြားတိုက်ပွဲ၏ နောက်ဆုံးရလဒ်ကိုမတွေ့မြင်ခဲ့ရသော်လည်း ပြောစရာမလိုအောင်ပင် အကြီးမားဆုံးအကျိုးအမြတ်ဖြင့် အနိုင်ရရှိသူမှာ ကိုယ်တော်တာမင်းသာလျှင် သေချာပေါက်ဖြစ်ရပေမည်။
ကိုယ်တော်တာမင်းသည် မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းတွင် ဆူဇီမိုကို လွှတ်ပေးခဲ့သည်မှာ သူနှင့် တာမင်းကျောင်းတော်၏ ဆက်ဆံရေးကြောင့်ဖြစ်၏။ ထို့နောက်သူသည် ကောင်းကင်နှင့်မြေကြီး တောင်ကြားတိုက်ပွဲအတွင်း အာကာသချိပ်စည်းကို တိတ်တဆိတ်ချိုးဖျက်ပေးခဲ့၏။
သို့သော်လည်း အဲ့ဒါသည် သူ၏တည်ရှိမှုက မပေါက်ကြားနိုင်သည့် အခြေအနေအောက်မှာဖြစ်ခဲ့၏။
ထို့ကြောင့် ကိုယ်တော်တာမင်းသည် ကမ္ဘာဦးမျိုးနွယ် ၆စု မှပညာရှင်များနှင့် ဝင်ရောက်တိုက်ခိုက်ဖို့ နေနေသာ တစ်ချိန်လုံး သူ့ကိုယ်သူပင် ရုပ်လုံးထုတ်ဖော်ပြသခဲ့ခြင်း မရှိပေ။
သူ၏ နောက်ဆုံးရည်ရွယ်ချက်မှာ ကောင်းကင်နှင့်မြေကြီး တောင်ကြားရှိ မျိုးဆက်သွေးများကို သန့်စင်ဖို့ဖြစ်၏။
ဆူဇီမိုကို ကယ်တင်ခဲ့ခြင်းက ခရီးသွားဟန်လွှဲကူညီခဲ့ခြင်းမျှသာဖြစ်ပေလိမ့်မည်။
ဆူဇီမိုက စိတ်ခံစားချက်များစွာဖြင့် သက်ပြင်းချလိုက်၏။
ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် ပဟေဠိနန်းတော်မှဖြစ်ပြီး ကမ္ဘာတုန်လောက်စရာ ဤအကြံအစည်ကိုအကောင်အထည်ဖော်ဖို့အတွက် လောကရှိ ပညာရှင်များအားလုံးကို စစ်တုရင်အရုပ်များအဖြစ် အသုံးချကာ နောက်ကွယ်ကနေ အရာရာတိုင်းကို ထိန်းချုပ်ခဲ့၏။ သူသည် အရာရာတိုင်းကို အကွက်ချစီစဥ်ခဲ့သော်လည်း သူကြိုးစားအားထုတ်သမျှ အရာရာတိုင်းက အခြားသူတစ်ယောက်အတွက် လမ်းဖောက်ပေးခြင်းဖြစ်နေလိမ့်မည်ဟု သူကထင်မှတ်မထားခဲ့ပေ။
အခြတစ်စုံတစ်ယောက်က သူ့ထက်စွမ်းအားကြီးမားနေခဲ့၏။
နှံကောင်က ပုစဥ်းကိုချောင်းမြောင်းနေစဥ်မှာ သူ့နောက်ဘက်ရှိ ရွှေဝါငှက်ကို သတိမထားမိခဲ့ပေ။
ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို နှံကောင်ဟုခေါ်လျှင် ကိုယ်တော်တာမင်းက ရွှေဝါငှက်ဖြစ်ပေလိမ့်မည်။
ကိုယ်တော်တာမင်းက တည်ငြိမ်၍ ဣန္ဒြေရနေခဲ့၏။ သူ၏ပါရမီအရည်အချင်းက တုန်လှုပ်စရာကောင်းနေခဲ့ပြီး သူ၏ ခွန်အားက ကောင်းကင်ဘုံကိုဖီဆန်လေသည်။ သူပြန်ရောက်လာသည့်ခဏမှာပင် လောကရှိ ပညာရှင်များအားလုံးကို သူ၏အကြံအစည်ထဲမှာ ထည့်သွင်းခဲ့ပြီး မည်သူကမှ သူ၏ထောင်ချောက်ကနေ မလွတ်မြောက်နိုင်ခဲ့ပေ။
ကောင်းကင်ဘုံလျှို့ဝှက်ချက်ပင်လျှင် ကြီးမားစွာ နစ်နာဆုံးရှုံးခဲ့ရ၏။
သူက အားနည်းချက်မရှိသလောက်နီးပါးပင်။
ထိုသို့သူ၏ခွန်အားနှင့်ပင်လျှင် ကိုယ်တော်တာမင်းသည် ကျောက်သားခေါင်းတလားထဲမှာ နှစ်ပေါင်းလေးသောင်းကြာအောင် တစ်စုံတစ်ယောက်၏ ချုပ်နှောင်ခြင်းကိုခံခဲ့ရ၏။
သူ့ကို ချုပ်နှောင်ခဲ့သည့်လူက မည်သို့သော တည်ရှိမှုမျိုးပါလိမ့်။ အဲ့ဒီလူက ဘယ်လောက်တောင်ကြောက်စရာကောင်းလိုက်မလဲ...။
ဆူဇီမိုသည် စိတ်ထဲကနေ ရေရွတ်၍ အတတ်နိုင်ဆုံး ကြိုးစားကာ အာရုံခံကြည့်လိုက်၏။
ပထမဆုံး သူနှင့်အဆက်အသွယ်ပြတ်တောက်သွားသည်မှာ သူ၏အစစ်အမှန်နဂါးခန္ဓာဖြစ်၏။
အစစ်အမှန်နဂါးခန္ဓာသည် ဓမ္မစွမ်းအားဝဲကတော့ထဲသို့ နောက်ဆုံးမှခုန်ဝင်လာခဲ့ပြီး အဲ့ဒီနောက် အာကာသဥမင်က ကြေမွပျက်စီးသွားခဲ့၏။ သူလက်ခံရရှိသည့် ထိတွေ့ရိုက်ခတ်မှုက အကြီးမားဆုံးလည်းဖြစ်ပြီး သူသည် ရိုင်းစိုင်းသော လေဟာနယ်စီးကြောင်းများ၏ တိုက်ခိုက်ခြင်းကိုခံရကာ တစ်စွန်းတစ်စမကျန် ပျောက်ကွယ်သွားခဲ့၏။
အစစ်အမှန်နဂါးခန္ဓာ၏ ကိုယ်ကာယအရ ရိုင်းစိုင်းသောလေဟာနယ်စီးကြောင်းများကပင်လျှင် သူ့ကိုဝါးမျိုဖို့ ခက်ခဲမည်ဖြစ်ကြောင်း ဆူဇီမိုက ယုံကြည်၏။
သို့သော်လည်း အဲ့ဒီမှာ တခြားအခွင့်အလမ်းမရှိဘူးဆိုလျှင် သူ၏အစစ်အမှန်နဂါးခန္ဓာသည် ရိုင်းစိုင်းသော လေဟာနယ်စီးကြောင်းထဲမှာ တစ်သက်လုံးလွင့်မျောနေမည်ဖြစ်ပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကြီးသို့ ပြန်လည်ရောက်ရှိလာတော့မည် မဟုတ်ပေ။
ယခုအချိန်မှာ အနည်းဆုံးတော့ ဆူဇီမိုသည် သူ၏ အစစ်အမှန်နဂါးခန္ဓာ၏ တည်ရှိမှုကို အာရုံမခံနိုင်တော့ပေ။
ဆူဇီမိုသည် သူ၏အစစ်အမှန်နဂါးခန္ဓာနှင့် ဆက်သွယ်ဖို့ကြိုးစားလိုက်သော်လည်း မည်သည့် တုံ့ပြန်မှုမှ ရရှိမလာခဲ့ပေ။
အဲ့ဒီမှာ ဖြစ်နိုင်ချေသုံးခုသာလျှင်ရှိလေသည်။
ပထမတစ်ချက် သူ၏အစစ်အမှန်နဂါးခန္ဓာက သေဆုံးသွားခဲ့လေပြီ။
ဒုတိယတစ်ချက် သူ၏အစစ်အမှန်နဂါးခန္ဓာသည် သတိလစ်နေဆဲ ဖြစ်ပြီး တုံ့ပြန်မှုမပေးနိုင်သေးခြင်းဖြစ်၏။
တတိယအချက် သူ၏အစစ်အမှန်နဂါးခန္ဓာသည် လေဟာနယ်စီးကြောင်းထဲမှာ လွင့်မျောနေဆဲ ဖြစ်၏။
မည်သည့်တစ်ခုကမှ သူ့အတွက်ကောင်းတာမရှိပေ။
ဆူဇီမိုက ညဝိညာဥ်အကြောင်းကို တွေးလိုက်၏။
လေဟာနယ်စီးကြောင်းများ၏ ထိတွေ့ရိုက်ခတ်မှုအောက်တွင် သူနှင့်ညဝိညာဥ်က လူချင်းကွဲထွက်သွားခဲ့၏။
ညဝိညာဥ်၏ ကံကြမ္မာကလည်း ဘာမှန်းမသိရတော့ပေ။
နောက်ဆုံးမှာတော့ ဆူဇီမိုသည် သူသတိအလစ်ခင် လေဟာနယ်စီးကြောင်းထဲမှာ တွေ့ကြုံခံစားခဲ့ရသည့်အရာကို ပြန်လည်စဥ်းစားမိလိုက်၏။
သူသည် နက်မှောင်၍ အေးစက်နေသော လေဟာနယ်ထဲမှာ မည်သည့်ဦးတည်ဘက် ၊ နေရာနှင့် အချိန်တို့ကိုမှ အာရုံမခံနိုင်ဘဲ ရှိနေခဲ့၏။ သူသည် ကူကယ်ရာမဲ့စွာဖြင့် တရွတ်တိုက်ဆွဲခေါ်ခြင်းကို ခံခဲ့ရလေသည်။
သိပ်မကြာခင် သူသည် သုတ္တန်တစ်ခုရွတ်ဆိုနေသည့်အသံကို ဝိုးတဝါးကြားလိုက်ရ၏။
တစ်ချိန်တည်းမှာပင် သူက ထိုသုတ္တန်နှင့် အလွန်တရာရင်းနှီးကျွမ်းဝင်နေလေသည်။
အဲ့ဒါက သူဖန်တီးခဲ့သော သိုင်းသုတ္တန်ဖြစ်၏။
ထိုသုတ္တန်သည် အာကာသဆုံမှတ်မှတစ်ဆင့် ကူးပြောင်းဝင်ရောက်လာပြီး သူနှင့် လျှို့ဝှက်ဆန်းကြယ်သော ဆက်သွယ်မှုတစ်ခု တည်ဆောက်လိုက်၏။
သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ထိုဘက်အရပ်သို့ အလိုလိုလွင့်မျောသွား၏။
သိပ်မကြာခင် သူ၏မြင်ကွင်းက ဝင်းလက်တောက်ပလာပြီး သူက အောက်သို့လျင်မြန်စွာပြုတ်ကျလာ၏။ နက်မှောင်၍ အေးစက်နေသော ပတ်ဝန်းကျင်က ပျောက်ကွယ်သွားခဲ့လေပြီ။
လုံးဝမတူညီသော ပတ်ဝန်းကျင်နှစ်ခုအကြား အကူးအပြောင်းက အစိမ်းရောင်ကြာပန်းခန္ဓာအပေါ် ကြီးမားသည့်ရိုက်ချက်တစ်ခုဖြစ်လာခဲ့၏။
ဒါ့အပြင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အစကတည်းက ဒဏ်ရာရရှိထားသည့်အတွက် ပင်ပမ်းနွမ်းလျမှုဖြင့် လုံးဝသတိလစ်သွားခဲ့လေပြီ။
သို့သော်လည်း လေဟာနယ်စီးကြောင်းများကနေ လွတ်မြောက်လာခဲ့ပြီဖြစ်ကြောင်း ဆူဇီမိုက နောက်ဆုံးမှာ သိသွားခဲ့၏။
ယခုအချိန်မှာ သူက သူဘယ်နေရာကို ရောက်ရှိလာသလဲ သိချင်မိလေသည်။